ရေးသားသူ – Wai Soe Thein ( ကိုဝေစိုးသိန်း )
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ့တစ်ဆယ်လေးနှစ်၊ ၁၉၀၄-ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့တွင် အထက်မြန်မာပြည် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဆိပ်ခွန်ကျေးရွာတွင် အဖ ဦးကံတော်၊ အမိ ဒေါ်အုပ်တို့မှ ဒုတိယ သားရတနာ ‘မောင်သွင်’ကို မွေးဖွားခဲ့သည်။
မောင်သွင်သည် အသက် ၁၂ နှစ်သားမှ စ၍ ရှင်သာမဏေဘောင်သို့ ဝင်ရောက်ခဲ့ပြီး အသက် ၂၀ ခန့်တွင် မြင့်မြတ်သော ရဟန်းဘဝကို ခံယူတော်မူသည်။ ဘွဲ့အမည် ‘အရှင် သောဘန’ဟု တွင်သည်။ ဥပဇ္ဈာယ်ဆရာတော် အရှင်အာဒိစ္စမထေရ်သည် ပါဠိစာပေအခြေခံဖြစ်စေရန် ဇာတ်ကြီးဆယ်ဘွဲ့ကို သင်စေရာတွင် ဉာဏ်ပညာထက်မြက်ခြင်းကို အကြောင်းပြု၍ မဟော်သဓာဇာတ်ပါဌ်အနက်ကို အထူးမကျက် ရတော့ဘဲ ဆရာ့အထံ၌ သင်ယူယင်းပင် နှုတ်တက်အာဂုမ်ရလျက်ရှိခဲ့ပါသည်။ ထို့အပြင် ဝိနည်းပါဠိတော်ကို အနက်ဖော်သင်ယူရာ၌လည်း သင်ယူယင်းပင် ထိုပါဠိတော်ကို အာဂုမ်နှုတ်တက်ရခဲ့ပါသည်။
၁၆-နှစ်အရွယ်တွင် ရှင်သောဘနသည် ဆရာမရှိဘဲ ဂဏန်းသင်္ချာစာအုပ်များကိုသာ ကြည့်ရှု၍ ဂဏန်းသင်္ချာ ကို တတ်မြောက်အောင် လေ့လာခဲ့ပါသည်။ ယင်းဂဏန်းသင်္ချာကို တတ်မြောက်ခဲ့သောကြောင့် နောင်ကာလ ဆန်းကျမ်းကို သင်ယူစဉ် ပတ္ထရာဖြန့်နည်း (အတန့်ပျောက်ရှာနည်း) စသည်တို့ကို လွယ်ကူစွာဖြင့် သဘောပေါက်ခဲ့ပါသည်။
၁၉-နှစ်အရွယ်တွင် ဆိပ်ခွန်ရွာ သူကြီးကျောင်း ဆရာတော် အရှင်ပရမမထေရ်မြတ်ထံ၌ နျာသကျမ်း မူလဋီကာကျမ်း စသော ကျမ်းကြီးများကို ဆိုဝါဖြင့် သင်ယူခဲ့ပါသည်။ ထိုကျမ်းတို့ကို သင်ယူသောအခါ စာအတူတက်ဖက် ရဟန်းတော်များက “နဿိယကို ကြည့်ထားသလား´´ဟု မေးယူရလောက်အောင်ပင် မြင်ပင်မမြင်ဘူးခဲ့ပါ။ ထို့အပြင် ရှင်သောဘနသည် သာမဏေဘဝကပင် အခြားသာမဏေများအား သဒ္ဒါသြင်္ဂိုဟ်စသော ကျမ်းများကို ပို့ချပေးနိုင်ခဲ့ပါသည်။
ထိုအရှင်မှာ နောင်အခါတွင် သီတင်းသုံးရာ ကျောင်းတိုက်ရှိ အလွန်ကြီးမားသော မင်္ဂလာစည်တော်ကြီးကို အကြောင်းပြုကာ ဌာနကို စွဲမှီ၍ ဖြစ်သော အမည်နာမတော်ဖြင့် ယနေ့တိုင် ကမ္ဘာအရပ်ရပ်သို့ ထင်ရှားကျော်ဇောနေသော “မဟာစည် ဆရာတော်ဘုရားကြီး” ဖြစ်ပါသည်။
မဟာစည်ဆရာတော်ဆရာတော်ကြီးနှင့် မင်းကွန်းတိပိဋကဆရာတော်ကြီးတို့သည် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်တွင် အမေးဆရာတော် ပုစ္ဆက နှင့် အဖြေ ဝိသဇ္ဇက ဆရာတော်အဖြစ် အသီးသီး တာဝန်ထမ်းရွက်တော် မူခဲ့သည်။
