• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြန်မာ့သမိုင်းထဲက ခံတပ်ကြီး (၅) ခု

by Thutamm
August 13, 2019
Reading Time: 1min read
0
မြန်မာ့သမိုင်းထဲက ခံတပ်ကြီး (၅) ခု
Share on FacebookShare on Twitter

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

မူရင်း ဓာတ်ပုံတင်ထားသူ မိတ်ဆွေများအား ကျေးဇူးအထူးတင်ရှိပါသည်။

ရတနာပုံခေတ် ခံတပ်များ

မြန်မာ့သမိုင်းတွင် ရွှေဘိုမြို့ကို အလောင်းမင်းတရား ဦးအောင်ဇေယျ စတင်ထူထောင်ခဲ့သည့် ခရစ်နှစ် ၁၇၅၂ ခုနှစ်မှ သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခုနှစ်အထိ အချိန်ကာလကို ကုန်းဘောင်ခေတ်ဟု သိရှိကြသည်။ ၁၃၃ နှစ်ကြာမြင့်ခဲ့သည့် ကုန်းဘောင်ခေတ် တွင် (ခုနစ်ရက်သာဘုရင်ဖြစ်ခဲ့သူ ဖောင်းကစားမောင်မောင်မပါ) မင်း ၁၀ ပါး စိုးစံခဲ့သည့်အနက် မင်းတုန်းမင်း (ခရစ်နှစ် ၁၈၅၃ -၁၈၇၈) သည် ခရစ်နှစ် ၁၈၅၉ ခုနှစ်တွင် အမရပူရမှ ရတနာပုံခေါ် မန္တလေးမြို့သို့ ပြောင်းရွှေ့နန်း စိုက်ခဲ့သည်။ မင်းတုန်းမင်း လွန်ပြီးနောက် သားတော်သီပေါမင်း(ခရစ်နှစ် ၁၈၇၈-၁၈၈၅)သည် မန္တလေးမြို့ ၌ပင် ပါတော်မူချိန်အထိ နန်းစိုက်ခဲ့သဖြင့် မင်းတုန်း မင်းနှင့်သီပေါမင်းတို့ အုပ်ချုပ်ခဲ့သည့် ခရစ်နှစ် ၁၈၅၃ ခုနှစ်မှ ၁၈၈၅ ခုနှစ် ကာလကို ရတနာပုံခေတ်ဟု ခေါ်ဆိုခဲ့ကြသည်။

မင်းတုန်းမင်းဘုရင်ဖြစ်လာချိန်တွင် နယ်ချဲ့ ဗြိတိသျှတို့သည် မြန်မာနိုင်ငံ အောက်ပိုင်းကို သိမ်းပိုက်ထားပြီးဖြစ်သဖြင့်မင်း တုန်းမင်းသည် မိမိအုပ်စိုးနေသည့် အထက် မြန်မာနိုင်ငံကို အောက်မြန်မာ နိုင်ငံကဲ့သို့ ဗြိတိသျှတို့ သိမ်းပိုက်ခဲ့သည့်ဖြစ်ရပ်မျိုးနှင့် မကြုံတွေ့စေရန် စီမံခဲ့သည်။ လူငယ်များကို နိုင်ငံခြားသို့ ပညာသင်စေလွှတ်ခြင်း၊ လက်နက်စက်ရုံများထူထောင်ခြင်း၊ ငွေကြေး စနစ် ပြောင်းလဲခြင်း၊ စက်မှု နိုင်ငံတည်ထောင်ရန် အားထုတ်ခြင်းစသည့် အစီအမံများတွင် ခံတပ်များ ဆောက်လုပ်ခြင်းလည်း ပါဝင်ခဲ့ရာ ဆင်ပေါင်ဝဲတွင် စစ်အောင်ခန်းခံတပ် ၊ ပန်တော်ပြင်ကတုတ် ၊ ထူးပေါက်ကတုတ် ၊ မင်းလှတွင်မင်းလှခံတပ်နှင့် ကွေ့ချောင်း ခံတပ် ၊ အင်းဝတွင် ဆင်ကျုံးခံတပ် ၊ စစ်ကိုင်းတွင် အစေခံ ခံတပ်နှင့် သပြေတန်းခံတပ် တို့ကို တည်ဆောက်ခဲ့သည်။

