ရေးသားသူ – ဒေါက်တာရွှေဝါအောင်
စင်္ကာပူ က ထိပ်သီး ဆွေးနွေးပွဲ ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က £1.2m တန်တဲ့ Cadillac ကား ကြီး နဲ့ ကြွလာသလို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ကလည်း Mercedes-Benz နဲ့ သူ့အဆောင်အယောင်တွေနဲ့ သူ.. သက်သက်ပုံစံတမျိုးနဲ့ ကြွလာတာ..။ အဲ့ဒီ ကားတွေက လုံခြုံရေး အတွက် ကျည်ကာအပြည့် Custom made အနေနဲ့ တယောက်စီအတွက် သီးသန့် ထုတ်ထားတာမို့ အဲ့ဒီကားတွေ မြင်လိုက်ရင်တော့ “ဒါ ဘယ်သူ လာနေပြီလဲ”ဆိုတာ တန်းကနဲ သိနေအောင် ပြောလို့ရတယ်..။
စပ်စပ်စုစုနဲ့ ကျီးကန်းလိုချောင်းနေတဲ့ သူတွေကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Cadillac Two ဆိုတဲ့ Washington, D.C. license plates နဲ့ လိုင်စင် နံပါတ်တူ ၂စီး ဆင်တူနဲ့ သွားတာ တီဗွီ မှာတွေ့ လိုက်ရတယ်…။ တခါတလေတော့လဲ သမ္မတ ဘယ်ကားမှာ ပါသလဲမသိအောင် အဲ့ဒီကားတွေ ထဲက သမ္မတ စီးတဲ့ ကား တစီးကို ‘Stagecoach,’ လို့ ပေးပြီး ကျန်တဲ့ တစီးကို ‘Spare.’ လို့ အမည်ဝှက်တွေပေးထားပြီး သွားကြတယ်။ သမ္မတ ဘယ်သွားသွား လုံခြုံရေးအဖွဲ့ တွေ မျက်ခြေမပြတ်လိုက်ကြရတယ်။ ဘယ်ကားမှာ သမ္မတ ပါတယ်ဆိုတာ သူတို့ လုံခြုံရေး တွေဘဲတိတိကျကျ သိတာ။Trump က ကား၂စီးနဲ့ ။ တစ်စီး ကို တည်ကြက် decoy လုပ် တာ။ တခါတလေ လူချင်းရုပ်ဆင်တဲ့ Impersonator ပုံဖမ်းဝိဇ္ဇာ တွေရှာ ထားကြရတယ်..။
အမေရိကန် အိမ်ဖြူတော်မှာ ပုံစံတူနံပါတ်တူကားတွေ ၁၂ စီးလောက်ထိ ပွားထားကြတာ ရှိတယ်လို့ ဆိုပါတယ်..။ သမ္မတ ကမ္ဘာပါတ်ပြီး ခရီးထွက်ရမယ်ဆိုရင် အဲ့ဒီကားတွေကို Air force one ဆိုတဲ့ လေယာဉ်ပျံနဲ့ အလှည့်ကျ သယ်လေ့ရှိတယ်။ အဲ့ဒီကားတွေရဲ့ ကားတံခါးတွေက သော့ပေါက်မပါပါဘူး။ ကားတံခါးရဲ့ အကာတွေဟာ ၈-လက်မ လောက်ထူပြီး ဘယ်လိုဖွင့်ရတယ်ဆိုတာ secret service ကဘဲ သိပါတယ်။ နောက်ပြီး ၅-လက်မအထူရှိတဲ့ bulletproof ကျည်ကာမှန် တွေကို တပ်ထားပါတယ်။ အဲ့ဒီတံခါးတွေထဲမှာ ဒရိုင်ဘာ ရှိတဲ့ တံခါးပေါက်က ၃လက်မ အကျယ် အထိဘဲဖွင့်လို့ ရပါတယ်။ အရှေ့ဖက်က grille ထဲမှာ လည်း လက်နက်တွေ ကအဆင်သင့်။ tear gas cannon, shotguns တွေပါတယ်။