ဆဋ္ဌသင်္ဂါယနာတင်ရန် ကြံစည်ကြစဉ်က အဖြေဆရာတော်အတွက် မင်းကွန်းတိပိဋကဆရာတော်မှာ ပြိုင်စံရှားသူဖြစ်၍ ကန့်ကွက်မည့်သူ မရှိပေ။ သို့သော် မဟာစည်ဆရာတော်၏ ပရိယတ်အစွမ်းကို မသိနိုင်ကြသေးသော ဆရာတော်ကြီးအချို့မှာမူ မဟာစည်ဆရာတော်သည် အမေးပုစ္ဆကရာထူးအတွက် သင့်တော်ပါမည်လားဟု စိုးရိမ်တော်မူကြသည်။ နာယက ညောင်ရမ်းဆရာတော် ဘုရားကြီး၏ အားပေးထောက်ခံမှုကို အပြည့်အဝရထားသော်လည်း ကမ္မဋ္ဌာန်းဘုန်းကြီးလေးမျှသာဖြစ်သည့် မဟာစည်ဆရာတော်ကို စိတ်မချနိုင်ကြသော ဆရာတော်ကြီးအချို့သည် သင်္ဂါယနာတင်ခါနီး ရက်ပိုင်းအလိုမှ မဟာစည်ဆရာတော်ကို နောက်ဆုတ်ပေးရန် ဝိဇ္ဇာလင်္ကာရဆရာတော်မှ တဆင့် ညွှန်ကြားတော်မူကြသည်။
မဟာစည်ဆရာတော်က အသာတကြည်ပင် နောက်ဆုတ်ပေးရုံမျှမက မင်းကွန်းဆရာတော်နှင့် အစမ်းတိုက်ထားသော အမေးအဖြေ လျှောက်ထားပုံ စာရွက်နှင့် တိပ်ခွေများကိုပါ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆဋ္ဌသင်္ဂါယနာ မတင်ခင် ထေရဝါဒနိုင်ငံအသီးသီးရှိ ဆရာတော်ကြီးများထံ အဖွဲ့လိုက် သွားရောက်ဆွေးနွေးတိုင်ပင်စဉ်ကတည်းက အမေးပုစ္ဆကဆရာတော်အတွက် မဟာစည်ဆရာတော်ကို ရွေးချယ်ထားကြောင်း ကမ္ဘာက သိနှင့်ကြပြီ ဖြစ်သည်။ သို့သော်လည်း ဆရာတော်မှာ ဂုဏ်သိက္ခာနှင့် မာနကို မငဲ့ကွက်ဘဲ နိဝါတတရားဖြင့် အံ့ချီးဖွယ် နာခံလွယ်သော ရဟန်းမြတ် ဖြစ်ပေသည်။
ဆဋ္ဌသင်္ဂါယနာ စတင်သည့်နေ့တွင် အမေးပုစ္ဆကနေရာတွင် အစားထိုး ဆောင်ရွက်တော်မူသော ဆရာတော်ဘုရားကြီးသည် မင်းကွန်းဆရာတော်နှင့် ကြိုတင်ပြင်ဆင်ချိန် သိပ်မရ၍ပေလော၊ နှစ်နှင့်ချီကာ အပင်ပန်းခံ၊ အကုန်ကျခံ ပြင်ဆင်ထားခဲ့သော ဆဋ္ဌသင်္ဂါယနာသဘင်ကြီး၏ ပထမနေ့သည် သမ္မတကြီးနှင့် ဧည့်သည်တော်များ၊ နိုင်ငံတကာမှ ဆရာတော်ကြီးများရောက်ပြီး မိနစ်အနည်းငယ်အတွင်းမှာ အံ့အားသင့်ဖွယ် ပြီးဆုံးသွားရာ နိုင်ငံတော် ဝန်ကြီးချုပ်က ကမ္ဘာ့ပရိသတ်အလယ်တွင် များစွာ အရှက်ရပြီး ဆရာတော်များကို ကြီးကျယ်ခန်းနားသော ဆဋ္ဌသင်္ဂါယနာသဘင်ကြီးနှင့် လိုက်ဖက်အောင် အစီအစဉ်ဆွဲပါရန် လျှောက်ထားတောင်းပန်တော့သည်။
ထိုအခါမှ မဟာစည်ဆရာတော်ကို ပြန်၍ တာဝန်ပေးကြသည်။ မဟာစည်ဆရာတော်ကလည်း စိတ်ဆိုးစိတ်ကောက်ခြင်း အလျင်းကင်းလျက် အသာတကြည်ပင် ပြန်လည်လက်ခံပြီး ခမ်းနားကြီးကျယ်သော သင်္ဂါယနာနှင့် လိုက်ဖက်အောင် ကျရာတာဝန်ကို ဆောင်ရွက်ခဲ့သည်။ ဤနေရာတွင် ဒေါသ၊ မာန်မာနကြီးမားသူ ပုဂ္ဂိုလ်တစ်ဦးဆိုလျှင် ဤသို့ ရှုံ့ချည် နှပ်ချည် ကိစ္စမျိုးကို ဤမျှ လွယ်လွယ်ကူကူ သည်းခံနိုင်ကောင်းမှ သည်းခံပေမည်။
ညောင်ရမ်းဆရာတော်ဘုရားကြီး အရှင်ရေဝတက_
“သုဏာတု မေ ဘန္တေ သံဃော၊ မဟတီ အယံ ပရိသာ၊ ဧဝရူပါယ ပရိသာယ န သုကရာ သဗ္ဗသော ကထံ သာဝေတုံ၊ တသ္မာ အာယသ္မ တော စ သောဘနဿ သာသနာ့ရိပ်သာရာမာဓိဝါသိနော အာယသ္မ တော စ ဝိစိတ္တသာရာ ဘိဝံသဿ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဿ ဝိနယပုစ္ဆန ဘာရဉ္စ ဝိနယဝိဿဇ္ဇန ဘာရဉ္စ အာဝဟိတုံ သြကာသံ ဒမ္မိ၊ ကရောထ တုမှေ အာဝုသော ဆဋ္ဌသင်္ဂီတိ ပုဗ္ဗင်္ဂမာနိ ဝိနယပုစ္ဆန ဝိနယဝိဿဇ္ဇန ကိစ္စာနိ ယထာဓမ္မံ ယထာဝိနယံ…”
