• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဖြစ်ရပ်ဆန်းများနဲ့ ဘုန်းတော်ကြီးဦးသီလ

by Thutamm
August 7, 2019
Reading Time: 1min read
0
ဖြစ်ရပ်ဆန်းများနဲ့ ဘုန်းတော်ကြီးဦးသီလ
Share on FacebookShare on Twitter

ဓာတ်ပုံများအတွက် မူရင်းတင်ထားတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်။

မြန်မာသမိုင်းတစ်လျှောက် ထင်ရှားထူးချွန်သော ဆရာတော်ကြီးအများအပြား ရှိခဲ့သည့်အနက် ဘုန်းတော်ကြီး ဦးသီလ လည်းအပါဝအင်ဖြစ်သည်။ ဘုန်းတော်ကြီး ဦးသီလဟု အများခေါ်ဝေါ်ကြသော တောရဆရာတော်ဘုရားကြီးသည် ပဲခူးမြို့ မြောက်ဘက် နှစ်မိုင်ခန့်ဝေးသော အထက် ဇိုင်းဂနိုင်းကြီးရွာ၌ သက္ကရာဇ် ၁၁၉၄ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက်၊ သောကြာ နေ့နံနက် ၈ နာရီအချိန်တွင် ဖွားမြင်သည်။ အဘမှာကုန်သည် ဦးထွန်းအောင်ဖြစ်၍ အမိဒေါ်ချိုဖြစ်သည်။ ငယ်မည်မှာ မောင်ရွှေသာ ဖြစ်၏။ ဦးရွှေသာ၊ ဒေါ်သူဇာ၊ ဒေါ်အို၊ ဒေါ်လှအောင်၊ ဦးဘိုးကျော်ဟူသော မွေးချင်းငါးယောက်ရှိသည့်အနက် ဦးသီလဆရာတော်လောင်း ဦးရွှေသာသည် အကြီးဆုံး ဖြစ်သည်။

မောင်ရွှေသာသည် ၁ဝ နှစ်သားအရွယ်တွင် ကော့ပြင်ရွာဘုန်းတော်ကြီးဦးမှူးထံ၌ စာပေသင်ကြားရန် ကျောင်းသားအဖြစ် အပ်နှံခံရသည်။ ၁၂ဝ၆ ခုနှစ်တွင်အသက် ၁၂နှစ် အရွယ် ရောက်သောအခါ ရှင်သာမဏေအဖြစ်သို့ရောက်သည်။ ဘွဲ့တော်မှာ ရှင်သီလသာရဖြစ်သည်။ ရှင်သာမဏေဝတ်ဖြင့် ခုနစ်ဝါနေပြီးနောက် ၁၂၁၃ ခုနှစ်တပို့တွဲလတွင် ကျိုက်ဒေးယျုံဘုရား ကုန်းတော်အရံအတွင်းရှိ ဘုန်းကြီးကျောင်း၌ ပီလခတ်ရွာဘုန်းတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ကာရက သံဃာများစွာဖြင့် ရဟန်းဘောင်သို့တက်တော်မူသည်။

ကော့ပြင်ရွာဘုန်းတော်ကြီးဦးမှူးထံ၌ ရဟန်းနှစ်ဝါရသည့်တိုင်အောင် နေပြီးနောက်၊ ပဲခူးမြို့ထောင့်ကျောင်း ဆရာတော်ကြီး ဦးဟစန္ဒာလင်္ကာရဘွဲ့တော်ရှိသော ဘုန်းတော်ကြီး ဦးပုံထံ၌ ငါးဝါရသည့် တိုင်အောင်ပရိယတ္တိဓမ္မ အခြေခံစာပေတို့ကို နေ့ညဉ့်မပြတ်သင်ကြား အားထုတ်နေလေသည်။ ဦးသီလသည်ထိုစဉ်က ပြတ်ပြတ်သားသား မှတ်သားဖွယ် တရားများကို ဟောကြားနိုင်သဖြင့် အများကြည်ညိုကြသည်။ ၁၂၁၈ ခုနှစ်ရဟန်းဝါ ငါးဝါရပြီးသောအခါ ရန်ကုန်မြို့သို့ကြွလာ၍ ယခုပုဇွန်တောင် ကျိုက်ထီးရိုးကျောင်းတိုက်တည်ရာ၌ ရွှေကြက်ယက် ဘုန်းတော်ကြီးဦးမေဓာထံတွင် စာပေကျမ်းဂန်သင်ယူကာ တစ်ဝါနေလေသည်။

