Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်လုပ်ကိုင်သူ

by Thutamm
July 25, 2019
Reading Time: 1min read
0
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်လုပ်ကိုင်သူ
Share on FacebookShare on Twitter

(၁၉၀၀)ပြည့်နှစ် ဝန်းကျင်ကပင် အိန္ဒိယ ရူပီးငွေ သိန်းတစ်ရာခန့် ရင်းနှီးမြှုပ်နှံထားသည့် “ဦးရဲကျော်သူ အင် ကုမ္ပဏီလီမီတက်” လုပ်ငန်းကို တည် ထောင်ခဲ့သူ၊ သူ့ခေတ်သူ့အခါက ရခိုင်ပြည်နယ်တွင် အချမ်းသာဆုံး လုပ်ငန်းရှင်၊ သူ့လက်နှင့် ထိသမျှ ငွေဖြစ်သည်ဟု တင်စားပြောခံရသူ၊ အိန္ဒိယအစိုးရကပင် ဖိတ်ကြား၍ သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ် ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။

ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လ ဝီရိယ တီထွင်ဉာဏ် နှင့် ပြည့်စုံ၍ လှေထိုးသားဘဝမှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘဝမမေ့ဘဲ လှေထိုးသားဘဝက အသုံးပြုခဲ့သည့် လှော်တက်ကို ရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊ ထူးခြားမှု တစ်ရပ် မှာ အများအကျိုးအတွက် နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာ လက်ဆွဲမီးအိမ်ကိုင် ကုလား တပည့်ကလေးနှင့် အတူ မြို့ ကိုလှည့်၍ “အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊ ရေထဲတွင် ငွေတွေ မျှောနေသည်၊ ဆယ်ယူကြလော့”ဟု ဆော်ဩလေ့ရှိသူ စသည့် ကောင်းသတင်း အဖုံဖုံနှင့် ပြည့်စုံသော စွန့်စားတီထွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

ဦးရဲကျော်သူကို ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပင်းဝါမြို့ အနီး ပဲတလီ ကျေးရွာ၌ ဖွားသည်။ အဖမှာ ရခိုင်တိုင်းရင်းသား ဦးဒိုးအောင်ကြွယ်ဖြစ်၍ ညီအစ်ကို ၄ ဦးတွင် တတိယ မြောက် ဖြစ်သည်။ အစ်ကို ရဲဘော်သွယ်၊ ရဲမြသွယ်နှင့် ညီမှာ ရဲအောင်ရှီ ဖြစ်သည်။အရွယ်ရောက်လျှင် ညီအစ်ကိုနှစ်ဦး မိမိတို့၏ဇာတိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အလုပ်ရှာရန် ပြန်လာ ကြသည်။ မကြာမီ အစ်ကိုဖြစ်သူမှာ မိဘများထံ ပြန်သွား၍ တစ်ဦးတည်း စစ်တွေ၌ ကြုံရာအလုပ်ကို လုပ် ကိုင်ခဲ့သည်။ ပထမဦးဆုံး စစ်တွေမြို့ ကန်ဒကာ သူဌေးကြီး ဦးသံခြွီ၏ ကုန်ရောင်းလှေတွင် လှေထိုးသား အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

အလုပ်ကို ရိုးရိုးသားသားနှင့် ကြိုးစားရုံမျှမက ဝီရိယရှိမှု အမြော်အမြင် ရှိမှုတို့ကြောင့် လှေထိုးသား မောင်ရဲကျော်သူကို သူဌေးကြီး ဦးသံခြွီက သမီးဖြစ်သူ မသံဒါဖြူ နှင့် လက်ထပ် ပေးခဲ့သည်။ လက်ထပ်ပွဲပြီးနောက် ရရှိသော မင်္ဂလာ လက်ဖွဲ့ ရတနာရွှေငွေများကို ယောက္ခမ၏ အလုပ်တွင် ရှယ်ယာ အဖြစ် ပြန်လည်အပ်နှံ၍ စီးပွားရေးကို ဇောက်ချလုပ်ကိုင်ခဲ့သည်။ သစ်လုပ်ငန်း၊ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) မှ ဆေးရွက် ရောင်းဝယ်ရေးလုပ်ငန်း၊ ပင်လယ်ကူး လှေသမ္ဗန်များမှ မြစ်သဲရှင်ဝယ်ယူမှု လုပ်ငန်း၊ စစ်တွေမြို့အနီး မြေရိုင်းများ ဝယ်ယူမြှုပ်နှံမှုလုပ်ငန်း၊ မြေငှားလုပ်ငန်း၊ ဆန်စပါး ရောင်းဝယ်ရေး၊ ဗျိုင်းတောင်၊ ဗျိုင်းမွှေး ရောင်းဝယ်ရေးလုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ရာ ထိုခေတ် ထို အခါက ရခိုင်ပြည်နယ် စစ်တွေမြို့၌ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည်။

