ခေါင်ဇာနည်ဝင်၊ ပြောင်မာတင် သည့်၊ မြရှင်သကျ သမ္ဗဒ္ဓု၏ ပုတ္ထ ရင်းစစ်၊ ဖြစ်ကြီးဖြစ်၍၊
မဟစ္ဆရိ၊ အံ့လောက်ဘိသား၊ တြိသာသနာ၊ စက်ရောင်ဝါနှင့်၊
မြန်မာမျိုးညွန့်၊ ညှိုးမတွန့်အောင်၊ သက်စွန့်လျက် ပင်၊ ရွှေလမ်းထွင်သား၊
အရှင်ဥတ္တမ၊ ထေရိန္ဒလျှင်၊ ဝံသပါလိတ်၊ ရဲတိဟိတ် သို့၊ စိတ်စေတနာ၊ စူးစိုက်စွာလျှင်၊
မဟာဝရဇိန်၊ မိုးကြိုးရှိန်သို့၊ ပစ်ချိန် တျင်းတျင်း၊ ရန်မာန်ခွင်းသည့် ဘက်ကင်းတေဇော် ရှိန်ဘုရား။
(လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး – ဘုန်းတော်ဘွဲ့)
သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ် ရေး၊ ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့်နှိုးဆော်ခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေ သည်။ ဆရာတော် ဦးဥတ္တမသည် ဒေးဒရဲ မြို့အပိုင် ဆူးကလပ်ရွာတွင် နယ် ချဲ့ဆန့်ကျင်ရေးတရား ဟောပြော မှုဖြင့် မအူပင်ထောင်တွင် ၁၂ လမျှ အကျဉ်းခံခဲ့ရသည်။ ၁၉၂၂ ခု ၊ ဇွန်လ ၂၆ ရက်နေ့တွင် မအူပင်ထောင်မှ လွတ်မြောက်သည်။ ထိုသို့ ဆရာ တော် ထောင်မှ လွတ်မြောက်လာ သည့်အခါ ၁၉၂၂ ခု၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် ရဟန်းရှင်လူများက ရန်ကုန်မြို့၊ ဂျူဗလီဟောတွင် တစ်ခဲ နက်ဂုဏ်ပြု ပူဇော်ခဲ့ကြသည်။ ယင်းပူဇော်ပွဲတွင် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက အထက်ဖော် ပြပါ ဘဒ္ဒန ္တဥတ္တမအရှင်သူမြတ်ဘုန်း တော်ဘွဲ့ မင်္ဂလာရတုဖြင့် ရေးသား ပူဇော်ဂုဏ်ပြု ခဲ့လေသည်။
ဆရာတော်ဦးဥတ္တမ ဤသို့ ချီးကျူး ပူဇော်ခံထိုက်အောင်ပင် ကျွန်ဘဝမှ လွတ်မြောက်ရေး၊ အင်္ဂလိပ်အစိုးရ ဆန့်ကျင်ရေးတို့တွင် အမျိုးသား များ တက်ကြွလာစေရန် ကိုယ်ကျိုး စွန့်အနစ်နာခံ ကြိုးပမ်းခဲ့သည်။ ဆရာတော်ဦးဥတ္တမ၏ ဘဝနိဒါန်း ပိုင်းသည် တစ်နိုင်ငံလုံး အုတ်အုတ် ကျက်ကျက် တစ်ခဲနက်ဖြစ်အောင် အောင်မြင် ကျော်ကြားခဲ့သော် လည်း ဆရာတော်၏ ဘဝနိဂုံးမှာ ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလှ သည်။ တစ်နည်းဆိုရလျှင် နိုင်ငံရေး ခေါင်းဆောင် ဗိသုကာတစ်ဦး၏ ဘဝကို နိုင်ငံရေးကပင် ဖျက်ဆီးခဲ့ ခြင်း ဖြစ်ပေသည်။