၁။ သပြေတန်းခံတပ်

ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာပါက ရတနာပုံ မန္တလေးသို့ မရောက်မီ စစ်ကိုင်းနှင့် အင်း၀ အနီး၊ ဧရာဝတီမြစ် ကမ်းပေါ်တွင် သပြေတန်း၊ ဆင်ကျုံးနှင့် အစေခံ ခံတပ်တို့သည် ထောင့်ကျယ်တြိဂံတစ်ခုအနေအထားအတိုင်း တည်ရှိနေကြသည်။ အင်းဝဘက်ကမ်းတွင် ဆင်ကျုံးခံတပ်၊စစ်ကိုင်းဘက်ကမ်းတွင် အစေခံ ခံတပ်နှင့်မန္တလေးဘက်ကမ်းတွင်သပြေတန်း ခံတပ် တို့ ရှိနေကြပြီး ယင်းခံတပ်များကို ကင်းဝန်မင်းကြီး ဗြိတိန် နိုင်ငံသို့ရောက်ရှိခဲ့စဉ် အင်္ဂလိပ်ရေလက် ကြားတွင် မြင်တွေ့ခဲ့သည့် Portsmouth မြို့ ခံတပ်များကို နမူနာယူတည်ဆောက် ခဲ့သည်။

သပြေတန်းခံတပ်ကို အင်းဝတံတား၏ အရှေ့ဘက်တွင် မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက် (၁၈၇၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်) ကြာသပတေးနေ့ တွင် စတင်တည်ဆောက်ခဲ့ရာ ၁၂၄၀ ပြည့်နှစ် ပြာသိုလဆန်း ၁၀ ရက် (၁၈၇၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်) ဗုဒ္ဓဟူးနေ့တွင်ပြီးစီးခဲ့သည်။ ယင်းခံတပ်ကို ခံတပ်တော်ကြီးဟု အမည်ပေးခဲ့သော်လည်း သပြေ တန်းရွာအနီးတွင် တည်ရှိသဖြင့် သပြေတန်းခံတပ်ဟု ပိုမိုထင်ရှားခဲ့သည်။ ရွှေကြက် ယက်တောင်ကုန်းကိုအစွဲပြု၍ ရွှေကြက်ယက် ခံတပ်ဟုလည်းခေါ်ဆိုကြသည်။ သပြေတန်းခံတပ်သည် အရှေ့ အနောက်ပေ ၄ဝဝ ကျော်နှင့် တောင်မြောက် ပေ ၃၅ဝ ကျော်ရှည်လျားသည်။ ခံတပ်ကို အတွင်းဆင်ခြေလျှောအုတ်လမ်းများဖြင့် တည်ဆောက်ထားပြီး စစ်သည်နေထိုင်ရန် အခန်းများကို တစ်ခန်းနှင့် တစ်ခန်း အပေါက်များ ဖြင့် ဆက်သွယ်ထားသည်။ ခံတပ်အတွင်း၌ အရာရှိအခန်း၊ ယမ်းတိုက်နှင့် ရေတွင်းတစ်ခုလည်းရှိသည်။

တတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွင် အရှေ့ဝင်းတော်မှူး၊ ရတနာသိင်္ဃမြို့ဝန်၊ရဲဘက်မြင်းဝန်၊သတိုးမင်းကြီး မဟာမင်းခေါင်ရာဇာ တို့ဦးစီးသည့် မြန်မာစစ်သည် ၂၀၀၀ ကျော်သည် သပြေတန်း ခံတပ်တွင်တပ်စွဲလျက် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက် လာမည့်ရန်သူများအားတိုက်ခိုက်ရန် စောင့်ဆိုင်းခဲ့ကြသည်။ သို့သော် အင်္ဂလိပ်တို့နှင့်စစ်ပြေငြိမ်းရန်ကြိုးစားအားထုတ်ခဲ့သော လွှတ်တော်အရာရှိများက မခုခံရဟု အမိန့်ပေးခဲ့သဖြင့် ဗြိတိသျှတပ်များသည် သပြေတန်း ခံတပ် ကိုသက္ကရာဇ် ၁၂၄၇ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၆ ရက် (၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ရက်) သောကြာနေ့ တွင် အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။

သပြေတန်းခံတပ်၏ အောက်ဆုံး အုတ်ခုံသည် သုံးပေခန့်မြင့်ပြီး မြောက်ဘက်နှင့် အနောက်ဘက် တွင် လက်နက်သို လှောင်သည့် အုတ်တိုက်များရှိသည်။အရှေ့ဘက်နှင့် တောင်ဘက်သည် အောက်ခံအုတ်ဖိနပ် အပါအဝင် သုံးထပ်ရှိ၍ ခံတပ် အပြင် ဘက် အုတ်ဖိနပ်သည် သုံးပေမြင့်သည်။ ခံတပ်ရိုးသည် ၁၀ ပေမြင့်၍ ဆင်ခြေလျှော အနံသည်ပေ ၂၀ ရှိကာ ခံတပ်ရိုး၏ အောက် လေးပေ တွင် ၂၅ ပေကျယ်သော သူရဲပြေးစြင်္က ံတစ်ခုကိုပတ်လည်ထည့်သွင်း ထားသည်။ ဒုတိယခံတပ်ရိုးသည် ပေ ၂၀ မြင့်၍ ဆင်ခြေလျှောသည် ပေ ၂၀ ကျယ်သည်။ ဒုတိယခံတပ်ရိုး၏အတွင်းဘက်မျက်နှာဆင်ခြေလျှောတွင် လေးပေအမြင့် အုတ်ကတုတ် နှင့် ပေ ၂၀ အကျယ် အုတ်စီသူရဲပြေး စြင်္ကံတစ်ခုရှိသည်။

