Box Jelllyfish
ဂျယ်လီငါး အမျိုးအစားတစ်မျိုးဖြစ်ပြီး သြစတြေးလျှတဝိုက် ပင်လယ်ရေနက်ပိုင်းတွင်နေလေ့ရှိသည်။ အရွယ်အစားသေးငယ်ပြီး သားကောင်များကိုလက်တံများနှင့် ဖမ်းဆီးတတ်သည်။ အဆိပ်အလွန်ပြင်းထန်ပြီး ၈၀ကီလိုရှိသော လူတစ်ယောက်ကို ၃မိနစ်အတွင်း သေစေနိုင်သည်။ သူ့ရဲ့အဆိပ်သည် လူသားတွေရဲ့ နှလုံး၊ အာရုံကြောနဲ အသားအရေဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်သည်။ ကံကောင်း၍ မသေသောသူများမှာ အလွန်ပြင်းထန်တဲ့ နာကျင်မှုကို တစ်ပတ်လောက် အထိခံစားရမည်ဖြစ်သည်။
ဒီဂျယ်လီငါး အမျိုးအစားများတွင် လက်တံရှည် (၆၀) ပါရှိပြီး တစ်ချောင်းချင်းစီဟာ (၁၅) ပေ လောက်ရှည်လျားသည်။ သူ့ရဲလက်တံံရှည်တွေမှာ cnidocyst လို့ခေါ်တဲ့ စုပ်ယူငယ်လေးတွေနဲ့ ဖုံးလွှမ်းနေပြီး အဲဒီ စုပ်ခွက်တစ်ခုချင်းစီတွင် အဆိပ်ရည်တွေရယ်နဲ့ ဖြည့်တင်းထားသော သေးငယ်တဲ့စူးချွန်လေး တစ်ချောင်းပါရှိသည်။
Taipan
အဆိပ်ရှိသောမြွေအမျိုးအစားများတွင် အကြီးဆုံးဖြစ်ပြီး အလွန်လျှင်မြန်သည့်မြွေမျိုးဖြစ်သည်။ အရှည်အားဖြင့် ၅ပေ ၉ လက်မ မှ ၈ ပေ ၂ လက်မလောက်ထိ ရှည်နိုင်တဲ့ မြွှေမျိုးဖြစ်သည်။ Inland taipan လို့ခေါ်ပြီး Fierce Snake လို့လည်း ခေါ်ကြသေးသည်။ နွေရာသီမှာ ညိုဝါဝါ အရောင် ပြောင်းပြီး ဆောင်းရာသီမှာ အနက်ရောင်၊ ညိုရင့်ရောင် တို့ကို ပြောင်းလဲသွားတတ်သည်။သူ၏အဆိပ်အား အပြင်းထန်ဆုံးဟုသတ်မှတ်ကြသည်။ သြစတြေးလျှမြောက်ပိုင်းကွင်းစလန်ပြည်နယ်နှင့် သြစတြေးလျှအနောက်ဘက်ပိုင်းများတွင် တွေ့ရတတ်သည်။
The saltwater crocodile
ရေငန်ပိုင်းတွင်နေထိုင်သော မိကျောင်းအမျိုးအစားဖြစ်ပြီး မိကျောင်းမျိုးစိတ်တွင်အကြီးမားဆုံးဖြစ်သည်။ အရွယ်အစားမှာ အနည်းဆုံး ၁၀ပေ ဝန်းကျင်ခန့်ရှိတတ်ပြီး အလွန်ကြီးမားသောကောင်များသည် ပေ၂၀နီးပါးရှိတတ်သည်။ အကောင်ကြီးသလောက် အလွန်လျှင်မြန်သည်။ အကြောက်အရွံ့ နည်းနည်းလေးမှ မရှိ၊ စိတ်အလွန်ဆတ်၊ ရန်စ လို့ သိပ်လွယ်ပြီး တစ်ချိန်လုံး ရန်လိုနေတတ်သော မိကျောင်းမျိုးဖြစ်သည်။ လူနှင့် အခြားတိရစ္ဆာန်များအတွက်အလွန်အန္တရာယ်ရှိပြီး သားကောင်ကို နာရီပေါင်းများစွာကြာအောင် ငြိမ်သက်စောင့်နေတတ်သည့် မိကျောင်းများလည်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အလွန်အန္တရာယ်အပေးနိုင်ဆုံး မျိုးနွယ်တွေထဲမှာ အကြီးဆုံးတိရစ္ဆာန်အဖြစ်သတ်မှတ်ထားသည်။