General Motors ကနေ သမ္မတ အတွက် State-of the art ထုတ်လုပ်တဲ့ အဲ့ဒီ ကားကို Cadillac One or the Beast လို ချစ်စနိုးနာမည်ပေးထားတယ်။ အဲ့ဒီ ကားကြီး က ၈-၉ တန်နီးပါး အလေးချိန် ရှိတာကြောင့် တနာရီ မိုင် ၆၀ လောက်ပဲသွားနိုင်ပြီး ဆီတစ်ဂါလန်ကို ၃.၇မိုင်ကနေ ၈မိုင်အထိပဲ သွားနိုင်တယ်။ ဒါပေမဲ့ biological and chemical attacks လို့ခေါ်တဲ့ အန္တရာယ် တွေအပြင် ရော့ကက် ဒုံကျည်နဲ့ဘဲပစ်ချချ ..ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ် သမ္မတ လွတ်အောင်ရုန်းထွက် ဖို့ ..အဆင်သင့်…။ နောက်ဆုံး အရေးကြုံရင် အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ အသက်ကယ်စက် life support machine လည်းပါတယ်။ နောက်ဆုံး လိုအပ်ရင် သွင်းရအောင်အဲ့ဒီကားပေါ်မှာ သမ္မတရဲ့ သွေးအုပ်စုနဲ့ တူတဲ့ သွေးပုလင်းတွေတောင် ကြိုတင်စုဆောင်း ထားတာ..။
ကင်မ်ဂျုံ အန်း ကလည်း ဘယ်နေလိမ့်မလဲ..။ သူစီးတဲ့ ကားဘေးမှာ အလုံးတူ အရပ်တူ လက်ရွေးစင် ကိုယ်ရံတော် ၁၂ -ယောက်က မိုးရွာရွာ နေပူပူ လမ်းတလျှောက်လုံး ပြေးလိုက်ပြီး လုံခြုံ ရေးတာဝန်ယူကြရတယ်…။ ကင်မ်ဂျုံအန်းရဲ့ Motorcade အဖွဲ့ထဲမှာ Mercedes potty car လို့ ခေါ်တဲ့ အိမ်သာပါတဲ့ မာစီးဒီးကား ကအစ ပါတယ်…။ ဟုတ်တယ်လေ။ လမ်းသွားရင်း တောင် စိတ်မချရ။ ဘယ်သူ့ကိုမှ ယုံရတာ မဟုတ်ဘူး။ နိူင်ငံခေါင်းဆောင်တွေရဲ့ စွန့်ပစ်အညစ်အကြေးတွေ ကိုကြည့်ပြီး သူ့ရဲ့ ကျန်းမာရေး အခြေအနေကို သိရှိခန့်မှန်း နိူင်တဲ့ အတွက် နေရာတကာမှာ စွန့်ပစ်လို့ မရပါဘူး။ မတော်တဆ ခရီးသွားရင် ဗိုက်နာလာရင် လမ်းဘေးမှာတော့ အများသုံး အိမ်သာကို ကင်မ်ဂျုံအန်း က ဘယ်တော့မှ အသုံးပြုလေ့မရှိပါဘူး…။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားက စပိုင်တွေ ထောက်လှမ်းရေးအေဂျင်စီ တွေက sample တွေ ယူပြီး ခေါင်းဆောင်တွေရဲ့ ကျန်းမာရေး အခြေအနေကို ထောက်လှမ်းနိုင်တဲ့ အတွက် သူ့ရဲ့စွန့်ပစ်အညစ်အကြေးကိုတောင် လုံခြုံရေး ထားရတယ်လို့ အာဏာရှင် ကင်မ်ဂျုံအန်းက ခံယူထားပါတယ်..။
