Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

(၂၀)ရာစုရဲ့ အကောင်းဆုံးဘောလုံးသမား (သို့) ဒီရေဂို မာရာဒိုနာ

by Thutamm
November 25, 2020
Reading Time: 2min read
0
(၂၀)ရာစုရဲ့ အကောင်းဆုံးဘောလုံးသမား (သို့) ဒီရေဂို မာရာဒိုနာ
Share on FacebookShare on Twitter

မာရာဒိုနာ ဘောလုံးလောကကနေ အနားယူသွားခဲ့တာ နှစ်ပေါင်း ၂၀ ကျော် ကြာခဲ့ပါပြီ။ ဒါပေမယ့် မာရာဒိုနာလို့ ဆိုလိုက်တာနဲ့ သူ့ခေတ်သူ့အခါက ဘောလုံးချစ်သူတွေသာမက ယခုလက်ခေတ်ဘောလုံးပရိသတ်တွေပါ မသိသူမရှိလောက်အောင် ကျော်ကြားနေဆဲပါ။ အမည်းစက်တချို့ရှိပေမယ့် သူ့ရဲ့ဘောလုံးကျွမ်းကျင်မှု နဲ့ စွမ်းဆောင်မှုတွေကိုကြည့်ရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဆိုတာကို အားလုံးလက်ခံကြမှာပါ။

၂၀၀၀ ခုနှစ်တုန်းက ဖီဖာက ကျင်းပတဲ့ ၂၀ရာစု အကောင်းဆုံးဘောလုံးသမား ဆုကို ဘရာဇီးဘောလုံးအကျော်အမော် ပီလီနဲ့ပူးတွဲပြီး မာရာဒိုနာ ဟာရရှိခဲ့ပါတယ်။ တကယ်တော့ ပရိသတ်တွေရွေးချယ်ခဲ့တဲ့ အကောင်းဆုံးဘောလုံးသမားဟာ မာရာဒိုနာဖြစ်ပေမယ့် ဖီဖာတာဝန်ရှိသူတွေနဲ့ နည်းပြ ၊ ဂျာနယ်လစ်တွေက ပီလီကို ရွေးချယ်ခဲ့တဲ့အတွက် သူတို့နှစ်ဦး ပူးတွဲရရှိသွားခဲ့ခြင်းဖြစ်ပါတယ်။ ဒီတစ်ခါတော့ ဘုရားပေးတဲ့လက် လို့နာမည်ကြီးခဲ့တဲ့ အာဂျင်တီးနားဘောလုံးအကျော်အမော် မာရာဒိုနာရဲ့ အကြောင်းကို ဝေမျှသွားပါမယ်။

(၁၉၆၀)ခုနှစ် အောက်တိုဘာ(၃၀)ရက်နေ့မှာတော့ အာဂျင်တီးနားနိုင်ငံ Buenos Aires ပြည်နယ်၊ Lunus မြို့က Evita ဆေးရုံမှာ Diego Maradona Chitoro နဲ့ Dalma Salvadora Franco အမည်ရတဲ့ ဆင်းရဲသား ဇနီးမောင်နှံက သူတို့မိသားစုရဲ့သားဦးလေးကိုမွေးဖွားခဲ့ပါတယ်။ ကလေးဟာ မွေးကတည်းက အဟာရ ချို့တဲ့ လွန်းတာကြောင့် ပိန်လှီနေပြီး သူနာပြုတွေကတောင် ဒီကလေးသက်ဆိုးရှည်ပါ့မလားလို့ ထုတ် ပြော ရတဲ့ အထိ ဖြစ်ပါတယ်။

မိခင်ဖြစ်သူရဲ့နို့ချိုတိုက်ကျွေး ပြီးချိန်မှာတော့ ကလေးငယ်လေးဟာ ရုတ်ချည်း ပြည့်ဝတဲ့အဟာရ ကိုပိုင်ဆိုင်ခဲ့ပြီး သူရဲ့ငိုသံကြောင့် တာဝန်ကျ ဆရာဝန်တွေတောင်သတိထားမိခဲ့ပြီး လူကောင် သေးသလောက်သိပ်သန်မာတဲ့ ကလေးပဲလို့ချီးကျူးကြပါတယ်။ ဒီကလေးငယ်ကတော့ အခြားသူတော့မဟုတ် ပါဘူး။ ဖီဖာရဲ့(၂၀)ရာစုရဲ့အကောင်းဆုံးကစားသမားဖြစ်လာမဲ့ မာရာဒိုနာပဲဖြစ်ပါတယ်။