The Blue Ring Octopus
ပုံစံကိုကြည့်လျှင်တော့ လှပသည့် ရေဘဝဲငယ်အမျိုးအစားဖြစ်ပြီး လှသလောက် အလွန်အဆိပ်ပြင်းထန်သည်။ သြစတြေးလျှရေပြင်၏ နွေးသောအပိုင်းတွင် နေထိုင်လေ့ရှိသည်။ အပြာရောင်လက်စွပ်ကွင်းပုံစံနဲ့တူသဖြင့် Blue Ring Octopus ဟု ခေါ်ကြခြင်းဖြစ်သည်။ တင်းနစ်ဘောလုံးအရွယ်အစားသာရှိသော်လည်း သူ၏အဆိပ်မိလျှင် အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းနည်းပါးလွန်းသည်။ လူ ၂၆ဦးကို မိနစ်ပိုင်းအတွင်းသေစေနိုင်သည့် အဆိပ်ပမာဏကို သယ်ဆောင်ထားသူဖြစ်သည်။ သူ့လက်တံနှင့် ထိမိလျှင် အဆိပ်သည် အာရုံကြောများမှ တစ်ဆင့် ပြန့်ဝင်ပြီး ကြွက်သားများလေးလံထုံထိုင်းလာကာ အသက်ရှုရပ် သေဆုံးလေ့ရှိသည် ဟု သိရသည်။
Stone Fish
အဆိပ်အပြင်းထန်ဆုံး ငါးအမျိုးအစားများတွင် တစ်မျိုးအပါဝင်ဖြစ်သည်။ သြစတြေးလျှတောင်ပိုင်း အပူပိုင်းဒေသတွင် တွေ့ရတတ်သည်။ ကျောက်တုံးနှင့်တူသဖြင့် ကျောက်တုံးများနှင့်ရောနေလျှင် မြင်ရန်အလွန်ခက်ပြီး ကိုယ်ပျောက်သလိုဖြစ်နေတတ်သည်။ ရေတိမ်ပိုင်း ၊ သန္တာကျောက်တွေကြား ၊ ရွံ့တောတွေထဲ နှင့်ပင်လယ်ကမ်းစပ်ကျောက်ဆောင်များအကြားတွင် နေထိုင်လေ့ရှိသည်။ အဆိပ်ပြင်းသော ဆူးတောင်များပါရှိပြီး ဆူးတောင်နှင့် ထိုးမိလျှင် အသက်အန္တရာယ်ရှိပြီး ချက်ချင်းဆေးကုသခြင်း မပြုလုပ်မိပါက သေဆုံးတတ်သည်။
The Red Back Spider
သြစတြေးလျှတွင် လူသတ်ပင့်ကူအဖြစ် နာမည်ကြီးပြီး နေရာမရွေးတွေ့ရတတ်သည်။ တစ်ကိုယ်လုံးအနက်ရောင်ဖြစ်ပြီး ခန္ဓာကိုယ်အနောက်ပိုင်းတွင် အနီရောင်အကျားလေးပါရှိသည်။ အိမ် ၊ ပန်းခြံ ၊ သစ်တော အစရှိသည့်နေရာတိုင်းတွေ့ရတတ်ပြီး နှစ်စဉ် လူပေါင်း ထောင်နှင့်ချီ၍ အကိုက်ခံရလေ့ရှိသည်။ Redback Spider အကိုက် ခံရလျှင် နာကျင်ခြင်း၊ နှလုံးခုန်မြန်စေခြင်း၊ ကြွက်တက်ခြင်း၊ ပျို့အန်ခြင်းနဲ့ ဖြေဆေးပေးကုသခြင်းမပြုလုပ်ပါက သေစေနိုင်သည်အထိ အဆိပ်ပြင်းထန်သည်။
Brown Snake
