နှစ်သုံးဆယ်စစ်ပွဲသည် အေဒီ ၁၆၁၈ခုနှစ်မှ ၁၆၄၈ခုနှစ်အထိ ဥရောပအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော ကိုးကွယ်ရာအယူဝါဒရေး စစ်ပွဲကို ဆိုလိုသည်။ ထိုစစ်ပွဲတွင် ဂျာမနီပြည်နယ်များရှိ ပရိုတက်စတန့်ဂိုဏ်း နှင့် ရောမကက်သလစ်ဂိုဏ်း နှစ်ဂိုဏ်းတို့ မသင့်မတင့်ဖြစ်ကာ ပြည်တွင်းစစ်ဖြစ်ရာမှ စတင်ဖြစ်ပွားခဲ့သည်။ ထိုပြည်နယ်များမှတစ်ဆင့် ထိုစစ်သည်ဥရောပတိုက်ရှိ တိုင်းပြည်အများသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုစစ်ပွဲကြောင့် ဂျာမနီပြည်၏ လူဦးရေတစ်ဝက်သည် လည်ကောင်း ဗိုဟီးမီးယားပြည်၏ လူဦးရေ ၃ပုံ ၂ပုံသည်လည်ကောင်း သေဆုံး၍ မြို့ရွာပေါင်း ၁၅၀၀၀ မျှ ပျက်စီးရလေသည်။
စစ်ဖြစ်ရသည့်အကြောင်းကား ၁၅၅၅ခုနှစ်တွင် ဂျာမနီပြည်၌ ပေါ်ပေါက်လာသော ကိုးကွယ်ရာအယူဝါဒဆိုင်ရာ ပြသနာတို့ကို အော့စဘတ်မြို့စာချုပ်ဖြင့် ဖြေရှင်းခဲ့သော်လည်း ကျေနပ်မှုမရှိခဲ့ချေ။ ပရိုတက်စတန့်ဂိုဏ်းနှင့် ကက်သလစ်ဂိုဏ်း နှစ်ဂိုဏ်းစလုံးပင် စာချုပ်ကို ချိုးဖောက်ခဲ့လေသည်။ ၁၆၀၈ခုနှစ်တွင် ပရိုတက်စတန့်တို့က တစ်သင်း ၊ ကက်သလစ်တို့က တစ်သင်းဟူ၍ သင်းဖွဲ့ကြသည်။
ထိုအခါ ပရာဟမြို့ဂိုဏ်းချုပ်သည် ပရိုတက်စတန့်ဂိုဏ်းသားတို့၏ ဘုရားရှိခိုးကျောင်းတစ်ကျောင်းကို မီးတိုက်ဖျက်ဆီးလေသည်။ ထိုသို့ဖျက်ဆီးသည်ကို ကန့်ကွက်သောအားဖြင့် ပြည်သူတို့က ဧကရာဇ်မားတီယတ်ကို လျှောက်ထားသောလည်း ဘုရင်က အရေးမယူခဲ့ပေ။ ဤတွင် ပရိုတက်စတန့်တို့ ပုန်ကန်ထကြွကြလေသည်။ ပရိုတက်စတန့်တို့သည် ဘုရင်၏ ဝန်ကြီး ၂ဦးကို နန်းတော်ပြတင်းပေါက်မှ ပစ်ချကာ အဆုံးစီရင်လိုက်လေသည်။
ဤတွင် ဘိုဟီးမီးယားပြည်ရှိ ပရိုတက်စတန့်ဂိုဏ်းသားတို့သည် ကက်သလစ်ဂိုင်းဝင်ဖြစ်သူ ဖာဒီနန်ဘုရင်ကို နန်းချ၍ ပရိုတက်စတန့်ဂိုဏ်းဝင်ဖြစ်သော ဖရက်ဒရစ်ကို နန်းတင်လေသည်။ သို့ရာတွင် ၁၆၂၀ခုနှစ်တွင် ဖရက်ဒရစ်သည် စစ်ရေးနိမ့်သဖြင့် ကက်သလစ်အယူဝါဒသည် ဗိုဟီးမီးယားပြည် တစ်ပြည်လုံးကို လွှမ်းမိုးသွားလေသည်။
