ပြီးခဲ့တဲ့ ဧပြီလ ၁၈ရက်နေ့ ကြာသပတေးနေ့က အီဂျစ် ရှေးဟောင်းသုတေသန ဝန်ကြီးဌာနက နှစ်ပေါင်း ၃၅၀၀ သက်တမ်းရှိ ဂူသင်္ချိုင်းတစ်ခုကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ ရှေးဟောင်းအီဂျစ်ဂူအများအပြားတည်ရှိရာ ဘုရင်များတောင်ကြားဒေသ ရဲ့ အနီးမှာ တွေ့ရှိခဲ့ဖြစ်ပါတယ်။
ဒီဂူဟာ ကိုင်ရိုမြို့ရဲ့တောင်ဘက် ၇၀၀ ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ Draa Abu el-Naga က တောင်ကုန်းလေးတစ်ခုပေါ်မှာ တည်ရှိနေခဲ့တာဖြစ်ပြီး ကျောက်တောင်ကို ထွင်းထုတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီဂူမှာ ဝင်ပေါက် ၁၈ပေါက် ရှိနေပြီး Shed Sou Djehuty လို့ အမည်ရသူကို မြုပ်နှံထားတဲ့ ဂူဖြစ်ပါတယ်။ လေ့လာမှုများအရတော့ ထိုသူဟာ အီဂျစ်မင်းသားတစ်ပါးဖြစ်သလို နန်းတွင်းထိပ်တန်းအရာရှိတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ ခန့်က အီဂျစ်ပြည်ကို အုပ်ချုပ်ခဲ့တဲ့ ဘုရင် ပထမသောမို့ လက်အောက်မှာ အမှုထမ်းခဲ့သူတစ်ဦးဖြစ်ပါတယ်။
ဒီနောက်ပိုင်းနှစ်တွေမှာ အီဂျစ်သုတေသနအဖွဲ့တွေဟာ ရှေးဟောင်းအီဂျစ်နယ်မြေတဝိုက်ကို ရှာဖွေမှုတွေ အဆက်မပြတ်ပြုလုပ်ခဲ့ပြီး စိတ်ဝင်စားဖွယ်ရာ အများအပြားကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီထဲမှာ မံမီတွေဖန်တီးခဲ့တဲ့နေရာ နဲ့ အခုထပ်မံတွေ့ရှိရတဲ့ ဂူရှာဖွေတွေ့ရှိမှုတွေက အကြီးမားဆုံးတွေ့ရှိမှုတွေဖြစ်ပါတယ်။
အရင်အပတ်တွေကတည်းက တွေ့ရှိခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၁၈ရက်နေ့က ကမ္ဘာ့အမွေအနှစ်ထိမ်းသိမ်းရေးနေ့ဖြစ်တာကြောင့် အဲဒီနေ့မှာမှ အခမ်းအနားကျင်းပရင်း တဆက်တည်းထုတ်ဖော်ကြေငြာခဲ့တာလို့ ဝန်ကြီး Khaled al-Anany က ဆိုပါတယ်။
ယခုတွေ့ရှိရတဲ့ ဂူရဲ့ အထောက်အထားတွေသိရှိခဲ့ပြီး ရှာဖွေခဲ့ကြရာ ၈လ အကြာမှ တွေ့ရှိခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီဂူဟာ အနောက်ဘက်ကမ်း က တွေ့ရှိခဲ့ရသမျှဂူအားလုံးထဲမှာ ဝင်ပေါက်အများဆုံးရှိတဲ့ ဂူဖြစ်ပါတယ်။ ဂူအကျယ်ကတော့ ၅၅မီတာရှိပြီး ဧရိယာအကျယ်အဝန်းကတော့ ၅၅၀ စတုရန်းမီတာခန့် ရှိကာ ဂူအစွန်းနှစ်ခုကတော့ ၁၁မီတာစီ နက်ပါတယ်။
