ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၂ ခုနှစ်က ဗြိတိန်နိုင်ငံမှ လေကြောင်း ဝါသနာရှင် အသက် ၆၂ နှစ်ရှိ ဒေးဗစ် ကန်းဒေးလ်ဆိုသူ က မြန်မာနိုင်ငံ၏ မြေအောက်တွင် ဒုတိယကမ္ဘာစစ်အတွင်းက မြေမြှုပ်ဝှက်သိုထားခဲ့သည့် စပစ်ဖိုင်းယား လေယာဉ် အစီး ၁၄၀ ရှိနေကြောင်း ထုတ် ဖော်ပြောကြားခဲ့ရာ ကမ္ဘာအဝန်း သတင်းဦးသတင်းထူးဖြစ်သွားခဲ့သည်။ယိုလေယာဉ်များကို တောင်ပံများ နောက်ပိုင်းသို့ ခေါက်ကာ သေတ္တာများအတွင်းထည့်သွင်းထားခဲ့ပြီး သိုဝှက်ထားခဲ့ရာ စပစ်ဖိုင်းယားလေယာဉ်များသည် ယခုတိုင် သေတ္တာများထဲတွင်ရှိနေသေးကြောင်း၊ စစ်အတွင်းက မဟာမိတ်တပ်ဖွဲ့များသည် ၁၉၄၅ ခုနှစ်တွင် စစ်ကြီးပြီးဆုံးပြီးနောက် ထိုလေယာဉ်များ ဂျပန်များလက်သို့ ကျရောက်မသွားစေရန် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် မြေမြှုပ်ထားခဲ့ကြောင်း၊ ပြောခဲ့ရာ တစ်ကမ္ဘာလုံးနီးပါး စိတ်ဝင်စားခဲ့ကြသည်။
ယင်းစပစ်ဖိုင်းယားများသည် ဗြိတိသျှတို့၏ နှလုံးသားဝယ် ယနေ့တိုင်စွဲထင်ကျန်နေခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံသည် ဗြီတိသျှ စစ်မြေပြင်ဟု ထင်ရှားခဲ့သည့် နာဇီတို့၏ လေးလကြာ လေကြောင်းတိုက်ခိုက်မှုများကို အပြီးသတ်နိုင်ရန် စပစ်ဖိုင်းယားများကို အသုံးပြုခဲ့သည်။
ဒေးဗစ် ကန်းဒေးလ် နှင့် စပစ်ဖိုင်းယား
ဒေးဗစ်ကန်းဒေးလ်သည် စပစ်ဖိုင်းယားများ ပြန်လည်ဖော်ထုတ်နိုင်ရန် ၁၅ နှစ်ကြာကာလအတွင်းမြန်မာနိုင်ငံသို့ အကြိမ် များစွာ သွားရောက်ခဲ့ပြီး ငွေကြေး ပေါင် ၁၃၅၀၀၀ ကျော်သုံးစွဲခဲ့သည်။မြန်မာနိုင်ငံအတွင်းတည်ရှိနေသည့် ယင်းလေယာဉ် များမြှုပ် ထားသည့်နေရာ ကို ရှာဖွေခဲ့ရာ တိကျသော နေရာ သုံးနေရာကို တွေ့ရှိထားကြောင်း ကြေညာခဲ့သည်။ ယင်းသတင်းကြောင့် သတင်းမီဒီယာများပင် အရူးအမူးဖြစ်လာခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်းမရွန်းကိုယ်တိုင် စိတ်ဝင်စားလာခဲ့ကာ စပစ်ဖိုင်းယားလေယာဉ်များ တွေ့ရှိခဲ့ပါက ဗြိတိန်နိုင်ငံသို့ လွှဲပြောင်းပေးနိုင်င်ရန် မြန်မာနိုင်ငံအစိုးရနှင့် ညှိနှိုင်း ခဲ့သည်။