ဗိုဟီးမီးယားပြည်၌ ပရိုတက်စတန့်ဂိုဏ်းသားတို့ အရေးနိမ့်လေသည်ကို တွေ့ရသော် အခြားပရိုတက်စတန့် တိုင်းပြည်တို့သည် တုန်လှုပ်ခြောက်ခြားလာလေသည်။ ထို့ကြောင့် ၁၆၂၅ မှ ၁၆၂၉ခု အထိ ဒိန်းမတ်ပြည့်ရှင် စတုတ္ထခရစ္စတိယန် ဘုရင်သည် ဖာဒီနန်ဘုရင်ကို ဆန့်ကျင်၍ စစ်ခင်းလေသည်။ သို့ရာတွင် စတုတ္ထခရစ္စတီယန်ဘုရင်သာလျှင် အရေးနိမ့်လေသောကြောင့် ၁၆၂၉ခုနှစ်တွင် စစ်ပြေငြိမ်းစာချုပ်ကို လက်မှတ်ရေးထိုးရလေသည်။ ထိုစာချုပ်အရ ပရိုတက်စတန့်တို့ ပိုင်ဆိုင်သော ဘုရားရှိခိုးကျောင်းများကို ကက်သလစ်ဂိုဏ်းအား ပေးအပ်ရလေသည်။ ဤကား နောက်ထပ် စစ်ပွဲတစ်ပွဲ ဖြစ်ပွားစေအောင် ဖန်တီးလိုက်သော အချက်ဖြစ်လေသည်။
၁၆၃၀ ပြည့်နှစ်မှ စ၍ ၁၆၃၂ခုနှစ်အထိ ဆွီဒင်ပြည့်ရှင် ဂတ်စတားဗပ်အဒေါဖပ်သည် ကက်သလစ်ဂိုဏ်းဝင် ဖာဒီနန်ဘုရင် နှင့် စစ်ဖြစ်ရပြန်လေသည်။ စစ်ဖြစ်ရခြင်း အကြောင်းမှာ နှစ်ချက်ရှိသည်။ ပထမအချက်၌ အဒေါ့ဖပ်သည် ပရိုတက်စတန့်ဝါဒကို ကောင်းစွာ ယုံကြည်သူ ဖြစ်သည်။ ဒုတိယအချက်၌ ဖာဒီနန်ဘုရင် တန်ခိုးကြီးလာလျှင် ဆွီဒင်ပြည်အတွက် စိုးရိမ်စရာ ဖြစ်လာလေမည်။
ထိုသည်မှစ၍ မူလက အယူဝါဒရေးရာ၌ အခြေခံသောစစ်ပွဲသည် ဆွီဒင်ပြည် ဝင်လာသောအခါ နိုင်ငံရေးရာစစ်ပွဲသဘော သို့ သက်ဝင်လာလေသည်။ထိုစစ်ပွဲတွင် ဆွီဒင်ပြည်သည် ၁၆၁၃ခု တစ်ကြိမ် ၊ ၁၆၃၂ခု တစ်ကြိမ် စုစုပေါင်း ၂ကြိမ်အနိုင်ရခဲ့သည်။ သို့သော် ဒုတိယအကြိမ်စစ်အောင်ပွဲတွင် ဘုရင်အဒေါ့ဖပ်သည် စစ်ပြေပြင်၌ ကျဆုံးလေသည်။ ၁၆၃၄ခုနှစ် စစ်ပွဲ၌ကား ဆွီဒင်စစ်တပ်သည် မရှု့မလှရှုံးနိမ့်ခဲ့လေသည်။
