မူရင်းရေးသားသူ – Nay Myo Nwe
ဓါး အကြောင်း တွေ ပြောကြပြီးတော့ ဓါးလုပ်တဲ့ သတ္တု အရောင်းလေးမှ မသိရင်လည်း နောက် သလို ဖြစ်မှာစိုးလို့ ဗဟု သုတ ပေါ့ဗျာ။ မြန်မာ ပြည်မှာတော့ ဘယ်လို သံတွေကို ဘယ်လို ကိုင်ပြီး ဘယ်လို လုပ်တယ် ကျွန်တော် ပညာရှင် အဆင့် မတတ်ပါဘူး။ နိုင်ငံတကာမှာတော့ ဘယ် သံဆို အပူချိန်ဘယ်လောက် ဘယ်သံဆို ရေဆေး ဘယ်သံဆို ဆီဆေး စတာလေးတွေ တော့ နည်းနည်းပါးပါး သိပါတယ်။ ဓါး လုပ်မယ် ဆိုရင် နိုင်ငံတကာ စံချိန် အရ ဒီ သံတွေကို သုံးပါတယ်။
၁။ Stainless Steel
ဒီသတ္တု ကတော့ လူတိုင်း သတိထားမိပြီးသား နေ့စဉ်သုံးထဲမှာ ပါပြီးသား သတ္တုဖြစ်ပါတယ်။ ဒါနဲ့ ဓါး လုပ်သလားဆိုတော့ လုပ်ပါတယ်။ မကောင်းဘူးလားဆိုတော့ ကောင်းတဲ့နေရာရှိပါတယ်။ ဒါပေမယ့် ၁၂ လက်မ အထက် ဓါးများမှာ သုံးမယ် ဆိုရင် သိပ်ကို ကျွတ်ဆပ်လွန်းလို့ အလှထားဖို့နဲ့ အသွားမထည့်ပဲ အလှကစားပြတဲ့ နေရာမှာသုံးကြပါတယ်။ တရုတ်နိုင်ငံက ဈေးပေါပေါနဲ့ ထုတ်တဲ့ (မြန်မာငွေ သောင်းဂဏန်း ဓါးတွေပေါ့) ဓါး အများစုပေါ့။
နည်းနည်း နည်းပညာပိုင်းအရ ပြောရမယ် ဆိုရင် Stainless (အစွန်းအထင်းမရှိ) ဖြစ်ရတာက ခရိုမီယွန် များလို့ ဖြစ်ပါတယ်။ သတ္တုရဲ့ ၁၁ ရာခိုင်နှုန်း ကျော်ပါတယ်။ ဒါကြောင့် လက်တွေ့မှာ ကြမ်းကြမ်းတမ်းတမ်းသုံးရင် အားနည်းတဲ့ နေရာတွေ ရှိတာကြောင့် ပျက်စီးတတ်ပါတယ်။
၂။ Carbon Steel
ဒီတခါတော့ နည်းပညာကို စပြောချင်ပါတယ်။ အားလုံးက ကာဗွန်ဆိုရင် ပျော့တယ် ပျော့မှာပဲ စသည်ဖြင့် တွေးကြတယ်။ ကာဗွန်စတီးလ် ဆိုတာကတော့ Steel ပါပဲ။ ဒါပေမယ့် သတ္တုစပ်တဲ့ နေရာမှာ စတီးလ်ရဲ့ အချိုးနဲ့ ကာဗွန်ရဲ့ အချိုး တွက်ပြီး ထည့်ထားတာ ဖြစ်ပါတယ်။ (ရှေးကားတားနားတွေမှာ အသွားအနေနဲ့ ထည့်ပါတယ်။ ဒါကို ရှေးခေတ်က ကာဗွန်စတီးလ်လို့ မသိဘူး။ မယုံရင် ဂျပန်ဖိုထဲ သွားကြည့် 🙂 ) ဒီအထဲမှာ မာချင်းအဆင့်နဲ့ ပြန်ခွဲပါတယ်။
ကာဗွန် စတီးလ် ကို အကြမ်းဖျဉ်း ဒီလို တွက်ပါတယ်။ အကယ်၍ 1045 လို့တွေ့ရင် ကာဗွန်ပါဝင်နှုန်းက 0.45 ဖြစ်ပါတယ်။ 1060 ဆိုရင် 0.60 ဖြစ်ပါတယ်။
ဒီလိုတွက်တဲ့ အထဲမှာ အကယ်၍ 0.05 ကနေ 0.15 အထိကို low carbon Steel လို့သတ်မှတ်ပါတယ်။ 0.16 ကနေ 0.29 ကိုတော့ Mild Steel လို့ သတ်မှတ်ပါတယ်။ ဒါတွေက ဓါးလုပ်ဖို့ မသင့်လျော်တဲ့ သတ္တုတွေပါ။ (ချွင်းချက်လေးတွေရှိပါတယ် ဒီနေရာမှာ မပြောတော့ပါ)