နိုင်ငံခေါင်းဆောင်တွေစီးတဲ့ အဲ့ဒီ ကျည်ကာကားတွေဟာ အပြင်မှာ ကြည့်တော့ လီမိုဆင်းကား ဖြစ်ပေမယ့် အထဲမှာ တင့်ကားလို ဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အချိန်မရွေး ကျရောက်လာနိုင်တဲ့ သေနတ် လက်နက်အန္တရာယ်အပြင် ဗုံးခွဲတာ မိုင်းနင်းတာ ကားအောက်ပိုင်း ပေါက်ကွဲ မီးလောင်တာတွေကို ကာကွယ်ပေးနိူင်သလို လူတွေအုပ်စုဖွဲ့ပြီး ပိတ်ခဲ့လို့ အရေးကြုံလာရင် အင်အားပြင်းပြင်းနဲ့ ရုန်းထွက်နိူင်ကြပါတယ်…။
အဲ့ဒါတွေ ကိုကြည့်ပြီး ဟိုး ငယ်ငယ်တုံး ကတော့ အမေရိကန်သံရုံးရှေ့မှာ ကားမဲမဲကြီးတွေ ရပ်ပြီး တံခါးပိတ်လိုက်ရင် ဘာသံနဲ့ မှမတူဘူး။ တခြားကားတွေ ပိတ်တဲ့ “ဂျိမ်း” ဆိုတဲ့ အသံနဲ့ တခြားစီ..။ တမူထူးခြားလှတယ်ဆိုတာ အမှတ်ရမိတယ်..။ တခါထဲ သံလိုက်နဲ့ ဆွဲစေ့လိုက်သလို “ချပ်”ကနဲ ကြားလိုက်ရတဲ့ အသံက တိကျသေခြာတဲ့ လေးနက်မှုတွေ ပေးနေသလိုဘဲ။ အဲ့ဒီ တုန်း က အဲ့လိုမျိုး ကားတွေမြင်ရရင် စိတ်ထဲမှာ တမျိုးဘဲ ။ အဲ့ဒီ ကားတွေမှာ Bulletproof car ကျည်ကာတွေ တပ်ထားလို့ ။ Armored car VIP ဗီအိုင်ပီ လုံခြုံရေးကား၊ ကျည်ကာကားလို့ လဲခေါ်တယ်…။ ဟုတ်မှာပါ။ အဲ့ဒီ ကားတွေက ကြည့်လိုက်ရတာနဲ့ တင် ဟဲဗီးကြီးတွေမို့ လုံခြုံ အားရလို့ သွားသလိုခံစားရတယ်…။

နောက်တော့ ကားတွေကို စိတ်ဝင်စား မိတဲ့ အချိန်ကျတော့ အဲ့ဒီ ဗီအိုင်ပီ လုံခြုံရေး ကား မျိုးတွေ ဘယ်လိုလူမျိုးတွေ စီးကြရသလဲ။ ဆိုတဲ့ အတွေးနဲ့ အတူ လိုက်လေ့လာကြည့်မိတယ်…။ အမေရိကန်သမ္မတ က Cadillac One ၊ The Beast” “Limousine One,” and “First Car” လို့ခေါ်တဲ့ ကားကိုစီးပြီး ဗြိတိန်ဘုရင်မ အယ်လီဇဘက် ၂ က Bentley State Limousine ၊ ရုရှ သမ္မတ နဲ့ ဂျာမဏီရဲ့ သမ္မတ ချန်ဆယ်လာ တွေကတော့ မာစီးဒီးဘန့်ဇ် Mercedes-Benz S 600 W221 …တွေ စီးကြတာတွေ့တယ်…။

အဓိက အနေနဲ့ တွေ့ရတာ အဲ့ဒီကျည်ကာကားတွေကို နိုင်ငံခေါင်းဆောင် တွေ အပြင် နိုင်ငံမှာ အရေးကြီး လူသိများတဲ့ High- profile ဖြစ်တဲ့သူ တွေ စီးကြတယ်။ ဟိုးအရင် ၁၉၃၀ လောက်မှာ ပုပ်ရဟန်း Pope Pius XL အတွက် Mercedes-Benz Nurburg 460 ဆိုတဲ့ လုံခြုံရေးအတွက် ကျည်ကာကားနဲ့ စတင် ပေါ်ပြူလာဖြစ်လာခဲ့ကြတာ။ အခုထိ…။