ဒုတိယစကြံ၏ အောက်တွင် လက်နက်တိုက်များထားရှိပြီး အတွင်းဘက် တစ်လျှောက်ကို လေးပေမြင့်သော အုတ်ကတုတ် ကာရံထားကာ ခံတပ်အတွင်းပိုင်းသည် ၁၅၅ ပေခန့် ကျယ်ဝန်းသည်။ ခံတပ်၏ရှေ့ဘက်ဝင်ပေါက်၏ မှ ပေ ၅၀ အကွာတွင် ပေ၈၀ ရှည်၍ ပေ ၅၀ ကျယ်ကာ ၁၈ ပေ မြင့်သော ကန့်လန့်ဖြတ် မြေတံတိုင်းကြီးတစ်ခုရှိပြီး ဝင်ပေါက် အပေါ် တွင် ရဲမက်များအလွယ်တကူ ဆက်သွယ်နိုင်ရန် ငါးပေကျယ်သည့် ပေါင်းကူးတံတား တစ်ခုရှိသည်။ သပြေတန်းခံတပ်ကို ဧရာဝတီမြစ်ကမ်းနဖူး၊ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီခေါ် မြစ်ငယ်မြစ်နှင့်ဆုံရာသန်လျက်စွန်းတွင် ဆောက် လုပ်ထားသဖြင့် ရတနာပုံ နေပြည်တော်နှင့် အနီးဆုံးခံတပ်ဖြစ်ပေသည်။

၂။ အစေခံ ခံတပ်

မင်းတုန်းမင်းသည် စစ်ကိုင်းဘက်ကမ်းရှိ အစေခံခံတပ်ကို အီတလီရေတပ်မှ ကွန်မိုဒိုပဲရီ နှင့်မိုလီနာတို့ကို ကြီးကြပ်၍ မြန်မာကျွမ်းကျင်သူများကို တည်ဆောက်စေခဲ့သည်။ယင်းနေရာသည် စစ်ကိုင်းမြို့မှ လှေထိုးသားများနေထိုင်ရာ အစေခံ အရပ် ဖြစ်သောကြောင့်အစေခံ ခံတပ်ဟူ၍ အမည်တွင်ခဲ့သည်။ အစေခံ ခံတပ်သည်စက်ဝိုင်းခြမ်းပုံစံဖြစ်ပြီး မျဉ်းဖြောင့်ဘက်ခြမ်းသည် စစ်ကိုင်း မြို့သို့မျက်နှာမူ၍ စက်ဝိုင်းခုံး အခြမ်းက ဧရာဝတီမြစ်ကို မျက်နှာပြုထားသည်။ ခံတပ်မျက်နှာစာ အရှေ့လမ်းသည် ခံတပ်မှအထက်သို့ ငါးပေမြင့်သဖြင့် ခံတပ်သည် လမ်း၏ အောက်၌ ရှိနေသည်။

စစ်ကိုင်း မြို့ဘက်သို့မျက်နှာမူနေသည့် မျဉ်းဖြောင့်ဘက်အခြမ်းတွင် အမြင့် ရှစ်ပေ ၊ထု နှစ်ပေ ရှိသည့်အုတ်တံတိုင်းတစ်ခု ကို ကာရံထားပြီး ဧရာဝတီမြစ်ဘက်ကို လှည့်ထားသည့် စက်ဝိုင်းခုံးပုံစံ နေရာ၌ ပေ ၃၀နီးပါးအထူရှိသည့် မြေနှင့်အုတ်နံရံကြီးရှိ သည်။ ထုတည်ကြီးမားသောမြေသားနံရံအပေါ်တွင် ဧရာဝတီမြစ်တစ်လျောက်ဆန်တက်လာမည့် ရန်သူ့ သင်္ဘောများကို အသင့်ချိန် ရွယ်ခဲ့သောအမြောက် လေးခု ထားရှိခဲ့သည်။ အစေခံ ခံတပ်၏ မျက်နှာစာ ဝင်ပေါက် တစ်ဖက်တစ်ချက်တွင် အမြောက်ငယ် တစ်လုံးစီ ရှိပြီး ခံတပ်အဝင် လမ်း တစ်ဖက်တစ်ချက်၌ “အစေခံခံတပ်” ကျောက်စာတစ်ချပ်နင့် ခံတပ်သမိုင်း ကြောင်း မှတ်တမ်းကျောက်စာကို စိုက်ထူထားသည်။

