ရေးသားသူ – သန်းဝင်းလှိုင်
ဦးတင်ထွဋ်သည် ကိုလိုနီခေတ်၌ မြန်မာလူမျိုးထဲမှ ပထမဆုံး အိန္ဒိယပဋိဉာဉ်ခံဝန်ထမ်း (အိုင်စီအက်စ်)ကို ရွေးချယ်ခန့်ထားခြင်း ခံရသူဖြစ်သည်။ ဦးတင်ထွဋ်ကို အဖ အရေးပိုင် ဦးဖိန်း (K.S.M., A.T.M) အမိ ဒေါ်မိမိတို့မှ မြင်းခြံမြို့တွင် ၁၈၉၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် နေ့၌ ဖွားမြင်ခဲ့သည်။ မွေးချင်း (၇)ယောက်အနက် အကြီးဆုံးဖြစ်သည်။ ညီအစ်ကို ၄ ဦးစလုံးမှာ အင်္ဂလန်မှ ဘားအက်လော (Bar.at. Law) ဝတ်လုံဘွဲ့များရ၍ ထူးချွန်ထက်မြက်ထင်ရှားသူများဖြစ်သည်။ ဦးတင်ထွဋ်၏ ညီနှင့်ညီမများမှာ တရားသူကြီးနှင့် ဥပဒေပါမောက္ခ ဦးကျော်မြင့်၊ သံအမတ်ကြီး နှင့် ဗဟိုတရားရုံးချုပ်အကျိုးဆောင် ဦးမြင့်သိန်း၊ မြန်မာစာပေ မဟာဝိဇ္ဇာဘွဲ့ရနှင့် ရန်ကုန်တက္ကသိုလ် ကျောက်စာဖတ် ဒေါ်ခင်မြမူ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ကမ္ဘာသိ မြန်မာစာပေပညာရှင် ဒေါက်တာထင်အောင်၊ ဝိဇ္ဇာဂုဏ်ထူးနှင့် ဘီအီးဒီဘွဲ့ရ ခေတ်စမ်းစာဆို ဒေါ်ခင်စောမူ၊ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှူး ဒေါ်တင်စောမူတို့ ဖြစ်ကြသည်။
ဦတင်ထွဋ်သည် ငယ်စဉ်က ရန်ကုန်မြို့ စိန့်ပေါလ်အထက်တန်းကျောင်း၊ ပဲခူးမြို့ အစိုးရအထက်တန်းကျောင်း၊ ရန်ကုန်ကောလိပ်တို့တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်ကောလိပ်တွင် လပိုင်းမျှသာနေ၍ ၁၉၁၁ ခုနှစ်တွင် အင်္ဂလန်ဂျူးဝစ်ကောလိပ်၊ ၁၉၁၄ ခုနှစ်တွင် ကိန်းဘရစ်တက္ကသိုလ် ကွင်းန်ကောလိပ်၊ ၁၉၁၄ ခုနှစ်တွင် အိုင်ယာလန် ဒဗ္ဗလင်ထရီနတီကောလိပ်တို့တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် မက်စ်သစ်ထရစ်ပို စာမေးပွဲကိုလည်းကောင်း၊ ၁၉၁၇ ခုနှစ် အီကောနော်မစ်ထရစ်ပို စာမေးပွဲကိုလည်းကောင်း အောင်မြင်ခဲ့သည်။
၁၉၁၆ ခုနှစ်တွင် အင်္ဂလိပ်အက်ဆေး ပြိုင်ပွဲ၌ ဟူးစ်ပရိုက်ဆု ရရှိခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ကိန်းဘရစ်တက္ကသိုလ် ဘီအေဘွဲ့ (ဝိဇ္ဇာဘွဲ့)ကို သင်္ချာ၊ ဘောဂဗေဒ ဂုဏ်ထူးတို့ဖြင့် ရရှိခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် ဒဗ္ဗလင်ထရီနတီ ကောလိပ်မှ ဘီအေ (တီ၊စီ၊ဒီ)နှင့် အမ်အေ (မဟာဝိဇ္ဇာ) ဘွဲ့များ ရရှိသည်။ ထို့နောက် ၁၉၂၁ ခုနှစ်တွင် အင်္ဂလန်မစ်ဒယ်တန်ပယ်လ် ဥပဒေကျောင်းမှ ဘာရစ်စတာ (Barrister at Law) ဝတ်လုံဘွဲ့ ရရှိခဲ့သည်။ အင်္ဂလန်ပြည်တွင် ပညာသင်ကြားနေစဉ် အားကစားဘက်၌လည်း ထူးချွန်သည်။ ဒါးလ်ဝစ်ကောလိပ် (Dulwich college) ရတ်ဘီအားကစား လက်ရွေးစင် (ပတ်ဘလစ်စကူးလက်ဝှေ့ချန်ပီယံ)၊ ကိန်းဘရစ်တက္ကသိုလ် ရတ်ဘီအသင်း ခေါင်းဆောင်နှင့် လှေလှော်အသင်း ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။
၁၉၁၇ ခုနှစ်တွင် မြန်မာတိုင်းရင်းသားများထဲမှ အိန္ဒိိယစစ်တပ်ကော်မရှင် အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၁၉ ခုနှစ်တွင် မြန်မာတိုင်းရင်းသားများထဲမှ ပထမဆုံး အိန္ဒိယပဋိဉာဉ်ခံဝန်ထမ်း (I.C.S) အဖြစ် ရွေးချယ်ခံရသည်။ ၁၉၁၉ မှ ၁၉၂၁ အထိ အောက်စ်ဖို့ဒ် တက္ကသိုလ်၌ အလုပ်သင်အဖြစ် ပညာသင်ခဲ့သည်။ ၁၉၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသည်။ ၁၉၂၂ တွင် ပဲခူးတိုင်း ကမာဝဲ မှ ဦးဘိုးမင်း၏သမီး မသန်းတင် နှင့် လက်ထပ်ခဲ့သည်။
ယင်းနောက် ၁၉၂၂ ခုနှစ်တွင် ပဲခူးဝန်ထောက်၊ ၁၉၂၄ တွင် သစ်တောဌာန အတွင်းဝန်ထောက်၊ သစ်တောကော် မတီ အတွင်းရေးမှူး၊ ၁၉၂၅ တွင် ဘဏ္ဍာရေး အတွင်းဝန်ထောက်၊ ၁၉၂၆ တွင် အခွန်တော်နှင့် သဿမေဓစုံစမ်းရေးကော်မတီ အတွင်းရေးမှူး၊ ၁၉၂၇ တွင် သမဝါယမ တွဲဖက်ရီဇစ္စတြာဝန်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၂၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ ၁၉၃၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့အထိ အိန္ဒိယနိုင်ငံ ဒေလီမြို့နှင့် ဆင်းမလားမြို့တွင် အိန္ဒိယအစိုးရစက်မှုနှင့် အလုပ်သမားဌာန အတွင်းဝန်ထောက်၊ ဒုတိယအတွင်းဝန် တွဲဖက်အတွင်းဝန်အဖြစ် အမှုထမ်းခဲ့သည်။ ထိုမှတဖန် ၁၉၃၃ တွင် ပြည်အရေးပိုင်အဖြစ်လည်းကောင်း၊ ၁၉၃၅ တွင် အတွင်းဝန်များရုံး (နောင်ဝန်ကြီးများရုံး) ဘဏ္ဍာရေးဌာန ဒုတိယ အတွင်းဝန်အဖြစ်လည်းကောင်း ထမ်းရွက်ခဲ့သည်။ တဖက်မှလည်း ၁၉၃၉ မှ ၁၉၄၂ ခုနှစ်တိုင် ရန်ကုန်တက္ကသိုလ် ဒုတိယ အဓိပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၄၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် နန်းရင်းဝန် ဂဠုန်ဦးစော၏ အတွင်းဝန်အဖြစ် ဂဠုန်ဦးစောနှင့်အတူ မြန်မာ့လွတ်လပ်ရေး အရေးဆိုရန် အင်္ဂလန်ပြည်သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့သည်။ အောက်တိုဘာလ ၁၀ ရက်နေ့ လန်ဒန်မြို့သို့ ရောက်ရှိပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဗြိတိသျှနန်းရင်းဝန် ဆာဝင်စတန်ချာချီနှင့် ဦးစောတွေ့ဆုံ ဆွေးနွေးရာတွင် အတူတက်ရောက်ခဲ့သည်။ ချာချီနှင့် ဦးစောတို့ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မြန်မာ့အရေး နှင့်ပတ်သက်၍ ဗြိတိသျှတို့ဘက်မှ မည်သည့်ကတိကိုမှ မပေးခဲ့ချေ။ ချာချီ၏ တင်းမာသောသဘောထားနှင့် အခြားဗြိတိသျှ ခေါင်းဆောင်များ မရေမရာပြောဆိုမှုများသည် ဦးစောကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။