၀င်ပေါက်က နံရံနဲ့ ကော်လံတွေပေါ်မှာတော့ အဲဒီခေတ်က အလုပ်တွေဖြစ်တဲ့ လှေတည်ဆောက်ခြင်း ၊ သားရေလှန်းခြင်း ၊ ငါး နဲ့ ငှက်များကို ဖမ်းဆီးခြင်း စတဲ့ ပုံသဏ္ဍာန်တွေကို ရေးခြယ်ထားပါတယ်။ အဲဒီဂူကြီးရဲ့အနီးမှာပဲ သေးငယ်တဲ့အခြားဂူ ၆ဂူကိုပါ တဆက်တည်းတွေ့ရှိခဲ့တယ် လို့ ဆိုပါတယ်။ ယခုအချိန်အထိတော့ ဆက်လက်လေ့လာနေဆဲ ရှိပါသေးတယ်။
အဲဒီဂူထဲက ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကိုတော့ မှန်ဗီဒိုတွေထဲထည့်ပြီး အခမ်းအနားမှာ တပါတည်း ပြသခဲ့ပါတယ်။ အဲဒါတွေကတော့ အိုးခွက်တွေအပြင် ရှေးခေတ် အီဂျစ် အသုဘအခမ်းအနားမှာသုံးလေ့ရှိတဲ့ ushabti ရုပ်တု ၊ ကန်တော့ချွန် ၊ မျက်နှာဖုံး နဲ့ အခြားသေးငယ်တဲ့ ပစ္စည်းလေးတွေဖြစ်ပါတယ်။
Luxor မြို့ Assasif မှာ ပြီးခဲ့တဲ့ရက်ကတွေ့ရှိခဲ့တဲ့ သစ်သားခေါင်းတလား တစ်စုံကိုလည်း အဲဒီအခမ်းအနားမှာ ပြသခဲ့ပါသေးတယ်။ Luxor မြို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော် ဘီစီ ၁၆ ရာစုကနေ ဘီစီ ၁၁ရာစု အထိ ရှေးခေတ်အီဂျစ်ရဲ့ ဘုရင်တွေ အစဉ်အဆက် စိုးစံခဲ့ရာ နေရာလည်းဖြစ်ပါတယ်။
Luxor မှာ အကျော်ကြားဆုံးနေရာတွေကတော့ ဘုရင့်တောင်ကြားက တူတန်ခမန်ဘုရင်လေးရဲ့ သင်္ချိုင်းဂူ ၊ ကာနက်ဘုရားကျောင်း အပျက်အစီးတွေနဲ့ Luxor ဘုရားကျောင်းတို့ပဲ ဖြစ်ပါတယ်။
အီဂျစ်သုတေသနအဖွဲ့တွေဟာ ဒီလိုရှာဖွေမှုတွေကို အဆက်မပြတ်လုပ်နေရခြင်းကတော့ အီဂျစ်ရဲ့ ခရီးသွားလာရေးလုပ်ငန်းကို ပိုမိုတိုးတက်လာစေချင်လို့ ဖြစ်ပါတယ်။ အီဂျစ် ခရီးသွားလာရေးဟာ နိုင်ငံစီးပွားရေးရဲ့ တစိတ်တစ်ပိုင်းအဖြစ် ပါဝင်နေပြီး ၂၀၁၁ ခုနှစ်ကစလို့ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ အီဂျစ်ရဲ့ရှေးဟောင်းနယ်မြေမှာ မရှာဖွေနိုင်သေးတဲ့ လျို့ဝှက်နေရာပေါင်း မြောက်များစွာရှိနေဆဲဖြစ်ပြီး ဒါတွေကို ဖော်ထုတ်ခြင်းဖြင့် နိုင်ငံတကာက ခရီးသွားတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ အီဂျစ်အစိုးရက ယုံကြည်လျှက်ရှိပါတယ်။
VIDEO
Discussion about this post