စပစ်ဖိုင်းယားများကို လုံခြုံစိတ်ချရသည့် နေရာတွင် သိုဝှက်ထားသည်ဟု ယုံကြည်ထားသည့် ဒေးဗစ် ကန်းဒေးလ်၏ လေ ယာဉ်များ ရှာဖွေရေး လုပ်ငန်းသို့ ဘယ်လာရုစ် ဗိဒီယိုဂိမ်း ကုမ္ပဏီ တစ်ခုဖြစ်သည့် ဝါးဂိမ်းမင်း (Wargaming)က ပေါင် တစ်သန်း ထည့်ဝင်ခဲ့သည်။ ကောင်းမွန်သေးသည့် စပစ်ဖိုင်းယားတစ်စီးကိုရလျှင် ပေါင် နှစ်သန်းခွဲ အထိရရှိမည်ဖြစ်သဖြင့် ငွေကြေးပမာဏသည် အလွန်များပြားခဲ့သည်။ ဒေးဗစ်ကန်းဒေးလ် နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည်ပေါင် သန်းပေါင်း ၃၅၀ ရရှိကြမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုကဲ့သို့ အနေအထားတွင် ကမ္ဘာ့နိုင်ငံများက ဒေးဗစ် ကန်းဒေးလ် အား အာရုံကျလာခဲ့သည်။
စပစ်ဖိုင်းယား ဟူသည်
စပစ်ဖိုင်းယားသည် ဗြိတိန်နိုင်ငံမှ ထုတ်လုပ်ခဲ့သည့် တစ်ယောက်စီး တိုက်လေယာဉ်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် စစ်အတွင်းက ဗြိတိသျှ တော်ဝင် လေတပ်မတော်နှင့် မဟာမိတ်နိုင်ငံများက အသုံးပြုခဲ့ကြသည်။စပစ်ဖိုင်းယားများကို ပုံစံကွဲများစွာ ဖြင့် တောင်ပံမျိုးစုံ တပ်ဆင်ကာအခြားလေယာဉ်များထက် အရေအတွက်များစွာ ပိုမို ထုတ်လုပ်ခဲ့သည်။စစ်အတွင်းက တိုက်လေ ယာဉ် များအဖြစ် အဆက်မပြတ် ထုတ်လုပ်ခဲ့သည်။စပစ်ဖိုင်းယားများသည် အလွန် လူကြိုက်များခဲ့ကာ အများဆုံး ၅၃ စီးသာရှိတော့ မည်ဟု ခန့်မှန်းကြပြီး အများစုကိုလေကြောင်းဆိုင်ရာ ပြတိုက်များတွင်ပြသထားသည်။
ယင်းတိုက်လေယာဉ်များကို စွမ်းဆောင်ရည်မြင့်သည့် တာတို ကြားဖြတ်တိုက်လေယာဉ်များအဖြစ် လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်း(SAW)မှ ဒီဇိုင်းမှူးချုပ် အာဂျေမစ်ရှဲလ်က ပုံစံထုတ်ခဲ့သည်။ကြားဖြတ်တိုက်လေယာဉ်ဖြစ်သောကြောင့် ယောဉ်တောင်ပံများ ကို ဘဲဥပုံ အီလစ်ကွေး ကွေးထားသည်။ ဖြစ်နိုင်သမျှသော အပါးလွှာဆုံးပြုလုပ်ထားသည့် လေယာဉ်တောင်ပံများသည် အခြားသော တိုက်လေယာဉ်များထက် ပိုမိုလျင်မြန်စွာပျံသန်းနိုင်သည်။မစ်ရှဲလ်သည် သူကွယ်လွန်သည့် ၁၉၃၇ ခုနှစ်အထိ လေယာဉ်ဒီဇိုင်းများကို ထပ်ခါထပ်ခါ မွမ်းမံခဲ့သည်။