ဦးသီလသည် ခြောက်ဝါရပြီးသောအခါ ပဲခူးမြို့သို့ပြန်ကြွသွားကာ ကလျာဏီတောရ ဘုန်းတော်ကြီး ဦးဝဏ္ဏထံ၌ တစ်ဝါ၊ မန္တလေးမြို့သို့တက်၍ စစ်ကိုင်းဘက်ကူးပြီးလျှင် စစ်ကိုင်း ပိတောက်ချောင်တောင်ရိုး အရိယဝံသရေငုံတိုက်၌ တစ်ဝါ၊ မန္တလေးမြို့အရှေ့စလင်းတိုက်၌ တစ်ဝါအသီးသီးတွင် သီတင်းသုံး၍ စာပေသင်ယူသည်။

၁၂၂၂ ခုနှစ်တွင်ရဟန်းဝါကိုးဝါအရ၌ ဦးသီလသည် ကောင်းစွာ မကျမ်းမာသဖြင့် ပဲခူးဘက်သို့စုန်ဆင်းလာပြီးလျှင် လာကမွတရွာ၊ ဈေးညောင်ပင်ရွာစသည်တို့၌ ခေတ္တ စီသီတင်းသုံး၍ ပတ္တမြားစေတီ၊ ကျိုက်ပတိုင်ကုန်း တန်းဂူကုန်းတို့၌ အရညဝါသီတောမှီပုဂ္ဂိုလ်အဖြစ်ဖြင့် တောရဆောက်တည်နေတော်မူသည်။ ၁၂၂၆ ခုနှစ်တွင်ပဲခူးမြို့မှ ဂိုဏ်းအုပ်ဆရာတော်ကြီးဦးပုံ တောထွက်တော်မူသောအခါ ဦးသီလလည်းနောက်မှတပါတည်း လိုက်သွားလေသည်။ ဂိုဏ်းအုပ်ဆရာတော်ကြီး တောထွက်ရသည်မှာလည်း ဘုန်းတော်ကြီး ဦးသီလကြောင့်ဟု ဆိုနိုင်သည်။

ရွှေကျင်မြို့ရှိ ဘုန်းတော်ကြီးဦးသိလ တရားကျင့်ခဲ့ရာဂူဘုန်းကြီးဦးပုံသည် ကလျာဏီကျောင်းတိုက် တောင်ဘက်တွင် ကပ်လျက်ရှိသော သစ်စေးပင်လေးတိုင်စင်ကျောင်းငယ်၌ သီတင်းသုံးတော်မူသောအခါ ဦးသီလလည်း ထိုကျောင်းနှင့် မနီးမဝေး အနောက်ဘက်ကျောင်းငယ်တစ်ခု၌ သီတင်းသုံးနေထိုင်သည်။ ဝါကျွတ်လတ်သော် ပဲခူးမြို့အရှေ့ဟင်္သာကုန်းသို့ ရွှေ့ပြောင်း၍ တောကျောင်း၌ဘုန်းကြီး ဦးပုံနှင့်အတူ ဝါကပ်သည်။ ယင်းသို့ဖြင့်ဘုန်းကြီးဦးပုံမဟာနာယကပြု၍ တည်ထောင်သောတောရ ဂိုဏ်းတွင် ဘုန်းတော်ကြီး ဦးသီလသည် ဒုတိယနာယကဖြစ်လာလေသည်။ ပဲခူးတောရ ဂိုဏ်းကြီးသည် ရွှေကျင်ဆရာတော်ကြီးတည်ထောင်သော ရွှေကျင်ဂိုဏ်းနှင့်ဝိနည်းကိုပဓာနထား၍ သီးသန့်ခြင်း၊ ဂိုဏ်းတစ်ပါးနှင့်အဆက်အဆံမရှိခြင်းတို့၌ အယူသီလတူမျှ လေသည်။