ဟိုးငယ်ငယ်တုန်းက မြန်မာပြည်မှာလည်း Motorcade ဆိုတဲ့ VIP ယာဉ်တန်းနဲ့ သွားကြတာ ခဏခဏတွေ့ခဲ့ ဖူးပါတယ်။ အဲ့ဒီယာဉ်တန်းကြီး ရှေ့ကနေ ရှေ့ပြေးလမ်းရှင်းတဲ့အဖွဲ့ convoy Escort ကားတွေ၊ ဆိုင်ကယ်တွေ ဦးဆောင်ပြီး သွားလေ့ရှိပါတယ်..။ တခါတလေ ဝီစီမှုတ်တာဘဲ ဖြစ်ဖြစ် Siren အချက်ပေး ဥသြဆွဲသံ နဲ့ ဖြစ်ဖြစ် ကြားရရင် လမ်းပေါ်မှာရှိတဲ့ ကားတွေ အကုန်ဘေး ကပ်ပေးကြရတာ ခဏခဏ ကြုံ ဖူူးပါတယ်..။ အဲ့ဒီVIP ယာဉ်တန်းမှာ လုံခြုံရေးကား၊ ရဲအရာရှိ၊ အရေးပေါ် သူနာပြုယာဉ်၊ မီဒီယာ သတင်းစာဆရာတွေ အဆုံး တဒါဇင်လောက်ရှိတဲ့ ယာဉ်တန်းကြီး တသီတတန်းကြီးပါတယ်။ တချို့ဆိုရင် ဘေးက လုံခြုံရေး တွေ လမ်းလျှောက်လိုက်ကြရတာ… ။

ဟုတ်တယ်လေ..။ နိုင်ငံတကာမှာလည်း အဲ့ဒီလို Armored car VIP ဗီအိုင်ပီ လုံခြုံရေး ကား၊ Bulletproof car ကျည်ကာကား ဆိုတာ တွေကမရှိမဖြစ်။ နိုင်ငံ အကြီးအကဲ အရေးကြီးတဲ့ ဗီအိုင်ပီတွေရဲ့ လုံခြုံရေး အတွက် ကိုယ့်နိုင်ငံအစိုးရကနေ စီစဉ် ဖြည့်ဆီး ပေးထားကြရတာပါ။ အဲ့ဒီလို နိုင်ငံအကြီးအကဲတွေ အပြင် ရုံးဌာနတွေရဲ့အဆင့်မြင့်အရာရှိကြီးတွေ အတွက်လည်း အသုံးပြုကြရတယ်။ ဒီထက်ပိုပြောရရင် အသက် ဘေးအန္တရာယ် ရှိနိူင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အကာအကွယ်ပေးနိုင်ဖို့ ကျည်ကာကားတွေ နဲ့ ပံံ့ပိုးလေ့ရှိကြသလို သံတမန်ရေးရာဆောင်ရွက်တဲ့ စစ်သံမှူးမစ်ရှင် အဖွဲ့ တွေအတွက်ပါ အထောက်အပံ့ပေးထားကြတာတွေ လည်းရှိတယ်။ ဒါ့အပြင် အီရတ်တို့ အာဖကန်နစ္စတန်တို့ ဆိုတဲ့ အန္တရာယ် ရှိတဲ့ တချို့နိုင်ငံတွေမှာ စွန့်စားပြီး တာဝန်ထမ်းဆောင်ရမယ့် စစ်အမှုထမ်းတွေလည်း သုံးကြရတယ်…။
ရှေ့တန်းစစ်မျက်နှာပြင်မှာသုံးတဲ့ တင့်ကားလို သံချပ်ကာကားတွေ ကျတော့ ကျည်ကာတွေကို အပြင်က ထပ်ပိုးပေးကြတာ။ ဒါပေမယ့် VIP တွေ အရပ်သားတွေ စီးတဲ့ ကျည်ကာကားတွေကျတော့ အတွင်းကနေဘဲ ပဲ့ပိုးထားတဲ့အတွက် ပုံမှန် ကားတွေနဲ့ သိပ်မထူးခြားနားတွေ့ကြရမှာပါ…။ အဲ့လို ကျည်ကာကားတွေ ဖြစ်အောင် ပြန်လည်ပြုပြင်ကြရာမှာ တံခါးတွေနဲ့ မှန်တွေကို အဓိက ထပ်ပိုးပြီး မွမ်းမံကြတာ တွေ့ရပါတယ်။ အထူးသဖြင့် ခေတ်မှီနည်းပညာ CAD/CAM technology နဲ့ ထုတ်လုပ်ထားတဲ့ လယ်မနိတ်လို အထပ်ထပ် ဖွဲ့စည်းထားတဲ့ ၂-၈လက်မ အထူရှိတဲ့ bulletproof မှန်တွေကို တပ်ကြတာတွေ့ရပါတယ်။ တံခါးဘောင်တွေရဲ့ အဓိက သော့ချက်ကတော့ အပြင်လွှာနဲ့ အတွင်းလွှာ ၂လွှာပါ။ အပြင်လွှာမှာ ထူထဲလေးလံ လှတဲ့ ကြွေ ပြား (သို့ ) စတိန်းလက်စတီးလို ကျည်ဆံခံနိုင်တဲ့ အပြားကြီးတွေကိုသုံးပြီး အတွင်း ဖက်အလွှာ မှာ တော့ ကွန်ပိုဆစ် လို kevlar Aramid fibre ပိုလီမာအလွှာတွေနဲ့ ထပ်ပိုးကြရတယ်…။
အဲ့ဒီတံခါးတွေဟာ အရမ်းလေးတဲ့ အတွက် တံခါးတွေ ပြုတ်မကျအောင် တံခါးပတ္တာတွေ ဂျက်တွေကအစ သေသေခြာခြာ ဂရုစိုက်ပြီး ပြန်ပြင်ကြရတယ်။ တံခါး ဘောင်တင်မက ခေါင်းတင်တဲ့ နေရာ ထိုင်ခုံနောက်ကြော တွေအပြင် ကားရဲ့ကိုယ်ထည်ပိုင်း တွေမှာလည်း ကျည်ကာတဲ့ အပြားတွေနဲ့ ထပ်မွမ်းမံကြရပါတယ်…။ အဲ့လိုကာကွယ်တဲ့ နေရာမှာ အနည်းဆုံး ၂၀ စင်တီမီတာ ပတ်လည် 20 cm2 (2*1.6)” ပတ်လည်နေရာ ကို ကျည်ဆံ ၅ချက် ဆက်တိုက် အပစ်ခံနိုင်လောက်တဲ့ အထိ အကာအကွယ် ရအောင် တပ်ဆင် ထားတဲ့အတွက် စနိုက်ပါသေနတ် ၊ ရိုင်ဖယ်သေနတ် Dragunov လပ်နက် ရန်တွေ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်..။
ဒါ့ထက်ပိုပြီး အခြား အဆင့်မြင့် အကာအကွယ်စနစ်တွေ နဲ့ ထပ်ပြီး မွမ်းမံကြတာတွေ့ပါသေးတယ်။ အလိုအလျှောက် မီးသတ်စနစ်၊ မပေါက်ကွဲနိူင်တဲ့ လောင်စာပုံး fuel tanks, ရီမုတ်နဲ့ ကားစက် နှိုးလို့ ရတဲ့စနစ်၊ CCTV camera, GPS link, ကား နဲ့ အပူချိန် နဲ့ ဖိအားကို အလိုအလျှောက်ညှီပေးတဲ့ တိုင်ယာစနစ် Run-flat tires , Siren အချက်ပေးအသံ alarm, ကားအတွင်းနဲ့ အပြင်ကို ဆက်ပေးတဲ့ အင်တာကွန် စနစ် တွေနဲ့ အဆင့်မြှင့် ထားလေ့ရှိပါတယ်။
ဒါ့အပြင်ကားအတွင်းက ဘော်ဒီဂါတ်ကနေ ကားအပြင်ကို မက်ဂါဖုန်းနဲ့ ဆက်သွယ်လို့ရတဲ့ PA စနစ်တွေနဲ့ အဆင်မြှင့်ထားနိုင်ပါတယ်။ တချို့ ကားတွေမှ ာဆိုရင် ညမြင်ရတဲ့ မှန် night vision၊ အပြင်က အဆိပ်ငွေ့တွေ မျက်ရည်ယိုဗုံးတွေက ကာကွယ် နိုင်ဖို့ကားအတွင်းမှာ အသက်ရှု လို့ရတဲ့ အောက်စီဂျင် စနစ် တွေပါ ထည့်သွင်း ထားပါတယ်..။