အစေခံခံတပ်သည် ဆင်ကျုံးခံတပ်ထက် သေးငယ်ကာ တောင်မြောက် ပေ၂၄၀ နှင့်အရှေ့အနောက် ပေ ၃၂၀ ရှိ ကြောင်း ကျောက် စာတွင်ရေးသားထားသည်။ ခံတပ်အတွင်း တောင်ဘက်နှင့်မြောက်ဘက်တွင်ရှိသည့် လေးထောင့်ပုံစံအုတ်တိုက် နှစ်ခု သည် လက် နက် နှင့်ရိက္ခာများထားသိုရာနေရာဖြစ်နိုင်သကဲ့သို့စစ်သည်တော်များအကာအကွယ်ယူသောနေရာလည်း ဖြစ်နိုင်ကြောင်း ယူဆ ကြသည်။ထိုအုတ်တိုက်များသည်တစ်ခုနှင့်တစ်ခုဖွဲ့စည်းထားပုံမတူညီကြဘဲ တောင်ဘက်အုတ်တိုက်တွင် ဝဲယာ နှစ်ဘက်၌ အခန်း တစ်ခန်းစီပါရှိကာ မြောက်ဘက်အုတ်တိုက်တွင် အလယ်တည့်တည့်၌ ဝင်ပေါက်တစ်ပေါက်ဖောက်ထားသော လေးထောင့်စပ်စပ် အုတ်တိုက်ငယ်တစ်ခုသာရှိသည်။

၃။ ဆင်ကျုံး ခံတပ်

အင်းဝမြို့တွင်တစ်ချိန်က ဆင်ကျုံးများရှိခဲ့သည့် နေရာ၌ ခရစ်နှစ် ၁၈၇၄ ခုနှစ်က စတုရန်းပုံ ဆင်ကျုံးခံတပ် ကိုတည် ဆောက်ခဲ့သည်။ ဆင်ကျုံးခံတပ်သည် အင်းဝမြို့ဟောင်း၏ အနောက်ဘက်၊ဆင်ကျုံးရွာအနီး၊ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိ သည်။ အုတ်တံတိုင်းသုံးထပ်ဖြင့် ဖွဲ့စည်းထားသည့် ဆင်ကျုံးခံတပ်၏ အပြင်တံတိုင်းသည် ၃၅၅ ပေပတ်လည်ရှိပြီးအလယ်တံတိုင်း သည် ၂၉၃ ပေပတ်လည်ရှိ၍ အတွင်းတံတိုင်းသည် ပေ ၂ဝဝ ပတ်လည်ရှိသည်။ တံတိုင်း နှစ်ခု အကြားတွင် ၃၁ ပေကျယ် သော ရေ ကျုံးတစ်ခုရှိကာ အရှေ့ဘက်တွင် ကျုံးကူးတံတားတစ်စင်းကို ထည့်သွင်းပြုလုပ်ထားသည်။

ခံတပ်၏ ဝင်ပေါက်အဝတွင် ၈၃ ပေရှည်၍ လေးပေ ထူသော အုတ်တံတိုင်းကြီးကို အရှေ့မှ အနောက်သို့ ကာရံ ထား ပြီး အတွင်းတံတိုင်း၏ အပြင်ဘက်ကို မြေကြီးများဖြည့်တင်းကာ ကတုတ်အဖြစ် အကာအကွယ်ပြုထားသည်။ခံတပ်၏ မြောက်ပိုင်းတွင် ရှေ့နောက်တန်းနေသည့် အခန်းနှစ်ခန်းရှိပြီး အပေါ်တွင် လှေကားထစ်များပြုလုပ်ထားသည်။ခံတပ် မြောက်ဘက် အတွင်းပိုင်းတွင် သူရဲပြေးပေါ်၌ ဆုံလည်အမြောက်များ၊စိန်ပြောင်းများ၊သေနတ်များထားရှိသည့် စက်ဝိုင်းပုံ အုတ်စီ အဝိုင်းပေါက်များ ရှိသည်။ ခံတပ် အတွင်း၌ လက်နက်တိုက်နှင့် ယမ်းတိုက်များတည်ဆောက်ခဲ့သည်။