ဦးစောသည် ဗြိတိန်မှ အမေရိကန်ပြည်ထောင်စုသို့ဝင်၍ သမ္မတတဖရန်ကလင်ဒီရူးစဗဲ့အား ဝင်တွေ့ရာတွင်လည်း ဦးတင်ထွဋ်သည် အတူလိုက်ပါခဲ့ရသည်။ အမေရိကန်သမ္မတက ဗြိတိသျှကိုလိုနီနယ်တစ်ခု၏ အရေးအရာများတွင် ဝင်ရောက်စွက်ဖက်ရန် လက်တွန့်နေ သည့်သဘောထားကို သိရပြီးနောက် ဦးစောသည် ဦးတင်ထွဋ်အားချန်ထား၍ အမေရိကန်ရှိ ဂျပန်သံရုံးမှ ကောင်စစ်ဝန် အား တကိုယ်တော် ဝင်ရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဦးစောသည် အမေရိကန်မှအပြန် ပေါ်တူဂီနိုင်ငံ လစ်စကွန်မြို့ရှိ ဂျပန်သံရုံးမှ ကောင်စစ်ဝန်ကို တဦးတည်းတွေ့ဆုံခဲ့ပြန်သည်။ ဦးစောနှင့် ဂျပန်ကောင်စစ်ဝန်တို့ ပြောဆိုခဲ့သမျှ ဗြိတိသျှထောက်လှန်းရေးက ကြားဖြတ်ဖမ်းယူပြီး စကားဝှက်များဖော်ထုတ်၍ လန်ဒန်အစိုးရထံ ပြန်ပို့ခဲ့သည်။
ဦးစောနှင့် ဂျပန်ကောင်စစ်ဝန်တို့ ပြောဆိုချက်အကျဉ်းချုပ်မှာ ဂျပန်က မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်လျှင် မြန်မာတိုင်းရင်းသားတို့က ဗြိတိသျှတို့ကို ဂျပန်တို့နှင့်ပူးပေါင်း၍ ထကြွပုန်ကန်လိမ့်မည်။ ထို့ကြောင့် သူ့အနေဖြင့် ဂျပန်ကို တတ်နိုင်သမျှ အကူအညီပေးမည်ဟူ၍ ဖြစ်သည်။ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးက ဦးစောနှင့် ဦးတင်ထွဋ်နှစ်ဦးကို ဖမ်းရန် ဆုံးဖြတ်လိုက်ပြီး ဦးစောတို့စီးလာသောလေယာဉ် ပါလက်စတိုင်းပြည် (ယခုအစ္စရေးနိုင်ငံ) ဟိုင်ဖာမြို့သို့ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လေယာဉ်ဆင်းသည်နှင့် ဖမ်းဆီးထိန်းသိမ်းလိုက်လေသည်။ ထို့နောက် ဦးစောအား အာဖရိကတိုက် ယူဂန်ဒါနိုင်ငံသို့ ပို့လိုက်ပြီး ဦးစောသည် စစ်အတွင်းကာလတစ်လျှောက် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ အထိန်းသိမ်းခံခဲ့ရသည်။
ဦးတင်ထွဋ်ကိုမူ ဗြိတိသျှတို့က ပြန်လွှတ်ပေးပြီး ၁၉၄၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံမှ ဆုတ်ခွာလျှက် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့၌ ဖွဲ့စည်းထားသော ဆာဒေါ်မန်စမစ်၏ စစ်ပြေးအစိုးရအဖွဲ့၌ သွားရောက်ပူးပေါင်းစေသည်။ သို့ဖြင့် ဦးတင်ထွဋ်သည် ၁၉၄၂ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ မြန်မာပြည် စစ်ပြေးဆင်းမလားအစိုးရအဖွဲ့၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ အကြံပေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ အရှေ့တာင်အာရှဆိုင်ရာ မဟာမိတ်တပ်များ၏ စစ်သေနာပတိချုပ် လော့ဒ်လူဝီမောင့်ဘက်တန်နှင့် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံဆွေးနွေးရာတွင် စစ်ပြေးအစိုးရ အကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်လည်း တက်ရောက်ခဲ့သည်။
၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ ဘုရင်ခံဆာဒေါ်မန်စမစ်သည် မြန်မာပြည်အစိုးရ၏ အ ကြံပေးအရာရှိ ဦးတင်ထွဋ်ကို ဖဆပလအဖွဲ့ချုပ်သို့ စေလွှတ်ပြီး ဘုရင်ခံအမှုဆောင်ကောင်စီတွင် အဖွဲ့ဝင် ၁၅ ဦးအစား ၁၁ ဦးသာ ခန့်ထားမည်ဖြစ်ကြောင်း ပြောကြားစေသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က ဗြိတိသျှအစိုးရက ဦးတင်ထွဋ်အား Order of British Emperor (O.B.E) ချီး မြှင့်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် အိုင်စီအက်စ် ဝန်ထမ်းဘဝမှ နှုတ်ထွက်၍ The Burma Review ဂျာနယ်နှင့် New Time of Burma သတင်းစာကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။
