မြန်မာနိုင်ငံတွင် အစပြု ထွန်းကားသော ကိုယ်ခံပညာရပ် များအားလုံးကို မြန်မာသိုင်း ဟုခေါ်သည်။ မြန်မာသိုင်းဟု ဆိုရာတွင် ဗမာလူမျိုးများ၏ ကိုယ်ခံပညာရပ်များသာမက အခြားသော တိုင်းရင်းသား ပေါင်းစုံတို့၏ ရိုးရာ ကိုယ်ခံပညာရပ် များပါ ပါဝင်ပြီး ဒေသ၊ ကျောင်း အစရှိသည် တို့ပေါ် မူတည်၍ အမျိုးမျိုး ကွဲပြား ကြသည်။ ထင်ရှားသော သိုင်းအချို့မှာ ဗန်တို၊ ဗန်ရှည်၊ နန်းတွင်းသိုင်း၊ ရှမ်းသိုင်း၊ ဘုန်းကြီးသိုင်း၊ မင်းဇင်၊ သိုင်းပြောင်းပြန် အစရှိသည်တို့ ဖြစ်သည်။
သိုင်း၏အနက် အဓိပ္ပယ်မှာ “သ” ပြုပြင်ခြင်း ခြယ်သခြင်း၊ “သိ” သိမြင်ခြင်း နားလည်ခြင်း၊ “သို” သိမ်းဆည်းခြင်း သိုမှီးခြင်း သိုဝှက်ခြင်း၊ “သိုင်း” သိုင်းဝန်းခြင်း ခြုံလွှမ်းခြင်း ရစ်သိုင်းခြင်း ဟူ၍ဖြစ်သည်။ ရှေးမြန်မာဘုရင်များ လက်ထက် မင်းခန်း မင်းနား များတွင် သိုင်းတုတ်ကိုင် ကာ စောင့်ရှောက် ပေးရပြီး ရှေ့မှ စောင့်ရှောက် ပေးရသူကို ရှေ့သိုင်းစောင့်၊ နောက်မှ စောင့်ရှောက် ပေးရသူကို နောက်သိုင်းစောင့် ဟုခေါ်သည်။သိုင်းဆိုသည်မှာ ကျော်လွှားခြင်းဟုလည်း နားလည်ရပေမည်။
ဆရာဂျပ်ဆင်၏ မြန်မာ အင်္ဂလိပ် အဘိဓာန်၌ သိုင်းကို မင်းသုံးနန်းသုံး အဆောင်အယောင်တုတ်ဟု အဓိပ္ပာယ်ပေးထားပြီး။ သိုင်းက၊ သိုင်းကစား၊ သိုင်းကွက်၊ သိုင်းတက်၊ သိုင်းရိုက်ကို ရန်ကိုရှင်းလင်းခြင်း၊ ရန်ကို ခုခံကာကွယ် တိုက်ခိုက်ခြင်းအတတ်ပညာနှင့်ဆိုင်သော လှုပ်ရှားမှုများဟု အဓိပ္ပာယ်ပေးထားပေသည်။
မြန်မာ့သိုင်းပညာသမိုင်း
မြန်မာသိုင်းပညာ၏ သက်တမ်းသည်အလွန်ရှည်ကြာခဲ့ပြီဖြစ်သည့်အလျောက် နည်းနိသျှည်းနှင့် နည်းပရိယာယ်များ၊ ကြွယ်ဝများပြား လှသည်။ ရှေးခေတ်က မြန်မာ ဘုရင် မိဖုရားများ၊ အိမ်ရှေ့စံမင်းသား မင်းသမီးများ အခမ်းအနား အဆောင်အယောင်နှင့် ထွက်ကြွ မြန်းချီသည့်အခါများတွင် ရှေ့မှတုတ်ကိုင်၍ စောင့်ရှောက်လမ်းရှင်းပေးရသူ၊ နောက်မှတုတ်ကိုင်၍ အကာအ ကွယ်ပေးရသူများ လိုက်ပါကြရသည်။ ထိုသူများကို သိုင်းကိုင်များဟု ခေါ်သည်။ ရှေ့မှတုတ်ကိုင် အစောင့်အရှောက်များပါသည် ကို ရှေ့သိုင်း ဟုခေါ်သည်။ နောက်မှတုတ်ကိုင် အစောင့်အရှောက်များပါသည်ကို နောက်သိုင်း ဟုခေါ်သည်။
ဘုရင်၊ မိဖုရား၊ မင်းသား၊ မင်းသမီးတို့ ထွက်ချီကြွမြန်းလာသည့်အခမ်းအနားများတွင်သာမက ဘုရင်မင်းမြတ် အသုံးပြုရန် ရေခတ်လာသည့်အခါ ဖြစ်စေ ရှေ့သိုင်း နောက်သိုင်း ဝန်းရံ ယူဆောင်လာ တတ်ကြောင်း စာပေ အထောက်အထားများ၌ တွေ့ရလေသည်။