ယင်းသို့ရွှေကျင်ဂိုဏ်းနှင့် ပဲခူးတောရဂိုဏ်းတို့ နှစ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီးသောအခါ ဆရာတော်ဦးသီလပင် လျှင်ယင်းဂိုဏ်းကြီး၏ ဒုတိယနာယကဖြစ်တော်မူလေသည်။ ၁၂၂၈ ခုနှစ်ဝါလသီတင်းကျွတ်သောအခါဦးသီလသည် ဟင်္သာကုန်းမှ ဖဲခွာလေသည်။ ထို၁၅ ဝါရပြီးမှစ၍ ကျိုက်ဒေးယျုံ၊ လာကမွတ်၊ ဈေးညောင်ပင်၊ ကျိုက်ပတိုင်ကုန်းတန်း၊ ဂူကုန်း၊ ကလိ၊တပ်ကလေး၊ အဝိုင်း၊ ဘုရားကလေး၊ ဥက္ကံရွာကုန်းတောရ၊ ဒေးစွန်ပါပျဉ်ပုံတော၊ လှည်းဘီးကွဲ၊ အနောက်တောတန်း၊ ဒိုက်ဦး၊ ဖအောင်ဝဲ၊ ရွှေကျင်ခရွဲ၊ ဝမ်းပကော၊ ကျိုက်ထို၊ ကော့ကဒွတ်၊ ဘီးလင်း၊ ကျိုက်ကော်၊ သထုံ၊ဂေါ့၊ မုတ္တမတောင်ရိုး၊ မော်လမြိုင်၊ ဖားအံ၊ ဘီလူးကျွန်း၊ မုဒုံ၊ကျုုံဒိုးကော့ကရိတ်စသည်တို့သို့အနှံ့ကြွ၍ သီတင်းသုံးကာ တောရဂိုဏ်းအနှံ့ ကြီးပွားလေသည်။

ဆရာတော်သည်ရဟန်း ၁၂ဝါမှစ၍ ဓုတင်၁ဝပါး၊ ၁၁ပါး၊ ၁၂ပါး၊ ၁၃ပါး၊ ရံခါရသည်။ ပိဏ္ဍပါတ်ဓုတင် သပဒါနစာရိဓုတင်တို့ဖြင့်နေ့စဉ် ဆွမ်းခံ၏။ ဆွမ်းဘုဉ်းပေးသောအခါ ဧကာသနိတ်ပတ္တပိုဏ်ဓုတင် တစ်နေရာတည်း တစ်ခွက်တည်းဘုဉ်းပေးသည်။ သက်သတ်လွတ်သာအမြဲသုံးဆောင်သည်။ ဆရာတော်သည် အတည်တကျ တစ်နေရာတည်း တစ်ဆက်တည်း မနေလို၊ တစ်နေရာတွင်အများဆုံးနှစ်ဝါဆိုလေ့ရှိသည်။ ဆရာတော်၏ ကျောင်းသည်လည်း များသောအားဖြင့် ပိတ်မိုးကျောင်းတို့ ဖြစ်ကြသည်။ ထိုသို့ဆရာတော်သည် တစ်နေရာတည်းခန့်ခန့် ထည်ထည်ကျောင်းကြီးနှင့် အမြဲနေလေ့မရှိဘဲ အနှံ့သွားလာနေထိုင်သောကြောင့်လည်း တောရဂိုဏ်း ကြီးအရပ်ရပ်၌ ပျံ့နှံ့ခြင်းဖြစ်သည်။