နာမည်ရင်းကတော့ ဒီယေဂိုအာမန်ဒိုမာရာဒိုနာဖြစ်ပြီး တစ်ခေတ်မှာတစ်ယောက် ပေါ်ထွန်းဖို့ခက်တဲ့အရပ်(၅ပေ၅လက်မ)သာရှိတဲ့ ဒီလူပုလေးဟာ အာဂျင်တီးနား အတွက်တော့ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ထက်ပိုတဲ့ အမျိုးသားသူရဲကောင်း တစ်ယောက်အဖြစ်သတ်မှတ်ခြင်းခံရသူဖြစ်ပါတယ်။ မာရာဒိုနာရဲ့ဘောလုံး ဆွဲပြေးပုံ၊ အမြန်နှုန်း၊ဘောလုံးကျွမ်းကျင်မှုနဲ့ ဘောလုံးအမြင်ဟာ သူ့ခေတ်သူ့အခါကသာမက မျက်မှောက် ခေတ်ဘောလုံးဘောကထိ လိုက်လံတုပဖို့မဖြစ်နိုင်သေးဘူးလို့ပြောဆိုမှုတွေတောင်ရှိနခဲ့သူပါ။

တောင်အမေရိကတိုက်မှာဆိုရင် ပီလီနဲ့ တစ်တန်းတည်းနေရာပေးပြီး ဂုဏ်ပြုခံခဲ့ရတဲ့ မာရာဒိုနာဟာသူသာလျှင်အကောင်းဆုံးကစားသမားဖြစ်ကြောင်း ကမ္ဘာမီဒီယာ တွေ ထက်မှာ ကြေငြာ ခဲ့သူလည်းဖြစ်ပါတယ်။ ဘောလုံးပရိတ်သတ်အချို့ကတော့ ပီလီဟာ ဘရာဇီးပြည်တွင်းမှာသာခြေစွမ်းပြသခဲ့ပြီးမာရာဒိုနာလို ဥရောပမှာထွက်မကစားပဲနေ တာကြောင့် ဥရောပအောင်မြင်မှုမှတ်တိုင်တွေရှိတဲ့ မာရာဒိုနာက သာအကောင်းဆုံး ဘောလုံးသမားဖြစ်တယ်လို့ဖော်ပြမှုတွေရှိခဲ့ပါတယ်။

မာရာဒိုနာရဲ့ကျော်ကြားတဲ့နောက်ထပ်ဖြစ်ရပ်တစ်ခုကိုပြပါဆိုရင်တော့ (၁၉၈၆)ခုနှစ် ကမ္ဘာဖလား ကွာတားဖိုင်နယ် မှာအင်္ဂလန်ဘက်ကိုသွင်းခဲ့တဲ့(၂)ဂိုးဖြစ်ပါတယ်။ သူရဲ့ပထမသွင်းဂိုးကတော့ ဘုရားပေးသောလက်လို့ အားလုံးသိကြတဲ့ မျက်လှည့်ဆန်ဆန်သွင်းဂိုးဖြစ်ပါတယ်။ ဒုတိယသွင်းဂိုးကတော့ အင်္ဂလန်ဂိုးရဲ့ မီတာ(၆၀)လောက် အကွာကနေ အင်္ဂလန်နောက်ခံလူ(၅)ယောက်လောက်ကို ကျော်ဖြတ်ပြီးသွင်းတဲ့ဂိုးဖြစ်ပါတယ်။ မာရာဒိုနာရဲ့ အဲဒီသွင်းဂိုးကတော့ ရာစုနှစ်ရဲ့အကောင်းဆုံးသွင်းဂိုးအဖြစ် (၂၀၀၂)ခုနှစ်ရဲ့ ဖီဖာရဲ့စစ်တမ်းတွေအရ သတ်မှတ် ပေးခြင်းခံခဲ့ရပါတယ်။

ယင်းနိုင်ပွဲဟာ အာဂျင်တီးနား တွေအတွက်တော့ ယင်းမတိုင်ခင်က အင်္ဂလန်နဲ့ဖြစ်ပွားခဲ့တဲ့ ဖောက်ကလန်ကျွန်းတိုက် ပွဲမှာအရေးနိမ့်ခဲ့ရတဲ့ ခံစားချက်ကိုဖြေသိမ့်လိုက်နိုင်ပြီး အာဂျင်တီးနားမီဒီယာတွေကဆိုရင် အင်္ဂလန်နဲ့ပွဲကို ဒုတိယဖောက်ကလန်ကျွန်းတိုက်ပွဲလို့တောင်တင်စားခေါ်ဆိုကြပြီး ယင်းအောင်ပွဲရဲ့ အဓိက ပုဂ္ဂိုလ် မာရာဒိုနာကိုလည်း အမျိုးသားသူရဲကောင်းတစ်ယောက်အနေနဲ့ သတ်မှတ်ခဲ့ကြပါတယ်။

