ရေးသားသူ – TMK (သမန်းကျား)
ရတနာပုံနေ့စဉ်။
လူဦးရေဟာ ပေါက်ကွဲသလိုတိုးလာနေတဲ့ဒီကမ္ဘာကြီးပေါ်မှာ ကုန်းမြေသုံးစွဲမှုဆိုတာ လေးလေးနက်နက် ကိုင်တွယ်ရမယ့်ကိစ္စတစ်ခုဖြစ်နေပြီး နျူကလီးယားစွမ်းအင်ရဲ့အနာဂါတ်၊ ချမ်းသာတဲ့လူတန်းစားနဲ့ ဆင်းရဲသားလူတန်းစားတို့အကြား ကွာဟမှုတွေနဲ့အလုပ်ရှုပ်နေတဲ့ဒီကမ္ဘာကြီးဟာ နောင်အနှစ် ၃၀ ကျော်မှာကော ဘယ်လိုပြဿနာမျိုးတွေကို ရင်ဆိုင်ရနိုင်သလဲ ဆိုတာကို BBC Future Now က စူးစမ်း လေ့လာ ဖော်ပြထားတာကို တွေ့ရပါတယ်။
၁။ လူသားတွေကို ဗီဇဓါတုပစ္စည်းပြောင်းပစ်တဲ့ပြဿနာနဲ့ ရင်ဆိုင်ရပါမယ်။
အရင်နှစ်ကထွက်ပေါ်ခဲ့တဲ့ Crispr လို့ခေါ်တဲ့နည်းပညာနဲ့လူတွေရဲ့ DNA ကို ပြုပြင်ပြောင်းလဲပြီး ကင်ဆာဆဲလ်တွေကို လမ်းကြောင်းပြောင်းပေးနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ Crispr နည်းပညာကိုပဲအသုံးပြုပြီး ကိုယ်လိုချင်တဲ့ ကလေးပုံစံကို စိတ်ကြိုက်ပြုပြင်နိုင်တာမို့၂၀၅၀ မှာဆိုရင် ဘယ်လိုကလေးမျိုးလိုချင်တာလဲ၊ မျက်လုံး အရောင်၊ ဆံပင်အရောင်၊ အသားအရေအရောင် တွေကအစ ရွေးချယ်လို့ရသွားနိုင်ပါတယ်။
၂။ လူသားသမိုင်းတလျှောက် တစ်ခါဖူးမှမကြုံဖူးတဲ့နှုန်းနဲ့ သက်ကြီးရွယ်အိုဦးရေ များလာပါလိမ့်မယ်။
လူဆိုတာ အိုမင်းမစွမ်းဖြစ်လာရင် ပြုစုစောင့်ရှောက်မယ့် သား၊သမီးတွေ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီ ကမ္ဘာကြီးက ကလေးယူတာ တဖြည်းဖြည်းနည်းလာနေပါတယ်။ ဒီတော့ နောက်ဆိုရင် အသက်ကြီးလာ တဲ့အခါ ပြုစုစောင့်ရှောက်မယ့် လူငယ်တွေ အလုံအလောက်ရှိတော့မှာမဟုတ်ပါဘူး။ ဒီပြဿနာက နှစ် လမ်း သွားနိုင်ပါတယ်။ လူငယ်အလုံအလောက်မရှိရင် မျိုးဆက်သစ်တွေလည်း အလုံအလောက် မွေးဖွား တော့မှာ မဟုတ်ပါဘူး။ တစ်ခါ ဆေးဝါးနည်းပညာကလည်း တိုးတက်လာလေတော့ လူတွေက အရင် လို ငယ်ငယ်နဲ့၊မြန်မြန် သေကြတော့မှာမဟုတ်ဘဲ ရောဂါတွေရှိသော်ငြား အသက်ဆက်ရှင်တဲ့နှစ်တွေ ပိုလာပါလိမ့်မယ်။
ဒီနေ့ ကမ္ဘာပေါ်မှာ အသက် ၁၀၀ ကျော်သူဦးရေ ၅၀၀,၀၀၀ ခန့်ပဲရှိပေမယ့် ၂၁၀၀ မှာဆိုရင် ၂၆ သန်း ထက်မနည်း ရှိလာနိုင်ပါတယ်။ UK, ဂျပန်၊ တရုတ် အစရှိတဲ့နိုင်ငံတွေမှာ အသက် ၆၅ နှစ်ကျော်အရွယ်တွေက အများဆုံးဖြစ်နေပါလိမ့်မယ်။ သူတို့ကိုစောင့်ရှောက်မယ့်လူငယ်တွေမရှိရင် အစိုးရက တာဝန်ယူရပါလိမ့်မယ်။
၃။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် မြို့တွေပျောက်ဆုံးကုန်ပါလိမ့်မယ်။
ရာသီဥတုပြောင်းလဲ မှုကြောင့် အခုဆိုရင် မိုးလေးခဏရွာလိုက်တာနဲ့ လမ်းတွေရေလျှံတာတွေဖြစ်နေပါတယ်။ ပြောင်းလဲလာ တဲ့ မိုးလေဝါသဖြစ်စဉ်ကြောင့် အဆောက်အဦပုံစံတွေကိုလည်း လိုက်ပြင်နေရပါတယ်။ ပင်လယ်ရေတား နံရံတွေတည်ဆောက်ရသလို မြေညီထပ်ရဲ့ဖောင်ဒေးရှင်းကိုလည်း အရင်ကထည် ပိုမြင့်အောင် တည်ဆောက်လာနေကြပါတယ်။ ပင်လယ်ရေမျက်နှာပြင် ဆက်လက်မြင့်တက်လာနေမယ်ဆိုရင် မြို့ကြီး တစ်မြို့လုံး၊ ကျွန်းကြီးတစ်ကျွန်းလုံး အစရှိသည်ဖြင့် ရေအောက်ကို မြုပ်ပြီး ပျောက်ကွယ်သွားနိုင်မယ့် အန္တရာယ် ရှိနေပါတယ်။