ဆရာတော်ဦးဥတ္တမသည် ၁၉၁၁ ခုနှစ်မှ အစပြု၍ ကလောင်ကို ကိုင်၍ ၎င်း တရားဟော စင်မြင့်ပေါ်တက်၍ ၎င်း မြို့ပြမှသည် ကျေးစွန်ရွာဖျားအထိ မြန်မာ့လွတ်လပ်ရေး ကိုလိုနီ ဆန့်ကျင်ရေးအတွက် စည်းရုံးလှုံ့ ဆော်ခဲ့သည်။ သူပြောသမျှစကား၊ သူဟောသမျှ ရဲရဲတောက်တရား များသည် လွတ်လပ်ရေးမွတ် သိပ် နေသူ ပြည်သူများအဖို့ အားဆေး တစ်ခွက် ဖြစ်ခဲ့သည်။ ဒူးထောက်ခေါင်းငုံ့ နေကြရာမှ ရင် ကော့ခေါင်းမော့ လာနိုင်ကြသည်။
” ဆာဂျီနယ် ကရက်ဒေါက် …သင် ဗမာပြည်က ထွက်သွားလိုက်ပါ ” ဆရာတော်က အုပ်စိုးသူ အင်္ဂလိပ် ဘုရင်ခံထံ စာဖြင့် ကန့်ကွက်ရေး သားပေးပို့ လိုက်သည့်အခါ အမျိုး ချစ်သူများက ကြက်သီးမွေးညှင်း ထမျှ အားရ ကျေနပ်ခဲ့ကြသည်။ ဆရာတော်အား ဆူးကလပ်ရွာတွင် အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ဟော ပြောမှုဖြင့် မအူပင်တွင် ထောင်ဒဏ် အပြစ်ပေး လိုက်သည့်အခါ ပုသိမ်မှ စ၍ တစ်နိုင်ငံလုံး သံဃသမဂ္ဂီများ၊ ကုမ္မာရီအသင်းများ အုံကြွပေါ် ပေါက်လာ၍ တစ်နိုင်ငံလုံး စည်းလုံး မိသွားကြသည်။ ဆရာတော် ဦး ဥတ္တမသည် ပြည်သူများ၏ လေးစား ကြည်ညို၍ ပြည်သူများနှင့် တစ် သွေး တစ်သားတည်း ဖြစ်သည်။ အစိုးရ အကြည်ညိုပျက်အောင် ဟောပြောမှုဖြင့် ၁၉၂၄ ခုနှစ်တွင် ဒုတိယအကြိမ် ရန်ကုန်မြို့တွင် ထောင်ဒဏ် ၃ နှစ် အပြစ် ပေးခံခဲ့ရ သည့်အခါ ဖိုက်စကွဲယား ပန်းခြံ (ဗန္ဓုလ ပန်းခြံ)တွင် သွေးမြေကျ လူထုဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး ယင်းမှ အစပြု၍ ကိုလိုနီနယ်ချဲ့ဆန့်ကျင် ရေးစိတ်ဓာတ်များ လွမ်းမိုးပြန့်ပွား သွားကြပြန်သည်။
ဆရာတော်၏ ဘဝနိဒါန်းပိုင်းသည် လွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး မီးရှူးတန်ဆောင် ဆရာတော်၏ ဘဝနိဂုံးပိုင်းက ထိုသို့ မဟုတ်ပြီ။ အင်္ဂလိပ်အစိုးရက အိမ်ကြက်ခြင်း အိုးမည်းသုတ် ခွက်စေသော ၉၁ ဌာန အုပ်ချုပ်ရေးကို ပေးအပ်လိုက် သဖြင့် မြန်မာပြည်ကို အိန္ဒိယပြည် က ခွဲထွက်ပြီးလျှင် ၁၉၃၆ ခု၊ နိုင်ဝင် ဘာလတွင် အထွေထွေရွေး ကောက်ပွဲ ကျင်းပရန် စီစဉ်သည်။ သည်တွင် နိုင်ငံရေးပါတီများအဖို့ အနိုင်ရရှိရန် ကြိုးပမ်းရာ၌ ဆရာ တော် ဦးဥတ္တမကို ချဉ်းကပ်စည်း ရုံးကြသည်။ ထိုအချိန်ကဆရာတော် မှာ ဆီးချိုရောဂါနှင့် အသက်အရွယ် ကြီးရင့်လာ၍ စိတ်ပမ်းကိုယ်နွမ်း ဖြစ်နေသဖြင့် လည်းကောင်း၊ နိုင်ငံရေး ခေါင်းဆောင်များ စည်း လုံးမှုမရှိဘဲ ရာထူးအာဏာ ရရှိရေး ကိုသာ ကြိုးပမ်း နေကြသဖြင့် လည်းကောင်း၊ နိုင်ငံရေးလုပ် ဆောင်မှု ရပ်ဆိုင်း၍ အိန္ဒယနှင့် မြန်မာ ပြည် အလျဉ်းသင့်သလို နေထိုင် လျက်ရှိနေသည်။
ထိုစဉ် ငါးပွင့်ဆိုင်အဖွဲ့မှ ဆရာတော် အား လှည့်ဖျား စည်းရုံး၍ အိန္ဒိယမှ ရန်ကုန်သို့ ပင့်ဆောင်လာကြသည်။ နိုင်ငံရေး စိတ်မကုန်သော ဆရာ တော်မှ ငါးပွင့်ဆိုင်အတွက် မဲဆွယ် ပေးရန် ရန်ကုန်သို့ ရောက်ရှိခဲ့ပြန် သည်။ နိုင်ငံရေး ပါတီအချို့မှ မျိုး ချစ်လူငယ်အချို့က ဆရာတော်ထံ သွားရောက်၍ မေတ္တရပ် ခံသော် လည်း အရှိန်အဝါ ကောင်းသော ငါးပွင့်ဆိုင်များ၏ စကားနားဝင် သဖြင့် မည်သို့မျှ မတတ်နိုင်ကြ တော့ချေ။ ဆရာတော် ဦးဥတ္တမသည် ငါးပွင့် အဆိုင်အတွက် အနယ်နယ်သို့ တရား ဟောရာတွင် လေယာဉ်ပျံ နှင့်ပင် ခမ်းခမ်းတနားနား ကြွ ရောက်ဟောပြော ရသည်။ ဆရာတော်ကို မမြင်မတွေ့ရသည် မှာ ကာလအတန်ကြာပြီ ဖြစ်သဖြင့် ဆရာတော်၏ ငါးပွင့်ဆိုင်တရား ပွဲမှာ ပရိသတ် တိုးမပေါက်အောင် စည်ကားသည်။ ၉၁ ဌာန ရွေး ကောက်ပွဲတွင် ဦးဘဖေ ခေါင်း ဆောင်သော ငါးပွင့်ဆိုင်အဖွဲ့၊ ဒေါက်တာဘမော်အဖွဲ့၊ ဦးချစ်လှိုင် အဖွဲ့၊ ကိုယ်မင်း ကိုယ်ချင်း တို့ ဗမာသခင်အဖွဲ့၊ ဖေဘီယန်အဖွဲ့တို့ ပါဝင် ယှဉ်ပြိုင်ကြသည်။
ဆရာတော်၏ အရှိန်အဝါဖြင့် အခြား နိုင်ငံရေးအဖွဲ့များထက် ငါးပွင့်ဆိုင် က အပြတ်အသတ် အမတ် ၄၆ နေ ရာဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း ဝန်ကြီးရာထူး အဝေ မတည့်သောကြောင့် ငါးပွင့်ဆိုင် ခေါင်းဆောင် ဦးဘဖေမှာ အစိုးရ မဖွဲ့နိုင်တော့ချေ။ အမတ် ၁၆ နေရာ သာ ရရှိသည့် ဒေါက်တာ ဘမော်က ညွှန့်ပေါင်းအစိုးရဖွဲ့၍ နန်းရင်းဝန် ရာထူး ရယူ သွားလေသည်။ ဤတွင် ဆရာတော်ဦးဥတ္တမအဖို့ နိုင်ငံရေး သံဝေဂ ရစရာ ကြုံရတော့သည်။ နိုင်ငံရေးသမားအချို့မှာ ဆရာ တော်၏ အရှိန်အဝါဖြင့် ဝန်ကြီး၊ အတွင်းဝန်နှင့် မင်းတိုင်ပင်အမတ် စသည်တို့ ဖြစ်ကုန်ကြသော်လည်း ဆရာတော်ဦးဥတ္တမမှာ ဆီးချိုရော ဂါ လူမမာသည် ဘဝဖြင့် ပြုစုသူ ကင်းကာ ရပ်တည်ရာမရ စိတ်ထင် ရာ ရန်ကုန်လမ်းမ များပေါ်တွင် လျှောက်သွားလျက် ရှိသည်။ ဆရာ တော်သည် ဟောင်းနွမ်းစုတ်ပြတ် နေသော သင်္ကန်းကြီးကို ဖိုသီပတ် သီ ဝတ်ရုံ၍ လွတ်အိတ်ကြီး တစ်လုံး လွယ်ကာ ထီး၊ ဖိနပ်မပါ သတင်းစာ တိုက်များသို့ လျှောက်သွားပြီး အင်္ဂလိပ်၊ မြန်မာ သတင်စာများကို တောင်းယူလေ့ရှိသည်။ ရရှိသော သတင်းစာများကို လမ်းဘေးတိုက် ရိပ်၊ သစ်ပင်ရိပ်များ အောက်တွင် ထိုင်ဖတ်လေ့ရှိသည်။
အသက်အရွယ်ကြီး၍ အိုမင်းနေ သည့် အပြင် ဆီးချိုရောဂါ၊ ခြေ ထောက်အနာကြောင့် ပိန်ချုံးကာ ခပ်ယဲ့ယဲ့မျှပင် သွားလာနေရသည်။ လမ်းတွင် သတိမေ့ လဲပြိုနေသည့် အခါ ဆရာတော်ကို ကြည်ညိုလေး စားသူများက သူတည်းခိုရာသို့ ပို့ဆောင်ပေးကြသည်။ ဆရာတော် ဦးဥတ္တမသည် ကိုယ်စိတ်နှစ်ပါး ဝေဒနာနှစ်ရပ်စလုံး ခံစားနေရလေ သည်။ ဆရာတော်အား ပြုစုသူ ကင်း၍ ဤမျှအခြေအနေဆိုး လာ သည့်အခါ ၁၉၃၉ ခု၊ သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရခိုင်ရဟန်း တော်များ သမဂ္ဂ အသင်း၏ ၄ ကြိမ် မြောက် အစည်းအဝေးမှ ဆရာ တော်ဦးဥတ္တမအား စောင့်ရှောက် ရန် ဆုံးဖြတ်ကြသည်။ ငါးပွင့်ဆိုင်အဖွဲ့ကိုလည်း ပြစ်တင် ဝေဖန်ကြသည်။ ရခိုင် ရဟန်းတော် များသမဂ္ဂမှ ရဟန်းတော်များသည် ဆရာတော်နေထိုင်ရာ အာစရိယ သမဂ္ဂ အသင်းတိုက်သို့ သွားရောက် တွေ့ဆုံသည့်အခါ သွားရောက် တွေ့ဆုံသူများကို မတွေ့မခံ ငြင်း ဆန်လျက် သတိ မကောင်းတော့ပဲ လုပ်ချင်ရာ လုပ်နေ လေပြီ။