ဟု ခွင့်ပေးလိုက်သည်နှင့် မဟာစည်ဆရာတော်နှင့် မင်းကွန်း တိပိဋကဆရာတော်တို့သည် ဆဋ္ဌသင်္ဂါယနာ အမေးအဖြေကို သုတိသာယာစွာဖြင့် ခမ်းနားစွာ စတင်တော့သည်။ (တိပိဋက ယောဆရာတော်က သင်္ဂါယနာအမေးအဖြေကို နားထောင်ရတိုင်း ငါ၏ နားနှင့် ကိုယ် အရတော်ပေစွဟု ပီတိဖြစ်ရကြောင်း မိန့်ခဲ့ဖူးသည်)
သင်္ဂါယနာအမေးအဖြေတွင် အမေးဆရာတော်၏ အစွမ်းမှာ ထုတ်ဖော်ပြသခွင့်မသာဘဲ အဖြေဆရာတော်ဖြစ်သော မင်းကွန်းတိပိဋကဆရာတော်၏ မဟာ ဝိသိဋ္ဌအစွမ်းသည်သာလျှင် ထင်ရှားပေသည်။ မင်းကွန်းဆရာတော်သည် အဖြတ်အတောက်မှန်မှန်၊ အသံအနေအထား ပီပီသသဖြင့် မြင်းကောင်းကို အသားကျစီးသကဲ့သို့ ပိဋကတ်တော်များကို ပါဠိလို မေးက ပါဠိလို ဖြေပြီး၊ မြန်မာလိုမေးက မြန်မာလို ဖြေသည်။
အဋ္ဌကထာ သင်္ဂါယနာစိစစ်ခန်းတွင်မူ မဟာစည်ဆရာတော်သည် ရေနက်ရာတွင်မှ မြူးပျော်သော ဧရာမငါးကြီးတို့ကဲ့သို့ အဋ္ဌကထာတို့ကို သူ့ခေတ်နှင့် သူဟပ်ပြခြင်း၊ အသိခက် ဝိဝါဒကွဲစရာနေရာများ၌ ကျမ်းကိုးပြ၍ သက်ဝင်စေခြင်း၊ သမိုင်းသုတေသီတို့ အဆိုအမိန့်ကို ညှိနှိုင်းပြခြင်း၊ သမယန္တရဝါဒများကို ဖော်ထုတ်ခြင်း စသည်ဖြင့် ပညာရှင်များ ငေးလောက်သော အစွမ်းအစများ ပေါ်ထွက်လာတော့သည်။
သီဟိုဠ်မှ အရှင်အာနန္ဒမေတ္တယျ မထေရ်ကြီးက မေးသမျှ ပြဿနာအခက်အခဲတို့ကို မဟာစည်ဆရာတော်က တမုဟုတ်ချင်း ဖြေရှင်းပြနိုင်သည်ကို ကြုံရသဖြင့် မြန်မာနိုင်ငံတွင် ပိဋကတ်သုံးပုံ အာဂုမ်ဆောင် (၂) ပါးရှိသည်၊ မဟာစည်ဆရာတော်ကို ‘အဋ္ဌကထာ ဋီကာ ဓရ’ ဟု ဆိုချင်ပါသည်ဟု ဖော်ထုတ် ချီးကျူးခဲ့သည်။
မဟာစည်ဆရာတော်သည် ရန်ကုန်ဘုရားကြီးဆရာတော်၊ ဗားဂရာဆရာတော်၊ သီရိလင်္ကာအရှင် ဗုဒ္ဓဒတ္တနှင့် ဝိဇ္ဇာလင်္ကာရဆရာတော်တို့နှင့် အတူ ပိဋကတ်တော်များကို သုဓ်သင်ရသော သြသာနသောဓေယျ ပတ္ထပါဌက အဖွဲ့ဝင်ဖြစ်သည်။ (ယခု သံဃမဟာနာယက ဥက္ကဋ္ဌ) ဗန်းမော်ဆရာတော်လေးက ဆဋ္ဌမူတွင်ထည့်သွင်းရန် ပါဠိပုဒ်တစ်ပုဒ်ကို ကျမ်းညွှန်းရှာလိုသည့်အခါ ပိဋကတ်ပင်လယ်ထဲ အပ်ပျောက်သလို ဖြစ်ရတိုင်း မဟာစည် ဆရာတော်ထံ လျှောက်ထား မေးမြန်းလျှင် ခေတ္တခဏအတွင်း အဖြေပေါ်သည့်အတွက် အကြိမ်ကြိမ် ဦးချရှိခိုးသည်။ (နောင်တွင် ဗန်းမော်ဆရာတော်သည် မဟာစည် ဝိပဿနာရှုနည်းကျမ်းကို ပါဠိဘာသာသို့ ပြန်ဆိုရေးသားတော် မူခဲ့သည်။ ဝိပဿနာရှုနည်းကျမ်းကို အင်္ဂလိပ်ဘာသာသို့ ဦးမင်းကျော်က ဘာသာပြန်ပြီး ဒေါက်တာနန္ဒမာလာဘိဝံသက ထိုအင်္ဂလိပ်ဘာသာကို ဆိုလိုရင်း မလွဲရအောင် တည်းဖြတ်တော်မူသည်။)