ရှေးအခါက ဘုရင်မင်းမြတ်အားဆက်သရန် သန့်စင်ပန်းကိုပင် သိုင်းအခြံ အရံ နှင့်သယ်လာရကြောင်းကို ရာမရကန်အခန်း၁၄ သဇင်ပန်းချီး တိုင်းပြည်ပြန်တောခန်း၌ ပ္ပပါရမီဂုဏ်၊သင့်ယုံဟုတ်ဘူး၊ကံထူးသည့်ပန်း၊လမ်းချဲ့ချူ့၊မချဲ့ချဲ့ ဆုတ်ဟဲ့ဘဲဆိုဆို၊ မဆိုဘဲလာလာသူမို့ပါလျှင် ရွှေအာဏာခေါင်၊ သိုင်းပြောင်ပြောင်နှင့်၊ ရှောင်ရသည်၊ လွှဲရသည်၊ ပန်းများဘုရင်ကို ဟူ ၍၎င်း ထိုပြင် နန်းတွင်းသူကလေး အဆောင်အယောင်နှင့် ထွက်ချီလာပုံကို ဓရွှေနန်းတော်သူ၊ နေမပူ လေမလျှပ်၊ ထူးမြတ်သည့်ပါရမီ၊ ကျောက်စီယာဉ်စီး၊ ရွှေထီးဆာင်းမျိုး၊ ရိုးဆင့်ရွက်ဆင့်၊ မိုးလောက် မြင့်၊ သိုင်းနှင့် ကျိုင်းနှင့်လာသကိုဓဟူ၍၎င်း စပ်ဆိုခဲ့ပေသည်။
ယင်းအထောက်အထားများအရ လမ်းရှင်းလင်းခြင်းနှင့် ဘေးရန်ရှင်းလင်းကာကွယ် တိုက်ခိုက် ခြင်းများအတွက် အသုံးပြုသည့် ထီးသုံးနန်းသုံး အဆောင်အယောင်အခမ်းအနားတုတ်ကို ရှေးအခါက သိုင်းဟု ခေါ်ဆိုကြကြောင်း သိသာလေသည်။
ယခုမျက်မှောက်ခေတ်၌ပင် ဘာသာရေး၊ သာသနာရေး၊ မင်းခန်းမင်းနန်းများတွင် သိုင်း၊ ကျိုင်း ဟူသောအဆောင်အယောင်ပစ္စည်းများကို တွေ့ရှိကြရသည့်အနက် တောက်ပြောင်သည့် အဖိုးတန် ပိုးဖဲစများအထိပ်၌ ချည်ထားသော မှန်စီရွှေချတုတ်ကို ဓသိုင်းဟုဓ ခေါ်ဝေါ်ကြသည်ဟု သိရှိရလေသည်။ သိုင်းကိုင်သည် တုတ်ကိုင်နည်း၊ အသုံးပြုနည်းများကို ကျွမ်းကျင်သူဖြစ်ကြရသည်။ အရှင်သခင် အတွက်ပေါ်ပေါက်လာသောရန်သူကို ထိုသိုင်း(တုတ်)နှင့် ကောင်းစွာအကာအကွယ်ပေးနိုင်သူလည်း ဖြစ်ကြရသည်။ ထိုသည်ကိုအစွဲပြု၍ သိုင်း(တုတ်)ကိုင်နည်း အသုံးပြုနည်းများ ကျွမ်းကျင်စွာတတ်မြောက် သူကို သိုင်းကိုင်ဟူ၍၎င်း၊ သိုင်းသမားဟူ၍၎င်း၊ သိုင်းတတ်သည်ဟူ၍၎င်း ပြောရိုးပြုကြသည်။
ထိုကဲ့သို့၊ ရန်ကို ကာကွယ်ရှင်းလင်းခြင်း အတွက်၊ အသုံးပြုသည့်တုတ်ကို သိုင်းဟုခေါ်ဆိုကြသည်ကိုအကြောင်းပြု၍ ဓါးဖြင့် ရန်ကိုကာကွယ်ရှင်းလင်းခြင်းအတတ်ကို ဓါးသိုင်း၊ လှံဖြင့် ရန်ကိုကာ ကွယ်ရှင်းလင်းခြင်း အတတ်ကို လှံသိုင်း၊ လက်ဖြင့် ရန်ကိုကာကွယ်ရှင်းလင်းခြင်း အတတ်ကိုလက် သိုင်းဟုအစဉ်အဆက် ခေါ်ဝေါ်လာကြခြင်းဖြစ်သည်ဟု သိရှိရ၏။