ဆရာတော်သည် မိမိနှင့် တွေ့သမျှသော ရဟန်းတို့အား တောကျောင်းနေချင်အောင် ဟောလေ့ရှိသည်။ ဆရာတော်သည် လာဘ် သပ်ပကာ အလွန်ပေါသော်လည်း ရောက်ရာအရပ်ရှိ သံဃာတော်တို့အား အကုန်စွန့်လှူလေ့ရှိ၏။ ကိုယ်တော်တိုင်မူကား သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည် သားရေနွယ်တချပ်ဖြင့်ရောင့်ရဲတော်မူ၏။ ထိုသို့ တောအလီလီရွှေ့ပြောင်းကျင့်သုံးရာ ဆင် ၊ ကျား စသောသားရဲတိရစ္ဆာန်များဖြင့် မကြာခဏထိပ်တိုက်ကြုံခဲ့သည်။ ကျားများအလွန်သောင်းကျန်ပါသည်ဆိုသော အရပ်များတွင် တောရဆောက်တည်သော်လည်း တခါဖူးမျှ အန္တရာယ်မကြုံခဲ့။ ကောင်းမြတ်သော အကျင့်သီလတန်ခိုးကြောင့် ဆင်မနင်းကျားမကိုက်သော ဂုဏ်ရှိတော်မူသည်ဟုဆိုကြသည်။

တခါကကျားကြီးတစ်ကောင်သည် ဆရာတော်၏ တဲကျောင်းအနီးတွင်ဖိုထားသော မီးပုံတွင် လာဝပ်ပြီး ပါးစပ်အဟောင်းသားနှင့် အိပ်ပျော်သွားခိုက် ကပ္ပိယကြီးက ကျားကြီး၏ပါးစပ်ထဲသို့ မီးခဲများထည့်ဖို့ စိတ်ကူးမိရာ ကျောင်းကြီးပေါ်မှ ဆရာတော်၏ အသံထွက်လာသဖြင့် လန့်သွားခဲ့ဖူးသည်။

“ကပ္ပိယကြီး ဘာလို့မကောင်းကြံပြီး ပြစ်မှားရသလဲ ။ ကိုယ့်အလုပ် ကိုယ်လုပ်တာမဟုတ်ဘူး တောင်းပန်လိုက်”ဟူသော စကားကြောင့် ဆရာတော်သည် စိတ်ထဲမှအကြံံကိုပင် သိနေသူဟု ယုံကြည်ခဲ့သည်။ အခြားဆရာတော်တစ်ပါးသည် ဆရာတော်သည် အတွင်းစိတ်အကြံကို သိမသိ ၂ကြိမ်တိုင်စမ်းဖူးရာ ဆရာတော်က သိချည်းနေသည်။ ပထမတစ်ခါ ဆရာတော်အားသွားဖူးစဉ် ဆရာတော်က သူ့ဆီလာသူ မှန်သမျှ ပြန်သွားတိုင်း ပစ္စည်းများကိုလှူဒါန်းသည့် အကြောင်းသိသဖြင့် ငါ့စိတ်အကြံကို သိရင် ငါ့ကိုဘာမှမလှူပါစေနဲ့ဟု တွေးခဲ့သည်။ ဆရာတော်ဦးသီလကလည်း ထိုဆရာတော်ပြန်သည့် အခါဘာမှမလှူပဲ ပြန်လွှတ်လိုက်သည်။

တစ်ကြိမ်တိုက်ဆိုင်တာဖြစ်မှာပါ ဟု နောက်တစ်ကြိမ်ထပ်စမ်းဖူးသည်။ ဒီတစ်ကြိမ်တွင် ဆရာတော်ဦးသီလ ဆီသို့အသွား ငါ့စိတ်ကိုသိလျှင် ငါ့အားဘယ်သူလဲ ဘယ်ကလဲမမေးပဲ ခြေဆုပ်လက်နယ် ဝတ်ပြုခွင့်ပေးပါစေ ဟုအကြံဖြစ်သည်။ ဆရာတော်ဦးသီလ ထံအရောက်တွင် မည်သည့်စကားမှ မမေးပဲ ခြေဆုပ်လက်နယ်ပြုခွင့်ပေးခဲ့သည်။ ထိုအခါမှ ထိုဆရာတော်ယုံသွားသည်။ ပျဉ်းမနားမှ ဒကာတစ်ဦးကလည်း ဆရာတော်သည် တောရချည်းသာဆောက်တည်နေသဖြင့် အကျင့်သာမြတ်သည် စာပေဘက်မှာတော့ထူးချွန်စွာ တတ်မြောက်ပုံမရဟု ဆရာတော်ဆီအသွားတွင် တွေးခဲ့ဖူးသည်။ ဆရာတော်ဆီရောက်သည့်အခါ ဆရာတော်က “ဒကာတို့ ဆန်းကြယ်တဲ့ တန်ဆောင်းပြသာဒ်တွေကိုဆောက်ရာမှာ လက်မူပညာသာတတ်ပြီး စူးဆောက် တန်ဆာပလာ တို့မရှိရင်ဖြစ်ပါ့မလား ၊ လက်နက်သာရှိပြီး ပညာမတတ်ရင်ရောဖြစ်ပါ့မလား ၊ နှစ်ခုစလုံးပြည့်စုံမှ ဖြစ်မည်မဟုတ်ပါလား” ဟူသော စကားကိုဆိုရာ ထိုဒကာမှာ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ဖူးသည်။

