သေးငယ်လွန်းတဲ့ အရုပ်အိမ်ရဲတိုက်တစ်ခုရဲ့တန်ကြေးက အမေရိကန်ဒေါ်လာ (၈.၅) သန်းဆိုရင် ကြားရသူတိုင်းအတွက်အံ့သြသင့်စရာဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့တော်အတွင်းက နောက်ဆုံးပေါ် ပရိဘောဂ အပြည့်အစုံတပ်ဆင်ထားတဲ့ ကွန်ဒိုတိုက်ခန်းတစ်ခုထက်သာမက ကမ္ဘာတစ်ဝှမ်းက တန်ဖိုးမြင့်စံအိမ်အများစုတွေတောင် ဒီလောက်များတဲ့တန်ကြေးမရှိကြပါဘူး။
ပုံမှာမြင်တွေ့ရတဲ့ Astolat Dollhouse Castle ဟာ အမြင့်ပေ(၉)ပေသာရှိပေမယ့် အခန်းငယ် ပေါင်း(၂၉)ခန်းနဲ့ဖွဲ့စည်းထားပြီး အလေးချိန်ပေါင်(၈၀၀)အထိရှိပါတယ်။ အဲဒီရဲတိုက်ငယ်လေးကို တန်ဖိုးကြီးပရိဘောဂပစ္စည်းတွေ၊မီးလင်းဖိုအငယ်စားလေးတွေ၊ မှန်ရောင်စုံ ခြယ်သထားတဲ့ မှန်ပုံစံကွက်တွေ၊ ဆီဆေးပန်းချီတွေ၊မှန်တွေ၊ရွှေအပါအဝင်ကျောက် မျက်ရတနာတွေ၊ တန်ဖိုးကြီးကောဇောနဲ့ အနည်းဆုံးနှစ်(၁၀၀)ကျော်သက်တမ်းရှိပြီဖြစ် တဲ့ရှားပါးစာအုပ်တွေကိုထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။
တည်ဆောက်ခဲ့ တဲ့ပညာရှင်တွေကလည်း ကမ္ဘာနေရာအသီးသီးက လက်မှုပညာသည်တွေဖြစ်ပြီး အဆောက်အအုံရဲ့နေရာအလိုက် လိုအပ်တဲ့ပစ္စည်းတွေကို အသေးစိတ်ကျနစွာ ထည့်သွင်းထားပုံဟာ ကမ္ဘာ့ထိပ်တန်းလက်ရာတစ်ခုဆိုတာ ယုံမှားစရာ မရှိပါဘူး။
ဒီ Astolat Dollhouse Castle ကိုမူရင်းဖန်တီးသူကတော့ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်က အသေးစားပုံစံထုတ်လက်မှုပညာသည် Elaine Diehi ဖြစ်ပါ တယ်။ သူမဟာ အင်္ဂလိပ်စာပေသမိုင်းမှာထင်ရှားခဲ့တဲ့ Alfred Tennyson ရဲ့ ကဗျာလကာၤတစ်ပုဒ်မှာပါဝင်တဲ့ ရဲတိုက်အဆောက်အအုံပုံစံကို စိတ်ကူးမိရာကနေ ဒီရဲတိုက်ငယ် လေးကိုတည်ဆောက်ဖို့အကြံဖြစ်လာခဲ့ပါတယ်။
သူမ ဟာ ဒီရဲတိုက်ငယ်ကို ဖန်တီးတည်ဆောက်ဖို့ (၁၉၇၄) ကနေ (၁၉၈၇)ခုနှစ်အထိ (၁၃)နှစ်ကြာအောင် အချိန်ယူခဲ့ရပြီး ကမ္ဘာအရပ်ရပ်က ထိပ်သီးလက်မှုပညာရှင်တွေရဲ့ အကူအညီကိုလည်းရယူခဲ့ရပါတယ်။ စတင်တည် ဆောက်ချိန်တုန်းကတော့ Astolat Dollhouse Castle မှာ အသေးစားပရိဘောဂ အစိတ်အပိုင်း ပေါင်းဟာ(၁၀၀၀၀)ခန့်သာရှိခဲ့ပါတယ်။