ဤသို့သော အရည်အချင်းများကို သိသော ဝိဇ္ဇာလင်္ကာရဆရာတော်က ပိဋကတ်သုံးပုံကို အဆီအနှစ်ထုတ်ကာ ကျင့်စဉ်များကို အပြည့်အစုံဖော်ပြထားသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို မဟာစည်ဆရာတော် တစ်ပါးတည်း သုဓ်သင်ခွင့်ပေးခြင်းပင် ဖြစ်သည်။ သင်္ဂါယနာသမိုင်းတွင် ကျမ်းတစ်ကျမ်းကို တစ်ပါးတည်းသုဓ်သင်ခွင့်ရသည်မှာ မဟာစည်ဆရာတော်တစ်ပါးသာ ရှိသည်။
ထို့ပြင် အရှင်မဟာဗုဒ္ဓဃောသအပေါ် ပရဝါဒီတို့၏ စွပ်စွဲချက်ကို ဖြေရှင်းလျက်၊ ရာဇဝင် ပိဋကတ်တို့ကို စပ်ဟပ်ပြသော ဝိသုဒ္ဓိမဂ္ဂနိဒါနကထာ (ဝိသုဒ္ဓိမဂ် နိဒါန်း)ကို အလွန်အဆင့်အတန်းမြင့်သော ပါဠိ စုဏ္ဏိယ စကားပြေဖြင့် ရေးသားတော်မူသည်။ ထိုနိဒါန်းကို ရေးသားရန်တာဝန်ပေးအပ်စဉ်က အနီးစခန်းဆရာတော်၊ မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်နှင့် အရှင်သီလာနန္ဒာဘိဝံသ လေးပါးစလုံးကို အပ်ခြင်းဖြစ်သော်လည်း ကျန်ဆရာတော်များက မဟာစည်ဆရာတော်ကို တာဝန်လွှဲကြသဖြင့် တစ်ပါးတည်းသာ အပြီးအစီး ရေးသားတော်မူသည်။ ဆဋ္ဌသင်္ဂါယနာအဖွဲ့ကြီးက ဆရာတော်ရေးသားသော နိဒါန်းကို ပြင်ဆင်ပယ်ဖျက်ခြင်း မရှိဘဲ ခြွင်းချက်မဲ့လက်ခံကာ စာအုပ်ထုတ် ဖြန့်ဝေခဲ့သည်။
ကျေးဇူးရှင် မစိုးရိမ် ဆရာတော်ဘုရားကြီးကလည်း “မဟာစည်ဆရာတော်ဟာ တို့များထက် ဉာဏ်သာတယ်။ တို့များ မမြင်တဲ့ စာမှားပေမှားများကို မြင်အောင် ကြည့်နိုင်တယ်။ အရှင်အနုရုဒ္ဓါတို့၊ ဋီကာကျော်ဆရာတို့၊ အခြားကျမ်းဆရာတို့ မမြင်နိုင်တဲ့ အမှားများကိုတောင် မြင်အောင်ကြည့်နိုင်တယ်။ ဒီကရှေ့ မဟာစည်ဆရာတော်ထက် သာသူမပြောနဲ့၊ တန်းတူပုဂ္ဂိုလ်ကိုတောင် တွေ့ရဖို့ မလွယ်ဘူး” ဟု အားပါးတရ မိန့်မြွက်ပြီး ခေတ်ကာလအဆက်ဆက်တွင် ကျမ်းအိပ်ကြီးဖြစ်နေခဲ့သော ဝိသုဒ္ဓိမဂ်မဟာဋီကာကြီးကို နိဿယရေးရန် မဟာစည်ဆရာတော်ကို တိုက်တွန်းတော်မူသည်။ ထို့ပြင် ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့် မဟာဋီကာ၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် အဋ္ဌကထာ၊ မိလိန္ဒပဥှာပါဠိတော်တို့ကို မပြတ်ပို့ချရန် မဟာစည်ဆရာတော်ကို တာဝန်ပေးအပ်တော်မူသည်။
ဤတွင် သကျသီဟ ဓမ္မာစရိယအောင် ပါဠိတက္ကသိုလ်ကျောင်းအုပ် ဖြစ်သော ကျမ်းစာပေါင်းများစွာတို့ကို ရေးသားပြုစုနေသည့် ဆရာတော်ကြီးတစ်ပါးက ‘မဟာစည်ဆရာတော် မဟာဋီကာကြီးကို နိဿယ ပြီးအောင် ရေးနိုင်ပါ့မလား’ဟု အချင်းချင်း မေးမြန်းဖူးသည်ဆို၏။ ထိုဆရာတော်ကြီးသည် ပရိယတ်အစွမ်း အလွန်မြင့်မားပြီး ကိုယ်တိုင်လည်း ကျမ်းစာပေါင်းများစွာကို ပြုစုရေးသားနေသူဖြစ်သည့်အလျောက် ရှေးဟောင်း အိန္ဒိယ ဟိန္ဒူ ဒဿနပေါင်းများစွာ ပါဝင်နေသော မဟာဋီကာကြီး၏ အလွန်ခက်ခဲနက်နဲပုံကို ကောင်းစွာ သိနားလည်သူဖြစ်သည်။