ငယ်စဉ်ဘဝ

မာရာဒိုနာဟာမွေးချင်း(၈)ယောက်အနက် ပဉ္စမမြောက်သားဖြစ်ပြီး ငယ်ဘဝကိုတော့ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့မှာကြီးပြင်းခဲ့ပါတယ်။ မာရာဒိုနာအသက်(၈)နှစ် အရွယ်ရောက်ချိန်မှာတော့ လူကောင်နဲ့မမျှတတဲ့သူရဲ့မြင့်မားတဲ့ခြေစွမ်းကို ဘောလုံး ကင်းထောက်တွေကစတင်သတိပြုမိခဲ့ပြီး မြို့ခံ Buenos Aires ဘောလုံးအသင်းရဲ့ ဂျူနီယာအသင်းဖြစ်တဲ့ Argentinos Juniors အသင်းမှာပါဝင်ကစားဖို့ရွေးချယ်ခြင်းခံခဲ့ ရပါတယ်။

အများလိုငွေကြေးမတတ်နိုင်တဲ့ မာရာဒိုနာလေးဟာ လူကောင်သေးတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ အသက်(၁၂)နှစ်အရွယ်ထိ နည်းပြတွေရဲ့အရေးပေးခြင်းကို မခံရပဲ ကလပ်ကပြန်လွှတ်ဖို့တောင်အစီစဉ်ရှိခဲ့ပါတယ်။ ဒါကိုသိလာတဲ့ ဖြတ်ထိုးဉာဏ် ကောင်းလွန်းတဲ့ မာရာဒိုနာကတော့ Argentinos Juniors အသင်းကြီးရဲ့ပွဲစဉ်တွေမှာ ဘောကောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူတွေဘက်က စိတ် ပြောင်းပြီး မာရာဒိုနာကို အသင်းမှာဆက်ထားခဲ့ပါတယ်။

အသက်(၁၂)အရွယ်မာရာဒိုနာ ဟာဘောကောက်အဖြစ် (၃)နှစ်နီးပါး တာဝန်ကျေကျေ လုပ်ဆောင်ခဲ့ပြီးတစ်ဖက်ကလည်း Argentinos Juniors အသင်းရဲ့ပထမပိုင်း ပွဲပြီးဆုံးချိန်တိုင်းမှာကွင်းအတွင်းဝင်ရောက်ပြီးသူရဲ့ဘောလုံးSkill တွေကို ဝင်ရောက် ပြသခဲ့ပါတယ်။ ကာလကြာလာတဲ့အချိန်မှာ ဒါကိုသတိထားမိတဲ့ Buenos Aires ပရိတ်သတ် တွေက မာရာဒိုနာကို ယင်းကာလကနာမည်ကျော်ဘရာဇီးကစားသမား Rivelinho နဲ့ မန်ယူတောင်ပံကစားသမား George Best လိုကစားသမားဖြစ်ကြောင်း ထောက်ခံမှု တွေအပြင် Argentinos Juniors အသင်းကြီးမှာပါဝင်ကစားဖို့ထောက်ခံမှုတွေပေးခဲ့ပါတယ်။

ကလပ်အသင်း ကစားသမားဘဝ

မကြာခင်မှာပဲ မာရာဒိုနာဟာ Argentinos Juniors အသင်းမှာရွေးချယ်ခဲ့ရပြီး သူအသက်(၁၆)နှစ်ပြည့်ဖို့ (၁၀)ရက်အလိုကာလ၊(၁၉၇၆)ခုနှစ်၊အောက်တိုဘာ(၂၀) ရက်နေ့မှာတော့ သူရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝ ပထမဆုံးပွဲအဖြစ်ပါဝင်က စားခဲ့ပါတယ်။ မာရာဒိုနာဟာ Argentinos Juniors အသင်းအတွက်ပွဲပေါင်း(၁၆၇)ပွဲပါ ဝင်ကစားပြီး သွင်းဂိုး(၁၁၆)ဂိုးအထိရယူနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူးစစ်စစ်မဟုတ်ပဲ ကွင်းလယ်တိုက်စစ်၊နောက်ချန်တိုက်စစ်ကစားသမားတစ်ယောက်အဖြစ် ကစားခဲ့သူအ တွက် ဒီဂိုးအရေအတွက်ဟာ အလွန်များပြားခဲ့တာဖြစ်ပြီး အာဂျင်တီနားဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးရဲ့စောင့်ကြည့်မှုကိုစတင်ခံလာခဲ့ရပါတယ်။