Astolat Dollhouse Castleဟာ အထပ်ပေါင်း(၇)ထပ်ခန့်ရှိပြီး လှေကားတွေ၊စြင်္ကန် လမ်းတွေဟာအထပ်တိုင်းမှာပါဝင်နေပြီး ပတ်ပတ်လည်အနေအထားကနေမြင်နိုင် အောင်တည်ဆောက်ထားပါတယ်။ အဆောက်အအုံရဲ့အပြင်ဘက် နံရံတွေကို 3D ရုပ်လုံးကြွအောင်ဖန်တီးထားတာကိုတွေ့ရမှာပါ။ Astolat Dollhouse Castle ရဲ့ မြေညီ ထပ်လို့ပြောရမဲ့ ပထမအထပ်မှာ ဆာဘွဲ့ရသူရဲကောင်း Columbus ရဲ့အခန်းပုံစံတည်ရှိ တဲ့အပြင် ဝိုင်အရက်ထားရှိရာမြေအောက်ခန်း၊မီးဖိုချောင်နဲ့ လက်နက်ခန်းတွေပါဝင်ပါ တယ်။
ယင်းအထပ်မှာခမ်းနားကြီးကျယ်တဲ့ အဆောက်အအုံအဝင်ခန်းမကို မြင်တွေ့နိုင် ပြီး အဓိကလှေကားမကြီးအပါအဝင် ဘဏ္ဍာထိန်းရဲ့စတိုခန်းတွေလည်း ဆက်စပ်ပါရှိပါ တယ်။ ဒုတိယနဲ့တတိယမြောက်အထပ်တွေမှာတော့ နားနေခန်း၊ထမင်းစားခန်း၊ တေးဂီတနားဆင်တဲ့အခန်း၊လသာဆောင်စတာတွေကို အသေးစိတ်ပစ္စည်း အစုံအလင် နဲ့တွေ့ရမှာပါ။ စတုတ္ထမြောက်အထပ်မှာတော့ ကိုယ်ပိုင်စာကြည့်ခန်း၊ ပစ္စတိုသေနတ်ပစ် လေ့ကျင့်ရုံ၊မီးလင်းဖို၊ ရှေးဟောင်းပစ္စည်းနဲ့စာပေထိန်းသိမ်းရာစတိုခန်း၊ ဆီဆေးပန်းချီ ပြခန်းတွေကို ဖန်တီးထားတာကိုတွေ့မြင်နိုင်ပါတယ်။
ပဉ္စမမြောက်အထပ်မှာတော့ အိပ်ခန်းဆောင်(၄)ခန်းတွဲတည်ရှိပြီး ဆဌမမြောက်အထပ်မှာတော့ ကပွဲခန်းမ၊ဘားကောင်တာ ၊ နံရံ တွင်းလိုဏ်ကဲ့သို့ အခန်းငယ်လေးတွေ၊ နားနေခန်း တွေကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ သတ္တမမြောက်အထပ်မှာတော့ အမြောက်ပစ်စင်၊ ပန်းချီဆေးဆွဲထားတဲ့ ဆယ်နှစ်ရာသီခွင်သင်္ကေတစက်ဝိုင်း၊ Telescope တွေတပ်ဆင်ထားတဲ့ နက္ခတ်တာယာကြည့်အခန်းဆောင်တွေပါဝင်တာကို တွေ့ရပါတယ်။