အဆိပ်ပြင်းမြွေတစ်မျိုးဖြစ်ပြီး ၂မီတာခန့်ရှည်တတ်သည်။ လှုပ်ရှားမှုအလွန်မြန်ဆန်ပြီး၊ အဆိပ်မရှိတဲ့ မြွေမျိုးနဲ့ မှားယွင်းတတ်လေ့ရှိသည်။ လူနဲ့ တိရစ္ဆာန်တွေကို ရန်လိုတိုက်ခိုက်တတ်ပြီး အလွန်စိတ်ဆိုးလွယ်တဲ့ မြွေမျိုးဖြစ်သည်။ အဆိပ်ပြင်းထန်ပြီး ချက်ချင်းမကုသနိုင်လျှင် နာရီအနည်းငယ်အတွင်း သေဆုံးတတ်သည်။
Tiger Snake
ရှားပါးမြွေတစ်မျိုးဖြစ်ပြီး တိုက်၏တောင်ပိုင်းတွင် အဆိပ်အပြင်းထန်ဆုံးမြွေမျိုးဖြစ်သည်။ ရှားပါးသလောက် အလွန်အန္တရာယ်ရှိတတ်ပြီး အရှည် ၆ပေခန့်ရှိတတ်သည်။ Tiger Snake ဆိုသည့် အတိုင်း ခေါင်းပြားပြားနဲ့ အဝါအနက် အစင်းတွေကို ပိုင်ဆိုင်ထားသည်။ ပုံမှန်အားဖြင့် ရန်မလိုပဲ အေးအေးဆေးဆေးနေတတ်တဲ့ မြွေမျိုးဖြစ်ပြီး တကယ်တိုက်ခိုက်လာလျှင်တော့ အပြင်းအထန်တိုက်ခိုက်လေ့ရှိသည်။ အလွန်အဆိပ်ပြင်းထန်ပြီး မိနစ်(၃၀)အတွင်း လူကို သေစေနိုင်သည်အစွမ်းရှိသည်။
Great White Shark
သူ့ကို great white, white pointer, white shark, white death စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ကမ္ဘာပေါ်ရှိ ပင်လယ်သမုဒ္ဒရာအားလုံးတွင်တွေ့ရလေ့ရှိပြီး အရွယ်အစားအလွန်ကြီးမားသည်။ အလွန်လျှင်မြန်သောငါးမန်းအမျိုးအစားဖြစ်ပြီး တစ်နာရီကို ၂၄ကီလိုမီတာခန့်ကူးခတ်နိုင်သည်။ ပျမ်းမျှအားဖြင့် ၁၅ပေခန့်ရှိတတ်ပြီး သက်တမ်းမှာ နှစ်၇၀ ဖြစ်သည်။ ကမ်းခြေများတွင် တခါတရံပေါ်လာတတ်ကာ လူများအား ဒုက္ခပေးတတ်သည်။
SYDNEY Funnel Web Spider
ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံးပင့်ကူဖြစ်သည်။ မီးခိုးခေါင်းတိုင်ကဲ့သို့ အရောင်ရှိပြီး အဆိပ်ရှိသည့်ပင့်ကူအမျိုးအစားဖြစ်သည်။ ထိုပင့်ကူ၏ အစွယ်သည် အဆိပ်ရှိပြီး ၆မီလီမီတာခန့် ရှည်ကာ အပ်လိုပင် အခေါင်းပေါက်လေးရှိသဖြင့် လူ၏အသားအရေကို အလွယ်တကူထိုးဖောက်နိုင်ကိုက်ခဲနိုင်ခြင်းဖြစ်သည်။ ထိုပင့်ကူကြောင့် သြစတြေးလျှတွင် ၁၉၂၇ခုနှစ် မှ ၁၉၈၁ခုနှစ် – အထိ လူ ၁၃ ယောက်သေခဲ့ပါသည် ။ ၁၉၈၁နောက်ပိုင်းတွင် အဆိပ်ဖြေဆေးပေါ်လာပြီးနောက် အသက်ဆုံးရှုံးမှုများ မရှိတော့ပါ။ သို့သော် အလွယ်တကူ အန္တရာယ်အပေးနိုင်ဆုံး တိရစ္ဆာန်အဖြစ်သတ်မှတ်ထားဆဲဖြစ်သည်။ သြစတြေးလျှအရှေ့ဘက်ပိုင်း နယူးဆောက်ဝေးပြည်နယ် ၊ ဗစ်တိုးရီးယား နှင့် ကွင်းစလန်ပြည်နယ်များတွင် တွေ့ရတတ်သည်။
Discussion about this post