(၁၉၈၁)ခုနှစ်မှာတော့မာရာဒိုနာဟာ သူငယ်စဉ်ကအားပေးခဲ့တဲ့ အာဂျင်တီးနားထိပ်တန်း ကလပ်ဘိုကာဂျူနီယာ အသင်းထံကိုပြောင်းရွေကြေး အမေရိကန်ဒေါ်လာ(၄) သန်းနဲ့ပြောင်းရွေသွားခဲ့ပါတယ်။ သူဟာဘိုကာဂျူနီယာ အသင်းအတွက် ပွဲပေါင်း (၄၀)လောက်ကစားပေးခဲ့ပြီး (၂၈)ဂိုးအထိရယူပေးခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ ဥရောပထိပ်တန်းကလပ် ဘာစီလိုနာအသင်းထံကို ယင်းကာလက ကမ္ဘာစံချိန်တင် ပြောင်းရွေကြေး အမေရိကန်ဒေါ်လာ(၇.၆)သန်းနဲ့ပြောင်းရွေသွားခဲ့ပါတယ်။

မာရာဒိုနာ ဟာဘာစီအသင်းနဲ့အတူ (၃၆)ပွဲကစား (၂၂)ဂိုးအထိသွင်းယူခဲ့ကာ ကိုပါဒယ်ရေးဖလား၊ စပိန်စူပါဖလားတွေကိုသိမ်းပိုတ်နိုင်ခဲ့ပါတယ်။ မာရာဒိုနာအတွက် အမှတ်တရဖြစ်တာက တော့ မာရာဒိုနာဟာ ဘာနေဗျူးကွင်းထဲမှာ ဘာစီရဲ့ခါးသီးတဲ့ပြိုင်ဘက် ရီရယ်ပရိတ်သတ်တွေရဲ့ လက်ခုပ်တီးအားပေးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ ယခုအချိန်ထိ ဒီလိုအသိအမှတ်ပြုခံထားရတဲ့ ကစားသမားဟာ ဘာစီလိုနာအသင်းသမိုင်းမှာ မာရာဒိုနာ၊ ရိုနယ်ဒင်ဟိုနဲ့ အင်နီယေစတာတို့သာရှိပါသေးတယ်။

ဘာစီနဲ့အတူ(၂)ရာသီလောက်ကစားပေးပြီးချိန်၊(၁၉၈၄)ခုနှစ်မှာတော့ မာရာဒိုနာဟာ စီးရီးအေကလပ်နာပိုလီအသင်းထံကို ကမ္ဘာစံချိန်တင်ပြောင်းရွေကြေးအမေရိကန်ဒေါ်လာ(၁၀.၄၈)သန်းနဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်။ နာပိုလီမြို့သားတွေကတော့ မာရာဒိုနာကို ဘုရင်တပါးသဖွယ်ကြိုဆိုခဲ့ကြပြီး မာရာဒိုနာရဲ့မိတ်ဆက်ပွဲမှာဆိုရင် နာပိုလီရဲ့ အိမ်ကွင်း Stadio San Palo ကွင်းကြီးထဲမှာပရိတ်သတ် (၇၅၀၀၀)လောက်လာရောက် နှုတ်ဆက် ခဲ့ကြပါတယ်။ ဒီနှုန်းထားဟာ ယင်းကာလက ကမ္ဘာဘောလုံးသမိုင်းမှာတစ်ကြိမ်မှမရှိဖူး တဲ့မှတ်တမ်းအဖြစ်ကျော်ကြားခဲ့ပါတယ်။ မာရာဒိုနာအသင်းအတွက်တော့ မာရာဒိုနာ ဟာပွဲပေါင်း (၁၈၈)ပွဲကစား သွင်းဂိုး(၈၁)ဂိုးအထိရယူပေးနိုင်ခဲ့ပါတယ်။