၁၉၄၀ ပြည့်နှစ် ဇူလိုင်လမှ အောက်တိုဘာလ လေးလအတွင်းဖြစ်ပွားခဲ့သည့် ဗြိတိသျှ တိုက်ပွဲတွင်စပစ်ဖိုင်းယား လေယာဉ် များကို တိုက်လေယာဉ်များအဖြစ် ပြည်သူများက သတိပြုမိခဲ့သည်။စပစ်ဖိုင်းယားများသည် ရန်သူကို တစ်စတစ်စအားလျော့လာစေ ကာ အောင်မြင်မှုအချိုးက ဆုံးရှုံးမှု အချိုးထက် သာလွန်ကာယခင်ကသုံးနေသည့် ဟာရီကိန်းတိုက်လေယာဉ်ကြီးများထက်သာလွန်ခဲ့ သည်။ဗြိတိသျှ တိုက်ပွဲအပြီးတွင် စမစ်ဖိုင်းယားများသည် ဟာရီကိန်းလေယာဉ်များကိုကျော်လွန်လျက် ဗြိတိန် ဘုရင့် လေတပ်မ တော် ၏ အမာခံ အင်အားစုများဖြစ်လာခဲ့သည်။
စွမ်းရည်မြင့် စပစ်ဖိုင်းယား
စပစ်ဖိုင်းယား၏ စွမ်းရည်များကို ဥရောပ၊ မြေထဲပင်လယ်၊ပစိဖိတ်နှင့် အရှေ့တောင်အာရှ စစ်မြေပြင်များတွင် မြင်တွေ့ကြ ရသည်။ကြားဖြတ်တိုက်ခိုက်မှုများအပြင် ရေဒီယို ထောက်လှမ်းမှု၊ဗုံးကြဲတိုက်ခိုက်မှုများအပြင် စပစ်ဖိုင်းယားများကို သင်ကြားရေး လေယာဉ် များအဖြစ်လည်း အသုံးပြုနိုင်သည်။ထို့ကြေင့် စပစ်ဖိုင်းယားများကို ၁၉၅၀ ပြည့်နှစ်အထိ တွင်ကျယ်စွာ အသုံးပြုခဲ့သည်။
စပစ်ဖိုင်ယား၏ မူလကိုယ်ထည် စွမ်းအားများ ရိုးရွိုက်စ်မာလင် ကုမ္ပဏီမှ ထုတ်လုပ်သော မြင်းကောင်ရေ ၁၀၃၀ ရှိခဲ့ပြီး ထပ်မံ တိုးမြင့်လာသည့် အင်ဂျင်စွမ်းအားများအတွက် လေယာဉ်ကိုယ်ထည်က တောင့်တင်းခိုင်မာပြီးဖြစ်သည်အတွက် ရိုးရွိုက်စ် မာလင်သည် မြင်းကောင်ရေ ၂၃၄၀ ရှိသည့် အင်ဂျင်များကို စပစ်ဖိုင်းယားတွင် ထပ်ဆင်ပေးခဲ့သည်။ယင်းသို့ အင်ဂျင်ပါဝါ မြှင့်တင် ပေးနိုင်ခဲ့သဖြင့် ဟပစ်ဖိုင်းယားများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေးသည် များစွာတိုးတာ်လာခဲ့ပေသည်။
စပစ်ဖိုင်းယား LF Mk IX, MH434 သည်၁၉၃၈ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သော လေယာဉ်များအနက် တစ်စီးဖြစ်ပြီး ၁၉၃၆ ခုနှစ်၊ မတ်လ ၅ ရက်တွင် ပထမဆုံးစမ်းသပ်ပျံသန်းခဲ့ကာ ၁၉၃၈ ခုနှစ် သြဂုတ်လ ၄ ရက်မှ စတင်၍ ဘုရင့် လေတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် တိုက်လေယာဉ်အဖြစ်မှ အနားယူခဲ့ပြီး ၁၉၄၃ ခုနှစ်တွင် ဘုရင့် လေတပ်မတော် ၂၂၂ တပ်ဖွဲ့တွင် တာဝန်ထမ်းတောင်စဉ် FW 190 လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။ယင်းလေယာဉ် အမျိုးအစား ကို ထိုစဉ်က ထုတ်လုပ်စရိတ် ၁၂၆၀၄ ပေါင် ဖြင့် ထုတ်လုပ်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် အက်စ်တိုးနီးယား နိုင်ငံက ၁၂ စီး မှာကြားခဲ့ သည်။