ဓါးလုပ်တဲ့ နေရာမှာ အသုံးများ နာမည်ကြီးတာကတော့ 1045, 1060 နဲ့ 1095 တွေ ပါပဲ။
၃။ 1045 Carbon Steel
ဒီသတ္တုက ပျော့ပြောင်းတဲ့ အတွက် ဓါး လုပ်ရတာ ပုံသွင်းရတာ အတော်လွယ်ကူပါတယ်။ ထိပ်တန်း ဓါး ဖြစ်မလာနိုင်ပေမယ့် Stainless Steel ထက်တော့ အပုံကြီးပါတယ်။
၄။ 1060 Carbon Steel
ဒီအဆင့်ကတော့ ဓါးလုပ်လို့ အကောင်းဆုံးဖြစ်ပါတယ်။ ဂျပန်ဓါးတွေ နာမည်ကျော်ရတာကလည်း ဒီသတ္တုလုပ်နည်းကို အစောဆုံး တွေ့ရှိခဲ့လို့ဖြစ်ပါတယ်။ 1045 ထက်လည်း မာခြင်း အဆင့်မြင့်ပြီး (ဟုတ်တယ် ကာဗွန်စတီးလ်ဆိုတော့ပျော့ပျော့လေးမဟုတ်ဘူး 🙂 ) ဓါးသွန်းတာလည်း ခက်ခဲတဲ့ အတွက် ဈေးနှုန်းလည်း မြင့်ကြပါတယ်။ အသွားကိုလည်း အတော်ထက်အောင် သွေးကြပေမယ့် ဦးစားပေးတာကတော့ ခံနိုင်ရည်ရှိမှု မာကျောမှုပါပဲ။
၅။ 1095 Carbon Steel
ဒီသတ္တုကတော့ အမာဆုံး လို့ ပြောရမယ် ထင်ပါတယ်။ ဒါပေမယ့်လည်း ဒီ မာကျောမှုကပဲ ပြဿနာဖြစ်တတ်ပြန်ပါတယ်။ ဓါး အနေနဲ့ အသွားတင် တဲ့ အခါ အသွားထက်လှပေမယ့် အခန့်မသင့်ရင် ပဲ့ထွက်အောင် ကျွပ်ဆတ်သွားတတ်ပါတယ်။ ဓါးအရှည်ထက် ဓါးအလတ်နဲ့ ဓါး အတိုတွေမှာ ပိုမို အသုံးဝင်တတ်ပါတယ်။
၆။ Spring Steels
စပရင် စတီးလ်လို့ သိကြပါတယ်။ သူမှာလည်း ၂ မျိုးခွဲထားပါတယ်။ 5160 နဲ့ 9260 ပါ။ ဒီသတ္တုကတော့ ထူးခြားတဲ့ အပိုင်းလေးတွေရှိပါတယ်။
5160
ဒီ သတ္တုက ခရိုမီယန် နည်းတဲ့ စတီးလ် အမျိုးအစားဖြစ်ပါတယ် 0.7 လောက်ပဲ ပါတယ်။ Stainless လုပ်ဖို့ အဆင်မမှီပါဘူး။ ဒါကို ဆီလီကွန် 0.2 လောက် ထည့်တွဲလိုက်ရင် မာကျော မှု အဆင့် အရမ်းမြင့်သွားပါတယ်။ ဒီ သတ္တုကို ကွတ်ခရီး လုပ်ဖို့ အသင့်တော်ဆုံးလို့ ဓါးပညာရှင်များက သတ်မှတ်ပါတယ်။ သေချာ ကိုင်တွယ်ပြီး မီးနိုင်တဲ့ 5160 ကွတ်ခရီး က နွားလည်ပင်း အကွင်းလိုက်ပြတ်ကျအောင် ထက်မြက် မာကျောပါတယ်။ မီးဆေးတာတော့ နိုင်ရပါလိမ့်မယ်။
9260
ဒီ သတ္တုကြပြန်တော့ ပျော့ပြောင်းမှုမှာ အတော်နာမည်ကြီးပါတယ်။ ဒီကောင်ကို ဆီလီကွန် မန်ဂနိစ် စတီးလ်လို့ ခေါ်ပါတယ်။ ၉၀ ဒီဂရီ ကွေးချပြီးရင်တော့ မူလ နေရာကို အခြေမပျက်ပြန်ရောက်နိုင်အောင်လို့ ပျော့ပြောင်း ပါတယ်။