နာပိုလီမှာကစားခဲ့တဲ့အချိန်ကတော့ မာရာဒိုနာရဲ့ကလပ်အသင်းသမိုင်းတစ်လျှောက် မှာအအောင်မြင်ဆုံးကာလဖြစ်ခဲ့ပြီး ယင်းကာလက မာရာဒိုနာရယူပေးခဲ့တဲ့ နာပိုလီရဲ့ အောင်မြင်မှုတွေဟာ ယနေ့အချိန်ထိအကောင်းဆုံးမှတ်တမ်းအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ မာရာဒိုနာဟာ နာပိုလီအသင်းခေါင်းဆောင်အဖြစ် အကောင်းဆုံးဦးဆောင်မှုတွေပေးခဲ့ ကာ (၁၉၈၆-၁၉၈၇)၊(၁၉၈၉-၁၉၉၀)ကာလတွေရဲ့ စီးရီးအေချန်ပီယံဆုဖလား(၂)ခု၊ (၁၉၈၇)ခုနှစ်ရဲ့ ကိုပါအီတာလျှံဖလား၊(၁၉၈၉)ခုနှစ်ရဲ့ UEFAဖလား၊ (၁၉၉၀)ခုနှစ်အ တွက်အီတလီစူပါဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

အောင်မြင်လာတာနဲ့အမျှ မာရာဒိုနာထံတွဲကပ်လာတာကတော့ မူးယစ်ဆေးဝါးနဲ့မိန်းမကိစ္စတွေဖြစ်ပါတယ်။ နာပိုလီမှာကစားစဉ်မှာပဲ မာရာဒိုနာဟာ ကိုကင်းသုံးစွဲမှုနဲ့ ကလပ်ရဲ့အမေရိကန်ဒေါ်လာ (၇၀၀၀၀)ဒဏ်ရိုတ်ခြင်းခံခဲ့ရသလို အခြားလူမှုရေးပြစ်ချက်တွေနဲ့ပေါင်းစည်းလိုက်ချိန် မှာတော့ မာရာဒိုနာရဲ့ကစားသမားဘဝဟာ နာပိုလီမှာတစ်ဖြည်းဖြည်းမှေးမှိန်လို့လာပါတော့တယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် မာရာဒိုနာဟာ (၁၅)လအထိပွဲပယ်ခံခဲ့ရပြီး (၁၉၉၂)ခုနှစ်မှာတော့ မာရာဒိုနာဟာ အီတလီကိုကျောခိုင်းခဲ့ပါတယ်။ နာပိုလီအသင်း ဘက်ကတော့ မာရာဒိုနာရဲ့ကလပ်အပေါ်စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၀)ဂျာစီကို ယနေ့တိုင်အနားပေးခဲ့ပါတယ်။

ရီရယ်နဲ့ပြင်သစ်ထိပ်တန်းကလပ် မာဆေးတို့က ကမ်းလှမ်းမှုတွေရှိခဲ့ပေမဲ့ မာရာဒိုနာက တော့ စပိန်ကလပ် ဆီဗီလာအသင်းထံကိုပဲပြောင်းရွှေ့သွားခဲ့ပြီး ဘောလုံးရာသီတစ်ရာသီပဲကစားခဲ့ပြီး ဥရောပကိုစွန့်ခွာကာ အာဂျင်တီးနားကလပ် နယူးအိုဘွိုင်းအသင်းထံ ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ယင်းကာလတွေမှာတော့ အသက်အရွယ်ကြောင့်မာရာဒိုနာဟာ ခြေစွမ်းပြသနိုင်ခြင်းမရှိတော့ပဲ (၁၉၉၅)ခုနှစ်မှာတော့ အသင်းဟောင်းဘိုကာ ဂျူနီယာအသင်းထံ ပြန်လည်ပြောင်းရွေသွားခဲ့ပါတယ်။ ဘိုကာဂျူနီယာအသင်းနဲ့ ပွဲပေါင်း (၃၀)ကစား၊(၇)ဂိုးအထိသွင်းယူနိုင်ခဲ့ပေမဲ့ ဒဏ်ရာပြသနာတွေနဲ့ ကွင်းပြင်ပ လူနေမှုစရိုက်ဆိုးတွေကြောင့် (၁၉၉၇)ခုနှစ်မှာတော့ မာရာဒိုနာဟာ ကစားသမားဘဝ ကနေအနားယူခဲ့ပါတယ်။