သည်တွင် သူရိယ တိုက်အုပ် ဦးဘကလေး၏ အကူအညီဖြင့် ရခိုင် သံဃာတော်များက ဆရာတော် ဦးဥတ္တမအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကုသကြရသည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် သူရိယဦးဘက လေး၊ မြို့တော်ဝန် ဦးဘဝင်း၊ ကပ္ပတိန် ဘဖူးတို့ ဆေးရုံသို့ သွား ရောက်၍ ဆရာတော်အားအားပေး စကားပြေကြားရာ ဆရာတော်မှာ စကား ပီသအောင် ပြောနိုင်၍ သတိလစ်ခြင်း မရှိတော့ပေ။ သြဂုတ်လ ၂၇ ရက်နေ့တွင် ဦးဘက လေး အကူအညီဖြင့်ပင်ကုသိုလ်ခန်း မှ အထူးခန်း ၁၃ ခုတင်နံပါတ် ၁၁ သို့ ပြောင်းရွှေ့ကုသသည်။ ဆရာဝန်ကြီးများက အထူးဂရုစိုက် ကုသကြသည့်အတွက် ဆရာတော်၏ ဝေဒနာမှာ သက်သာစ ပြုလာ သည်။ သို့သော် မအူပင်ထောင် ကျစဉ်အခါကပင် နှစ်ရှည်လများ စွဲကပ်လာသော ဆီးချို ခြေထောက် ကင်ဆာရောဂါမှာ ရိုးရိုးကုသ၍ မဖြစ်နိုင်တော့၊ ခြေထောက်ဖြတ် ကုမှသာ အသက်ရှင်နိုင်တော့မည်။
ဆရာဝန်ကြီးများက ဦးဘကလေးအား အကြံပေးသဖြင့် ဆရာတော်အား လျှောက်ထားရာ ဆေးရုံပေါ်မှ ဇွတ်ဆင်း၍ ၄၆ လမ်း ကုလား အသင်းတိုက်ပေါ်တွင် သွား ရောက် သီတင်းသုံးနေလေသည်။ ဆေးရုံမှ ဆင်းလာ ကတည်းက ဆရာတော်၏ ဆီးချိုရောဂါမှာ တစ်နေ့တစ်ခြား ပြင်းထန်ဆိုးရွား လျက် သတိမရတစ်ချက် ရတစ်ချက် ဖြင့် ဝေဒနာကို အလူးအလဲ ခံစား နေရလေသည်။ သို့ဖြင့် သူရိယ ဦးဘကလေးနှင့် (+)သံဃာတော် များက ဆရာတော်ဦးဥတ္တမအား ၄၆ လမ်း၊ ကုလားအသင်းတိုက်မှ ပုစွန်တောင် ညောင်တုန်းကျောင်း တိုက် မင်္ဂလာစံကျောင်းသို့ ပင့် ဆောင်ကြသည်။ ဆရာတော်အား ပြုစုရန် ကပ္ပိယများ ငှားရမ်း၍ မြန်မာအနာပေါက် သမားတော်ကြီး ဦးဘိုးရွှေနှင့် ကုသ ကြပြန်သည်။ သို့သော်လည်း ဆရာတော်၏ ရောဂါဝေဒနာမှာ ကုသ၍ ရတော့ မည့်အခြေအနေတွင် မရှိတော့ပေ။
ဤသို့ဖြင့် ဦးဥတ္တမဆရာတော်ကြီး သည် ရောဂါဝေဒနာများကို ပြင်း ထန်စွာခံစားရင်း ၁၉၃၉ ခု၊ စက်တင် ဘာ ၉ ရက်၊ စနေနေ့သို့ အဝင် ညဉ့် သန်းခေါင်ကျော် ၁ နာရီ ၃၅ မိနစ် အချိန်၊ သက်တော် ၆၀ ကျော်တွင် ပျံလွန်တော်မူရှာ လေသည်။ ဆရာတော်ဦးဥတ္တမသည် ဆင်းရဲ ဒုက္ခအမျိုးမျိုး ကြုံတွေ့လျက် ပံျလွန်တော်မူခဲ့ ရသော်လည်း ဆရာတော်၏ ဈာပနမှာ စည်ကား သိုက်မြိုက်စွာဖြင့် ပြည်သူများက နောက်ဆုံးဂါရဝပြု သဂြိုဟ်ခဲ့ ကြ သည်။
