Tapir ဟုခေါ်သည့် ကြံ့သူတော်သည် အရွယ်အစားကြီးမားသော နို့တိုက်သတ္တဝါမျိုးစိတ်ထဲတွင် ပါဝင်သည်။ ဝက် နှင့် ပုံပန်းသဏ္ဍာန်ချင်းတူပြီး လှုပ်ယမ်းနိုင်သောနှာမောင်းတို တစ်ခုပါရှိသည်။ ကြံ့သူတော်များကို အလယ်အမေရိက ၊ တောင်အမေရိက ဒေသများ နှင့် အာရှတိုက်ရှိ ဆူမားတြားကျွန်း ၊ မလေးရှား စသည့်နေရာများတွင် အများဆုံးတွေ့ရတတ်သည်။ သူတို့သည် စွတ်စိုသောရွံ့မြေ ၊ မြက်ခင်းပြင် ၊ သစ်တော နှင့် တောင် စသည်ဖြင့် နေရာမျိုးစုံတွင် နေထိုင်ကျက်စားလေ့ရှိသည်။ မြန်မာနိုင်ငံ၌မူ တနင်္သာရီတိုင်း ကြိုးဝိုင်းသစ်တောထဲတွင် ရှိသည်ဟု သိရသည်။ (ရန်ကုန်တိရစ္ဆာန်ရုံမှာလည်း ရှိသည်)
ကြံ့သူတော်အမျိုးအစားလေးမျိုး ရှိသည်။ ၎င်းတို့မှာ Baird ကြံ့သူတော် ၊ တောင်အမေရိကကြံ့သူတော်(Lowland tapir) ၊ တောင်ကြံ့သူတော် နှင့် မလေးရှားကြံ့သူတော်ဟူ၍ ဖြစ်သည်။ Baird ကြံ့သူတော်၏ အမည်သည် မက္ကဆီကိုတွင် ထိုအမျိုးအစားကြံ့သူတော်ကို ၁၈၄၃ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည့် သဘာဝလေ့လာရေးပညာရှင် Spencer Fullerton Baird ကို ဂုဏ်ပြုသည့်အနေနှင့် ပေးထားခြင်းဖြစ်သည်။ အလယ်အမေရိကဒေသများတွင် ကျက်စားသည့် ကြံ့သူတော်မျိုးစိတ်ကို Baird ကြံ့သူတော် ဟုခေါ်သည်။ ကြံ့သူတော် ၄မျိုးအနက် တောင်အမေရိကကြံ့သူတော်မှ လွဲ၍ ကျန် ၃မျိုးစလုံးမှာ လူများ၏ အမဲလိုက်ခံရမှု နှင့် စားကျက်မြေများဆုံးရှုံးလာမှုကြောင့် တဖြည်းဖြည်း အကောင်ရေ လျော့နည်းလျှက်ရှိသည်။
အာရှတိုက်ရှိ ကြံ့ သူတော်မျိုးတွင် ခြေလက်နှင့် ကိုယ်ရှေ့ပိုင်းတို့သည် အနက် သို့မဟုတ် အညိုရင့်ရောင်ရှိ၍၊ ကိုယ်ဘေးနှင့် နောက်ပိုင်းတို့၌ ဖြူညစ်ညစ်အရောင်ရှိသည်။ အမေရိကတိုက်ရှိ ကြံ့သူတော်များ၌ တစ်ကိုယ်လုံးပင် အညိုရောင် သို့မဟုတ် အနက်ရောင် ရှိကြ သည်။ တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံရှိ ကြံ့သူတော်မျိုးမှာ တောထူထပ်သောဒေသများတွင်သာ နေလေ့ရှိသည်။ အန်းဒီးတောင်တန်း၌ တွေ့ရသောအမျိုးမှာ ပေ ၇ဝဝဝ၊ ၈ဝဝဝ ကျော် မြင့်သော ကုန်းမြင့်ဒေသများ၌ နေလေ့ ရှိသည်။ အမေရိကတိုက် အလယ်ပိုင်း၌လည်း လူသိနည်းသော ကြံ့သူတော် တစ်မျိုးရှိသေးသည်။
ကြံ့သူတော်များ၏ ခန္ဓာကိုယ် အရွယ်အစားမှာ ပျမ်းမျှအားဖြင့် အလျား ၆ပေ အနံ ၃ပေခန့်ရှိပြီး အလေးချိန် ပေါင် ၃၀၀ မှ ၇၀၀ ဝန်းကျင်အထိရှိတတ်သည်။ မလေးရှားကြံ့သူတော်သည် အရွယ်အစားအကြီးမားဆုံးဖြစ်ပြီး တောင်ကြံ့သူတော်သည် အငယ်ဆုံးဖြစ်သည်။ ကြံ့သူတော်နှင့် အနီးဆုံးဆွေမျိုးနီးစပ်သည့် တိရစ္ဆာန်များမှာ မြည်း ၊ ရေမြင်း ၊ မြင်း နှင့် ကြံ့တို့ဖြစ်သည်။
