ပုဂံဗိုလ်ချို လို့ ဆိုလိုက်ရင် နယ်ချဲ့တော်လှန်ရေး သမိုင်းမှာ နာမည်ကြီးသူ တစ်ယောက်ဖြစ်တာ အားလုံးသိပြီးသားပါ။ အင်္ဂလိပ်တို့ကို ဒုက္ခအပေးဆုံး ၊ ပထမဆုံးနယ်ချဲ့တော်လှန်ရေး လုပ်ပြီး နောက်ဆုံးမှ အဖမ်းခံရတဲ့ ဗိုလ်ချိုဖြစ်ပါတယ်။ ညောင်ဦးမြို့နယ် ငသရောက်ဆယ်ရွာသား တစ်ဦးဖြစ်ပါတယ်။
တကယ်တော့ ဗိုလ်ချို ဟာ သူ့ရဲ့ဖခင် ဦးရွေဘော်ကဲ့သို့ တိုင်းရင်းဆေးဆရာ တစ်ယောက်ဖြစ်ပါတယ်။ ထို့နောက် သီပေါမင်းလက်ထက်မှာ တောင်တွင်းကြီးမြို့ မြို့ဝန်စာရေး အဖြစ် ၃ နှစ်ခန့် အမှုထမ်းခဲ့ပါတယ်။ ၁၂၄၇ ခုနှစ် သီပေါမင်းပါတော်မူပြီးနောက်မှာတော့ နယ်ချဲ့တို့ကို စတင် တော်လှန်ပါတော့တယ်။ ဗိုလ်ချိုနှင့် အတူ သားဖြစ်သူ ဗိုလ်ဖိုးဆင် နှင့် ဗိုလ်ဖိုးဝင်တို့ လည်း တိုက်ပွဲထဲပါဝင်လာခဲ့ပါတယ်။ ဇနီးဖြစ်သူ ဒေါ်ရွှေမှုံမှာလည်း မိန်းမသားဖြစ်သော်ငြား ဓားခုတ် ၊ လှံထိုး ၊ မြင်းစီးအတတ်တို့ကို ကျွမ်းကျင်လှကာ ခင်ပွန်းဖြစ်သူနဲ့ အတူလက်တွဲညီသူ ဖြစ်ပါတယ်။
အင်္ဂလိပ်တို့မှာ ဗိုလ်ချိုအဖွဲ့ရဲ့ ပျောက်ကြားတိုက်ခိုက်မှုများကို မကြာခဏ ခံရလေ့ရှိပါတယ်။ မြို့ဝန်စာရေးလုပ်ခဲ့သူဖြစ်တာကြောင့် ဗိုလ်ချိုဟာ စစ်မူရေးရာကိုနားလည်သလို ၊ စည်းရုံးရေးလည်းကောင်းတဲ့အပြင် နည်းပရိယာယ်ကြွယ်ဝသူဖြစ်တာကြောင့် တိုက်ပွဲအများစုမှာ အနိုင်ရလေ့ရှိပါတယ်။ ဗိုလ်ချိုရဲ့ထင်ရှားသော တိုက်ပွဲများမှာ
နတ်သမီးကမ်းပါးတိုက်ပွဲ၊ ကျောက်တံခါးတိုက်ပွဲ ၊ ကန့်လန့်ကျော်တိုက်ပွဲ နဲ့ ပုလင်းရွာတိုက်ပွဲများ ဖြစ်ပါတယ်။ ထိုတိုက်ပွဲများမှာ အင်အားသာလွန်သော အင်္ဂလိပ်တို့အား အကျအဆုံးများစေခဲ့ပြီး အရှက်ရစေခဲ့သော တိုက်ပွဲများဖြစ်ပါတယ်။
မှို့ပင် တိုက်ပွဲမှာလည်း အထင်ကရ တိုက်ပွဲကြီး တပွဲ ဖြစ်ခဲ့ပါတယ်။ ငါ့သရောက်နယ် မှို့ပင်ကုန်း ဒေသတွင် ဗြိတိသျှ မြင်းစစ်သည် ၈၀၊ ခြေလျင် တပ်သား ၃၀ဝ ခန့်နှင့် အင်အား ၅၀ဝ ခန့်ရှိ ဗိုလ်ချို ဦးစီးသော တပ်တို့ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြခြင်း ဖြစ်ပါတယ်။ ထိုအချိန်က ဗိုလ်ချိုကို ဖမ်းဆီး ရမိပါက ဆုငွေ ကျပ် ၅,ဝဝဝ ချီးမြှင့်မည် ဖြစ်ကြောင်း အင်္ဂလိပ်အစိုးရက အမိန့်ထုတ်ထားခဲ့ပါတယ်။ မှို့ပင်တိုက်ပွဲမှာ ဗိုလ်ချိုဘက်က ၉ဦးသာ ကျဆုံးခဲ့ပြီး ၁၄ဦး ဒါဏ်ရာရခဲ့ပါတယ်။ ဗြိတိသျှတို့ အင်္ဂလိပ်တို့ဘက်မှ ၁၅၀ ကျော် ကျဆုံးခဲ့တဲ့အတွက် အတော်အထိနာခဲ့ပါတယ်။
