သိပြီးတဲ့သူက သိပြီးမှာဖြစ်ပေမယ့် မသိသေးတဲ့သူတွေအတွက် ဗဟုသုတပေါ့ဗျာ။ ကမ္ဘာ့အမြန်ဆုံး ဆိုင်ကယ်အဖြစ် စံချိန်တင်ထားကတော့ Dodge Tomahawk ဆိုတဲ့ ဆိုင်ကယ်ပါ။ အမေရိကန်အခြေစိုက် Chrysler ကော်ပိုရေးရှင်းရဲ့ ကားကုမ္ပဏီဖြစ်တဲ့ Dodge က ထုတ်လုပ်တဲ့ဆိုင်ကယ် ဖြစ်လို့ ဒီနာမည်ပေးထားတာပါ။ ၂၀၀၃ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် အခုအချိန်အထိ ဒီဆိုင်ကယ်ရဲ့ အမြန်နှုန်းနဲ့ ဒီဇိုင်းကို မီတဲ့ဆိုင်ကယ်ပေါ်မလာ သေးဘူးလို့ ဆိုနိုင်ပါတယ်။
၂၀၀၃ ခုနှစ်အတွင်းက အမေရိကန် Detroit မြို့မှာကျင်းပတဲ့ မြောက်အမေရိက နိုင်ငံတကာ မော်တော်ကားပြပွဲမှာ ဒီဆိုင်ကယ်ကို Dodge က ပထမဆုံးချပြခဲ့တာပါ။ ပထမတော့ ဆိုင်ကယ်အဖြစ်ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ တကယ်တော့ Dodge ကုမ္ပဏီဟာ မီနီဗန်၊ SUV အစရှိတဲ့ မော်တော်ကားတွေကို ထုတ်လုပ်ပေးနေတဲ့ အမေရိကန်အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့SRT 10 engine ကြီးကို ဆိုင်ကယ်မှာတပ်ပြီး အလှပြချင်ရုံသက်သက် ဆိုင်ကယ်ဒီဇိုင်နာဖြစ်သူ Mark Walters ကို ဒီဇိုင်းထုတ်ခိုင်းပြီး RM motorsport ကတည်ဆောက်ပေးခဲ့တာပါ။
အလှပြတဲ့အနေနဲ့ ပြပွဲမှာပြသခဲ့ပေမယ့် ဆိုင်ကယ်ကြီးရဲ့ဒီဇိုင်းဟာ ဆိုင်ကယ်လောကကို စိတ်ဝင်တစားဖြစ်စေခဲ့ပြီး ဝယ်ချင်သူ ဆိုင်ကယ်ဝါသနာအိုးတွေရဲ့ အတင်းအကျပ်တောင်းဆိုမှုတွေကြောင့် နောက်ထပ် Dodge Tomahawk ဆိုင်ကယ် တွေကို ထပ်မံထုတ်လုပ်ပေးခဲ့ရပါတယ်။ ဒီဆိုင်ကယ်ကို ၂၀၀၃ ခုနှစ်ကနေ ၂၀၀၆ အထိထုတ်လုပ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း အစီးရေစုစုပေါင်း ကိုးစီး သာ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဆိုင်ကယ်တစ်စီးရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၅၀၀၀၀ ဖြစ်ပါတယ်။
ဒီဆိုင်ကယ်ကြီးရဲ့ အမြန်နှုန်းကို တခြားမော်တေ်ာဆိုင်ကယ် မဆိုထားနဲ့ အမြန်ဆုံးဆိုတဲ့ ကားတွေတောင် လိုက်လို့မီမှာ မဟုတ်ပါဘူး။ ဒီဆိုင်ကယ်ကြီးရဲ့ အမြန်နှုန်းကတော့ တစ်နာရီကို ၃၀၀ မိုင်ကနေ ၄၂၀မိုင် အထိ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဒီအမြန်နှုန်းဟာ စမ်းသပ်မောင်းနှင်ထားတဲ့ မိုင်နှုန်းမဟုတ်ဘဲ အင်ဂျင်က ထုတ်လွှတ်ပေးနိုင်တဲ့ မြင်းကောင်ရေအား ကိုသာ အခြေခံပြီး တွက်ချက်ထားခြင်း ဖြစ်ပါတယ်။