၄။ လူမှုကွန်ရက်တွေကြောင့် လူတွေမှာ တစ်ဦးချင်းလွတ်လပ်ခွင့်နဲ့ အချက်အလက်လုံခြုံမှု ရှိတော့မှာ မဟုတ်ပါဘူး။
အခုတောင် နေ့စဉ်သတင်း၊ ကမ္ဘာ့သတင်းတွေကို လူမှုကွန်ရက်တွေမှာ အများဆုံး ဖတ် နေကြကုန်ပါပြီ။ ဒါ့အတွက်ကြောင့် သတင်းတိုက်တွေကလည်း လူမှုကွန်ရက်တွေထဲအထိဆင်းပြီး သတင်းတွေကိုဖြန့်ကျက်နေရပါတယ်။ တစ်ဖက်မှာ လူမှုကွန်ရက်အမျိုးမျိုးကနေ သတင်းလိုလို၊ အတင်းလိုလိုတွေ ဖြန့်နေကြပုံများ ၂၀၅၀ လောက်မှာဆိုရင် ဒါကိုယ်ရေးကိုယ်တာကိစ္စပါ ဆိုတဲ့အသုံး အနှုန်းတော် မကျန်ရှိတော့လောက်အောင် ဖြစ်လာပါလိမ့်မယ်။
တစ်ဆက်ထဲလို ဆိုက်ဘာပြစ်မှုကျူးလွန် မှု မျိုးစုံ ဖြစ်ပေါ်လာပါမယ်။ မိန်းကလေးတွေကို လိင်မှုကိစ္စစော်ကားတာနေ အကြမ်းဖက်သမားတွေ လူစုတာတွေ၊ အဲဒီကနေ ကွန်ပျူတာတွေကိုတိုက်ခိုက်တာတွေနဲ့ ၂၀၅၀ မှာ ဆိုက်ဘာပြစ်မှုဟာ အများဆုံး ဖြစ်ပွားတဲ့အဆင့်ကို ရောက်နေပါလိမ့်မယ်။
၅။ ပထဝီနိုင်ငံရေးတင်းမာမှုအသစ်တွေ ဖြစ်ပါလိမ့်မယ်။
အရင်နှစ်ကတည်းက ကမ္ဘာ့ပထဝီနိုင်ငံရေးရဲ့ ဟန်ချက်က ထိလွယ်ရှလွယ် ဖြစ်လာခဲ့ပါတယ်။ ဒီပုံစံအတိုင်းဆိုရင် လာမယ့်ဆယ်စုနှစ် နှစ်စုအတွင်း ကမ္ဘာကြီးရဲ့တည်ငြိမ်အေးချမ်းမှုဟာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတော့မယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု၊ ထောင်ပေါင်းများစွာသောဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ ရွေးကောက်ပွဲတွေမှာ ဟက်ကာတွေဝင်ရှုပ်မှု၊ ကမ္ဘာတစ်ဝန်း အမျိုးသားရေးဝါဒီတွေ များလာမှုတွေနဲ့ အတူ ကမ္ဘာ့ပထဝီနိုင်ငံရေးဟာ မြေမြုပ်မိုင်းကွင်းလိုဖြစ်နေပြီး ခြေလှမ်းတစ်ချက်မှားတာနဲ့ ထပေါက်ကွဲ မယ့် အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
၆။ ယာဉ်အန္တရာယ်တွေ တိုးလာပါမယ်။
ကျည်ဆံရထားတွေ၊ မြေအောက်ရထားတွေ ဘယ်လောက်တိုးပြီး ပြေးဆွဲနေပါစေဦးတော့၊ ကားအစီးရေကတော့ ပိုများလာမှာပါပဲ။ မောင်းသူမဲ့ယာဉ်တွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြမှာဖြစ်ပြီး လမ်းအန္တရာယ်၊ လေထုညစ်ညမ်းမှုတွေ တိုးလာမှာနဲ့အတူ မောင်းသူပါတဲ့ ကားတွေရော၊ မောင်းသူမပါတဲ့ကားတွေရော၊ တိုက်မိခိုက်မိကြမှာပဲမို့ ယာဉ်လမ်းအန္တရာယ်ကင်းရှင်း ရေး ဟာ ခေါင်းခဲစရာအတိပြီးမယ့် ကိစ္စ ဖြစ်နေမှာပါ။
ဒါ့အပြင် သဘာဝသယံဇာတတွေ လျော့ပါးကုန်တာ၊ အင်္ဂါဂြိုလ်လို အခြားကမ္ဘာကို လူသားတွေ စေလွှတ်တာ၊ လူသားတွေရဲ့ဦးနှောက်ကို အခုထက်အဆမတန်ပိုပြီး စွမ်းဆောင်ရည်မြင့်မားလာအောင် ဆေးဝါးတွေနဲ့ပြုလုပ်တာတွေ ရှိလာမှာပါ။ ဒါကလည်း AI လို့ခေါ်တဲ့ အသိဉာဏ်အတုက လူတွေကို မလွှမ်းမိုးနိုင်အောင် ကာကွယ်ရတဲ့သဘော ဖြစ်မှာပါ။ အဲဒီလို ရှုပ်ထွေးမှုတွေနဲ့ပြည့်နှက်နေတဲ့ ၂၀၅၀ ဆီကို ကျွန်တော်တို့ လျှောက်လှမ်းသွားနေရတာဖြစ်ကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
TMK (သမန်းကျား)
Discussion about this post