ထို့နောက် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖဆပလအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဦး ဆောင်၍ ဘုရင်ခံအမှုဆောင်ကောင်စီ ဖွဲ့စည်းသောအခါ ဦးတင်ထွဋ်သည် ဘုရင်ခံခန့် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန၌ ဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဗြိတိ သျှအစိုးရနှင့် မြန်မာ့လွတ်လပ်ရေးကိစ္စဆွေးနွေးရန် သွားရောက်သောအခါ ဦးတင်ထွဋ်သည် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပင်လုံစာချုပ် ချုပ်ဆိုရေးအတွက် မြန်မာကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ သည်။ ထိုနှစ်မှာပင် တောင်တန်းဒေသ စုံစမ်းရေးကော်မတီ (Frontier Area Enquiry Committee)တွင် မြန်မာကိုယ်စား လှယ်အဖြစ် သခင်နု၊ ဗိုလ်ခင်မောင်ကလေး၊ ဦးကျော်ငြိမ်းတို့နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် ဟင်္သာတမြို့မှ ဝင်ရောက်ယှဉ် ပြိုင်ရာ အနိုင်ရရှိခဲ့သည်။ ၁၉၄၇ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေး ကော်မတီအဖွဲ့ဝင်၊ အခြေခံဥပဒေအချောကိုင် ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် လန်ဒန် မြန်မာပြည် ဆိုင်ရာ ကော်မရှင်နာမင်းကြီးအဖြစ် ဆောင်ရွက်သည်။
ထို့နောက် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ ဘုရင်ခံဆာဟူးဘတ်စ်ရန်၏ အမှုဆောင်ကောင်စီ (ဝန်ကြီးအဖွဲ့)၌ ဌာနလက်ကိုင်မရှိ ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် သခင်နု ဦး ဆောင်သော ကြားဖြတ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၁၉၄၈ သြဂုတ်လ နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်၍ ဗိုလ်မှူးချုပ်ရာထူးဖြင့် အရန်လက်နက်တပ်များ၏ စစ်ဦးစီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးတင်ထွဋ်ကဲ့သို့ ထိပ်တန်းနိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးအား စစ်တပ်၏မြင့်မားလှသော ရာထူးတစ်ခု ပေးအပ်ခံရခြင်းမှာ ထူးဆန်းကောင်း ထူးဆန်းပေလိမ့်မည်။ သို့သော် သူ့ဘဝသည် ငယ်စဉ်ကပင် စစ်မှုထမ်းဘဝက စတင်ခဲ့သည်။ ဦးတင်ထွဋ်သည် အင်ဒိုစစ်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး အိန္ဒိယပဋိဉာဉ်ခံဘဝသို့ ဝင်ရောက်ရန်အတွက် စစ်တပ်အရာရှိရာထူးကို စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရှိခဲ့ပြီး