အထပ်(၇)ထပ်စလုံးမှာပါရှိတဲ့ အခန်းတွေအားလုံးရဲ့ လိုအပ်တဲ့ ပရိဘော ဂအပါအဝင် အသုံးအဆောင်ပစ္စည်းတွေဟာ အပြင်မှာရှိတဲ့အရာတွေနဲ့ ချွတ်စွပ်နီးပါး တူအောင် အသေးစိတ်ဖန်တီးထားတာကိုတွေ့ရပြီး အခန်းတွင်းကျရောက်တဲ့ အလင်း၊ အမှောင်အနေအထားကိုပါ အသေးစိတ်ခြယ်သထားတာကို တွေ့ရမှာပါ။
Astolat Dollhouse Castle ကိုတည်ဆောက်ပြီးစီးခဲ့တဲ့ (၁၉၈၇) ခုနှစ်ကနေ (၁၉၉၆) ကာလအထိတော့ အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်အတွင်းက စီဒိုးနား မြို့မှာတည်ရှိတဲ့ မူရင်းဖန်တီးသူ Elaine Diehiရဲ့ကိုယ်ပိုင် လက်မှုပညာပြတိုက်မှာ ပြသ ခဲ့ပါတယ်။ သူမအနားယူချိန်၊ (၁၉၉၆)ခုနှစ်လောက်မှာတော့ ဒီရဲတိုက်ငယ်လေးကို ရှေးဟောင်းပစ္စည်းစုဆောင်းသူအမျိုးသမီးတစ်ဦးဖြစ်တဲ့ L. Freeman ကလက်လွှဲယူခဲ့ပြီး နယူးယောက်မြို့ကနေ အရှေဘက်မိုင်(၂၀)မှာတည်ရှိတဲ့ NCMA လို့ သိကြတဲ့ Nassau County အနုပညာပြတိုက်ကိုပြောင်းရွေ့ခဲ့ပါတယ်။
L. Freeman လက်ထက်မှာလည်း ရဲတိုက်အဆောက်အအုံငယ်ရဲ့ အတွင်းပိုင်းဆိုင်ရာ အဆင်မြှင့်တင်မှုများစွာကို အမေရိကန်ဒေါ်လာများစွာ အကုန်အကျခံပြီး မြှင်တင်ခဲ့ပြန် ပါတယ်။ ဒါကြောင့်ယနေ့အချိန်မှာတော့ ဒီရဲတိုက်ငယ်လေးရဲ့ သေးစားပရိဘောဂ အစိတ်အပိုင်းပေါင်းဟာ (၃၀၀၀၀)အထိရှိနေပြီဖြစ်ပြီး အသေးစိတ်ပြန်လည်စစ်ဆေး မှုတွေကိုတော့ တစ်ကြိမ်လျှင် ရဲတိုက်ရဲ့အစိတ်အပိုင်း(၁၀၀၀၀)လောက်ကိုသာ အလှည့်ကျပြန်လည်စစ်ဆေးမှုတွေပြုလုပ်လေ့ရှိပါတယ်။
Astolat Dollhouse Castle ဟာတန်ဖိုးမြင့်အနုပညာလက်ရာတစ်ခုဖြစ်ပေမဲ့ သက်ဆိုင်ရာပြတိုက်မှာ အချိန်တိုင်းပြသထားခွင့်တော့ အမေရိကန်အစိုးရက ခွင့်ပြုပေးထားခြင်း မရှိပါဘူး။ တန်ဖိုးကြီးပစ္စည်းတွေနဲ့တည်ဆောက်ထားသလို အနုစိတ်ခြယ်သထားတဲ့ လက်ရာတွေဟာ အနည်းငယ်တိမ်းစောင်းမှုတောင် ဖြစ်ခွင့်မရှိတာကြောင့် ရံဖန်ရံခါမှ သာ လူမြင်ကွင်းထဲကို ထုတ်ဖော်ပြသလေ့ရှိပါတယ်။ ယခုမြင်တွေ့နေရတဲ့ ပုံတွေဟာ နယူးယောက်မြို့ရဲ့နှစ်သစ်ကူးပွဲတော်ကာလအတွင်းက ရိုက်ကူးခဲ့တဲ့ပုံတွေဖြစ်ပါတယ်။
VIDEO
Discussion about this post