မြန်မာအချိန် စနစ် သည် ယခုကာလ စက်နာရီများကဲ့သို့ တစ်ရက်ကို သန်းခေါင်မှ သန်းခေါင် တိုင်းတာခြင်း မဟုတ်ပါ။ မြန်မာ တစ်ရက်မှာ တစ်နေ့နှင့် တစ်ည ဖြစ်ပါသည်။ တစ်နေ့ ဆိုသည်မှာ နေထွက်မှနေဝင်ထိ ဖြစ်ပြီး တစ်ည ဆိုသည်မှာ နေဝင်မှ နေထွက်ထိ ဖြစ်၏။ မြန်မာနာရီအားဖြင့် တစ်ရက်တွင် နာရီ ၆၀ ရှိသည်။ နေ့နာရီ ၃၀၊ ည နာရီ ၃၀ ဖြစ်၏။ မြန်မာနာရီတွင်မူ နေ့နာရီ ၃၀၊ ညနာရီ ၃၀ သတ်မှတ်ထားသောကြောင့် နေ့နာရီ ၃၀ ကျော်သွားသည်ကို ၃၁ နာရီ ၃၂ နာရီ စသဖြင့် ရေးရိုးထုံးစံမရှိပါ။
မြန်မာက တစ်ရက်လျှင် နာရီ ၆၀ ရှိသည်။ စက်နာရီက တစ်ရက်လျှင် ၂၄ နာရီ ရှိသည်။ သို့အတွက် မြန်မာ တစ်နာရီလျှင် စက် ၂၄ မိနစ်ရှိ၏။
မြန်မာအချိန်များ ခွဲခြားခေါ်ပုံ
၁၀ ခဏ = ၁ လယ
၁၀ လယ = ၁ ခရာ
၁၀ ခရာ = ၁ ပြဏ်
၆ ပြဏ် = ၁ ဗီဇနာ
၁၅ ဗီဇနာ = ၁ ပါဒ်
၄ ပါဒ် = ၁ နာရီ
၇ နာရီခွဲ = ၁ ပဟိုရ်
၄ ပဟိုရ် = ၁ နေ့/ည
၆၀ နာရီ = ၁ ရက်
တစ်ရက် ရှစ် ပဟိုရ်
နေ့တာ ဟူသည် နေထွက်မှ နေဝင်အထိကာလ၊ ညဉ့်တာဟူသည် နေဝင်မှ နေထွက်ထိကာလ ဖြစ်၏။ တစ်ရက်တွင် နေ့ ၄ ဗဟိုရ်၊ ညဉ့် ၄ ဗဟိုရ်။ စုစုပေါင်း ၈ ဗဟိုရ်ရှိသည်။ နေ့နာရီ ၃၀၊ ညနာရီ ၃၀ ဆိုသော်လည်း ၁၂ လ လုံးအတွက် မဟုတ်ပါ။ နေ့တာ၊ ညတာ တူညီသောလများအတွက်သာ ဖြစ်သည်။ နေအသွားအလာပေါ် မူတည်ပြီး နေ့တာ၊ ညတာ အတိုအရှည်များ တစ်လနှင့်တစ်လ မတူပါ။ မြန်မာဆယ့်နှစ်လ ၏ နေ့တာ၊ ညတာ အတိုအရှည် တို့ကို မှတ်သားထားနိုင်ရန်အတွက်-
ပတ်သံတာရှည်၊ တီးသံမြည်၊ လက်ဆည်ကန်စာရေး။
တစ်ဆယ်လောင်းမည်၊ ထမ်းပိုးရည်၊ ယင်းသည် နာရီပေး။
ဆယ့်နှစ်လလည်၊ နေ့ဖို့ရည်၊ ညဉ့်သည် အကြွင်းဆေး။ ဟူ၍ သံပေါက်လင်္ကာဖြင့် စပ်ဆိုမှတ်တမ်းတင်ထား၏။
ရေနာရီ