တြိဂံပုံ ရှိနေသည့် ခံတပ်သုံးခုအနက် ဆင်ကျုံးခံတပ်သည် ထောင့်ကျယ်တြိဂံ၏ ထိပ်တွင်ရှိနေပြီး ဧရာဝတီမြစ်ကြောင်း အတိုင်းဆန်တက်လာပါက အစေခံ ခံတပ်နှင့် သပြေတန်းခံတပ်သို့မရောက်မီ ဆင်ကျုံးခံတပ်ကို ဦးစွာ မြင်ကြရသည်။ ဆင်ကျုံးခံတပ်ကိုယဉ်ကျေးမှုဝန်ကြီးဌာနက ၁၉၅၇ ခုနှစ်တွင် ထိန်းသိမ်းခဲ့ကာ အင်းဝဒေသရှိရှေးဟောင်းအဆောက်အဦ တစ်ခုအဖြစ် ပြုပြင်စောင့်ရှောက်ထားသည်။ ဆင်ကျုံး ခံတပ်၏ မျက်နှာစာတွင် ခံတပ်သမိုင်းကို ရေးသားထားသည့် ကျောက်စာ နှစ် ချပ်ကို စိုက်ထူထားရာ ကျောက်စာချပ် တစ်ခုကို မြန်မာဘာသာဖြင့် ရေးထိုးထားပြီး ကျန်တစ်ခုကို အင်္ဂလိပ်ဘာသာဖြင့် ရေးထိုး ထားသည်။

ကျုံးကူးတံတားအနီးတွင်စိုက်ထူထားသည့် မြန်မာ အင်္ဂလိပ်နှစ်ဘာသာယှဉ်တွဲရေးထားသည့် ကျောက်စာရှည်တွင်
“ မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ် မင်းတုန်းမင်းကြီးလက်ထက်တွင် ကင်းဝန်မင်းကြီးဦးကောင်း၊ယောမင်းကြီး ဦးဘိုးလှိုင်တို့၏ စီမံမှုဖြင့်အီတလီလူမျိုး ကွန်မိုတိုက ဦးဆောင်ကြီးကြပ်၍ ဆောက်လုပ်ခဲ့သည်။ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာမည့် နယ်ချဲ့တို့ အား ခုခံတိုက်ခိုက်ရန် ရတနာပုံ နေပြည်တော်အနီးအင်းဝတွင် ဆင်ကျုံးခံတပ်၊စစ်ကိုင်းတွင် အစေခံ ခံတပ်၊အမရပူရတွင် သပြေတန်း ခံတပ်ဟူ၍ သုံးပွင့်ဆိုင်တည်ဆောက်ခဲ့သော ခံစစ်စခန်းဖြစ်သည်” ဟု ရေးထိုးထားသည်။

၄။ မင်းလှခံတပ်

ဧရာဝတီ မြစ်ရိုးတစ်လျောက်တည်ဆောက်ခဲ့သည့် ခံတပ်များအနက် မကွေးတိုင်းဒေသကြီး၊မင်းလှမြို့နယ်တွင် တည်ရှိ သော မင်းလှ ခံတပ် နှင့် ကွေ့ချောင်းခံတပ်တို့သည်လည်း ထင်ရှားခဲ့သည့် နယ်ချဲ့ခုခံရေး စခန်းများ ဖြစ်ကြပေသည်။ မင်းလှ ခံတပ်ကို အထက် မင်းလှမြို့အနီး၊ ဧရာဝတီ မြစ်ကမ်းထိပ်တွင်တည်ဆောက်ထားသည်။ ယင်းခံတပ်နှစ်ခုသည် ဧရာဝတီမြစ်၏ တစ်ဖက်တစ်ချက်စီတွင် တည်ရှိနေကြပြီး ၁၈၈၅ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ် များက ရတနာပုံ နေပြည်တော်အား သိမ်းပိုက်ရန် ချီတက်လာစဉ် မင်းထင်မင်းလှ ရဲခေါင်သူရိန် နှင့် တပ်သား ၅၀၀ ကျော်တို့ သည် မင်းလှ ခံတပ်မှ တိုက်ခိုက်ခဲ့ကြသည်။

မင်းလှခံတပ်သည် မြေပေါ်ခံတပ်ဖြစ်ပြီး မြစ်တစ်ဖက်ကမ်းရှိ ကွေ့ချောင်းခံတပ်သည် မြေတွင်းခံတပ် ဖြစ်သည်။ ခံတပ်နှစ် ခုလုံးကို မင်းတုန်းမင်း၏ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားဦးဆောင်လျက် ပြင်သစ်လူမျိုးအင်ဂျင်နီယာ ကိုမိုတိုပယ်ရီနှင့် အီတလီ လူမျိုး အင်ဂျင်နီယာမိုလီနာရီတို့၏ အကူအညီဖြင့် နိုင်ငံခြားတွင် ပညာသင်ယူခဲ့သည့် မြန်မာအင်ဂျင်နီယာလူငယ်များက မြန်မာ သက္ကရာဇ် ၁၂၂၃ ခုနှစ်( ခရစ်နှစ် ၁၈၆၁ ခုနှစ်) တွင်တည်ဆောက်ခဲ့သည်။ နယ်ချဲ့များ၏ မြန်မာနိုင်ငံအား အချောင်ရယူလိုမှုကို ဖော်ညွှန်းလျက် ခံတပ်များ ဆောက်လုပ်သည့် မြန်မာသက္ကရာဇ် ၁၂၂၃ ခုနှစ်ကို ” အချောင်ကြံစည်” ဟု မှတ်သားခဲ့ကြသည်။