နိုင်ငံကစားသမား နဲ့ နည်းပြဘဝ

အာဂျင်တီးနားလက်ရွေးစင်အသင်းမှာတော့ မာရာဒိုနာဟာ အတော်ကိုအောင်မြင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ သူဟာအသက်(၁၆)နှစ်အရွယ်မှာတင် ဟန်ဂေရီအသင်းနဲ့ ကစားတဲ့ပွဲမှာ အာဂျင်တီးနားအတွက်ပွဲထွက်ကစားပေးနိုင်ခဲ့ပါတယ်။ ခြေစွမ်းခြေစ ကောင်းတဲ့ကစားသမားဆိုပေမဲ့ သူအသက်(၁၇)နှစ်အရွယ်မှာတော့ (၁၉၇၈)ခုနှစ် ကမ္ဘာဖလားမှာအာဂျင်တီးနားအတွက်ကစားပေးလိုပေမဲ့ ယင်းကာလကအာဂျင်တီးနား နည်းပြမက်တိုနီရဲ့ အရွယ်ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူစာရင်းကနေ ဖယ်ထုတ်ခြင်းခံခဲ့ရပါတယ်။ (၁၉၇၉)ခုနှစ်ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ ယူ(၂၀)ကမ္ဘာဖလားပြိုင်ပွဲမှာတော့ မာရာဒိုနာဟာ ပါဝင်ခွင့်ရခဲ့ပြီး အာဂျင်တီးနားလက်ရွေးစင်အသင်း ကိုလည်း ချန်ပီယံဖြစ်အောင် သူရဲ့သွင်းဂိုးတွေနဲ့ ကူညီနိုင်ခဲ့ပါတယ်။

မာရာဒိုနာဟာ မက္ကဆီကိုမှာကျင်းပတဲ့ (၁၉၈၆)ခုနှစ် ကမ္ဘာဖလား ပြိုင်ပွဲမှာတော့ အာဂျင်တီးနားလက်ရွေးစင်အသင်းကိုဦးဆောင်ပြီး ဗိုလ်စွဲနိုင်အောင် အဓိကနေရာကနေ ပါဝင်နိုင်ခဲ့ပါတယ်။ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့ မာရာဒိုနာဟာ ပြိုင်ပွဲရဲ့ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၅)ဂိုး၊ဂိုးဖန်တီးမှု(၅)ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။

(၁၉၉၀)ကမ္ဘာဖလားမှာလည်း မာရာဒိုနာဦးဆောင်တဲ့ အာဂျင်တီးနားတို့ဟာ နောက်ဆုံး ဗိုလ်လုပွဲစဉ်အထိ တက်ရောက်နိုင်ခဲ့ပေမဲ့ ရောမမှာကစားခဲ့တဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ အနောက်ဂျာမနီကို (၁-ဝ)နဲ့ရှုံးနိမ့်ပြီး ဒုတိယနေရာနဲ့ပဲကျေနပ်ခဲ့ရပါတယ်။ (၁၉၉၄) ကမ္ဘာဖလားပြိုင်ပွဲမှာတော့ မာရာဒိုနာဟာ အသင်းနဲ့ပါဝင်လာခဲ့ပြန်ပေမဲ့ (၂)ပွဲသာ ကစားခဲ့ရပြီး တားမြစ်ဆေးသုံးစွဲတယ်ဆိုတဲ့စွဲချက်နဲ့ အသင်းလူစာရင်းကနေနှုက်ထွက်ခဲ့ရပါတယ်။ မာရာဒိုနာဘက်ကတော့ သူဟာတားမြစ်ဆေးတွေကို ခန္ဓာကိုယ်ဝိတ်လျော့ ကျရန်အတွက်အသုံးပြုခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါဟာမာရာဒိုနာအတွက်တော့ လက်ရွေစင်အသင်းအတွက်နောက်ဆုံးကစားပေးတဲ့ပြိုင်ပွဲဖြစ်ခဲ့ပြီး အာဂျင်တီးနားအ တွက်တော့ စုစုပေါင်း(၉၁)ပွဲကစား (၃၄)ဂိုးသွင်းယူပေးခဲ့ပါတယ်။

ပြသာနာတွေရှိပေမယ့် မာရာဒိုနာကတော့ ဘောလုံးလောကကို ချက်ချင်းပြန်လည် ဝင်ရောက်လာခဲ့ပြီး (၁၉၉၄)ခုနှစ်မှာတော့ အာဂျင်တီးနားကလပ်ဖြစ်တဲ့ Mandiyu de Corrientes အသင်း၊(၁၉၉၅)ခုနှစ်မှာတော့ ရေးဆင်းအသင်းတွေကိုနည်းပြအဖြစ် ကိုင်တွယ်ခဲ့ပေမဲ့ အောင်မြင်မှု မယ်မယ်ရရမရရှိခဲ့ရှာပါဘူး။ နည်းပြဘဝမှာအောင်မြင်မှု မရခဲ့ပေမဲ့ အာဂျင်တီးနားရဲ့သူရဲကောင်းဆိုတဲ့နာမည်ခံနဲ့ (၂၀၀၈)ခုနှစ်မှာတော့ မာရာဒိုနာဟာ အာဂျင်တီးနားလက်ရွေးစင်နည်းပြဖြစ်လာခဲ့ပါတယ်။

