သမိုင်းသုတေသနပညာရှင်တွေဟာ အလွန်ရှားပါးတဲ့ ရှေးဟောင်း ဂရိ-ရောမခေတ် လက်ရာ ဘုရားကျောင်းတစ်ခုကို အီဂျစ်သဲကန္တာရ ရဲ့အလယ်မှာ တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ ဒီတူးဖော်မှုမှာ ဘုရားကျောင်းရဲ့ အောက်ခံဖောင်ဒေးရှင်း ၊ ပင်မဝင်ပေါက်နဲ့ တံတိုင်းတို့ကို တူးဖော်တွေ့ရှိခဲ့ပါတယ်။
ဒီနေရာဟာ မြေထဲပင်လယ်ကမ်းခြေရဲ့တောင်ဘက် မိုင် ၂၀၀ အကွာအဝေးမှာရှိတဲ့ အီဂျစ် အနောက်ပိုင်းသဲကန္တာရထဲက Al-Salam လို့ခေါ်တဲ့နေရာဖြစ်ပါတယ်။ ထပ်တူးဖော်ရရှိတဲ့ ပစ္စည်းတွေကတော့ အိုးတွေ ၊ ရှေးဟောင်းဒင်္ဂါးပြားတွေ ၊ လူ့ဦးခေါင်းရုပ်တစ်ခု နဲ့ နံရံထောက်တိုင် အဆောက်အဦးအလှဆင် ပစ္စည်းတွေအပြင် စိတ်ဝင်စားစရာ ခြသေ့ၤရုပ်တုနှစ်ခုကိုလည်း တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ ခြသေ့ၤနှစ်ရုပ်အနက် တစ်ရုပ်မှာတော့ ဦးခေါင်းပါမလာပါဘူး။
“လွန်ခဲ့တဲ့နှစ်ပေါင်း ၂ထောင်ကျော်က ရှေးဟောင်း ရှားပါးဘုရားကျောင်းတစ်ခုကို အသစ်ထပ်မံတူးဖော်တွေ့ရှိတာ အရမ်းအံသြစရာကောင်းပါတယ်၊ ဒီတူးဖော်မှုကနေ ကျွန်တော်တို့ Siwa အိုအေစစ်ရဲ့အကြောင်းကို ထပ်သိရဦးမယ်” လို့ သုတေသနပညာရှင် Sarah Parcak က ဆိုပါတယ်။
Siwa အိုအေစစ်ဆိုတာ သမိုင်းသုတေသနပညာရှင်တွေ အလွန်စိတ်ဝင်စားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ Siwa Oasis ဟာ အီဂျစ်သဲပင်လယ် နဲ့ Qattara Depression တို့အကြားမှာ ရှိတဲ့နေရာဖြစ်ပြီး ကိုင်ရိုမြို့နဲ့ အနောက်ဘက် မိုင်ပေါင်း ၃၅၀ခန့် အကွာမှာ တည်ရှိတဲ့နယ်မြေပါ။
ဒီနေရာရဲ့အကြောင်းကို အတိအကျမသိရသေးပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀၀ ခန့်ကတည်းက ဒီနေရာမှာ လူတွေနေထိုင်ခဲ့ကြတယ်လို့တော့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ အခုအသစ်ထပ်တွေ့ရှိရတဲ့ ဘုရားကျောင်းကိုတော့ ဘီစီ ၃၀၀ နဲ့ ၂၀၀ ကြားမှာ ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
ရောမတို့ အီဂျစ်ပြည်ကို အုပ်စိုးခဲ့တဲ့ အချိန်တုန်းက ရှေးအီဂျစ်တို့ရဲ့ ဗိသုကာပညာ နဲ့ ကိုးကွယ်ယုံကြည်မှုတွေ ထွန်းကားဆဲအချိန်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဗိသုကာမြောက် အဆောက်အဦးများစွာကို ဆောက်ခဲ့ပေမယ့် အခုတော့ အနည်းငယ်ကိုသာ ရှာဖွေတွေ့ရှိနိုင်ပါသေးတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ ရှာဖွေတွေ့ရှိမှုတွေမှာ အဆောက်အဦးတစ်ခုလုံးရဲ့ အကြွင်းအကျန်အနည်းငယ်ကိုသာ တွေ့ရှိရတာပါ။
ဒီနေရာမှာ ဘယ်သူတွေ ဘယ်တုန်းကဘယ်လို အသက်ရှင်နေထိုင်ခဲ့သလဲ ဆိုတာသိရဖို့အတွက် သမိုင်းသုတေသနပညာရှင်တွေဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်း ဒီနေရာတစ်ဝိုက်ကို တစိုက်မတ်မတ်တူးဖော်ရေးတွေပြုလုပ်ခဲ့ကြပါတယ်။ တူးဖော်လေ့လာမှုများအရ အဲဒီတုန်းက ဘုရားကျောင်းတွေဟာ ကုန်သွယ်မှုကိုထိမ်းချုပ်ရာနေရာနဲ့ ဘာသာရေးပွဲတော်များကျင်းပရာနေရာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဂိုဏ်းအုပ်ဘုန်းတေ်ာကြီးရဲ့ အိမ်ကိုလည်း နောက်ထပ်တူးဖော်မှုတွေမှာ တွေ့ရှိရဖို့ မျှော်လင့်ထားကြပါတယ်။

Siwa အိုအေစစ်နာမည်ကြီးတဲ့အချက်တစ်ခုက စစ်ဘုရင် အလက်ဇန္ဒားနဲ့ စက်စပ်နေပါတယ်။ ဒီနေရာမှာ အလက်ဇန္ဒားဟာ သဲကန္တာရနတ်ဘုရား Ammon ရဲ့ ကျောင်းကိုရောက်ရှိခဲ့ပြီး အမေးအဖြေတချို့လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အလက်ဇန္ဒားကို ဒီနေရာမှာပဲ အီဂျစ်ရဲ့နတ်ဘုရားဘုရင် အဖြစ်သတ်မှတ်ခေါ်တွင်ခဲ့ကြတယ် လို့ယုံကြည်ကြပါတယ်။
အီဂျစ်မှာ ပျောက်ဆုံးသွားတဲ့ အဆောက်အဦးပေါင်းများစွာ ရှိတယ်ဆိုတာ သိကြပေမယ့် လက်တွေ့မှာ တော့ အနည်းငယ်ကိုသာ တူးဖော်နိုင်ခဲ့ကြပါသေးတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ သင်္ချိုင်းတစ်ခုကို ကိုင်ရိုမြိုရဲ့တောင်ဘက်မှာ တူးဖော်တွေ့ရှိခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း သက်တမ်း နှစ်ပေါင်း ၃၅၀၀ ရှိတဲ့ သင်္ချိုင်းဂူတစ်ခုကို မံမီတွေနဲ့အတူတူးဖော်တွေ့ရှိခဲ့ပြီးပါပြီ။ ယခုထပ်မံတွေ့ရှိမှုဟာ အလွန်အရေးပါပြီး ထပ်မံတူးဖော်ရှာဖွေရေးတွေလုပ်ပြီး အီဂျစ်ရဲ့ပျောက်ဆုံးနေတဲ့ သမိုင်းတွေကို ရှာဖွေဖို့ ကြိုးပမ်းလျှက်ရှိကြပါတယ်။

Discussion about this post