မင်းလှခံတပ်သည် အပြင်အလျား ၁၇၃ ပေ ၇ လက်မ၊ အနံ ၁၃၁ ပေ ၄ လက်မ ရှိပြီး အတွင်းအလျားမှာ ၁၀၈ ပေ ၈ လက်မ၊ အနံ ၈၈ ပေ ၄ လက်မရှိသည်။မြောက်ဘက်နံရံ အုတ်ရိုးအပြင်တွင် ဒုတိယအုတ်ရိုးတစ်ခုကာရံထားပြီး အုတ်ရိုးနှစ်ခုကြား မြေကြီးများဖို့ထားသည်။ မင်းလှခံတပ်၏ နံရံအထူသည် ၁၇ ပေ ၃ လက်မရှိပြီး အုတ်ရိုး အမြင့်သည် အတွင်းဘက်၌ ၂၃ ပေ ၅ လက်မ နှင့် အပြင်ဘက်၌ ၂၅ ပေ ၉ လက်မ ရှိသည်။ မင်းလှခံတပ်တွင် တံခါးပေါက် ၁၆ ပေါက်နှင့် လှေကားလေးစင်းတပ်ဆင်ထားသည်။ ခံတပ်အောက်ဘက်တွင် စစ်သည် များနေထိုင်ရန် နှင့် ရိက္ခာများသိုလှောင်နိုင်ရန် အခန်းပေါင်း ၂၁ ခန်း ရှိရာ ခံတပ်အရှေ့ဘက် တွင် ခုနစ် ခန်း၊ အနောက် ဘက်တွင် လေးခန်း၊ တောင်ဘက်တွင် ခြောက်ခန်းနှင့် မြောက်ဘက်တွင် လေးခန်းဖြစ်သည်။

မင်းလှခံတပ်ကို တည်ဆောက်ရန် မင်းလှမြို့၏ တောင်ဘက် အင်းဖျားဒေသနှင့် အနောက်တောင်ဘက်ရှိ လက်လန်ရွာ အနီးနေရာများတွင် အုတ်များဖုတ်ခဲ့သည်။ထိုစဉ်က အုတ်ဖုတ်ခဲ့သည့် နေရာများသည် ချိုင့်ခွက်ကြီးများဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် အင်းကြီးများသဖွယ်ဖြစ်လာခဲ့သည်။သဲများကို မင်းလှ၏ အထက်ပိုင်းရှိ မြင်းကျတောင် ကမ်းပါးမှ သယ်ယူခဲ့ကြသည်။မင်းလှ ခံတပ် ကို ဆောက်လုပ်ရာတွင်သုံးစွဲခဲ့သည့် အင်္ဂတေကို ထုံး၊သဲ၊ရေ၊ ထန်းလျက်၊အုံတုံနှင့်ကျွဲကော်တို့ကို မောင်းဆုံတွင် စေးပျစ်လာသည် အထိ ထောင်းပြီး နံရံများဆီသို့ ပစ်ပေါက်ကြည့်ကာ ကွာမကျမှသာ သုံးစွဲခဲ့သည်ဟု မြန်မာ့ စွယ်စုံကျမ်းတွင် ရေးသားထားသည်။

ခံတပ်အပေါ်ရှိ စြင်္က ံလမ်းသည် ၂၁ ပေ ၆ လက်မ ကျယ်ဝန်းလျက် ခံတပ်အပေါ်ထောင့် လေးဘက်တွင် စြင်္ကလမ်းမှ စြင်္ကအုတ်ရိုးပေါ်သို့ တက်ရန် လှေကားများပြုလုပ်ထားသည်။ယင်းအုတ်ရိုးပေါ်တွင် ကင်းစောင့်နေရာ နှင့် အလံတိုင်နေရာများရှိ သည်။ ခံတပ်၏ အနောက်ဘက် ဝင်ပေါက် ဝဲယာတွင် ခံတပ်ပေါ်သို့ အမြောက်များတင်သည့် ဆင်ခြေလျောလမ်းပြုလုပ်ထားကာ ထိုဆင်ခြေလျောလမ်းကို အသုံးပြု၍ ခံတပ်အတွင်းသို့အဝေးပစ်အမြောက်များ သယ်ဆောင် တပ်ဆင်ခဲ့သည်။

၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ ရက်(ခရစ်နှစ် ၁၈၈၅ ခုနှစ်၊နိုဝင်ဘာလ ၁၄ ရက်)တွင် ဗိုလ်ချုပ် ပရင်ဒါဂတ်ဦးစီး သော အဂံလိပ်စစ်သင်္ဘောများသည် ဆင်ပေါင်ဝဲ အောက် ၁၂ မိုင်ရှိ ဒဂုံမော်ကျောက်တိုင်ကိုကျော်ဖြတ်၍ ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက်လာခဲ့သည်။ထိုစဉ်က ဒဂုံမော်သည် အင်္ဂလိပ် မြန်မာနယ်စပ်ဖြစ်သဖြင့် မြန်မာပိုင်နယ်မြေအတွင်းသို့ ကျူးကျော် ဝင်ရောက်လာသည့် အင်္ဂလိပ်စစ်တပ်ကို မြန်မာတို့က ဆီးကြို တိုက်ခိုက်ခဲ့ရာ ပြင်းထန်သော တိုက်ပွဲများဖြစ်ခဲ့သည်။

အင်္ဂလိပ်စစ်သင်္ဘောများသည် ဆင်ပေါင်ဝဲ၊စစ်အောင်ခန်းခံတပ်တွင် တပ်စွဲ ထားသည့်မြန်မာ့ တပ်မတော်နှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဆင်ပေါင်ဝဲခံတပ်ကို ဗုံးများ၊ အမြောက်များနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အင်အားမမျှသဖြင့် မြန်မာတပ်များ ဆုတ်ခွာခဲ့ရပြီးနောက် အဂံလိပ်တို့သည် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော မြန်မာမင်းပိုင် “တုလွှတ်ယာဉ်ကျော်” သင်္ဘောကို သိမ်းပိုက်၍ သရက်မြို့နယ်သို့ ယူဆောင်သွားခဲ့ကြသည်။ အင်္ဂလိပ်များသည် ဆင်ပေါင်ဝဲတပ်ကို သိမ်းယူပြီးနောက် ထူးပေါက် ကတုတ်၊ မလွန် ပန်းဒေါပြင်တပ်နှင့် မင်းလှ ခံတပ်တွင် တပ်စွဲ ထားသည့် မြန်မာတပ်များကို ဆက်လက်တိုက်ခိုက်ခဲ့ပေသည်။

၅။ ကွေ့ချောင်းခံတပ်

ကွေ့ချောင်း ခံတပ်သည် မကွေးမြို့နယ် မြင်ကွန်းတိုက်နယ် ဧရာဝတီမြစ်၏ လက်ဝဲဘက်ကမ်း၌ မင်းလှခံတပ် နှင့်ဓားလွယ် ခုတ် အနေအထား တည်ရှိပြီး ဧရာဝတီ မြစ်ကမ်း နဖူးမှ ၃၅ ပေ အကွာ၊ရေမျက်နှာပြင်မှ ပေ ၄၅၀ ခန့်မြင့်သော တောင် ကုန်းပေါ်တွင် တည်ဆောက်ခဲ့သည်။ ခံတပ် တည်ရာကုန်း ကို တပ်ကုန်း ၊ ကူလီကုန်း ဟု ခေါ်သည်။ ထောင့်မှန် စတုဂံပုံ ကွေ့ချောင်း ခံတပ်သည် မြောက်မှ တောင်သို့ အလျားပေ ၂၄၀ ၊ အနံ ၁၅၅ ပေရှိသည်။

ခံတပ်ကို နှစ် ပိုင်း ခွဲထားကာ မြောက်ဘက်ခြမ်းကို တံတိုင်းအလုံကာရံထားသည်။ ယင်း တံတိုင်းတွင် မီးပေါက် ၈၆ ပေါက် ရှိပြီး ခံတပ်တောင် ဘက် ပိုင်းတွင် အမြောက်တင် အုတ်ရိုးစင်မြင့်၊ အလံတိုင်စိုက်ထူသည့် စင်မြင့်၊ တပ်မှူးအမိန့်ပေးသည့် စင်မြင့်များ ရှိသည်။ အောက် တည့်တည့်တွင် ခန်းမကြီး တစ်ခုရှိပြီး အထက်နှင့်အောက်ကို အုတ်လှေကား တစ်ခုစီ ဖြင့် ဆက်သွယ်ထားသည်။ မြေတွင်း၌ လက်နက် တိုက်ခန်းနှစ်ခုပြုလုပ်ထားရာ တစ်ခုမှာ လိုဏ်အတွင်း အနောက်ဘက် နံရံမှ ဝင်ရသည်။ ကျန် တစ်ခု သည် အရာရှိများ ရုံးခန်း၏ အနောက် တည့်တည့်တွင် ရှိသည်။ လက်နက် တိုက်ခန်းများ အဝအုတ်ရိုးတွင် တံခါး နှစ်ခု တပ် ဆင် ထားပြီး အတွင်းဘက် ခန်းမတစ်ခု၌ အခန်းကလေး တစ်ခုကို ငုံ၍ ဆောက်လုပ် ထားသည်။ ထို အခန်း အတွင်းသို့ အပြင်မှ လေ ဝင် နိုင်ရန် စီမံဆောက်လုပ် ထားသည်။