၁၈၂၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကျူးကျော်စစ် (၃)ကြိမ်ကြောင့် ဓါး၊ လှံ၊ လက်နက်စွဲကိုင် တော်လှန်ရင်းမှ တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ဖြစ်ခဲ့ရသောမြန်မာ့ သိုင်းပညာရပ်သည် ၁၉၂၀ ပြည့်နှစ် ဂျီစီ ဘီအေအဆောက်အဦး၏ အမျိုးသားလှုပ်ရှားမှုများတွင် သိုင်းပညာရှင် ရှမ်းတရုတ် ဦးဘရင်၊ ဦးဘသွင်၊ ဦးမေဓါ တို့က တစ်ဖက်တစ်လမ်းမှပါဝင်ရင်း သိုင်းပညာရပ်များ ပြန့်ပွားခြင်းဖြင့်လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ပါသည်။
နယ်ချဲ့ဗြိတိသျှ နှင့် ဖက်ဆစ်ဂျပန်များ အုပ်စိုးစဉ်အခါက သိုင်းပညာ သင်ကြားသူ လူငယ်များနှင့် သိုင်းပညာရှင်များကို ၎င်းတို့အား တော်လှန်ပုန်ကန်မည့် အရေးတွေးကြောက်ကာ မြန်မာ့သိုင်းပညာမပြန့်ပွားစေရေး အတွက် လက်နက် ဥပဒေများ ပြဌာန်းကာ နည်းလမ်းများဖြင့် တားဆီးပိတ်ပင်ခြင်း၊ အရေးယူ ဖမ်းဆီး အပြစ်ပေးခြင်း၊ ၎င်းတို့အား စိုးရိမ် ကြောက်လန့်အောင်ပြုမှုခြင်း စသည်ဖြင့် အမျိုးမျိုးတားဆီး ချိုးနှိမ်ခဲ့ကြပါသည်။
နယ်ချဲ့ကျူးကျော်သူတို့၏ အမျိုးမျိုးသော ဖိနှိပ်မှုများအကြားမှ မျိုးချစ်စိတ်ဓါတ်ထက်သန်သော သိုင်းပညာရှင်များနှင့် လူငယ်များသည် နယ်ချဲ့သမားများမသိမမြင်နိုင် သည့် လူသူ ကင်းဝေးလှသော တောတောင်များတွင်လည်းကောင်း မြေကျင်းများတူး၍ ညအချိန် လူခြေတိတ်ဆိတ်ချိန်များတွင်လည်းကောင်း လျှို့ဝှက်စွာ ဆင့်ပွားသင်ယူကြ ရင်းဖြင့် မြန်မာတို့၏ ကိုယ်ပိုင်ရိုးရာအမွေအနှစ်ဖြစ်သော မြန်မာ့ရိုးရာသိုင်းပညာကို မပျောက်ကွယ်အောင် ထိန်းသိမ်းခဲ့ကြပါသည်။
၁၃၀ဝ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံမှစ၍ သိုင်းပညာရှင်များ၏ ပါဝင်ကြိုးစားမှုကြောင့် ဇာတိမာန်ထက်သန်သော ပြည်သူများအကြားတွင် သိုင်းပညာ ရပ်များ ပြန်လည် ထင်ရှားလာခဲ့ပါသည်။
ရှေးရိုးရာမြန်မာ့သိုင်းတွင် ဗန်တို၊ ဗန်ရှည်ဟုမခေါ်ခဲ့ပါ။ နန်းတွင်းသိုင်း၊ အင်းသိုင်း၊ ယွန်သိုင်း၊ ရာမညသိုင်း၊ ပွဲကျောင်းသိုင်း အစရှိသည် ဖြင့် ခေါ်ဆိုခဲ့သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များသိမ်းပိုက်ပြီး သိုင်းများမသင်ဟု ပြဌာန်းခဲ့သည်။ ထို့အတွက်ကြောင့် ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း အာရှလူငယ် အစည်းအရုံမှ အသင်းဥက္ကဌ ဦးဘဂျမ်း၊ ဉာဏဗလ တာဝန်ခံ ဦးဘရှင်(ဗိုလ်မှူးဘရှင်)၊ ဆရာဦးပြည်သိမ်းတို့မှ မြန်မာ့သိုင်းအစား ဗန်တို၊ ဗန်ရှည်ဟု အမည်ပေးကာ သင်ပေးခဲ့ကြသည်။