ဤသို့လျှင် မူလက ဗိုဟီးမီးယားပြည်ကိုသာ အစိုးရသော ဖာဒီနန်ဘုရင်သည် ယခုအခါ သြစတြီးယားနယ်အပါအဝင် ဂျာမနီပြည်ကြီးကို ဖွဲ့စည်းတည်ထောင်နိုင်ပြီဖြစ်သည်။ ဖာဒီနန်သည် ဟက်စဗတ်အနွယ်ဖြစ်လေရာ ၊ ဟက်စဗက်တို့သည် ဥရောပတွင် တန်ခိုးကြီးလာကြသည်။ထိုအချက်ကို ပြင်သစ် ဗူးဗွန်းတို့က သည်းမခံနိုင်ချေ။ ပြင်သစ်ပြည ်ဗူးဗွန်းတို့ ခေငါ်းဆောင်သူကား ပြင်သစ်နိုင်ငံသမိုင်းတွင် ထင်ရှားသော ကာဒင်နယ်ရစ်ရှလျူး ဖြစ်သည်။
ရစ်ရှလျူးသည် အထက် အထက်ဖော်ပြချက်ပါ စိုးရိမ်ချက်ကြေင့် ပရိုတက်စတန့်တို့ကို စစ်ကူပေးလေသည်။ ၁၆၃၅ခုတွင် ပြင်သစ်စစ်တပ်သည် ဂျာမနီပြည်ကိုဝင်ရောက်၍ ဖရိုတက်စတန့်ဂိုဏ်းသားတို့နှင့်အတူ ဖာဒီနန်စစ်တပ်ကို တိုက်ခိုက်ရာ ထိုသည်မှစ၍ မူလကိုးကွယ်ရာ အယူဝါဒရေး စစ်ပွဲ၏ သဘာဝတို့ လုံးဝပျောက်ကွယ်ပြီး နိုင်ငံရေးစစ်ပွဲသဘာဝ ပေါ်ထွန်းလာလေသည်။
ထိုစစ်ကြောင့် ဂျာမနီသည် အတိဒုက္ခရောက်ခဲ့သည်။ ထို့ကြောင့် ၁၆၄၄ခုတွင် စစ်ပြေငြိမ်းရန် ဥရောပတိုက်ရှိတိုင်းပြည်များ ကိုယ်စားလှယ်အသီးသီးတို့ စေ့စပ်ညှိနှိုင်းကြသည်။ စေ့စပ်ရေးသည် ၄နှစ်ကြာ၍ ၁၆၄၈ခုနှစ်သို့ ရောက်မှသာ ဝက်စဖေးလီးယားမြို့တွင် စစ်ပြေငြိမ်း စာချုပ်ကို ချုပ်ဆိုနိုင်ကြလေသည်။
နှစ်သုံးဆယ် စစ်ပွဲကြောင့် ဂျာမနီပြည်သူ လူဦးရေတစ်ဝက်ကျော်မျှ ကုန်ခန်းသေဆုံးခဲ့ပြီးလျှင် ပြည်သူအိုးအိမ်ပစ္စည်းလည်း ၃ပုံ၂ပုံ မျှ ပျက်စီးရလေသည်။ အနုပညာ ၊ သိပ္ပံပညာ ၊ ကုန်သွယ်ရေး ၊ စက်မှုလက်မှုလုပ်ငန်းစသည့်တို့ အားလုံးလိုလို ပျက်စီးခဲ့ရလေကား ဥရောပတိုင်းပြည် (အထူးသဖြင့်ဂျာမနီ ပြည်) ၌ နေထိုင်ကြသူတို့သည် စိတ်အကြီးအကျယ် ပျက်၍ အမေရိကတိုက်သို့ ပြောင်းရွှေ့သွားကြသည်။ စစ်ပြီးလျှင် ဂျာမနီပြည်ကို ပြန်လည်ထူထောင်သောအခါ နှစ်ပေါင်း ၂၀၀ခန့်မှကြာအောင် ပြန်လည်ထူထောင်ရလေတော့သည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ ၆ မှ
Discussion about this post