ဦးရဲကျော်သူသည် အောက်ခြေမှ တက်လာသူ ဘဝနာခဲ့သူပီပီ ဆင်းရဲသား၊ တောင်သူ လယ်သမားများ အပေါ် စာနာမှုရှိသည်။ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းတွင် မိုးဘရားသား၊ စတီးဘရားသား၊ ဘလုတ် ဘရားသား စသည့် နိုင်ငံခြားကုမ္ပဏီများ၏ ဈေးနှိမ်မှုကို နည်းမျိုးစုံနှင့် ကာကွယ်၍ ရခိုင် တောင်သူလယ်သ မားများ မနစ်နာစေရန် စပါးဈေးကို ပိုမိုပေးခဲ့သည်။ ဦးရဲကျော်သူ၏ စီးပွားရေးလုပ်ငန်းများအနက် စစ်တွေ မြို့ ၌ ဖွင့်လှစ်ခဲ့သည့် “ဦးရဲကျော်သူ အင်ကုမ္ပဏီလီမီတက်” လုပ်ငန်းသည် အထင်ရှားဆုံးဖြစ်သည်။

ဤလုပ် ငန်းတွင် ကုမ္ပဏီရှယ်ယာ ပိုင်ဆိုင်သူများထံမှ အပ်ငွေနှင့် ထုတ်ငွေများကို ချက်လက်မှတ်စနစ် သုံး၍ ငွေချေး ခြင်း၊ ရွှေပေါင်၊ မြေပေါင်လက်ခံခြင်းတို့ကို ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဘဏ်လုပ် ငန်းပိုင်ရှင်ဟု သတ်မှတ်ကြသည်။ ထိုဘဏ်လုပ်ငန်းသည် ၁၉၁၀ ပြည့်နှစ် ဝန်းကျင်တွင် ရင်းနှီးမြှုပ်နှံမှု ရူပီး ငွေ သိန်းတစ်ရာကျော် ရှိသည်။ဦးရဲကျော်သူ ကွယ်လွန်ပြီးနောက် သတ္တမမြောက်သားဖြစ်သာ ဦးရွှေသာသည် ၁၉၂၄ ခုနှစ် ဝန်းကျင်တွင် တရားဝင်ဘဏ်အဖြစ် စနစ်တကျ တည်ထောင်၍ ဆောင်ရွက်ခဲ့သည်။ ယင်းဘဏ်မှ “မသံဒါဖြူ အင် ကုမ္ပဏီ လီမီတက်”ကို ခွဲခြား တည်ထောင်၍ အိမ်ငှားခ၊ မြေငှားခ ကောက်ခံသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ သည်။

ဦးရဲကျော်သူ၏အင်ကုမ္ပဏီလီမိတက်မှာ မြန်မာအမျိုးသားဘဏ်ဖြစ်ပြီး ဒုတိယဘဏ်မှာ ၁၉၂၆ ခုနှစ်တွင် မန္တလေးမြို့ ၌ဖွင့်လှစ်သော မြန်မာနိုင်ငံ ဗုဒ္ဓဘာသာမိဘမဲ့ကလေးများစောင့်ရှောက်ရေးအသင်းက တည်ထောင်သည့် ( ဘီဘီအိုအေ ) ဘဏ်ဖြစ်သည်။ထိုစဉ်က ချစ်တီးကုလားများပိုင်ဘဏ်များ မြို့ ရွာအနှံ့ရှိသော်လည်း စစ်တွေမြို့တွင် ဦးရဲကျော်သူ၏ဩဇာအာဏာကြောင့် ချစ်တီးကုလားများက စစ်တွေမြို့တွင် ဘဏ်များဖွင့်လှစ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မည်သည့်ဘဏ်မှ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါ။