မြန်မာ့ရိုးရာသိုင်းပညာရပ်များတွင် သိုင်းကွက်များ၊ ဓါး၊ လှံ၊ လေး၊ မြှား အစရှိသော ပညာရပ်မျိုးစုံပါဝင်သောကြောင့် သင်ပါက အနည်းဆုံး ၅ နှစ်ကျော်ကြာမြင့်ပါသည်။ ထို့အတွက်ကြောင့် ဆရာကြီးများက ထို သိုင်း ပညာရပ်များထဲမှ တချက်လွတ် တိုက်ခိုက်နည်းများကို စုစည်း၍ လက်နက်မဲ့ တိုက်ခိုက် နည်း ဗန်တို၊ လက်နက်နှင့် တိုက်ခိုက်နည်း ဗန်ရှည်ဟု အမည်ပေး၍ သင်ပေး ခဲ့ကြသည်။ ထို့အတွက် ဗန်တို၊ ဗန်ရှည်တတ်သော မြန်မာလူငယ်များကို အချိန်တိုအတွင်း မွေးဖွား နိုင်ခဲ့သည်။
မြန်မာ့ရာဇဝင်သမိုင်းရှည်လျားကြာမြင့်သည်နှင့် အညီ မြန်မာ့သိုင်းပညာသည်လည်း ရှည်လျား ကျယ်ပြန့်ပေလိမ့်မည်။ ရှေးမင်းအဆက်ဆက် တစ်ခေတ်ပြီးတစ်ခေတ် လက်ဆင့်ကမ်း ဆင်းသက်လာသော အဖိုးတန် မြန်မာသိုင်းပညာများကို ယခုအချိန်၌ တစ်နေရာတည်းတွင် တစ်ပေါင်းတည်းတစ်စုတည်း မတွေ့ နိုင်ကြသော်လည်း ယင်းပညာကောင်း၊ ပညာမွန်များမှ ပေါက်ဖွါး ပျံ့နှံ့ကြီးထွားနေသော အနွယ်အပွါး သိုင်းပညာများကို ပြည်ထောင်စု မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရှိနိုင်ပေသည်။ထိုကဲ့သို့ပြည်ထောင်စု နေရာအနှံ့အပြား၌ ကြီးထွားရင့်သန်လျှက်ရှိသော သိုင်းပညာများသည် အောက်ပါအချက်အခြာ ပင်မသိုင်းပညာကြောရိုး ကြီးသုံးခုမှဆင်းသက်လာကြခြင်းဖြစ်သည်။
အင်းသိုင်း။ မြန်မာမင်းနေပြည်တော် အင်းဝဘက်မှ ဆင်းသက်လာသော ပညာအနွယ်အပွါး။
ကမ္ဗောဇသိုင်း။ ရှမ်းပြည်ဘက်မှဆင်းသက်လာသော ပညာအနွယ်အပွါး။
ရာမညသိုင်း။ အောက်မြန်မာပြည် မွန်မင်းဆက်မှဆင်းသက်လာသော ပညာအနွယ်အပွါး။
ဤထက်ပါ သိုင်းပညာကြီးသုံးရပ်မှဆင်းသက် လာသော ပညာများသည် နှစ်ပေါင်းများစွာကြာရှိလာပြီဖြစ်သော ယခုအခါတွင် အလွန်ခိုင်ခန့်သော ပိုးပိုက်ကွန်ကဲ့သို့ ပညာတစ်ခုနှင့်တစ်ခု ရောယှက်တိုး ဝင်နေကြပြီ ဖြစ်လေသည်။ ပညာတခုအပေါ်တခု လိမ်ယှက်ရောထွေးကာ အပြန်အလှန် အမှီသဟဲ ပြုပြီးလျှင် အကျိုးပြုနေကြသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံရှိ သိုင်းပညာအဆင့်အတန်း သည် အလွန်ခိုင်ခန့် ကောင်းမွန်သည့် အဆင့်အတန်းတွင် ရှိနေပြီဖြစ်ပေသည်။
ဗန်တိုဗန်ရှည်