မြန်မာ့မြေတွင်ရှာကြပြီ
ဒေးဗစ်ကန်းဒေးလ် နှင့် လေယာဉ်များရှာဖွေရေးအဖွဲ့တစ်ဖွဲ့ သည် သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိခဲ့ပြီးနောက် ရန်ကုန်မြို့ မင်္ဂလာဒုံ လေယာဉ်ကွင်းအနီးတွင် စပစ်ဖိုင်းယားများရှာဖွေရန် ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ဒေးဗစ်ကန်းဒေးလ်က မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် စပစ်ဖိုင်းယား ၃၆ စီးရှိနေသည်ဟု ယုံကြည်ထားခဲ့သည်။ မြန်မာနိုင်ငံက စပစ် ဖိုင်းယားများတူးဖော်ခွင့် ကို အချိန်ကာလ နှစ်နှစ်ခွင့်ပြုထားခဲ့သဖြင့် ဒေးဗစ်ကန်းဒေးလ်နှင့် အဖွဲ့သည် သတ်မှတ်ကာလအတွင်း ပြီးစီး ရန် ပြိုင်ပွဲ တစ်ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့သကဲ့သို့ အချိန်ကို လုခဲ့ကြရပေသည်။
ဒေးဗစ်ကန်းဒေးလ် နှင့် အဖွဲ့သည် ဒုတိယ ကမ္ဘာစစ်အတွင်းက ကျန်ရှိခဲ့သည့် အလာအလာကောင်းသည့် ရွှေတွင်းကြီးနှင့် တူသော စပစ်ဖိုင်ယားများကို မနားတမ်းရှာဖွေခဲ့ကြသည်။ ငါးလအကြာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ရှာဖွေရေး လုပ်ငန်းခွင်မှ သေတ္တာ ဟောင်းကြီးတစ်ခုကို တွေ့ရှိခဲ့ကြရသည်။ သို့သော်လည်း ကံမကောင်းလှစွာပင် သေတ္တာအတွင်းမှ ရွှံ့ရေများနှင့် စည်းရိုး ဟောင်းများကိုသာ တွေ့ရှိခဲ့ရသည်။၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေးဗစ်ကန်းဒေးလ်နှင့် အဖွဲ့သည် စပစ်ဖိုင်းယားရှာဖွေရေး လုပ်ငန်းများကို စွန့်လွှတ်ခဲ့ကြသည်။
အချို့က နှစ် ၇၀ ကျော်ကြာမြင့်ခဲ့သည့် ကောလဟလ တစ်ခုသည် မည်သည့် အကျိုးအမြတ် တစ်ခုမှ ရနိုင်မည်မဟုတ်နိုင်ကြောင်း ပြောဆိုခဲ့ကြသည်။ စပစ်ဖိုင်းယားရှာဖွေရေး အဖွဲ့သည် ယင်းတို့ကို ထောက်ပံ့နေသူများ၏ ပြန်ခေါ်နေမှုနှင့် ဒေသ အာဏာပိုင်များ၏ လေဆိပ်အနီးဝန်းကျင်အား ထိခိုက်မှုများရှိကြောင်း သတိပေးချက်များကြောင့် ဗြိတိန် နိုင်ငံ သို့ ပြန်သွားခဲ့ကြသည်။ သို့သော် ဒေးဗစ်ကန်းဒေးလ်သည် အားလျှော့ခြင်းမပြုခဲ့ပါချေ။ စာချုပ်သက်တမ်းမပြည့်မီ ခုနစ်လ အလိုတွင်စပစ်ဖိုင်းယားများရှာဖွေရန် ဒုတိယ အကြိမ် အခွင့်အရေးရခဲ့သော်လည်း မိုးရာသီ ဖြစ်နေသဖြင့် ရှာဖွေရေး လုပ်ငန်းများ တိုးတက်မှု မရှိဘဲ အောက်တိုဘာလတွင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး ဒေးဗစ်ကန်း ဒေးလ် နှင့်အဖွဲ့သည် အိမ်ပြန်ခဲ့ရသည်။
မည်သူက မြှုပ်ထားခဲ့သနည်း
၂၀၁၂ နှောင်းပိုင်း နှင့် ၂၀၁၃ ခုနှစ်များတွင် ဒုတိယ ကမ္ဘာစစ် အပြီးတွင် စပစ်ဖိုင်းယားများကို မြန်မာ့မြေတွင် မြှုပ်နှံခဲ့ ကြောင်း စာနယ်ဇင်းများက ကျယ်ကျယ်ပြန့်ပြန့်ပြောခဲ့ကြသည်။ခန့်မှန်းပြောဆိုမှုများအရ မြန်မာနိုင်ငံရှိ လေဆိပ် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော နေရာများတွင် စပစ်ဖိုင်းယား အစီး ၆၀ အထိရှိနိုင်ကြောင်း ယူဆထားကြသည်။ လေကြောင်း ဆိုင်ရာ ရှေးဟောင်းသုတေသန ပညာရှင် ဂျင်မ်ပီးယားစ်အား မြန်မာနိုင်ငံတွင် စပစ်ဖိုင်းယားများ သိုဝှက် ခဲ့သည်ကို အသေးစိတ်သိသူများရှိကြောင်း အမေရိကန် စစ်ပြန်များက ပြောပြခဲ့သည် ဟုဆိုသည်။
ထိုအကြောင်းများကို ဂျင်ပီးယားစ်က လင်ကွန်းရှိုင်းယားတွင်နေ ထိုင်လျက်ရှိသည့် သူ၏ မိတ်ဆွေ ဒေးဗစ်ကန်းဒေးလ် အား ပြန်ပြောင်းပြောပြ မိရာမှ ဒေးဗစ်ကန်းဒေးလ် သည် များစွာ စိတ်ဝင်စားခဲ့ကာ ၁၆ နှစ် အတွင်း မြန်မာနိုင်ငံသို့ ၁၂ ကြိမ် လာရောက်ခဲ့သည်။ ဒေးဗစ်ကန်းဒေးလ်သည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့သကဲ့သို့ လေယာဉ်များ သိုဝှက်မြှုပ်နှံထားသည့် နေရာကို သိရှိ ဖော်ထုတ်နိုင် မည်ဟု မျှော် လင့်ခဲ့သည်။ မျက်မှောက်ခေတ်တွင် စပစ်ဖိုင်းယားများသည် အလွန်ရှားပါးနေပြီဖြစ်ပြီး မြင်ရ ကြားရသူတိုင်းများ များစွာ စိတ်ဝင်စားမှု ဖြစ်စေသည်။
ဂရစ်ဖွန် အင်ဂျင်တပ်ဆင်ထားသည့် စပစ်ဖိုင်းယား Mk XlV များ တင်ဆောင်လာသည့် သင်္ဘောသည်မြန်မာနိုင်ငံသို့ ၁၉၄၅ ခုနှစ် ၊ သြဂုတ်လအတွင်းရောက် ရှိခဲ့သည်ဟု ဆိုသည်။ယင်းလေယာဉ်များသည် စစ်မြေပြင်တွင်သုံးမည့် အရေအတွက်ထက် များစွာပိုနေခဲ့သည်။ ထိုအချိန်သည် စစ်ပွဲကြီးပြီးဆုံးလုနီး အချိန်ဖြစ်သည်။ထို့ကြောင့် စပစ်ဖိုင်းယားများကို မလိုအပ်သူများလက်သို့ မရောက်ရှိစေလိုသဖြင့် ယင်းလေယာဉ်များကို မြှုပ်နှံခဲ့သည်ဟု ဆိုကြသည်။