ဆရာတော်နှင့် ပတ်သတ်၍ ထူးခြားသောဖြစ်ရပ်များစွာ ရှိခဲ့ဖူးသည်။ ထိုအထဲမှ တချို့ကိုပြောရလျှင်-

ပဲခူးချောင်းဖျားရှိ ကံမြင့်ရွာတွင် ညအခါတွင် ကျားဆိုးတစ်ကောင်သောင်းကျန်းလျှက်ရှိသည်။ ထိုအတွင်း ဘုန်းတော်ကြီးသည် ထိုရွာသို့ရောက်ပြီး ရွာသုသာန်ဇရပ်တွင် တစ်ညတည်းသည်။ ရွာသူ ရွာသားများက လျှောက်ထားသော်လည်း လက်မခံသဖြင့် အားလုံးစိုးရိမ်ခဲ့ကြသည်။ ဘုန်းတော်ကြီးအား အသက်မရှင်နိုင်တော့ဟု ယူဆခဲ့သော်လည်း နောက်တစ်နေ့တွင် ဆွမ်းခံထွက်သည်ကို မြင်ရသဖြင့် ဝမ်းသာအားရဖြင့် ဆွမ်းလောင်းကြသည်။ မယုံကြည်သူများက လိုက်လံချောင်းကြည့်ရာ ကျားဆိုးကြီးသည် ဘုန်းတော်ကြီးအနီး သုံးတောင်ခန့်အကွာတွင် ငြိမ်သက်စွာနေသည်ကို တွေ့လိုက်ကြသည်။

တခါကလည်း ဘုန်းတော်ကြီးအား လာပင့်သော ဒကာ ၃ယောက်နှင့်အတူ ကင်ပွန်းစခန်းအနီးရွာတစ်ရွာသို့ အသွား လမ်းတွင် ဆင်ဆိုးကြီးတစ်ကောင်နှင့် ကြုံပြန်သည်။ ထိုဆင်ဆိုးသည် လူများကို နင်းသတ်ဖူးခဲ့သော ဆင်ဆိုးကြီးဖြစ်သည်။ တည့်တည့်တွေ့သည်ဖြစ်၍ ဆရာတော်အား နောက်ဆုတ်ရန်လျှောက်ထားသော်လည်း လက်မခံသဖြင့် ဒကာများမှာ ထွက်ပြေးသူပြေး ၊ သစ်ပင်ပေါ်တက်သူတက်ဖြစ်ကုန်သည်။ ဆရာတော်သည် ရှေ့မတိုးနောက်မဆုတ် ငြိမ်သက်စွာရပ်နေသည်။ ဘုန်းတော်ကြီးရှိရာသို့ အရှိန်ဖြင့်ပြေးလာသော ဆင်ဆိုးကြီးမှာ ဘုန်းတော်ကြီးအနားရောက်သည်နှင့် ပုဆစ်တုပ်ပြီး ထိုင်လျှက်ကျသွားသည်။