အဲ့ဒီလို အလွယ်တကူအပြင်က ထိုးဖောက်ဝင်လို့ မရအောင် ကာကွယ်ပေးတဲ့ စနစ် တွေအပြင် ကားရဲ့ အင်ဂျင် ပါဝါ ကြီးကြီး V6 engine ၊ ဘရိတ်တွေ ၊ရှော့ဘား အကာအကွယ်တွေ radiator ရေတိုင်ကီ၊ဆီတိုင်ကီ တွေကိုပါမကျန် Kevlar အလွှာတွေ နဲ့ ပံပိုးပြီး ကာကွယ်ထားကြရပါတယ်။ အဲ့လိုကားတွေ အပြီးတပ်ဆင်ပြီးသွားခဲ့ရင် အလေးချိန် ၁၂,၀၀၀ပေါင်လောက်ထိ လေးလံသွားတတ်ပါတယ်။ အခုနောက်ပိုင်း မှာတော့တခြား ကျည်ကာကားတွေထက် ၅၀၀ကီလို (ပေါင်၁၁၀၀ )လောက် ထိလျော့ချနိုင်တဲ့ ကျည်ကာကားတွေ တီထွင်လာကြပါတယ်…။
အဲ့လို ပံ့ပိုးရာမှာ အလွန်တရာ အလုပ်တွေ များတဲ့အပြင် ပြီးစီးဖို့ ၂-ပါတ် ၃-ပါတ်လောက်ထိ အချိန်ယူကြရတယ်။ ကိုယ်ပံ့ပိုးတဲ့အပေါ် မူတည်ပြီး မှန်ရယ်၊ ကားတံခါးဘောင်ရယ် ကိုယ်ထည်တွေကို ပံပိုးတာတွေ အကုန်ပြီးသွားရင် ကားတန်ဖိုးအပြင် နောက်ထပ် အနည်းဆုံး ဒေါ်လာ တစ်သိန်း ၁၀၀,၀၀၀ လောက်ထိ ကုန်ကျနိူင်ပါတယ်… ။ အကာအရံတွေနဲ့ ဟဲဗီးကားတွေ မို့ လို့ အဲ့ဒီကားတွေမောင်းရတဲ့ဒရိုင်ဘာတွေက ဘော်ဒီဂါတ်သင်တန်းကျောင်း (သို့) ရဲတပ်ဖွဲ့ ဒါမှမဟုတ် အထူးလျှို့ဝှက် စစ်သင်တန်းကျောင်း တွေမှာ နည်းဗျူဟာ ဆိုင်ရာ အထူးစပါယ်ရှယ်လေ့ကျင့်မှု သင်တန်းတွေ တက်ပြီးတဲ့သူတွေ မောင်းကြရပါတယ်…။
ကနေဒါမှာ အခြေစိုက်တဲ့ INKAS ကုမ္ပဏီကနေ ကျည်ကားကားတွေ တပ်ဆင်ပြီး ကမ္ဘာတဝှမ်းလုံး ဖြန့်ချီထုတ်လုပ်ပေးတာ ပေါ်ပြူလာဖြစ်ပါတယ်။ ကိုလံဗီယာ၊ ဂါနာ၊ နိုက်ဂျီးရီးယား၊ ရုရှနဲ့ စပိန် နိူင်ငံတွေမှာ အဲ့ဒီကားတွေ ပြင်တဲ့ ဝပ်ရှော့ တွေ ရှိပါတယ်.။ အရှေ့အလယ်ပိုင်းနဲ့ အရှေ့ ဥရောပ ပြင်ပနိူင်ငံတွေမှာလည်း နေ့စဉ်နေ့တိုင်း ခြိမ်းခြောက်မှုတွေ ကြုံတွေ့နေရတဲ့အတွက် upgraded panels တွေပါတဲ့ ကျည်ကာမော်တော်ယာဉ်တွေဟာ ဈေးကွက်ကောင်းတစ်ခုဖြစ် လာခဲ့တယ်လို့ ဆိုနိူင်ပါတယ်…။
နောက်တစ်ခုရှိတာက ကမ္ဘာ့ အရေးကြီးပုဂ္ဂိုလ်တွေ တရားဥပဒေ စိုးမိုးသူတွေတင်မက personal safety လိုအပ်တဲ့ သာမန် အရပ်သားပြည်သူတွေ စီးပွားရေး လုပ်ငန်းရှင် ၊ ကုမ္ပဏီ စီအီးအိုတွေ ၊ မီလျံနာတွေ ၊ ခရိုနီ သူဌေးတွေ ၊မာဖီးယားတွေ မှာ ခရီးသွားရင် အဓိက ကျည်ကာကားတွေ စီးကြတာလည်းတွေ့ရပါတယ်။ လူတွေ သယ်ဆောင်ဖို့ အတွက်တင်မက ဟိုးအရင်က အဓိကအနေနဲ့ အထူးသဖြင့် ဘဏ်လုပ်ငန်းတွေ စီးပွားရေး လုပ်ငန်းတွေ ပညာရေးလုပ်ငန်းတွေ ရွှေငွေ အဖိုးတန်ပစ္စည်းရှားပါးပစ္စည်းတွေ အဖိုးတန်ကျောက်မျက်ရတနာ တွေသယ်ယူရာမှာ ဓါးပြ တိုက်တာတို့ အနုကြမ်းစီးတာတွေ ကနေ ကာကွယ်ဖို့ အတွက် အသုံးပြုကြတာတွေရပါတယ်…။
တစ်ခုကောင်းတာက စစ်သုံးကားတွေမှာ ကျည်ကာကို တံခါး အပြင်မှာ ပံ့ပိုးထားလေ့ရှိပေမယ့် အရပ်သား ကားတွေမှာကျတော့ တံခါးအတွင်းမှာ တပ်ဆင်ထားတဲ့ အတွက် ထူးထူးခြားခြား မဟုတ်ဘဲ ပုံမှန်ကားတွေလို မူလအတိုင်းပဲတွေ့ရမှာပါ…။ အဲ့ဒီ ကားတွေရဲ့ ပြူတင်းပေါက် တွေမှာ ကျည်ကာမှန်တွေ ၊ ကိုယ်ထည်မှာ ကျည်ဆံမဖေါက်တဲ့ အရာဝတ္တု ပစ္စည်း တွေ တပ်ဆင်ထားပါတယ်။ ဒီထက်ပိုပြီး ကိုယ်တတ်နိုင်ရင် တတ်နိုင်သလို ဘယ်သူနဲ့မှမတူတဲ့ ကျည်ကာကားတွေ အဖြစ် တပ်ဆင်လို့ ရကြပါတယ်…။
အရပ်သားသုံး ကျည်ကာကားတွေမှာ များသောအားဖြင့် နာမည်ကြီး ကားစက်ရုံတွေက ထုတ်တဲ့ ကားစီးရီးတွေထဲကို ပြန်လည် ပြု ပြင်မွန်းမံထားခြင်းဖြစ်ပါတယ်…။ များသောအားဖြင့် အဲ့ဒီကားတွေမှာ ပုံမှန် ဆီဒင် SUV ကား ဒါမှမဟုတ် လီမိုဆင်း၊ ထရပ်၊ ဘတ်စကားတွေ ဘဲ ဖြစ်တတ်ပါတယ်။သာမန်ကားတွေနဲ့ ဘယ်လိုမှခွဲမရအောင် VW Golf လို ကားသေးသေးလေးတွေကို ကျည်ကာတတ်လို့ရသလို အကြီးစား SUV တွေထဲက LX 570 ကိုလည်းတပ်လို့ရပါတယ်…။

ဒါ့အပြင်
၁။Audi Security vehicles(A6,A8 series )
၂။ Lincoln Town car BPS
၃။ Hyundai Equus
၄။ BMW security series (3 series,5 seried, X5 security series, 7 series High security)
၅။ Mercedes-Benz Guard vehicles(E,ML,GL,G,S class) တွေ ဆိုပြီး ကျည်ကာ ကားတွေ ထုတ်ပါတယ်…။
ကိုယ်ပိုင် ကားတွေရှိသလို သံတမန်တွေအတွက် အဲ့ဒီကားတွေ ဌားသုံးလို့ ရတဲ့ နေရာတွေလည်းရှိလာပါတယ်။ အဲ့လိုဌားရင် တစ်ပတ်ကို ဒေါ်လာ ၃၆,၀၀၀ လောက်ထိ ပေးရပြီး Camry ကယ်မရီ ကနေ Porsche ကားတွေထိ ကြိုက်တဲ့ကား အော်ဒါမှာလိုက်ရင် ဒရိုင်ဘာနဲ့အတူ ကိုယ့်ရှေ့ရောက်လာမှာပါ။ တတ်နိုင်ရင်တော့ ဌားစီး ကြည့်လိုက်ကြနော့…။
ဒေါက်တာရွှေဝါအောင်
ဇွန် ၁၂၊ ၂၀၁၈။