ဒိန်းမတ်နိုင်ငံအတွင်းက ဂရင်းလန်းကျွန်း ဟာဆိုရင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ(၁၁) ယောက်ကိုကောင်းမွန် အောင်ကုသပေးခဲ့ပြီးနောက်ပိုင်းမှာတော့ နောက်ထပ်ကူးစက်သူမရှိတော့ပဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအားလုံး ပြန်လည်ကျန်းမာလာခဲ့ကာ ကူးစက်မှုကို ကင်းစင်အောင်ထိန်းချုပ်နိုင်ခဲ့တဲ့ ပထမဆုံးဒေသဖြစ်လာခဲ့ပါတယ်။
ဂရင်းလန်းဒေသမှာကိုရိုနာဗိုင်းရပ်စ်ကင်း စင်သွားပြီဆိုတဲ့သတင်းကိုတော့ ဒိန်းမတ်ကျန်းမာရေးဌာနကအတည်ပြုပေးခဲ့တာဖြစ်ပြီး မူလကဗိုင်းရပ်စ်ကူးစက်ခံရကြောင်းစစ်ဆေးတွေ့ရှိသူ (၁၁)ဦးစလုံးဟာလည်း စောင့်ကြည့်ကုသပြီး ပြန်လည်စစ်ဆေးချက်တွေအရ Negative ( ရောဂါမရှိကြောင်း) အဖြေထွက်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံးကျွန်းအဖြစ်သတ်မှတ်ခံထားရတဲ့ ဂရင်းလန်းဟာဆိုရင် ကမ္ဘာ့မြောက်ဖျား အာတိတ်စက်ဝိုင်း အတွင်းကိုတစ်ကျွန်းလုံး လိုလိုကျရောက်နေတာဖြစ်ပြီး ကျွန်းရဲ့တစ်ဝက်ကျော်မျှသောအကျယ်အဝန်းဟာရေခဲပြင်တွေနဲ့ဖုံးလွှမ်းတည်ရှိနေတာ ဖြစ်ပါတယ်။ EU Observer ရဲ့သတင်းတွေအရတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုတွေဟာ ကမ္ဘာအကြီးဆုံးနဲ့မတူညီကွဲပြားတဲ့မျိုးနွယ်စုများစွာရှိနေတဲ့ ဂရင်းလန်းကျွန်းမှာ (၂၀၂၀) ပြည့်နှစ်၊မတ်လ(၁၆) ရာက်နေ့မှာစတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဂရင်းလန်းကျွန်းရဲ့လက်ရှိလူဦးရေဟာ (၅၇၀၀၀) ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူအားလုံးဟာ မြို့တော် Nuuk မှာဖြစ်ပါတယ်။ ယင်းနောက်မှာတော့ ဂရင်းလန်းကျွန်းအာဏာ ပိုင်တွေဟာ ရောဂါကူးစက်ခံရသူတွေကို သီးခြားခွဲထုတ်ပြီးလိုအပ်တဲ့ ကုသမှုတွေဆက် လက်ဆောင်ရွတ်ခဲ့ကြကာ ယခုချိန်မှာတော့ အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုးကနေ ပျောက်ကင်းသွားခဲ့ကြပြီလည်းဖြစ်ပါတယ်။
ဒါပေမဲ့ယနေ့အချိန်ထိတော့ ဂရင်းလန်းဒေသရဲ့မြို့တော် Nuuk ဟာ lockdown ချထား ဆဲဖြစ်ပြီး မည်သူမှမြို့တွင်းဝင်ခွင့်မရှိသလို၊ထွက်ခွာခွင့်လည်းမရှိပါဘူး။ ဒိန်းမတ်အာဏာပိုင်တွေအဆိုအရတော့ မြို့တော် Nuuk အတွင်းကို ကိုယ်ပိုင်မော်တော်ကား၊လှေငယ်တွေနဲ့တောင်ဝင်ရောက်ခွင့်မပြုဘူးလို့ဆိုထားပြီး ကျွန်းရဲ့အခြားဒေသအားလုံးနီးပါး ကိုလည်း ပိတ်ဆို့ထားတယ်လို့သိရပါတယ်။