လေယာဉ်များသည် အသစ်များ ဖြစ်ကြသဖြင့် ယင်းတို့ကို မပျက်စီးစေရန် ဖယောင်းရည်များ သုတ်လိမ်းလျက် ဆီစိမ် စက္ကူ များဖြင့် ပတ်၍ သယ်ယူပို့ဆောင်ရေး သေတ္တာများအတွင်းထည့်သွင်းမြှုပ်နှံထားသည်ဟုယူဆထားကြသည်။၁၉၄၅ ခုနှစ်တွင် အမေရိကန်က ဂျပန်နိုင်ငံအပေါ်အနုမြူဗုံး မကြဲချမီ နှစ်ပတ်အလိုတွင် စပစ်ဖိုင်းယား ၁၂စီး မြှုပ်နှံခဲ့သည်ဟုလည်း ထင်မြင်ထားကြ သည်။ တစ်နေရာတည်းတွင် စပစ်ဖိုင်းယား ၃၆ စီး၊ အခြားနေရာ နှစ်ခုတွင် ၁၈ စီးနှင့် ခြောက်စီး၊ စုစုပေါင်း အစီးရေ ၆၀ ရှိကြောင်း သုံးသပ်ကြပြန်သည်။
သို့သော် တရားဝင် စစ်အတွင်းအစီရင်ခံစာများတွင် အဆိုပါ စပစ်ဖိုင်းယားများသိုဝှက်ထားခဲ့မှုကို ရေးသားဖော်ပြထားခဲ့ခြင်း မရှိခဲ့ပါချေ။ ဘုရင့်လေတပ်မတော်၏ မှတ်တမ်းတစ်ခုတွင် စပစ်ဖိုင်းယား အစီး ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း၊အပျက်အစီး အစိတ် အပိုင်းများကို ဒေသခံပြည်သူများအား ပေးခဲ့ကြောင်းဖော်ပြထားသည်။ ဝါဂိမ်းမင်း(Wargamining) မော်ကွန်းသုတေသန မှတ်တမ်း များက ၁၉၄၅ ခုနှစ်နှင့် ၁၉၄၆ ခုနှစ်အတွင်း စပစ်ဖိုင်းယား ၃၇ စီးပေးပို့ခဲ့ကြောင်းဖော်ပြထားသည်။မည်သူက ထိုလေယာဉ်များ မြှုပ်နှံခဲ့သည် ဆိုသည့် အချက်သည် ပဟေဠိ တစ်ခုဖြစ်နေပေသည်။
ဒေးဗစ် ကန်းဒေးလ် ၏ ကြိုးပမ်းမှု
ဒေးဗစ် ကန်းဒေးလ်သည် မဂ္ဂဇင်းကြော်ငြာများမှတစ်ဆင့် စပစ်ဖိုင်းယားများ မြှုပ်နှံမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူများကို ခြေရာ ခံခဲ့သည်။သတင်းများကို ရနိုင်သ၍ စုဆောင်းခဲ့သည်။မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် လည်း ခင်မင်စွာ မိတ်ဖွဲ့ဆက်ဆံခဲ့သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် လန်ဒန်မြို့ရှိ ဘုရင့်စစ်သမိုင်းပြတိုက်တွင် စပစ်ဖိုင်းယားများမြှုပ်ထားသည့် နေရာ အနည်းဆုံးတစ်ခုကို တွေ့ရှိထားကြောင်း သတင်းများထွက်ခဲ့သည်။