ထိုသို့တိုက်ပွဲအလီလီနိုင်ခဲ့သော်လည်း ဗိုလ်ချိုတို့မှာ အင်္ဂလိပ်တို့ထက် လူအင်အား၊ လက်နက်အင်အား အဆပေါင်းများစွာ နည်းပါးလှပါတယ်။ စိတ်ဓာတ်ပြင်းထန်မှုကြောင့် သာ ဒီလိုတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ ၁၈၈၆ခုနှစ် မှ ၁၈၉၅ခုနှစ် အထိ ဆယ်စုနှစ် တစ်ခုနီးပါး တိုက်ခိုက်လာပြီးနောက် အင်အားတစ်စ တစ်စ နည်းလာရပါတယ်။ ထို့ကြောင့် နောက်ပိုင်းတိုက်ပွဲများတွင် ဆုတ်ခွာရသည်သာ များလာပါတယ်။ ဗိုလ်ချိုအား အင်္ဂလိပ်တို့က ငွေကြေး ရာထူးဖြင့် သိမ်းသွင်းခဲ့ပေမယ့် ဗိုလ်ချိုကား လက်ခံခြင်း မရှိခဲ့။
ဗိုလ်ချို တို့သားအဖကို ဖမ်းဆီး အဆုံးစီရင်နိုင်ပြီး မှ မြန်မာခေတ်ဦးတော်လှန်ရေးကို တစ်ခန်းရပ်နိုင်လိမ့်မယ်လို့ ရိပ်မိသွားတဲ့ အင်္ဂလိပ်တို့ဟာ ခရစ်နှစ် ၁၈၉၅မှာ ဗိုလ်ချိုရှိရာ ငသရောက်ဆယ်ရွာကို အလုံးအရင်းနဲ့ ဝန်းရံတိုက်ခိုက်ပါတော့တယ်။ ဒီအချိန်မှာ ဗိုလ်ချိုတို့သားအဖဟာ သည်ဧရာဝတီမြစ်ကိုဖြတ်ကူးပြီး ယော ၊ ဆောနယ်ရှိတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းတော်လှန်တိုက်ခိုက်ရန်ပုဂံသီရိပစ္စယာ ဂူပြောက်ဘုရားဝန်းအတွင်းမှာ ရောက်ရှိနေခဲ့ပါတယ်။ ဗိုလ်ချိုကို မမိတဲ့ အင်္ဂလိပ်တို့ဟာ ဗိုလ်ချိုနဲ့ နီးစပ်သူ ဆွေမျိုးတွေကိုပါ ဒုက္ခပေးလာတဲ့အတွက် ဆွေမျိုးတွေဟာ ပုဂံတစ်ဝိုက်မှာ မနေထိုင်ရဲတော့ပဲ ရှောင်တိမ်းကြရပါတယ်။
နောက်ဆုံး ၃၀-၆-၁၈၉၅ နေ့တွင်တော့ သစ္စာဖောက်တစ်ဦးရဲ့ သတင်းပေးမှုကြောင့် ဗိုလ်ချိုတို့ အဖွဲ့စခန်းချရာနေရာကို အင်္ဂလိပ်တို့သိရှိသွားပြီး အလုံးအရင်းနဲ့ ဝင်ဖမ်းခြင်းကို ခံလိုက်ရပါတယ်။ နယ်ချဲ့များက ဘုရားကိုဝိုင်းထားစဉ် သားနှစ်ယောက်က ရန်သူအား ပြန်လည်ခုခံသောအခါ-
“ငါ့သားများ ငါတို့အချိန်ကုန်ပြီ အဖမ်းခံလိုက်ကြတော့” ဟု အကျိုးမရှိသော ခုခံခြင်းမျိုးမပြုလုပ်ရ ဆို့နင့်သောအသံဖြင့် ဗိုလ်ချိုက တားမြစ်ခဲ့ပါတယ်။
နယ်ချဲ့တို့က ဗိုလ်ချိုသားအဖ ၃ ဦးအား ငါးသရောက် မြနန္ဒာကန်တော်ကြီးကုန်းတွင် ကြိုးစင်ဆောက်ကာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ ဗိုလ်ချိုကြိုးစင်တက်မယ်လုပ်စဉ် ရဲဘော်တစ်ဦးက ငိုရာ ခြေကျင်းခတ်ထားလျက်ပင် ထိုရဲဘော်ကိုခြေဖြင့်ခတ်ရင်း “နင်တို့ ယောကျာ်းမဟုတ်လော” ဟု ရဲဝင့်စွာဆိုလျှက် ကြိုးစင်ထက်ကို ရင်ကော့၍ တက်သွား၏။ ကြိုးမပေးမီတွင် နောက်ဆုံးအနေဖြင့် တူဖြစ်သူ ဦးဉာဏ်လှိုင်ကို ခေါ်၍
“သူ့ကျွန်ဘဝထက် သေရတာက မြတ်ပါသေးတယ်။ ကျန်ရှိသော ရွှေတိုရွှေစများကို ထုခွဲ၍ ဤနေရာမှာ ဘုရားတည်ပြီး ရှေးမင်းများတူးခဲ့သော ကန်ကိုဆည်ပါ” ဟုမှာကြားခဲ့ပါတယ်။
ဗိုလ်ချို၏နောက်ဆုံးမှာကြားချက်အရဗိုလ်ချိုနှင့်သားအဖ(၃)ဦးအားရည်စူးပြီး ကြိုးစင်အနီးတွင် မြနန္ဒာကျောက်ထီးဘုရားကြီးကို တည်ထားပေးခဲ့ကြပါတယ်။
ref:
နှစ်နှစ်ကာကာ မြန်မာ့ဗဟုသုတ ၁၀၀ – နန္ဒာမိုးကြယ်
ပုဂံဗိုလ်ချို – တက္ကသိုလ်စိန်တင်
Discussion about this post