(၂၀၁၀)ကမ္ဘာဖလား ခြေစစ်ပွဲကာလတွေမှာတော့ မာရာဒိုနာဦးဆောင်တဲ့ အာဂျင်တီးနားလက်ရွေးစင် အသင်းဟာ မက်ဆီ၊အဂူရို၊ဟီဂူအင်၊ကမ်ဘီယာဆို၊ဇနက်တီ၊ဆင်မြူရယ်၊ဒီမာရီရာ တို့ လိုယင်းကာလက ထိပ်တန်းခြေစွမ်းရှိသူတွေကို ပိုင်ဆိုင်ထားပေမဲ့ ဘိုလစ်ဗီးယားလို အသင်းကို (၆-၁)ဂိုးနဲ့ရှုံးခဲ့ရသလို ခြေစစ်ပွဲတစ်လျှောက်လုံး လိမ်ဖယ်၊လိမ်ဖယ်နဲ့ ခြေစစ် ပွဲအောင်လာခဲ့ပါတယ်။

(၂၀၁၀)ကမ္ဘာဖလားအုပ်စုပွဲစဉ်အဆင့်တွေကနေ ၊ရှုံးထွက်ပွဲစဉ် တွေအထိ (၄)ပွဲဆက်တိုက်အနိုင်နဲ့ကျော်ဖြတ်ပြခဲ့တဲ့ မာရာဒိုနာရဲ့ အာဂျင်တီးနားဟာ ယင်းကာလက သွေးသစ်လောင်းထားတဲ့ ဂျာမနီနဲ့တွေ့ဆုံချိန်မှာတော့ (၄-ဝ)နဲ့ရှုံးနိမ့်ကာ ကွာတားဖိုင်နယ်အဆင့်ကနေပဲ နှုတ်ဆက်ခဲ့ရပါတယ်။ (၂၀၁၁)မေမှာတော့ မာရာဒိုနာ ဟာ ဒူဘိုင်းကလပ် Al Wasl FC အသင်းရဲ့မန်နေဂျာဖြစ်ခဲ့ပေမဲ့ အသင်းရဲ့ရလဒ်ဆိုးတွေ ကြောင့် (၂၀၁၂)၊ဂျူလိုင်(၁၀)ရက်နေ့မှာထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

(၂၀၁၃ ကနေ ၂၀၁၇) နှစ်အထိ အာဂျင်တီးနားကလပ် Deportivo အသင်းရဲ့လက်ထောက်မန်နေဂျာ၊ (၂၀၁၇-၂၀၁၈)မှာတော့ UAE ကလပ် Fujairah အသင်းရဲ့မန်နေဂျာအဖြစ်တာဝန်ယူခဲ့ ပေမဲ့ နောက်ဆုံးမှာတော့ အဆင်မပြေမှုများစွာနဲ့နှုတ်ထွက်ခဲ့ပါတယ်။ (၂၀၁၈-၂၀၁၉) ဘောလုံးရာသီမှာတော့ မက္ကဆီကိုဘောလုံးကလပ် Dorados de Sinaloa ရဲ့နည်းပြ တာဝန်တွေထမ်းဆောင်ခဲ့ပေမဲ့ (၂၀၁၉)၊ဂျွန်လ(၁၃)ရက်မှာတော့ ကျန်းမာရေးအ ကြောင်းပြချက်နဲ့ နှုတ်ထွက်ခဲ့ပါတယ်။