၁၉၄၀ ခု၊ မတ်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီတွင် ဆရာတော်ရုပ် ကလာပ် ကို ပုဇွန်တောင်ညောင်တုန်း ကျောင်း တိုက်မှ ရွှေတိဂုံဘုရား ခြေရင်းသို့ ပင့်ဆောင်ကြသည်။ ဆရာတော်ဦးဥတ္တမ၏ အလောင်း တော်ပင့်ရာတွင် ရှေ့ဆုံးမှ သံဃာ တော်များ၊ အောင်ဇေယျတု ဦးဘိုး ဘကိုယ်တိုင် ရေးဆွဲသော ဦးဥတ္တမ ပုံတော်ကို လှပစွာပြင်ဆင်ထား သည့် မော်တော်ယာဉ်ဆရာတော် ၏ အလောင်းတော်တင် ကရဝိတ် ဖောင်ပေါ်တွင် ယိမ်းအကများ လိုက် ပါလျက် ရန်ကုန်မြို့အမျိုးသမီး လွတ်လပ်ရေးအဖွဲ့ အမျိုးသမီး များ စွာတို့က ကြိုးဖြင့်ဆွဲ၍ သယ်ဆောင် လာကြသည်။
အလောင်းတော် ပင့်ဆောင်ရာတွင်
(၁) ရခိုင် သံဃာတော်များအဖွဲ့
(၂) သသန ဝေပုလ္လရဟန်းပျိုအဖွဲ့
(၃) သက်ပန် ဂဠုန် ဂျီစီဘီအေ
(၄)မြန်မာ တရုတ် ဗုဒ္ဓဘာသာ အစည်း အရုံး
(၅)တရုတ် မြန်မာ သမဂ္ဂအသင်း
(၆) တရုတ်လူငယ်များ သမဂ္ဂ အသင်း၊
(၇) တရုတ်မြန်မာ ပေါင်းသင်းဆက် ဆံရေးအသင်း၊
(၈) ရန်ကုန်လွတ်လပ်ရေးအမျိုး သမီး အသင်း၊
(၉) ကြည့်မြင်တိုင်အခွန်ထမ်း အသင်း၊
(၁၀) ရန်ကုန်လွတ်လပ်ရေး အမျိုး သားအသင်း၊
(၁၁) ရခိုင်လူငယ်များ၊
(၁၂) ရန်ကုန်မြင်းလှည်းအသင်း၊
(၁၃) ဗိုလ်တထောင်ဘတ်(စ်)ကားအသင်း၊
(၁၄) ပုည ကုသလအသင်း၊
(၁၅) ဗဟိုအခွန်ထမ်းအဖွဲ့၊
(၁၆) တာမွေလုံးဆိုင်ရာ အခွန်ထမ်းအဖွဲ့၊
(၁၇) ဟိန္ဒူဘော်လန်တီယအသင်း၊ (၁၈) ကျောက်မြောင်း လက်ရုံးတပ်၊ (၁၉) ကျောက်မြောင်းတို့ဗမာ အစည်းအရုံး၊
(၂၀) ရန်ကုန်မြို့လုံးဆိုင်ရာ သခင်ကိုယ်တော်မှိုင်း ကြီးမှူးသည့် တို့ဗမာအစည်းအရုံးကြီး၊
(၂၁) သူရိယသတင်းစာတိုက်သား
များ၊ မျိုးချစ်ပုဂ္ဂိုလ်များ စသည်ဖြင့် ပါဝင်ပို့ဆောင်ကြသည်။ ဆရာတော်၏ နောက်ဆုံးခရီး အန္တိမ ဈာပနကို ၁၉၀၄၀ ခု၊ မတ်လ ၂၂ ရက်၊ တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံ ခြေတော်ရင်းတွင်စည်ကား သိုက်မြိုက်စွာဖြင့်ပင် သဂြိုဟ်ခဲ့ ကြလေသည်။
ဆရာတော်ဦးဥတ္တမ ရဲ့ ရှားပါးဗီဒီယိုဖိုင် – VIDEO
ကျော်မြင့်လွင်
(ကိုလိုနီခေတ်ဦး ပထမစာမျက်နှာ မျိုးချစ်အာဇာနည်(သို့မဟုတ်) မျဉ်းဖြောင့်ပေါ်မှာ အာရှကြယ်နီ စာအုပ်မှ)
Discussion about this post