မဟာစည်ဆရာတော်သည် သက္ကတကျမ်းများ၊ အင်္ဂလိပ်ဘာသာကျမ်းများ၊ ယိုးဒယားနှင့် သီရိလင်္ကာရှိ မူကွဲများကို အထပ်ထပ်အဖန်ဖန် စေ့ငုံသုံးသပ်လျက် ဤမျှ အခက်တကာ့အခက်တို့ဖြင့် ကျော်ကြားသော ဝိသုဒ္ဓိမဂ်မဟာဋီကာကြီးကို နိဿယ ရေးသားတော်မူသည်။ အများရှင်လူတို့ အကျိုးများစေရန် ဝိသုဒ္ဓိမဂ် အဋ္ဌကထာကိုပါ မြန်မာပြန်၍ စာအုပ်ထုတ်ဝေသည်။ ဤအချက်များကို ထောက်ဆလျှင် မဟာစည်ဆရာတော်၏ ဝိသုဒ္ဓိမဂ်ကို သက်ဝင်နိုင်စွမ်းမှာ ထိပ်ဆုံးအဆင့်မှာ ရှိကြောင်း သိသာနေပါပြီ။
ဤသို့ဖြင့် မဟာစည်ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာတွင် မိမိ၏ ပရိယတ်အရည်အသွေးကို ထင်ရှားစွာပြသတော်မူခဲ့သည်။ ဆရာတော်ကြီးတစ်ပါးထံမှ “မဟာစည်ဆရာတော်၏ ပရိယတ်အရည်အသွေးသည် ဆဋ္ဌသင်္ဂါယနာမတင်ခင်က အသင့်အတင့်သာ ဖြစ်ပြီး ဆဋ္ဌသင်္ဂါယနာတင်ပြီးမှ အလွန်မြင့်မားသွားသည်” ဟူသော ထင်မြင်ချက်ကို တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်သုမင်္ဂလာလင်္ကာရက တဆင့် ပြန်ဆွေးနွေးဖူးသည်။ ဆဋ္ဌသင်္ဂါယနာမတင်ခင်ကတည်းက မဟာစည်ဆရာတော်၏ ပရိယတ်အရည်အသွေးမြင့်မားကြောင်း သိချင်လျှင် “ဝိပဿနာရှုနည်းကျမ်း”ကို ကြည့်ပါဟု ချမ်းမြေ့ဆရာတော်က ဖြေရှင်းသက်သေထူခဲ့သည်။ ထိုကျမ်းကြီးကို ဖတ်ရှုပြီး သက်သေထူခဲ့သည့်အတိုင်း မှန်ကန်ပါပေစွဟု အရှင်သုမင်္ဂလာလင်္ကာရက အဖန်ဖန် ကြည်ညိုခဲ့ပြီး ပိဋကတ်တော်လာ သောဘနသုတ်တော်ဖြင့် ဆရာတော်ကြီးကို ပူဇော်ခဲ့သည်။
ဤသို့လျှင် မဟာစည်ဆရာတော်သည် ပရိယတ်အစွမ်းဖြင့် ဆဋ္ဌသင်္ဂါယနာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်တော်မူခဲ့သည်။ ဆရာတော်ရေးသားသော ကျမ်းစာများကို ဖတ်ရှုကြည့်လျှင် သိပ်သည်းကျစ်လျစ်စွာ ထောင့်စေ့အောင် ပြုစုရေးသားသည်ကို အတိုင်းသား သိမြင်နိုင်သည်။ ဝိပဿနာနည်းကို ပြသရာတွင်လည်း ပရိယတ်နှင့် အစဉ်ညီညွတ်သော သဘာဝအဓိပ္ပာယ် အံကျကိုက်ညီသော နည်းကိုသာ ပြသလေ့ရှိသည်။
သို့ပါသော်လည်း အချို့က မဟာစည်ဆရာတော်၏ ပရိယတ်အရည်အသွေးကို မသိမမြင်နိုင်ဘဲ “မိမိလည်း ကမ္မဋ္ဌာန်းဆရာ၊ မဟာစည်လည်း ကမ္မဋ္ဌာန်းဆရာ” ဟူသော မာန်မာနဖြင့် တန်းညှိကာ ဝေဖန်ပုတ်ခတ်ခဲ့ကြသည်။ ဆရာတော်ကြီး ထင်ရှားရှိစဉ်က ဝေဖန်ပုတ်ခတ်လာသူူတို့ကို အချက်ကျကျ ဓမ္မဓိဋ္ဌာန်ဖြင့် ဖြေရှင်းတော်မူခဲ့သော်လည်း ဆရာတော်ကြီးလွန်ပြီးမှ ဝေဖန်ပုတ်ခတ်လာသူတို့ကို မဖြေရှင်းသာတော့ပြီ။ ယနေ့ ပဋိပတ်လောကတွင် မဟာစည်ကို ကျမ်းစာကြီးငယ်ထုတ်ကာ ပုတ်ခတ်ပြီးမှ မိမိ၏ ဝါဒကို ပြသသော အစဉ်အလာ ဖြစ်နေခဲ့သည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။