ဘုန်းတော်ကြီးက ရပ်မြဲရပ်နေရာ ခဏအကြာ ဆင်ကြီးမှာ နောက်ပြန်လည့်ပြီး တောအတွင်းသို့ ပြန်ဝင်သွားသည်ကို ဒကာများ မြင်လိုက်ကြသည်။ ကျိုက်ထီးရိုးလမ်းတွင် သောင်းကျန်းနေသော ဆင်ဆိုးကြီးကျော့မှူးနှင့် တည့်တည့်ကြုံခဲ့စဉ်ကလည်း ထိုအတိုင်းပင် ဆင်ကြီးသည် ဆရာတော်အနီးအရောက်တွင် ဦးခေါင်းငိုက်စိုက် အော်ဟစ်ပြီး ပြန်လည်ဆုတ်သွားသည်ကို ကပ္ပိယကြီးသာမက ပန်ချာပီသုံးယောက် နှင့် အင်္ဂလိပ်စစ်ဗိုလ်တို့ပါ မြင်တွေ့လိုက်ကြသည်။ ဘုန်းတော်ကြီး၏ သီလ နှင့် မေတ္တာ အစွမ်းထက်ပုံကို အားလုံးပြောမဆုံးကြတော့။

ဆရာတော်သည် နွားရိုင်း ၊ မြွေ စသည်တို့နှင့်လည်း ကြုံခဲ့ဖူးသော်လည်း တခါတရံမျှ ဘာမှမဖြစ်ခဲ့။ နောက်တခါ ထူးခြားသည့်ဖြစ်ရပ်တစ်ခုမှာ ဆရာတော်သည် သိမ်ကုန်း ဂူကြီးတစ်ခု အတွင်းတွင် တရားကျင့်နေစဉ် ဂူအပြင်ဘက် မနီးမဝေးတွင် နွားကျောင်းသားတစ်ယောက် နွားကျောင်းနေသည်။ ထိုအချိန်တွင် ဂူကြီးမှာ ရုပ်တရက်ပြိုကျသွားရာ နွားကျောင်းသားသည် လန့်ဖြန့်ပြီး “ဂူပြိုသဖြင့် ဆရာတော်ပျံလွန်တော်မူပြီ” ဟုအော်ဟစ်ကာ ရွာကိုအမြန်ပြေးသည်။

ရွာသူရွာသားများ စုရုံး၍ ပြိုကျခဲ့ရာ ဂူအနီးသို့ အပြေးအလွှားရောက်သည့်အခါ မတ်တပ်ရပ်နေသော ဆရာတော်အား မြင်လိုက်ရသည်။ ဂူပြိုသည့်အကြောင်း ဆရာတော်အားမေးကြည့်ရာ ဆရာတော်က
“အေး ငါတရားထိုင်နေတုန်း ဂူအပြင်ဘက်က ဆရာတော်ကယ်ပါဘုရား ဆရာတော်ကယ်ပါဘုရား လို့ အော်ဟစ်တဲ့အသံကြားလို့ ထွက်ကြည့်မိတယ်။ဘယ်သူမှလည်း မတွေ့ပါဘူး။ အဲဒီအချိန်မှာပဲ ဂူကြီးပြိုသွားတာပဲ” ဟုဖြေသည်။

တခါကလည်း ဆရာတော်သည် ကျိုက်ဒေးယျုံတောချုံထူထပ်သည့်နေရာတွင် တစ်ကိုယ်တည်းတရားရှု့မှတ်နေရာ ခြုံများကွယ်နေသဖြင့် မုဆိုးကြီး ဦးကော်က သေနတ်ဖြင့်ပစ်သည်။ သုံးကြိမ်ပစ်ရာ မီးမကူး သေနတ်ကိုအပေါ်သို့ ထောင်ပစ်မှ ကျည်ဆန်ထွက်သည်။ ဘာကြောင့်ပါလဲဟု အနီးသို့သွားကြည့်ရာ ဘုန်းတော်ကြီးဖြစ်နေသည်ကို တွေ့သောအခါမှ ထိတ်လန့်တုန်လှုပ်ပြီး အပြစ်အား ခွင့်လွှတ်ရန်တောင်းပန်သည်။ ဘုန်းတော်ကြီးက
“မိမိ အပြစ်ကို မြင်သည်၍ တောင်းပန်ကုစားခြင်းကား ကောင်း၏။ နောင်ကြီးပွားခြင်းဖြစ်သည်။ ငါသည်းခံသည်” ဟုဆိုသည်။ ထိုအချိန်မှ စ၍ ဦးကော်သည် မုဆိုးအလုပ်ကို စွန့်လွှတ်၍ ရာသက်ပန် ရဟန်းဝတ်သွားတော့သည်။