Spring Steel နဲ့ ပတ်သက်ပြီး အချုပ်ပြောရရင် ဒီ သတ္တုကို တကယ်နိုင်တယ် ဆိုရင် ရှမ်းချဉ် လည်း မဟုတ်၊ သံပုရာချဉ် လည်းမဟုတ်၊ ကင်ချီ ချဉ် လည်း မဟုတ် ဆိုတာ သဘောပေါက်ဖို့လိုပါတယ်။ နိုင်ငံတကာ က ဓါး ဘိုးအေတွေ သိပ်ကြိုက်တဲ့ သတ္တုပါ။
၇။ T-10 Tool Steel
ဒီသတ္တုကတော့ တန်စတင် အလွိုင် စတီးလ်လို့ သိကြပါတယ်။ Carbon ပါဝင်မှုနှုန်းမြင့်ပါတယ်။ 0.9 ကနေ 1.0 ပါဝင်ပြီး ဆီလီကွန် .35 ရာခိုင်နှုန်းအမြင့်ဆုံးလောက်ပါသင့်ပါတယ်။ ဒီ သတ္တုကို သေချာ ကိုင်တွယ်ပြီး သေချာ မီးဆေးနိုင်ရင် HRC 60 (မာခြင်းတိုင်း စနစ်) ထိ ရနိုင်ပါတယ်။ ဘာကို ပြောတာလည်း ဆိုတော့ အစင်းအလွယ်ထင်တာ လန့်ကျိုးတာ ဖြစ်ဖို့ မရှိသလောက်ဖြစ်ပါတယ်။ ကာဗွန်ပါဝင်မှုခြင်းတူတဲ့ အခြားဓါး နဲ့ယှဉ်ရင် ပိုမာပါတယ်။
၈။ L6 Bainite
Tool Steel တမျိုးလည်း ဖြစ်တဲ့ L6 ကို လွှစက် လွှသွားတွေမှာ သုံးလေ့ရှိပါတယ်။ မီးဆေးတာနိုင်ရင် အမာဆုံး သတ္တုဖြစ်လာပါတယ်။ ဈေးအတော်ကြီးမှပဲ ဒီသတ္တု နဲ့ ဓါးရနိုင်မှာဖြစ်ပါတယ်။ ဒေါ်လာ တထောင် အောက် နဲ့ ရောင်းနေရင် လှည့်ကို မကြည့်ပါနဲ့။
၉။ S7 Shock Steel
L6 ရဲ့ ကောင်းမွန်တဲ့ အချက်တွေ ပါဝင်တဲ့ S7 ဟာ မာကျောခြင်း မြင့်ပြီး ခံနိုင်ရည်လည်း ရှိပါတယ်။ ဓါးလုပ်ငန်းတွေမှာ ပုံမှန် သုံးနေကြ သတ္တုအဖြစ် သုံးလေ့မရှိပါဘူး။ နတ် သတ္တု မဟုတ်ပေမယ့် ဓါး အဖြစ် သွန်းပြီ ဆိုရင်တော့ ဘက်စုံ အသုံးဝင်တဲ့ ဓါးကောင်း တစင်းဖြစ်လာနိုင်ပါတယ်။
၁၀။ Damascus Steel
ဒါးမားစကပ် ခေါ် အခေါက်ထူ သတ္တု ဟာ အကောင်းဆုံး သတ္တု တစ်ခု မဟုတ်သလို ဓါးလုပ်ဖို့ အကောင်းဆုံး သတ္တုတစ်ခုတစ်ခုလို့လည်း ပြောမရပါဘူး။ တကယ်တော့ သတ္တုအမျိုးအစား သီးသန့် တစ်ခု မဟုတ်ပဲ အထက်က ပြောခဲ့ဘူးတဲ့ သတ္တုတွေကို အထပ်ထပ်ဖြစ်အောင် ခေါက်ယူထားတာဖြစ်ပါတယ်။ သာမန် မခေါက်ထားတဲ့ သတ္တုထက် ပိုမိုမာကျော ပြီး ဖြတ်တောက်မှု ပိုကောင်းလာတာ က ထူးခြားမှုပါ။
တကယ်တော့ ရှေး ဂျပန်တွေ သုံးတဲ့ သတ္တုက အမျိုးအစား ခပ်ညံ့ညံ့ သတ္တုကိုပဲ အထပ်ထပ်ခေါက်ပြီး အပင်ပန်းခံ သန့်စင်လိုက်တဲ့ အခါ သတ္တုစင် ဖြစ်သွားတာပါပဲ။ ဂရုတစိုက် မလုပ်ရင်တော့ သတ္တုပေါ ဖြစ်သွားနိုင်ပါတယ်။
နောက်ပိုင်းမှာတော့ အချို့ ပန်းပဲ ပညာရှင်တွေက ဒီ သတ္တု အလွှာတွေကို ပေါ်အောင် အလှပြဖို့ ပုံစံတင်ကြပါတယ်။
Nay Myo Nwe
Discussion about this post