မကြာမီမှာပင် ပြည်တွင်းစစ်မီးတောက်နေချိန်တွင် စစ်မှုထမ်းဟောင်းများကို ရနိုင်သလောက် ပြန်လည်စုစည်း၍ ခိုင်မာသည့် ပြည်ထောင်စုအရံတပ်မတော် (Union Auxiliary Force) ဖွဲ့စည်းရေးတာဝန်ကို သူ့ဖာသာသူ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ သူသည် နိုင်ငံ တော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစောနှင့် နောက်လိုက်များကို စစ်ဆေးစီရင်နေသော တရားသူကြီး ဦးကျော်မြင့်၏ အစ်ကို လည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေခဲ့သည်။ ထို့အပြင် သူ့သတင်းစာတွင် အသုံးပြုရန်အတွက် ဂဠုန်ဦးစောအမှုကို ထိုအချိန်ကပင် ဦးတင်ထွဋ်သည် စူးစမ်းလေ့လာခဲ့သည်။ သူ၏ The New Times of Burma သတင်းစာ အယ်ဒီတာအဖွဲ့ဝင်များ အား ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံမှုနှင့် ပတ်သက်သမျှ သဲလွန်စများကို စုဆောင်းရန် စေခိုင်းခဲ့သည်။
ယင်းနောက် နယူးတိုင်းအော့ဖ်ဘားမား သတင်းစာတိုက်မှ အိမ်သို့အပြန် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက် နေ့ ည ၉း၃၀ နာရီတွင် လူသတ်သမားတစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်လုပ်ကြံမှုကြောင့် ကားရှေ့ခန်းတွင် ထိုင်နေသူ ဦးတင်ထွဋ်၏ခြေရင်းတွင် ကျရောက်ပေါက်ကွဲကာ နဖူး၊ ဘယ်ဘက်မေး၊ ဘယ်ဘက်ပေါင်၊ ဘယ်ဘက်ဒူး၊ ဘယ်ဘက်ခြေ မျက်စိ အပါအဝင် စုစုပေါင်း ဒဏ်ရာ ၈ ချက်ထိကာ မေ့မြောသွားခဲ့ရသည်။ ဦးတင်ထွဋ်နှင့်ယှဉ်ကာ ထိုင်နေသူဗမာ့ကိုယ်ရံတော်တပ်မှ အရာရှိတစ်ဦးနှင့် ယာဉ်မောင်းမောင်အေးဖေတို့မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ သို့သော်လည်း ကားနောက်မှ လိုက်ပါသူ ဂေါ်ရခါးကိုယ်ရံတော် သီဘဟာဒူးနှင့် ပီဘဟာဒူးတို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။
ဒဏ်ရာပြင်းထန်စွာရရှိ၍ မေ့မြောနေသော ဦးတင်ထွဋ်အား ဆေးရုံသို့ အမြန်တင်ပို့ခဲ့ကြသည်။ သို့သော် ဆရာဝန် များအားလုံးက အသက်လု ကုသသော်လည်း ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် ကွယ်လွန် သွားခဲ့သည်။ ယနေ့နှစ်ပေါင်း ၇၀ ကြာမြင့်ပြီဖြစ်သော်လည်း ဦးတင်ထွဋ်အား မည်သူမည်ဝါလုပ်ကြံခဲ့သည်ဟု ထွက်ပေါ်လာခြင်းမရှိခဲ့ပါချေ။
ဦးတင်ထွဋ်၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို အာဇာနည်ကုန်း (ယခုအညတရစစ်သည်ဗိမာန်နေရာ)၌ ဗိုလ်စိန်မှန်၊ ဗိုလ်ပီတာတို့နှင့်အတူ ယှဉ်လျက် ဂူသွင်းသြင်္ဂိုဟ်ထားသည်။ နဝတအစိုးရလက်ထက်တွင် အာဇာနည်ကုန်း၌ အညတရစစ်သည်ဗိမာန် တည်ဆောက်လိုက်သောအကြောင့် ဦးတင်ထွဋ်၏ အုတ်ဂူလည်း ဖျက်ဆီးခံလိုက်ရသည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်သန်းတင်နှင့် သမီး (၃)ဦး ကျန်ရစ်ခဲ့သည်။
သန်းဝင်းလှိုင်
မိုးမခဂျာနယ်
Discussion about this post