ဒေးဗစ် ကန်းဒေးလ်၏ ပထမဦးတည်သည့် နေရာသည် မင်္ဂလာဒုံလေယာဉ်ကွင်းဖြစ်ပြီး လေယာဉ်ကွင်း၏ အောက် ပေ ၂၀ တွင်ရှိနေသည်ဟု ယုံကြည်ခဲ့သည်။ တူးဖော်ရေးအဖွဲ့သည် တူးဖော်မှုများကို ဆောင်ရွက်ကြစဉ် ၅ ပေ အရောက်တွင် ရန်ကုန် လေဆိပ်သို့ဆက်သွယ်ထားသည့် မြေအောက် ကေဘယ်လ်များကို တွေ့ရသဖြင့် တူးဖော်မှုကို ရပ်ဆိုင်းခဲ့ရသည်။၂၀၁၄ ခုနှစ်တွင် ရှာ ဖွေရေးသမားများသည် ရန်ကုန်မှ မိုင် ၉၂၀ ကွာဝေးသည့် မြစ်ကြီးနားသို့ ပြောင်းရွှေ့ခဲ့သည်။ မြစ်ကြီးနားလေယာဉ်ကွင်းတွင် တူးဖော် ရာတွင် ရွှံ့ရည်များပြည့်နေသည့် သေတ္တာ တစ်လုံးကိုသာ တူးဖော်တွေ့ရှိခဲ့ရပြန်သည်။
၂၀၁၃ ခုနှစ်တွင် ဒေသခံ ကိုယ်စားလှယ်အဖွဲ့ က မြေအောက်ရေဒါ ထောက်လှမ်းမှုအရ မင်္ဂလာဒုံ ပင်မ လေယာဉ်ပြေးလမ်း မှ မီတာ ၃၀ အကွာ၊ မြေအောက် ၇ မီတာ နှင့် ၁၁ မီတာ အနက်တွင်ပုံရိပ်များတွ့ရှိရကြောင်း ပြောဆိုခဲ့သဖြင့် ဒေးဗစ် ကန်းဒေးလ် သည် အသစ်ထပ်မံတူးဖော်ရန် ကြိုးပမ်းခဲ့သည်။ ရှာဖွေမှု အသစ်များ ပြုလုပ်ရန် စီစဉ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ကင်မရာ နှင့်ဆက်သွယ်ထားသည့် စက်များဖြင့် ကွန်ကရစ်ကို ဖောက်သည့် တွင်းပေါက်များတူးကြည့်ရာတွင် သတ္ထု အစိတ်အပိုင်း အချို့ကိုသာ တွေ့ရှိကြရသည်။ ဒေးဗစ်ကန်းဒေးလ်သည် JCB ဟိုက်ဒြောလစ် ကွန်ကရစ် ခွဲစက်များဖြင့် ကွန်ကရစ်လမ်းကို ဖောက်ကာ တူးဖော်ခဲ့သည့် တိုင် မည်သည့် စပစ်ဖိုင်းယားကိုမှ မတွေ့ခဲ့ရပါချေ။
စပစ်ဖိုင်းယား နှင့် အများအမြင်
မြန်မာနိုင်ငံ၏ မြေအောက်တွင် စပစ်ဖိုင်းယားများရှိနေသည်ဟု ယုံကြည်ထားကြသူများသည် ယင်းတို့ကို အမှန်တကယ် တွေ့ရှိမည် ဟု မျှော်လင့်ခဲ့ကြသည်။မင်္ဂလာဒုံလေယာဉ်ကွင်းအပြင် အခြား ကွင်းငယ်နှစ်ခု (မြစ်ကြီးနား နှင့် မိတ္ထီလာ) တို့တွင် ရှိနိုင် မည်ဟူသည့် ယူဆချက်များ လည်းရှိသည်။သို့သော်လည်း အချိန်နှင့် ငွေကြေး အမြောက်အများ သုံးစွဲခဲ့သည့်တိုင် စပစ်ဖိုင်းယားများ ကို တွေ့ရှိခြင်းမရှိသေးပါချေ။ ထို့အတူပင် ဒေးဗစ် ကန်းဒေးလ် အား သက်တန့်ကို လိုက်ဖမ်းနေသူ တစ်ဦးဟု ယူဆကြသူများလည်းရှိနေသဖြင့် စပစ် ဖိုင်းယားများ သည် မြန်မာနှင့်ကမ္ဘာအတွက် ယခုတိုင် ပဟေဠိတစ်ပုဒ်ဖြစ်နေဆဲဖြစ်သည်။
မောင်သာ(ရှေးဟောင်းသုတေသန)-၂၀၁၆ ခုနှစ် မေလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ
Discussion about this post