ရှေးမြန်မာမင်း တို့၏ ရေနာရီ ပြုလုပ်ပုံမှာ ရတနာအပြည့်စီချယ်ထားသော ရေအင်တုံထဲတွင် ရေအပြည့်ထည့်၍ ရေမျက်နှာပြင်ပေါ်တွင် အပေါက်ဖောက်ထားသော ကြေးဖလားတင်ထား၏။ ကြေးဖလားမှာ ကြေးနီအချိန် ၁၆ ကျပ်သား လေး၏။ အစောက် ၇ လက်သစ်၊ မျက်နှာဝအကျယ် ကိုးလက်သစ်ရှိသည်။ ဖလား၏ အောက်ခြေတွင် မိန်းမပျိုတစ်ဦး၏ ဆံခြည်မျှင် ၁၆ မျှင် ဝင်ရုံမျှအပေါက်တစ်ပေါက် ဖောက်ထားသည်။ ကြေးဖလား တစ်ခါမြုပ်လျှင် တစ်နာရီ ဟု သတ်မှတ်သည် ဖလား တစ်ခါနစ်လျှင် ငွေမောင်း တစ်ခါတီးသည်။ ဤသည်ကိုရေတွက်၍ တစ်နာရီ တစ်မောင်းဟု ခေါ်၏။
ပဟိုရ်စည် တီးပုံ
တစ်ရက်လျှင် ပဟိုရ်စည် ၈-ကြိမ်တီးသည်။ နေ့ ၄ ကြိမ်၊ ည ၄ ကြိမ် ဖြစ်၏။ တစ်ရက်အတွင်း ပဟိုရ်စည်တီးပုံများကို ဖော်ပြရလျှင် အောက်ပါအတိုင်းဖြစ်ပါသည်။
နေ့အတွက် ပဟိုရ်စည်တီးပုံမှာ
နေ့တာနှင့်ညတာညီမျှသော တန်ခူးလနှင့် သီတင်းကျွတ်လများတွင် နံနက် နေထွက်ချိန်မှစ၍ ရေနာရီ တစ်နာရီလျှင် မောင်းတစ်ချက်၊ ၂ နာရီလျှင် မောင်းနှစ်ချက် အစဉ်အတိုင်း တီးသွားပြီး ၇ မောင်း ကျော် ၇ နာရီ ၂ ပါဒ်၊ သို့မဟုတ် ၇ နာရီခွဲရှိသောအခါ ခေါင်းလောင်းသံ ၁၁ ချက် နှင့် စည်သံ ၁၁ ချက်ကို တစ်လှည့်စီ တီးပါ သည်။ ဤကဲ့သို့ ခေါင်းလောင်းနှင့် စည် ၁၁-ချက်စီ တီးသည်ကို နေ့တစ်ချက်တီးဟု ခေါ်၏။ ထိုတစ်ချက်တီး အချိန်သည် စက်နာရီ နံနက် ၉ နာရီနှင့် ညီမျှ၏။
ထိုကဲ့သို့ တစ်ချက်တီးပြီးနောက် ရေနာရီ တစ်နာရီလျှင် မောင်းတစ်ချက်တီးပြန်၏။ ထိုအချိန်ကို တစ်ချက်တီးကျော် တစ်မောင်းဟူ၍ ခေါ်ပါသည်။ အထက်ပါအတိုင်း ၇ နာရီနှင့် ၂ ပါဒ်ရှိလာပြန်သောအခါ ခေါင်းလောင်းနှင့်စည် ၂၂ ချက်စီ တီးပြန်၏။၎င်းကို ၂ ချက်တီးဟု ခေါ်သည်။ ထို နေ့ ၂ ချက်တီးအချိန်မှာ စက်နာရီ မွန်းတည့် ၁၂ နာရီနှင့် ညီမျှသည်။
အစဉ်အတိုင်းဆက်တီးလာရာ ၇ နာရီ ၂ ပါဒ် ရှိလာပြန်သောအခါ ခေါင်းလောင်းနှင့် စည် ၃၃ ချက်စီ တီးပြန်သည်။၎င်းကို ၃ ချက်တီးဟု ခေါ်၏။ ထို ၃ ချက်တီးအချိန်သည် စက်နာရီ ညနေ ၃ နာရီနှင့် ညီမျှ၏။ ထို့နောက် ၇ နာရီ ၂ ပါဒ် တွင် ခေါင်းလောင်းနှင့်စည် ၄၄ ချက်စီ တီးပြန်သည်။၎င်းကို ၄ ချက်တီးဟုခေါ်၏။ ထို ၄ ချက်တီး အချိန်ကား နေဝင်ချိန် စက် ၆ နာရီပင် ဖြစ်တော့သည်။ ညအတွက် ပဟိုရ်စည် ၄ ကြိမ် တီးပုံမှာလည်း အထက်ပါ နေ့အတွက် ပဟိုရ်စည် တီးပုံအတိုင်းပင် ဖြစ်၏။