ကွင်းပြင်ဘဝ

ရိုမန်ကတ်သလစ်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ မာရာဒိုနာဟာ (၁၉၈၄)ခုနှစ်၊နိုဝင်ဘာ (၇)ရက်နေ့မှာတော့ ကာလရှည်တွဲလာတဲ့ငယ်ချစ် Claudia Villafane နဲ့လက်ထပ်ခဲ့ပါတယ်။ သူတို့စုံတွဲဟာ သမီး(၂)ယောက်ထွန်းကားခဲ့ပြီး(၂၀၀၄)ခုနှစ်မှာတော့ပြတ်ဆဲခဲ့ ပါတယ်။ ယင်းအချိန်ကစပြီးမာရာဒိုနာဟာ နောက်ထပ်လက်ထပ်ခဲ့ခြင်းမျိုးမရှိပဲ သူထက် အသက်ထက်ဝက်မကငယ်တဲ့ မော်ဒယ်၊အမျိုးသမီးငယ်များစွာနဲ့တွဲခုတ်ခဲ့ပါ တယ်။ သတင်းတွေအရတော့ မာရာဒိုနာဟာ (၁၉၈၀)ကနေ (၂၀၀၄)ခုနှစ် မူးယစ်ဆေးဝါး ဆက်တိုက်သုံးစွဲခဲ့တယ်လို့သိရပြီး မူးယစ်ဆေးတန်ခိုးနဲ့သူရဲ့ခြေစွမ်းဟာ ပိုကောင်းလာသလားတို့တောင် မီဒီယာတွေရဲ့ ခနဲ့ခြင်းကိုခံခဲ့ရသူပါ။

ယင်းနောက်ပိုင်းမှာတော့ မာရာဒိုနာဟာ ပေါင်(၂၈၀)အထိ ဝသွားခဲ့သလို၊အရက်စွဲခဲ့တာကြောင့် ဆေးရုံတက်ပြီး ဖြတ်ခဲ့ရသေးပါတယ်။ (၂၀၀၇)ခုနစ်၊မေ(၈)ရက်နေ့မှာတော့ မာရာဒိုနာဟာ အာဂျင်တီး နားရုပ်သံကနေ လူမြင်ကွင်းကိုပြန်လည်ထွက်ပေါ်လာခဲ့ပြီး သူဟာအရက်၊မူးယစ်ဆေး တွေကိုကင်းစင်ခဲ့ပြီဖြစ်ကြောင်း ပြည်သူတွေကိုအသိပေးခဲ့ပါတယ်။ ယင်းနောက်မှာ တော့မာရာဒိုနာဟာ ရန်ပုံငွေပွဲတွေ၊ ဖီဖာကကျင်းပတဲ့ဘောလုံးပွဲတော်တွေ၊ ပရဟိတပွဲတွေကိုတက်ရောက်ခဲ့ပြီးဘောလုံးပရိတ်သတ်တွေရဲ့ မြင်ကွင်းကိုပြန်လည်ထွက်ပေါ် လာခဲ့သလို တစ်ဖက်ကလည်း သူရဲ့ကျော်ကြားမှုကိုအသုံးပြုပြီး အာဖရိက၊လက်တင်အမေရိက ဒေသတွေရဲ့လူငယ်ဖွံဖြိုးရေးအစီစဉ်တွေမှာ Unicef လိုအဖွဲ့တွေနဲ့လက်တွဲပြီးပါ ဝင်လာခဲ့ပါတယ်။

မာရာဒိုနာဟာ ယနေ့အချိန်မှာတော့ အသက်(၅၈)နှစ်အရွယ်ရှိနေပြီ ဖြစ်ပြီး မြေးတစ်ယောက်ရဲ့ ဘိုးအေလည်းဖြစ်နေပါပြီ။ မကြာသေးခင်ကာလက အစာအိမ်ရောဂါကို ခွဲစိတ်ကုသပြီးလက်ရှိတော့ ဘောလုံးလောကနဲ့ ကင်းကွာနေခဲ့ပါပြီ။ အာဂျင်တီးနားသတင်းတွေအရဆိုရင်တော့မာရာဒိုနာဟာ မူးယစ်ဆေးဝါး ရဲ့ဆိုးကျိုးတွေကို အပြင်းအထန်ခံစားနေရဆဲဖြစ်တယ်လို့သိရပြီး ဥရောပထိပ်တန်း အသင်းကြီးတစ်သင်းကို ကိုင်တွယ်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒါအပြင် ဘောလုံးသူရဲကောင်းကြီးဟာ ယခုအသက်အရွယ် ရောက်မှ ချစ်၊ကြိုက်၊ညား၊ကွဲဇာက်လမ်းတွေကို ဆက်လက်ဖန်တီးနေဆဲဖြစ်လို့ တောင်အမေရိကမီဒီယာတွေက လူပွေကြီးရယ်လို့ ခေါ်ဝေါ်နေကြတယ်လို့သိရပါတယ်။

Tags: kaung htetSport people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
ကမ္ဘာ့အရှည်ဆုံး ကြိုးတံတား ၅ စင်း

ကမ္ဘာ့အရှည်ဆုံး ကြိုးတံတား ၅ စင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!