ဆိုင်ကယ်ကြီးရဲ့အမြန်နှုန်းကို ဒိုင်နမိုမီတာနဲ့ စမ်းသပ်တိုင်းတာဖို့ တောင်းဆိုခဲ့ပေမယ့် ကုမ္ပဏီက ငြင်းထားပါတယ်။ ဘယ်သူမှလည်း စမ်းသပ်ဖို့မရဲတာကြောင့် ဒီဆိုင်ကယ်ကြီးဟာ တကယ်တမ်း ဘယ်လောက်အမြန်နှုန်းအထိ အမြင့်ဆုံးတင်နိုင်တယ်ဆိုတာ ကို ဘယ်သူမှ အတိအကျမသိကြပါဘူး။ ရပ်ထားရာကနေ တစ်နာရီ မိုင်၆၀ နှုန်း အရှိန်တင်နိုင်ဖို့ ၂.၅ စက္ကန့်ပဲ အချိန်ယူရမှာ ဖြစ်ပါတယ်။
အင်ဂျင်ကတော့ မြင်းကောင်ရေ ၅၀၀ အားကို ထုတ်လုပ်ပေးနိုင်တဲ့ 8.3 Liter V10 SRT10 အင်ဂျင်တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ဒီအင်ဂျင်ဟာ Dodge Viper ပြိုင်ကားမှာအသုံးပြုတဲ့ အင်ဂျင်ဖြစ်တာကြောင့် ဆိုင်ကယ်ဆိုပေမယ့် ပြိုင်ကားတစ်စီးရဲ့ ရုန်းအားနဲ့ သွားတူညီနေပါတယ်။
အဝေးကနေ ကြည့်မယ်ဆိုရင် ရှေ့တစ်ဘီး နောက်တစ်ဘီး နဲ့ ပုံမှန်ဆိုင်ကယ်လို့ ထင်ရပေမယ့် သေချာကြည့်မယ်ဆိုရင်တော့ ရှေ့နှစ်ဘီး နောက်နှစ်ဘီး ၊ စုစုပေါင်း လေးဘီးပါးတဲ့ ဆိုင်ကယ်ပါ။ တစ်ဘီးနဲ့ တစ်ဘီး လက်မအနည်းငယ်သာ ခြားထားပေမယ့် တကယ့်ဆိုင်ကယ်တွေလိုပဲ တိမ်းစောင်းချိုးကွေ့နိုင်အောင်ဖန်တီးထားပါတယ်။
ဆိုင်ကယ် ကိုယ်ထည်တစ်ခုလုံးကို အလူမီနီယံ နဲ့တည်ဆောက်ထားတာကြောင့် အရောင်တလက်လက် ထနေပါတယ်။ အခြား မော်တော်ဆိုင်ကယ် တွေလို ထင်သာမြင်သာရှိတဲ့ ရှော့ဘားတွေမပါဝင်ပါဘူး။ အံ့သြစရာ နောက်ထပ်တစ်ချက်ကတော့ ဒီနေ့ခေတ် ပြိုင်ဘီးဆိုင်ကယ်တွေမှာ ဂီယာ ၅ချက် ၆ချက် ရှိနေပြီဖြစ်ပေမယ့် ဒီဆိုင်ကယ်ကြီးမှာတော့ Manual ဂီယာ ၂ချက်ပဲ ပါတာပါ။
အရွယ်အစားကတော့ အလျား ၁၀၂လက်မ ၊ အနံ ၂၇.၇လက်မ နဲ့ အမြင့် ၃၆.၉လက်မ ဖြစ်ပါတယ်။ ရှေ့ဘီး နဲ့ နောက်ဘီး ကြားအကွာအဝေး ၇၆လက်မ ၊ ထိုင်ခုံအမြင့် ၂၉လက်မ ရှိတဲ့ ဒီဆိုင်ကယ်ကြီးဟာ အလေးချိန်အားဖြင့် ပေါင် ၁၅၀၀ လေးပါတယ်။
ဒေါ်လာ သန်းဝက်ကျော် ပေးပြီး ဝယ်ယူထားကြပေမယ့် ဝယ်ယူသူတွေဟာ ဒီဆိုင်ကယ်ကြီးကို အလှစီးဖို့ နဲ့ သိမ်းထားပြီးပြသဖို့ပဲ တတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများပြည်သူသုံးလမ်းမတွေပေါ်မှာ စီးနင်းခွင့်ပိတ်ပင်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆိုင်ကယ်ဖြစ်ပေမယ့် သွားလာခွင့်မရှိပဲ ရပ်နေရတာကြောင့် ဒီ Dodge Tomahawk ဆိုင်ကယ်ကြီးကို Rolling sculpture လို့နာမည်ပြောင် ပေးထားကြတာပဲ ဖြစ်ပါတယ်။
VIDEO
သုတဇုန်
Discussion about this post