၁၂၄၇ခုနှစ် ပါတော်မူခေတ်တွင် ကျောက်ကလပ်ဘုန်းတော်ကြီးများဗိုလ်လုပ်ကာ အင်္ဂလိပ်တို့အားတော်လှန်နေသည်။ အင်္ဂလိပ်တပ်များက လိုက်လံနှိမ်နှင်းရာ ခေါင်းဆောင် ကိုဘားကြီးကျဆုံး၍ တပ်ပျက်ပြေးကြသည်။ အင်္ဂလိပ် ပန်ချာပီတပ်ကလည်း လိုက်လံနှိမ်နှင်းရာ ဘုန်းတော်ကြီးတောရဆောက်တည်နေသော နေရာသို့ရောက်လာသည်။ ငြိမ်သက်စွာထိုင်နေသော ဘုန်းတော်ကြီးအား ရန်သူ့ဘက်သားဟု ယူဆကာ သေနတ်များဖြင့် ဝိုင်းပစ်ကြသည်။ တစ်ယောက်သေနတ်မှ မီးမထွက်သဖြင့် ဘုန်းတော်ကြီးအနီးသို့ရောက်လာကြပြီး ခြေထောက်ကိုဦးခေါင်းနှင့် ပွတ်ကာ ဆလံပေးကာ ဝန်ချတောင်းပန်ကြသည်။

ဆရာတော်သည် ပြွန်တန်ဆာ ၊ ဒိုက်ဦး ၊ ဥက္ကံရွာများသို့ ခရီးလည့်လည်နေစဉ် လမ်းအကြားတွင် မီးရထားနှင့် ထိပ်တိုက်တိုးဖူးသည်။ ဆရာတော်အနီးရောက်သည်နှင့် မီးရထားသည် ချက်ချင်းရပ်သွား၍ စက်ဗိုလ်များသာမက ခရီးသည်များပါ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ စက်ဗိုလ်နှင့် ခရီးသည်များ သူ့ထက်ငါ ဦးအောင် ဘုန်းတော်ကြီးအားပူဇော်ကြသည်။ မီးရထားထွက်သည့်တိုင်အောင် ရထားအပြင်ဘက်သို့ ကိုယ်တစ်ပိုင်းထုတ်၍ ခေါင်းပြူကြ အော်ဟစ်ရှိခိုးခဲ့ကြသည်။ မီးရထားနှင့် ဒီတစ်ကြိမ်တည်းသာမဟုတ် ဒလ ၊ ကွမ်းခြံကုန်း သို့ကြွစဉ်ကလည်း ထိုအတိုင်းကြုံခဲ့ဖူးသည်။

ဇလွန်မြို့က ဦးသီလ စေတီတော်

ဆရာတော်ဦးသီလသည် ဝိနည်းသိက္ခာအထူးတင်းကြပ်စွာစောင့်စည်းတော်မူ၍ ဘုန်းကြီးလှသည်။ ဆရာတော်သည် အကျင့်သီလကိုသာဂရုဓမ္မစိုက်ထုတ်သည်မဟုတ်၊ ပရိယတ္တိ သာသနာဖွံ့ဖြိုးမှုကိုလည်း အလွန်လိုလားတော်မူသည်။ ပဲခူးတောရဂိုဏ်းဝိနည်းစာပြန်ပွဲများကို ၁၂၃၃ ခုနှစ်မှစ၍ ကျင်းပခဲ့သည်။