မဟာစည်ဆရာတော်၏ ပရိယတ်အရည်အသွေးကို မဟာစည်ဆရာတော်ကဲ့သို့ ပရိယတ်အရည်အသွေးရှိသူကသာ အကုန်အစင် သိမြင်နိုင်ပေမည်။ အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော်ဘုရားကြီး ဦးရေဝတ၊ ဥက္ကဋ္ဌ မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးသူရိယာဘိဝံသ၊ သပြေကန်ဆရာတော် ဦးဝါသေဋ္ဌာဘိဝံသ၊ အနီးစခန်းဆရာတော် ဦးပဏ္ဍိတ၊ အောင်မြေဘုံစံဆရာတော် ဦးဉာနုတ္တရ၊ ဝိဇ္ဇာလင်္ကာရဆရာတော် ဦးဝိသုဒ္ဓါဘိဝံသ၊ ပခုက္ကူမဟာဝိသုတာရာမတိုက် ဆရာတော်ကြီးများ၊ မင်းကွန်းတိပိဋကဆရာတော် အစရှိသည့် အဋ္ဌကထာ ဋီကာနှင့်တကွ ပိဋကတ်သုံးပုံကျွမ်းကျင် နှံ့စပ်တော်မူသော ဥဇုဂုဏ်နှင့် ပြည့်စုံသည့် ဆရာမြတ်တို့ကသာ မဟာစည်ဆရာတော်၏ အရည်အသွေးကို သိမြင်လက်ခံနိုင်စွမ်းရှိကြသည်။ သိမြင်သည့်အတိုင်းလည်း ချီးကျူးလေးစား ကြသည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မဟာစည်ဆရာတော်၏ မြင့်မားသော ပရိယတ်အရည်အသွေးသည် မချွတ်ဧကန် အမှန်ရှိသော ဂုဏ်တစ်ပါး ဖြစ်သောကြောင့်ပင်တည်း။
မဟာစည်ဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ဆောင်ချက်များ
၁၃၁၃-ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ္တိဂုဏ်၊ ပဋိပတ္တိဂုဏ်ကျေးဇူးတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ဆရာတော်အား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ကို ဆက်ကပ်ပူဇော်ခဲ့ပါသည်။
၁၃၁၄-ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ ဆဋ္ဌသင်္ဂါယနာကိစ္စများကို စတင်ဆောင်ရွက်ခဲ့ကြပါသည်။ ဆဋ္ဌသင်္ဂါယနာကို ၁၃၁၆-ခုနှစ်မှ ၁၃၁၈-ခုနှစ်အထိ ပါဠိတော် သင်္ဂါယနာအဖြစ်ဖြင့်လည်းကောင်း၊ ၁၃၁၈-ခုနှစ်မှစ၍ အဋ္ဌကထာ, ဋီကာသင်္ဂါယနာ အဖြစ်ဖြင့်လည်းကောင်း ကျင်းပခဲ့ကြပါသည်။ မဟာစည်ဆရာတော်သည် ထိုသင်္ဂါယနာလုပ်ငန်းကြီးတွင် ၁၃၁၄-ခုနှစ်စ၍ ပဓာနကျသော နေရာများ၌ ပါဝင်ဆောင်ရွက် တော်မူ ခဲ့ပါသည်။ သင်္ဂါယနာတင်မည့် ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို ရိုက်နှိပ်ရာတွင် နောက်ဆုံးကြည့်ရှု သုတ်သင်ပြင်ဆင်ရသောတာဝန်ကို အခြားဆရာတော်များနှင့်အတူ ဆောင်ရွက်တော်မူခဲ့ပါသည်။
သင်္ဂါယနာ တင်ရာ၌ ထိုထိုသုတ်စသည်တို့ ဘုရားဟောအစစ်အမှန် ဟုတ်မဟုတ် မေးစိစစ်ရ၊ ဖြေရသည့်လုပ်ငန်းလည်း အရေးတကြီးပါဝင်ခဲ့ရာ ပထမသင်္ဂါယနာ တင်စဉ်က အရှင်မဟာကဿမထေရ်မြတ်ကြီးသည် မေးစိစစ်သော တာဝန်ကို တာဝန်ယူခဲ့ရပါသည်။ ထိုမထေရ်မြတ်ကြီးနည်းတူ မဟာစည်ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာ သဘင်ပွဲကြီး၌ မေးစိစစ်ရသောတာဝန်ကို ထမ်းဆောင်တော်မူခဲ့ရပါသည်။ ထို့နောက် အဋ္ဌကထာ၊ ဋီကာတို့ကို သင်္ဂါယနာတင်ရာ၌ စိစစ်လျှောက်ထားရသောတာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ အဋ္ဌကထာသင်္ဂါယနာ၌ မဟာစည်ဆရာတော်၏ စိစစ်လျှောက်ထားချက်တို့ကို နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က “သင်္ဂါယနာစိစစ် ခဏ်း” အမည်ဖြင့် စာအုပ်ရိုက်နှိပ်ဝေပြီး ဖြစ်ပါသည်။