ခရီးသည်တင်လေယာဉ်နဲ့ ပင်လယ်ကူးသင်္ဘောတွေကိုလည်း အစိုးရသို့ဆေးဘက်ဆိုင်ရာဌာနတွေရဲ့ အထူးခွင့်ပြုချက်မရှိပဲ ဝင်/ ထွက်ခွင့်ကိုလည်းကန့်သတ်ထားပါတယ်။ ဂရင်းလန်းရဲ့မြို့ငယ်လေးတွေနဲ့ ကျေးရွာအချို့ အကြားကိုတော့ ခရီးသွားလာခွင့်ကိုတော့ခွင့်ပြုထားပါတယ်။
ဂရင်းလန်းကျွန်းရဲ့သမိုင်းကြောင်းမှာလည်း ကပ်ရောဂါတွေကြောင့်ထိခိုက်နစ်နာမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။ အထူးသဖြင့်တော့ (၁၈)ရာစုကနေ (၁၉)ရာစုအကြားကာလ တွေမှာ ကျွန်းကိုခြေချခဲ့တဲ့ဥရောပသား ကိုလိုနီနယ်မြေရှာဖွေသူတွေသယ်ဆောင်လာတဲ့ ရောဂါပိုးတွေကြောင့် ဂရင်းလန်းဒေသခံများစွာသေကြေခဲ့ရတဲ့သမိုင်းတွေလည်းရှိနေတာဖြစ်ပါတယ်။
ဒါကြောင့်ဂရင်းလန်းဒေသခံတွေဘက်က ယင်းကပ်ရောဂါအပေါ်အလွန်အမင်းထိတ်လန့်မှုတွေရှိနေခဲ့တယ်လို့သိရပြီး ကျွန်းမှာရှိတဲ့အားနည်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ (ဥရောပနိုင်ငံတွေအကြားမှာတော့ ဂရင်းလန်းရဲ့ကျန်းမာရေး စောင့်ရှောက်မှုဟာ အဆင့်နိမ့်ပါးပါတယ်။) ကြောင့်လည်း ကုသရေးပိုင်းထက် ကာကွယ်ရေးပိုင်းကို ကျွန်းတာဝန်ရှိသူတွေက ဂရုတစိုက်ပိုမိုဖော်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
တရုတ်နိုင်ငံကနေစတင်ဖြစ်ပွားတဲ့ ဝူဟန်အဆုတ်ရောင်ရောဂါကူးစက်သူအရေအတွက် ဟာယနေ့အချိန်ဆိုရင်လူပေါင်း (၁၅၃၇ ၄၉၃)ဦးအထိကူးစက်ခံခဲ့ရပြီးသေဆုံးသူအရေ အတွက်ဟာလည်း (၉) သောင်းနီးပါးဖြစ်နေပါပြီ။ ကျွမ်းကျင်သူတွေကတော့ ကိုရိုနာဗိုင်း ရပ်စ်ကိုကုသကာကွယ်ဆေး ဖော်ထုတ်နိုင်ခြင်းမရှိသေးခင်အထိတော့ ကမ္ဘာနေရာအသီး သီးရဲ့လျှင်မြန်စွာကူးစက်မှုနှုန်းထားကိုနောက်ထပ် (၁၂)လကနေ (၁၈)လအကြာလောက် အထိလျော့ချနိုင်ဖို့အချိန်ယူရနိုင်တယ်လို့ ခန့်မှန်းထားကြတာရှိပါတယ်။
ယခုချိန်မှာတော့ဂရင်းလန်းဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားကူးစက်သူဆက်လက်မရှိတော့ပေမယ့် အခြားကမ္ဘာ့ဒေသအများအပြားလိုပဲ ဒေသရဲ့စီးပွားရေးကတော့ အတော်ကိုအထိနာနေပါပြီ။ အကြောင်းကတော့ ဂရင်းလန်းဒေသက ငါးအဓိကတင်ပို့နေရတဲ့ မြောက်အမေရိကနဲ့ ဥရောပနိုင်ငံ တွေဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကိုပြင်းထန်စွာခံစားနေရတာကြောင့် သွင်းကုန်အားလုံးကို ရပ်ဆိုင်းထားတာကြောင့်ဖြစ်ပါတယ်။
Discussion about this post