ရေးသားသူ – Your Life Success
သင့်ရဲ့ဘဝမှာ သင်ဟာ အမှားတွေ ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့၊ သင် ဘယ်လောက်ပဲ အသက်ကြီးကြီး .. စသဖြင့် .. အဲဒါတွေက ကိစ္စမဟုတ်ပါဘူး။ သင်ဟာ နှစ်သစ်တစ်ခုနဲ့အတူ တစ်ဖန်ပြန်စနိုင်ပါတယ်။ သင့်မှာ ဆန္ဒရှိနေသေးသရွေ့ သင့်ရဲ့ဘဝကို ပိုကောင်းအောင် ပြောင်းလဲနိုင်ပါတယ်။
သင့်အတွက် သစ်လွင်လတ်ဆတ်တဲ့ နှစ်သစ်တစ်နှစ်ဟာ ရှေ့မှာစောင့်ကြိုနေပါတယ်။ ၂၀၁၉ ဟာ သင့်ရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးပါပဲ။
ဒီစာဟာ သင့်ရဲ့ စိတ်ကူးထဲက ဘဝတစ်ခုကို ၂၀၁၉ နှစ်သစ်မှာ လက်တွေ့တည်ဆောက်နိုင်ဖို့ နည်းလမ်းတစ်ချို့နဲ့ စိတ်ဓာတ် ခွန်အားတွေကို ပေးပါလိမ့်မယ်။
၁။ ပြန်ကြည့်ရမယ့်အချိန်
တကယ်တော့ အချိန်ဆိုတာ ပစ္စုပ္ပန်အချိန်ပဲ တန်ဖိုးရှိတာမဟုတ်ပါဘူး။ ယူတတ်မယ်ဆိုရင် အတိတ်ဟာလည်း အလွန်တန်ဖိုးရှိလှပါတယ်။ ၂၀၁၈ တစ်နှစ်တာအတွင်းမှာ သင်ဘာတွေ လုပ်ခဲ့သလဲ။ သင့်ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ပြီးမြောက်ခဲ့သလဲ။
သင့်ကိုယ်သင်ကျေနပ်ပျော်ရွှင်မှု ရှိခဲ့သလား။ သင့်အတွက် အရေးအကြီးဆုံးအရာတွေ (သင့်ဝါသနာ၊ သင့်မိသားစု၊ သင်ချစ်မြတ်နိုးတဲ့သူတွေ) အတွက် အချိန်လုံလုံလောက်လောက် ပေးခဲ့သလား။ ၂၀၁၈ တစ်နှစ်တာကိုပြန်အောက်မေ့ဖို့ အချိန်ခဏလောက် ယူလိုက်ပါ။
၂။ သင့်ကိုယ်သင် ခွင့်လွှတ်ပါ
အကယ်၍ ၂၀၁၈ မှာ သင် လုပ်သင့်တာတွေ မလုပ်ခဲ့မိဘူးဆိုရင်လည်း သင့်ကိုယ်သင် ခွင့်လွှတ်ပါ။ ပြီးခဲ့တာတွေကို စိတ်တိုနေလို့ သင့်အတွက် အကျိုးမရှိပါဘူး။ လူသားတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့မှာ အမှားတွေကို ပြုလုပ်နိုင်တဲ့ စွမ်းအားရှိပါတယ်။
ဒါပေမယ့် အရေးအကြီးဆုံးက ကျနော်တို့ဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျနော်တို့ရဲ့ အတွေ့အကြုံတွေကနေ သင်ယူနိုင်တဲ့ စွမ်းအားလည်း ရှိတယ်ဆိုတာပါပဲ။ သင့်ကိုယ်သင် ခွင့်လွှတ်ပါ။ အားသစ်မွေးပါ။ တစ်ဖန်ပြန်စပါ။ သင့်ကိုယ်သင် နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်ပါ။ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုအချိန်မှာ သင်ဖြစ်ချင်တဲ့အတိုင်း သင့်ကိုယ်သင် ဖန်တီးနိုင်ပါတယ်။
၃။ နှစ်သစ်ရည်မှန်းချက်များ
အခြေအနေတစ်ခုကို ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ဖန်တီးယူဖို့ဆိုတာ ကျနော်တို့မှာ ရည်မှန်းချက်တွေရှိဖို့ လိုပါတယ်။ ၂၀၁၉ မှာ သင် ဘာဖြစ်ချင်သလဲ။ ဘဝကို ဘယ်လို Lifestyle မျိုးနဲ့ နေထိုင်မလဲ။ ရည်မှန်းချက်တွေ ချမှတ်ပါ။ ပြီးတော့ သင့်ရည်မှန်းချက်တွေအတိုင်း ဘယ်လိုနေထိုင်မလဲဆိုတာ အစီအစဉ်တွေ ရေးဆွဲပါ။ တစ်နေ့တာကို ဘယ်လိုအသုံးချမယ်၊ ဘယ်နေ့မှာ ဘာတွေလုပ်မယ်။ ဘယ်လ မှာ ဘာလုပ်မယ်၊ ဒါမှမဟုတ်- ဘယ်အကျင့်တွေကို စွန့်လွှတ်မယ်၊ ဘယ်အကျင့်တွေကို မွေးမြူမယ် စသဖြင့် အစီအစဉ်တွေ ရေးဆွဲပါ။
၄။ ယုံကြည်မှုရှိ
သင့်အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်တဲ့အရာဟာသင့်ရဲ့ ယုံကြည်မှုပါ။ သင်ချမှတ်ထားတဲ့ ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်နိုင်တယ်လို့ သင့်ကိုယ်သင်ယုံကြည်ပါ။ ဒါဟာ အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။
၅။ နေ့ရက်တိုင်းဟာ အဖိုးတန်
” ဘဝတစ်ခု စောစီးစွာ ကုန်ဆုံးသွားခြင်းဟာ ကံဆိုးမိုးမှောင်ကျခြင်း မဟုတ်ဘူး။ ဘဝကို စတင်ဖို့ အချိန်ဆွဲနေခြင်းကသာ ကံဆိုးမိုးမှောင်ကျခြင်း ဖြစ်တယ်။ ”
– W. M. Lewis
သင့်ရဲ့ ရည်မှန်းချက်တွေပြည့်မြောက်ဖို့အတွက် အခုပဲ စလုပ် လိုက်ပါ။ နေ့ရက်တိုင်းဟာ အဖိုးတန်လှပါတယ်။
အောင်မြင်ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ။
Your Life Success
Discussion about this post