မဟာစည်ဆရာတော်ဘုရားသည် ၁၃၁၁-ခုနှစ်၌ အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ဖြင့် ဝေဝေဆာဆာရှိလှသော မဟာသတိပဋ္ဌာနသုတ်နဿိယကို ရေးသားတော်မူခဲ့ပါသည်။ ဆဋ္ဌသင်္ဂါယနာတင်နေစဉ်အတွင်း ဝန်ဆောင် သံဃာအဖွဲ့၏ တာဝန်ပေးချက်အရ (ဆရာတော်သည် ဝန်ဆောင်သံဃာ့အဖွဲ့ဝင်လည်း ဖြစ်ပါသည်) ဝိသုဒ္ဓိမဂ် ကျမ်း၏ နိဒါန်းကျယ်ကြီးကို ပါဠိဘာသာဖြင့်ရေး၍ ဆဋ္ဌသင်္ဂါယနာဝန်ဆောင်သံဃာ့အဖွဲ့အား တင်ပြရာ ယင်းအဖွဲ့ကြီးက နှုတ်ပယ်ဖြည့်စွက်ခြင်းမရှိဘဲ လက်ခံအတည်ပြု၍ ထုတ်ဝေဖြန့်ချိစေခဲ့ပါသည်။ ဝိသုဒ္ဓိမဂ္ဂ နိဒါနကထာဟုခေါ်သော ထိုပါဠိနိဒါန်းကြီးကား မဟာစည်ဆရာတော်၏ ပါဠိအရေးအသား စွမ်းရည်နှင့် အထွေထွေဗဟုသုတကြွယ်ဝပုံကို ထင်ရှားစေသောကျမ်းဖြစ်ပြီး တိုင်းတစ်ပါးသား ပါဠိစာပေပညာရှင်တို့ကပင် ချီးကျူးအပ်သော ကျမ်းကြီးဖြစ်သည်ဟု သိရပါသည်။
၁၃၂၂-ခုနှစ်မှစ၍ မဟာစည်ဆရာတော်သည် ဝိသုဒ္ဓိမဂ်ကျမ်းကို ပို့ချယင်း ဝိသုဒ္ဓိမဂ် မဟာဋီကာ နဿိယကျမ်းကြီးကို ရေးသားပြုစုတော်မူခဲ့ပါသည်။ ဝိသုဒ္ဓိမဟာဋီကာကျမ်းကြီးကာ သမယ္တရဟုခေါ်သော ဟိန္ဒူဒဿနရေးရာများကို ထည့်သွင်းရည်ညွှန်းဝေဖန်ရေးသားထားသော ကျမ်းဖြစ်၍ အချို့နေရာတို့၌ အနက်သိရန်ပင် ခက်ခဲလှသော ဋီကာဖြစ်ပါသည်။ မဟာစည်ဆရာတော်သည် သက္ကတဘာသာ အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးသားထားသော သက်ဆိုင်ရာဖီလိုဆိုဖီခေါ် ဒဿနကျမ်းများကို ပိုင်နိုင်အောင် ကြည့်ရှုလေ့ လာပြီးမှ ဝိသုဒ္ဓိမဂ်မဟာဋီကာနဿိယကျမ်းကြီးကို ရေးသားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ထိုနဿိယကျမ်း ကြီးသည် စာမျက်နှာငါးရာခန့်ရှိ စာအုပ်ကြီး (၄)အုပ်ရှိသည်အထိ ကျယ်ဝန်းပါသည်။ ဝိသုဒ္ဓိမဂ်မြန်မာပြန် ကျမ်းကိုလည်း ဆရာတော်သည် ၁၃၂၃-ခုနှစ်မှစ၍ ရေးသားခဲ့ပါသည်။ ထိုကျမ်းလည်း စာမျက်နှာ ငါးရာကျော်ရှိ စာအုပ်ကြီး(၄)အုပ်အထိ ကျယ်ဝန်းပါသည်။
ထို့အပြင် မဟာစည်ဆရာတော် ဟောကြားပြုစုတော်မူသော ဝိပဿနာအခြေခံတရားတော်၊ အရိယာဝါတရားတော်၊ ပဋိစ္စသမုပ္ပါဒ်တရားတော်၊ ဓမ္မစကြာသုတ် တရားတော်၊ အနတ္တလက္ခဏသုတ်တရားတော် စသော ဝိပဿနာဆိုင်ရာ တရားတော်စာအုပ်ကိုလည်း ယခုအခါများစွာပင် ထွက်ပေါ်လျက်ရှိနေပါ သည်။