ကုန်းဘောင်ဆက်မဟာ ရာဇဝင်ကြီးတွင် ရန်သူ့လက်သို့ မင်းလှခံတပ်နှင့် ကွေ့ချောင်းခံတပ်များကျခဲ့ရပုံကို” မင်းလှခံမြို့၊ ကွေ့ချောင်းခံမြို့များကို အင်္ဂလိပ် စစ်သည်တို့က ကြည်းအား၊ရေအားချီတက် စစ်နှစ်ဖက်ညှပ်၍ ဗုံးအမြောက်၊ သေနတ်၊လက်နက် တို့ နှင့် ပစ်ခတ်တိုက်ခိုက်ကြရာ ပြည်လုံးအံ့ လှေသင်းဗိုလ်၊ရွေးကြီး လှေသင်းဗိုလ် တို့ကလည်း အမြောက် သေနတ်၊လက်နက်များ နှင့် မီးပေါက်မိုးရွာ၏သို့ ခုခံ ပစ် ခတ်တိုက်ခိုက်သဖြင့် အင်္ဂလိပ် ကြည်းကြောင်းတပ်များ မတက်နိုင်ဘဲတန့်၍ နေပြီးနောက် အထိ အခိုက် အရှအနခံ၍ မြို့ခြေရောက်ချဉ်းကပ်လာသည်တွင်စစ်သည်ဗိုလ်ခြေ အင်အားချင်းမမျှသောကြောင့် မြန်မာ ရဲမက်တော် လူ ၇၀၀၊အမြောက်လုံးရေ ၃၅ နှင့်တကွ မင်းလှခံမြို့ကို အင်္ဂလိပ်စစ်ဗိုလ်ကြီးကရလေသည့်အပြင် ကွေ့ချောင်းခံမြို့ကိုလည်း အင်္ဂလိပ် စစ်သည်တို့က ရလေ၏ ” ဟု ရေးသားမှတ်တမ်းတင်ခဲ့သည်။ မင်းလှ နှင့် ကွေ့ချောင်းခံတပ်များကို ၁၉၅၇ ခုနှစ်မှစ၍ ရှေးဟောင်းသုတေသန ဦးစီးဌာနက ထိန်းသိမ်း စောင့် ရှောက်ခဲ့သည်။

ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးဆုံးပြီးနောက် မြန်မာတို့သည် အထက်မြန်မာနိုင်ငံလုံခြုံရေးကို အထူးဂရုစိုက်ခဲ့ကြရာ ရန်သူ များရေကြောင်းမှ အလွယ်တကူ ဝင်ရောက်မလာနိုင်ရန်အချက်အချာ ကျသောနေရာများတွင် ခံတပ်ကြီးများကိုတည် ဆောက်ခဲ့ကြ သည်။ ခံတပ်များကို ဧရာဝတီ မြစ်ကြောင်းမှရတနာပုံနေပြည်တော်သို့ ဆန်တက်လာမည့် နယ်ချဲ့ရန် ကို တိုက်ခိုက်ရန် ရည်ရွယ် ဆောက်လုပ်ခဲ့သည်။ရတနာပုံခေတ်တွင် မိမိတို့နိုင်ငံကို ကျူးကျာ်သူများကို ကာကွယ်မှုပြုခဲ့သည့် အခြေစိုက်ခံတပ် များသည် မြန်မာ တို့၏ မျိုးချစ်စိတ်ဓာတ်နှင့် သူ့ကျွန်မခံလိုမှုတို့ကို သက်သေဖော်ညွှန်းလျက်ရှိနေပေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး(ဦးမောင်မောင်တင်)

မောင်သာ(ရှေးဟောင်းသုတေသန)
၁၇ ၊ ၁၀ ၊ ၂၀၁၇ ရက်ထုတ်
မြန်မာ့အလင်းသတင်းစာမှ

Tags: myanmar knowledgemyanmar places
Next Post
ကျန်းမာရေးအတွက်သာမက စွယ်စုံသုံးနိုင်တဲ့ နနွင်းအကြောင်း

ကျန်းမာရေးအတွက်သာမက စွယ်စုံသုံးနိုင်တဲ့ နနွင်းအကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!