အကောင်းတကာ့ အကောင်းဆုံးဝိုင်တွေဟာ တစ်ပုလင်းကို ဒေါ်လာ ထောင်ဂဏန်းဝန်းကျင်မှာသာ ရှိနေပေမယ့် ဒီဝိုင်က ဘာလို့ဒီလောက်ဈေးကြီးနေရပါသလဲ..။
အကြောင်းကတော့ ဝိုင်ထုတ်လုပ်တဲ့ စပျစ်ပင်တွေရဲ့သက်တမ်းကြောင့်ဖြစ်ပါတယ်။ AurumRed Gold ဆိုတဲ့ဒီဝိုင်အရက်ကို နှစ် ၁၀၀ သက်တမ်းရှိတဲ့ Tempranillo စပျစ်ပင်(စပျစ်နက်) တွေက ထုတ်လုပ်ထားတဲ့အပြင် ကင်ဆာနဲ့အခြားရောဂါအမျိုးမျိုးကိုသက်သာစေနိုင်တဲ့ အာနိသင်တွေပါရှိနေတာကြောင့်လို့ ဆိုပါတယ်။
ဒီဝိုင်ဖြစ်ပေါ်လာပုံရဲ့အစကတော့ စပိန်နိုင်ငံ La Mancha မြို့က Hilario Garcia ဆိုသူ စပျစ်ခြံပိုင်ရှင်ဖြစ်ပါတယ်။ သူဟာ အောက်ပိုင်းသေရောဂါကို ခံစားခဲ့ရသူဖြစ်ပြီး စပျစ်ကိုဝိုင်လုပ်ပြီး ပုံမှန်သောက်ခဲ့ရာကနေ ပြန်လည်ကျန်းမာလာခဲ့တာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ကုသတာကို ozone ကုသနည်းလို့ခေါ်ပါတယ်။
ozone ကုသနည်းဟာ သန့်စင်တဲ့အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်အတွင်းမှာတိုးလာစေပြီး ကျန်းမာစေတဲ့နည်းဖြစ်ပါတယ်။ Ozone ဆိုတာ oxygen atom သုံးလုံးပေါင်းထားခြင်းဖြစ်ပါတယ်။ Oxygen အပိုတစ်လုံးက ခန္ဓာကိုယ် ကို ဖျက်ဆီးနေတဲ့ free radical တွေကို သွားရောက် တားဆီးပေးခြင်းအားဖြင့် Free radical ပျက်စီးမှုတွေ ကို ရပ်တန့်စေပါတယ်။
ဒီစပျစ်ဝိုင်ဟာ ozone ကုသနည်းကို အကူအညီပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် Garcia ဟာ စပျစ်ဝိုင်ကို ထုတ်လုပ်ဖို့အကြံရခဲ့ပြီး ခေတ်ပေါ်နည်း နဲ့ ရိုးရာနည်းတွေနဲ့ စနစ်တကျပေါင်းစပ်ကာ ထုတ်လုပ်ခဲ့ပါတော့တယ်။
၂၀၀၉ ခုနှစ်လောက်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး ထုတ်လုပ်စဉ်က ဝိုင်တစ်ပုလင်းရဲ့တန်ဖိုးဟာ ဒေါ်လာ ၄၀၀၀ သာဖြစ်ပေမယ့် တစ်နှစ် နှစ်နှစ် အတွင်းမှာ ဒေါ်လာ ၁၇၀၀၀ အထိမြင့်တက်လာခဲ့ပြီး အခုဆိုရင် ဒေါ်လာ ၃သောင်းအထိရှိခဲ့ပြီဖြစ်ပါတယ်။
ဒီဝိုင်ပုလင်းတွေကို ၁နှစ်မှာ ပုလင်း ၃၀၀ သာထုတ်လုပ်ပြီး အဲဒီထဲက ၃၀% ကို စပိန်မှာရောင်းချပြီး ကျန် ၇၀% ကိုတော့ နိုင်ငံခြားကို တင်ပို့ပါတယ်။ စတင်ထုတ်လုပ်ကတည်းက အခုအချိန်အထိ ဒီဝိုင်ကို မကောင်းဘူးပြောတဲ့သူ မရှိသေးဘူးလို့ ထုတ်လုပ်သူ Garcia က ဆိုပါတယ်။
Garcia ဟာ ဝိုင်ထုတ်လုပ်နည်းကိုတော့ ဖွင့်ဟမပြောခဲ့ပါဘူး။ ဒါပေမယ့် ဒီဝိုင်ဟာ ပုံမှန်ဝိုင်တွေနဲ့ မတူပဲ တစ်ခွက်သောက်တာနဲ့ အားအင်တွေကိုတိုးစေလိမ့်မယ်ဆိုတာကိုတော့ အခိုင်အမာဆိုပါတယ်။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဒီဝိုင်ရဲ့နောက်ထပ်ကောင်းကျိုးတွေကတော့ ခန္ဓာကိုယ်ခုခံအားကောင်းစေတာ ၊ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးတာ ၊ နုပျိုခြင်းကိုထိမ်းပေးတာ စတာတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ကောင်းပေ့ညွှန်းပေ့ဆိုတဲ့ ဝိုင်တစ်ပုလင်းဟာ ဒေါ်လာ ရာဂဏန်း ၊ ထောင်ဂဏန်းဝန်းကျင်သာ ရှိနေပြီး AurumRed Gold ဝိုင်ကတော့ သောင်းဂဏန်းအထိရှိနေတာကြောင့် သူဌေးတွေကလွဲရင် တော်ရုံလူတွေကတော့ အနားကပ်ရဲမှာမဟုတ်ပါဘူး။
VIDEO
Discussion about this post