မဟာစည်ဆရာတော်ဘုရားသည် ထိုင်း၊ ကမ္ဘောဒီးယား၊ သီဟိုဠ်၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှားနိုင်ငံ တို့သို့ သာသနာရေးမစ်ရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ သာသနာပြုဆရာတော် အဖြစ်ဖြင့်လည်းကောင်း ကြွရောက်၍ သာသနာပြုတော်မူခဲ့ပါသည်။ အင်ဒိုနီးရှား သာသနာပြုအကြောင်း ဆရာတော်ရေးသား ထားသည့်“အင်ဒိုနီးရှားသာသနာပြုဆိုင်ရာ ခရီးသွားမှတ်တမ်း”လည်း ၁၃၂၁-ခုနှစ်က ပေါ်ထွက်ခဲ့ပါသည်။
ဆရာတော်ဘုရားကြီး ဟောကြားပြသတော်မူခဲ့သော သတိပဋ္ဌာန်ဝိပဿနာ ရှုမှတ်နည်းသည် အလွန်ပင် လွယ်ကူရှင်းလင်းခြင်း လျှင်မြန်စွာ တရားထူး ရရှိခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများသို့ ပြန့်နှံ့ကျော်ကြား လျက်ရှိပါသည်။ ထေရဝါဒနိုင်ငံများဖြစ်သော သီဟိုဠ်(သီရိလင်္ကာ)၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လောနိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများ၊ အင်္ဂလန်နိုင်ငံ အမေရိကန်နှင့် ဥရောပနိုင်ငံများသို့လည်း ပြန့်ပွားလျက် ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုမှတ်နည်းဖြင့် တရားရိပ်သာအမြောက်အများ ရှိနေပြီဖြစ်ပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးသည် သိန်းပေါင်းများစွာသော ပုဂ္ဂိုလ်တို့အား ဗုဒ္ဓ၏တရားအရသာများကို တိုက်ကျွေးတော်မူခဲ့သော ကျေးဇူးရှင်မထေရ်မြတ်ကြီးအဖြစ် မှတ်တမ်းတင်ထားသော ဆရာတော်ကြီး ဖြစ်ပါသည်။
ဤသို့လျှင် ကျမ်းဂန်အမျိုးမျိုးတို့ကို ရေးသားထားတော်မူခြင်း၊ ဆဋ္ဌသင်္ဂါယနာ၌ တစ်ရာကျော်ကျော်သော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို အဆုံးသတ်သုတ်သင် ပြင်ဆင်တော်မူခြင်း ဆဋ္ဌသင်္ဂါယနာ၌ ပုစ္ဆက(အမေး)ဆရာတော်၊ အဋ္ဌကထာစိစစ်ခဏ်း ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခြင်း သာသနာတော် သန့်ရှင်းပြန့်ပွားရေးအတွက် နိုင်ငံတော်ဩဝါဒါစရိယအဖြစ် ဆောင်ရွက်တော်မူခြင်းတို့ဖြင့် သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တော်မူခဲ့သော ကမ္ဘာအနှံ့ သတိပဋ္ဌာန်ဝိပဿနာ ပဋိပတ္တိ သာသနာပြု မထေရ်မြတ်ဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင် သောဘနမထေရ်မြတ်သည် သက်တော်(၇၈)နှစ်၊ သိက္ခာတော် (၅၈)ဝါအရ (၁၃-၈-၁၉၈၂)ခုနှစ်တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ စံလွန်တော်မူခဲ့ပါသည်။
(ဤစာစုဖြင့် ယနေ့ ၂၉ ရက်၊ ဇူလိုင်လ၊ ၂၀၁၈ ခုနှစ်တွင် သက်တော် တစ်ရာတစ်ဆယ့်လေးနှစ်-၁၁၄ ပြည့်ပြီဖြစ်သော မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ်ဂုဏ်ကို ရည်မှန်း ပူဇော်ပါသည်)
Wai Soe Thein ( ကိုဝေစိုးသိန်း )
စာကိုး။ ။
ထေရုပ္ပတ္တိအကျဉ်း ပထမပိုင်း (ဒေါက်တာသီလာနန္ဒာဘိဝံသ)
ထေရဝုတ္တန္တဝိလာသိနီ (ပ+ဒု) (ပခုက္ကူ အရှင်ကေလာသ)
မဟာစည် ရာပြည့်မော်ကွန်း
Discussion about this post