ကြံ့သူတော်များသည် လွန်ခဲ့သောနှစ် ၁၀ သန်းခန့်မှ ယနေ့အထိ လက်ရှိပုံစံအတိုင်းမပြောင်းလဲခဲ့သော တိရစ္ဆာန်များဖြစ်သည်။ သူတို့၏ ရှေ့ခြေထောက်များတွင် ခြေချောင်း ၄ချောင်းပါပြီး နောက်ခြေထောက်များတွင် မှု ၃ချောင်းသာ ပါရှိသည်။ ကြောက်လန့်တတ်ကာ အခြားတိရစ္ဆာန်များကို ဒုက္ခမပေးတတ်သော တိရစ္ဆာန်ဖြစ်သည်။
ကြံ့သူတော်များသည် အရွက်စားသတ္တဝါဖြစ်ပြီး မြက် ၊သစ်ရွက် နှင့် သစ်သီးသစ်ဖုများကို စားလေ့ရှိကာ တစ်နေ့လျှင် ၂ကြိမ်ခန့် ရှာဖွေစားသောက်လေ့ရှိသည်။ သူတို့၏ နှာမောင်းတိုသည် နှာခေါင်းနှင့် အပေါ်ပါးစပ်ကို ပေါင်းစပ်ထားသည့် အရာဖြစ်သည်။ သစ်ပင်ပေါ်မှ သစ်ရွက်များကိုခူးရန် နှင့် သစ်သီးသစ်ဖု စသောအရာများကို ကောက်ယူရန် ထိုနှာမောင်းတိုကို အသုံးပြုသည်။
ကြံ့သူတော်များသည် အများအားဖြင့် တစ်ကောင်ချင်းစီ နေထိုင်လေ့ရှိသော တိရစ္ဆာန်ဖြစ်သည်။ သူတို့နေထိုင်ကျက်စားလေ့ရှိသည့် နေရာတစ်ဝိုက်ကို ကျင်ငယ်ရေများဖြင့် မှတ်သားထားလေ့ရှိပြီး ထိုကျင်ငယ်ရေကို ပြန်လည်စစ်ဆေး အနံ့ခံခြင်းအားဖြင့် ထိုနယ်မြေထဲတွင် အခြားကြံ့သူတော်ရောက်ရှိ မရှိ ကိုသိနိုင်သည်။
သူတို့၏ အချိန်အများစုကို ရေစပ်စပ်နေရာများတွင် ကုန်ဆုံးလေ့ရှိသည်။ ခန္ဓာကိုယ်အေးမြခြင်းကို နှစ်သက်သည့်အပြင် ထိုနေရာတွင် လျှင်မြန်စွာလှုပ်ရှားသွားလာနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ကြံ့သူတော်များသည် ရေလည်းငုပ်တတ်သေးသည်။ အန္တရာယ်နှင့်ကြုံသည့်အခါ ရေအောက်သို့ငုပ်ကာ နှာမောင်းကို အသက်ရှုပိုက်သဖွယ်အသုံးပြုပြီး အချိန်ကြာမြင့်စွာ ပုန်းအောင်း နေတတ်ကြသည်။ ဂျာဂွား ၊ ကျား ၊ မိကျောင်း နှင့် အန်နာကွန်ဒါမြွေကြီးများသည် ကြံ့သူတော်များကို အမဲလိုက်လေ့ရှိသည်။
ကြံ့သူတော်များ၏ ကိုယ်ဝန်ဆောင်ချိန်သည် ၁၃လခန့်ကြာမြင့်ပြီး တစ်ကြိမ်လျှင်တစ်ကောင်သာ မွေးလေ့ရှိသည်။ အရွယ်မရောက်သေးသော ကြံ့သူတော် ကလေး များတွင် အနက်ရောင်ရှိသော ကိုယ်ပေါ်၌ အဝါနှင့်အဖြူအစင်း ကျားများ ပါရှိလေသည်။ ကြံ့သူတော်တို့သည် အကြောက် အလန့်ကြီးသည်မှာ မှန်သော်လည်း၊ ကြံ့သူတော်သားအုပ်မ တို့ကား၊ မိမိတို့၏သားငယ်များကို အသက်ပေး၍ ကာကွယ် စောင့်ရှောက်လေ့ရှိကြသည်။ ကြံ့သူတော်များ၏ သက်တမ်းမှာ ၂၅နှစ်မှ ၃၀နှစ်အထိ ဖြစ်သည်။
Ref:
Softschool
Wikipedia
Discussion about this post