ပဟိုရ်စည် တီးပုံတီးနည်း အကျဉ်းချုပ်မှာ- နေ့တာ၊ ညတာ တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ။ နေ့နှင့်ည နာရီတို့ကို လေးပိုင်းစီပိုင်းပြီး တစ်ပိုင်းလျှင် တစ်ပဟိုရ် တီး၏။ ဤကဲ့သို့ ပဟိုရ်စည်ကို နေ့တာ၊ ညတာ အတိုအရှည်လိုက်၍ တီးသဖြင့် မည်သည့်လမဆို နေထွက်နှင့် နံနက် လေးချက်တီး၊ နေဝင်နှင့် ညနေလေးချက်တီး၊ မွန်းတည့်နှင့် နေ့နှစ်ချက်တီး၊ သန်းခေါင်နှင့် ညနှစ်ချက်တီးတို့ အမြဲ ညီလေသည်။
ပဟိုရ်စည်တီးချိန်များကို စက်နာရီနှင့်ယှဉ်ကြည့်လျှင် အောက်ပါအတိုင်း ရသည်။
သို့သော်လည်း ဤပဟိုရ်စည် ဆိုသည်မှာ ရွှေနန်းတော်တွင် ထားရှိသော ရေနာရီကိုကြည့်လျှက် ရွှေမြို့တော် ပဟိုရ်စည်မျှော်စင် မှ တီးသဖြင့် သာမန် တိုင်းသူ ပြည်သားများ၏ အရာမဟုတ်။ ရွှေမြို့တော်သူ၊ ရွှေမြို့တော်သား တို့သာ ထို စည်တီးသံဖြင့် အချိန်ကို သိနိုင်ပေမည်။ ရွှေနန်းတော်နှင့် ဝေးကွာသော တောအရပ် များတွင်မူ နေလုံးကြီးကို ကြည့်လျှက် နေထွက်တပြူချိန်၊ နေထန်းတစ်ဖျား၊ ဆွမ်းခံဝင်ချိန်၊ မွန်းတည့်ချိန်၊ မွန်းတိမ်းချိန်၊ ညနေစောင်းချိန် စသဖြင့် လည်းကောင်း၊ ညပိုင်းအတွက် နေဝင်ဖျိုးဖျ၊ သူငယ်အိပ်ချိန်၊ သက်ကြီးခေါင်းချချိန်၊ သန်းခေါင်ကြက်၊ လင်းအားကြီးကြက် စသဖြင့် ကြက်တွန်သံကို အစွဲပြု၍ လည်းကောင်း မှတ်သား ကြရ၏။
အရပ်သုံး နေနာရီတွက်ပုံ
နေပြည်တော်နှင့်မနီးသော ကျေးတောရွာများတွင် ဗဟိုရ်စည်သံမကြားရသောကြောင့် နာရီကို အတိအကျသိရန် မလွယ်။ သို့အတွက် မွန်းတည့်ချိန်ကိုမှတ်သားပြီး အချိန်ကို ခန့်မှန်းကြသည်။ မွန်းတည့်ချိန်ကို မိမိအရိပ်မှ ထွက်လာသော ဖဝါး အရှည်ဖြင့်တိုင်းတာ တွက်ချက်၏။ လူတစ်ဦး၏ ခြေဖဝါး ၇ ဆသည် အရပ်နှင့် ညီသည် ဆို၏။ နေသည် အယာဉ်သုံးပါးနှင့်သွားနေသည်ဖြစ်ရာ နေမွန်းတည့်ချိန်တွင်ရှိသော ဖဝါး အတိုင်းအတာများ မှာလည်း မတူပါ။
ကိုးကား
ကဝိလက္ခဏာသတ်ပုံကျမ်း
Myanmar Wikpedia