မြန်မာ့သိုင်း ဟုခေါ်သောဗန်တို၊ ဗန်ရှည် အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် ကိုယ်ခံပညာတစ်ခု ဖြစ်ပါသည်။ ရှေးမြန်မာတို့က ကာယနှင့် စိတ်ဓါတ်ကြံခိုင်ရေးအတွက် အဓိကထားပြီး စစ်ပွဲများတွင် လက်နက်မဲ့၊ လက်နက်ကိုင်နှစ်မျိုးခွဲကာ အသုံးပြု တိုက်ပွဲဝင်သည့် ရိုးရာကိုယ်ခံပညာဖြစ်သည်။ ၎င်းဗန်တိုဗန်ရှည်ပညာရပ်များကို အထူးလျှို့ဝှက် သင်ကြားပေးခဲ့ကြသည်။ သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက် သွေးရင်းသားရင်းများသာ လူမသိအောင် တိတ်တဆိတ်သက်ကြားပေးလေ့ရှိသည်။
မြန်မာတို့၏ အမွေဖြစ်သော ဗန်တိုသိုင်းပညာသည် သရေခတ္တရာ သာသနာနှစ် (အစ) ဘီစီၤ (၄၅၅) ကတည်းကတည်ရှိခိုင်ခံနေပြီး ဒီထက်စောသော မှတ်တမ်းများလည်းရှိခဲ့ကြသည်။ သရေခတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ် သမိုင်းတလျှောက် နိုင်ငံတော်ကာကွယ်ရေး အတွက် အသုံးပြုခဲ့ရာမှ မြန်မာ့သိုင်း ဟူ၍ယနေ့ခေါ်ဝေါ်ထားကြပြီဖြစ်သည်။ လက်နက်မဲ့ ဗန်တိုနှင့် လက်နက်ကိုင် ဗန်ရှည် ဟူ၍ခေါ်တွင်ခဲ့သည်။ အမာဗန်တို၊ အပျော့ဗန်တိုနှစ်မျိုးခွဲကာ မြန်မာ့လက်ဝှေ့ကဲ့သို့ အကွဲအပြဲ မတွန့်မဆုတ်ရင်ဆိုင်သောနည်းကို ဗန်တို (အမာ) ဟုခေါ်ပြီး မိမိအားအထိမခံဘဲ ရှောင်တိမ်းကာတုန့်ပြန်သောနည်းကို ဗန်တို (အပျော့) ဟုခေါ်သည်။
ရှမ်းသိုင်း
ရှမ်းသိုင်းပညာရပ်တွင်လည်း ရှမ်းကြီး၊ ရှမ်းတရုပ်သိုင်း၊ ရှမ်းလေးသိုင်း၊ အင်းသိုင်း၊ ပလောင်သိုင်း အစရှိသော ပညာရပ်များစွာရှိပါသည်။ ထိုသိုင်းများတွင်လဲ လက်သိုင်း၊ ဓါးသိုင်း၊ ကြိုသိုင်း၊ ခဲပစ်၊ လှံသိုင်း၊ တုတ်သိုင်း အစရှိသော ပညာရပ်များ များစွာရှိသည်။
ရှမ်းကြီးသိုင်းသည် အကွက်ကျဲသည်။ ခြေကွက်မှာ လဲ ၄ ကွက်၊ ၆ ကွက်၊ ၈ ကွက်၊ ၁၂ ကွက် ဖြင့်ကစားသည်။
ရှမ်းလေးသိုင်း (ခူခါချန့်၊ ယနေ့အခေါ် သိုင်းပြောင်ပြန်) သည် အကွက်စိတ်သည်။ ခြေကွက်မှာလဲ ၄ကွက်၊ ၇ကွက်၊ ၉ ကွက်၊ ၁၂ ကွက် ရှိသည်။ သိုင်းပြောင်ပြန်ဟု ခေါ်သည်မှာ ရှမ်းကြီးသိုင်း၏ ခြေကွက်များနှင့်မတူ ပြောင်းပြန်သဘောရှိသောကြောင့် သိုင်းပြောင်းပြန်ဟုခေါ်သည်။
ရာမညသိုင်း
ရာမညသိုင်းသည် မွန်ရိုးရာသိုင်းကိုခေါ်ပါသည်။ မွန်ရိုးရာသိုင်းတွင်လဲ လက်ဝှေ့၊ လက်သိုင်း၊ ဓါးသိုင်း၊ လှံသိုင်းအစရှိသော ပညာရပ်များပါဝင်သည်။ ထို့အပြင် ကရင်ရိုးရာ လက်သိုင်း၊ ဓါးသိုင်း၊ ဒူးလေးပစ်၊ မြှားပစ် အစရှိသောပညာရပ်များ နှင့်အတူ ရိုးရာသိုင်းများ၊ မျိုးနွယ်စုသိုင်းများလဲ ရှိသည်။
VIDEO
အလင်းစေတမန်
Myanmar Wikipedia
Discussion about this post