ဦးရဲကျော်သူ၏ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းကြောင့် အိန္ဒိယအစိုးရက ဖိတ်ကြား၍ အိန္ဒိယ သူဌေးများကို ချီးမြှင့်သည့် သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။ ဗြိတိသျှ မြန်မာပြည် ကော်မရှင်နာ၏ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ရသည်။စီးပွားရေး အောင်မြင်လာသည်နှင့်အမျှ ဘုရားတည်၊ ကျောင်းဆောက် အလှူဒါနအမြောက်အမြား ပြုလုပ်ခဲ့ သည်။ အထင်ရှားဆုံးမှာ ကျောက်တော်ရှိ မဟာမုနိ ဘုရား သိမ်တန်ဆောင်းတော်ကြီး၊ ကြေးဆင်းတုတော် ကြီးတို့ ဖြစ်သည်။

ထိုစဉ်က ထင်ရှားသော လယ်တီဆရာတော်ကြီးကိုလည်း စစ်တွေမြို့သို့ပင့်၍ တရားပွဲများ ကျင်းပပေးခဲ့သည်။ လူမှုရေးအနေဖြင့် စစ်တွေ ဆေးရုံကြီး၌ အမျိုးသမီး သားဖွားဆောင် ကို ဆောက်လုပ် လှူ ဒါန်းခဲ့သည်။ ယခုအခါ သံကျောင်း (သို့) ဦးရဲကျော်သူကျောင်းဟု အမည်တွင်သော ဘုန်ကြီးကျောင်းကို သက်ရှိထင်ရှား ရှိစဉ်ကပင် ဆောက်လုပ်ရန် သစ်များဝယ်၍ စီစဉ်ခဲ့သည်။ နောင်အခါ ဖခင်ကို ရည်စူး၍ သားသမီးများက သံထည်များဖြင့် တည်ဆောက်ခဲ့သောကြောင့် သံကျောင်းဟု အမည်တွင်ခဲ့သည်။ ဦးရဲကျော်သူနှင့် ဒေါ်သံဒါဖြူတို့တွင် သားသမီး (၁၀)ဦး ထွန်းကားခဲ့သည်။

သား (၆) ဦးမှာ ဦးကျော်ဦး၊ ဦးချန်ထွန်း၊ ဦးစံကျော် ၊ ဦးရွှေဘန်း၊ ဦးသာဇံ ၊ ဦးရွှေသာ နှင့် သမီး (၄) ဦးမှာ ဒေါ်စံဝင်း၊ဒေါ်စံမြခိုင်၊ဒေါ်ရွှေခိုင်၊ဒေါ်ရွှင်ထီးမ တို့ဖြစ်ကြသည်။ ၎င်းတို့အနက် သား(၄)ယောက်မှာ ထင်ရှားသည်။ သားအကြီးဆုံး ဦးချန်ထွန်းမှာ အင်္ဂလန်တွင် ဥပဒေပညာသင်ကြားခဲ့ပြီး ဥပဒေနောက်ဆုံးနှစ်၌ ပထမတန်း မှ အောင်မြင်ခဲ့ကာ နောင်အခါ ထင်ရှားသော ဥပဒေပညာရှင်တစ်ဦး ဖြစ်လာသည်။ ဦးချန်ထွန်းကဲ့သို့ပင် သားများဖြစ်သော ဦးရွှေသာ၊ ဦးရွှေဘဲ၊ ဦးသာဇံ တို့ကိုလည်း အင်္ဂလန်သို့ စေလွှတ်၍ ဥပဒေပညာများ သင်ကြားစေခဲ့သည်။

ဦးရဲကျော်သူသည် အသက် ၇၇ နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ် နယုန်လပြည့်ကျော် (၁၃) ရက် အင်္ဂါနေ့ နံနက် (၈)နာရီတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီးများအတွက် အမွေအဖြစ် ရူပီး ငွေ သိန်း ၇၀ မျှ ကျန်ရစ်ခဲ့သည်။

မောင်ဇေယျာ ရေးသားသော မြန်မာလူကျော် ၁၀၀ (ပထမအုပ်)
အတွဲ ၁၊ အမှတ် ၆ ၊ သဇင်ပန်းခိုင်ဂျာနယ်
Myanmar Wikipedia

Tags: myanmar people
Next Post
ကမ္ဘာကျော်သွားခဲ့တဲ့ ဓာတ်ပုံတစ်ပုံ (သို့) ရင်နင့်ဖွယ် ဖြစ်ရပ်မှန်တစ်ခုအကြောင်း

ကမ္ဘာကျော်သွားခဲ့တဲ့ ဓာတ်ပုံတစ်ပုံ (သို့) ရင်နင့်ဖွယ် ဖြစ်ရပ်မှန်တစ်ခုအကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!