သထုံမြို့ရှိဓမ္မိကာရာမစာသင်တိုက်၊ ညောင်လေးပင် တောရကျောင်း၊ ရန်ကုန်ကျိုက္ကဆံကျောင်းတိုက်၊ ညောင်တုန်း ရွှေဟင်္သာတောရတိုက်၊ ဖြူးမြို့ ရွှေကျင်တောင်ကျောင်း၊ မြောက်ကျောင်း စသည်တို့ကို ဦးစီးတည်ထောင်ပေးသည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ မြို့ရွာများမှ ဘုန်းတော်ကြီးအားကြွရောက် ချီးမြှင့်ရန်ပင့်ဖိတ်တိုင်း ငြင်းဆိုသည်မရှိ။ တတ်နိုင်သမျှ ကြွရောက်ချီးမြှင့်သည်ချည်း ဖြစ်သည်။ ထို့ကြောင့်ပင် ဆရာတော်ပျံလွန်တော်မူသောအခါ နေရင်း ပဲခူးမြို့၌မဟုတ်ဘဲ ဇလွန်မြို့သို့ သိမ်သမုတ်သွားရင်း ဖြစ်ရလေသည်။

ဆရာတော်သည် ၁၂၆၉ ခုနှစ်ကဆုန်လဆုတ် ၄ ရက် တနင်းလာနေ့၊ (၂၉) ရက်၊ဧပြီလ၊ (၁၉၀၇) ခုနှစ်၊ နံနက်(၇)နာရီတွင် သက်တော် ၇၅ နှစ်၊ ဝါတော် ၅၅ ဝါတွင် ဘဝနတ်ထံပျံလွန်တော်မူသည်။ ဆရာတော်ပျံလွန်သည့် ကိစ္စမှာလည်း ဇလွန်မြို့အတွက် ယနေ့တိုင်အောင် ပြောစမှတ်တွင်စရာ ကိစ္စဖြစ်ခဲ့သည်။ ဘုန်းတော်ကြီးသည် အလွန်ထင်ရှား၍ ကြီးမြတ်သောပုဂ္ဂိုလ်ကြီးဖြစ်သဖြင့် ဇလွန်မြို့နှင့် မတန် ရန်ကုန်သို့ပြန်ပင့်ရမည်ဟု ဘုန်းတော်ကြီးညီမ နှင့်အတူ ရန်ကုန်မှ ဒကာ ဒကာမများက သင်္ဘောစင်းလုံးငှား၍ ဇလွန်သို့ လိုက်လာကြသည်။

အလောင်းတော်ကိုပြန်ထည့်ရန် ဆရာတော်ကြီးများနှင့် အမိန့်နှင့်သာမက စစ်တပ်များ ပုလိပ်များဖြင့်ပင် အကျပ်ကိုင်တောင်းသည်။ သို့သော်ဇလွန်သားတို့ကလည်း လုံးဝမပေးနိုင် အသက်နှင့်လဲမည် ဟူ၍ တမြို့လုံးအုံကြွငြင်းဆန်ခဲ့သည်။ ဘုန်းတော်ကြီး သီတင်းသုံးခဲ့ရာ အခြားဒေသများမှလည်း အလောင်းတော်ကိုပေးရန် အသီးသီးတောင်းဆိုလာကြသည် ။ ဇလွန်မြို့သားများကပြတ်သည် မည်သည်ကိုမျှမပေးနိုင်ဟု တွင်တွင်ငြင်းကာ ဇလွန်မှာပင် သြင်္ဂိုဟ်ရန်စီစဉ်ကြသည်။

အလောင်းတော်ကို ခိုးယူမည်စိုး၍ ကြေးသေတ္တာအခေါင်းလုပ်ပြီး လူမမီသည့်အမြင့်တွင် ဆွဲထားသည်။ အနီးတွင်လည်း လူလေးယောက်အား နေ့ညမပြတ်စောင့်စေခဲ့သည်။ အနယ်နယ်အရပ်ရပ်မှ လူများသည် ဘုန်းတော်ကြီးအလောင်းအနီးတွင် ဇလွန်သားတို့အား အမျိုးမျိုးစောင်းချိတ်ပြောဆို၍ ငိုယိုကြရာ ဇလွန်သားတို့က ပြောချင်ရာပြော၊ အလောင်းမပေးရင်ပြီးတာပဲ ဟု ကျေနပ်ကြလေသည်။ ဈာပနပွဲကို ထိုနှစ်တပို့တွဲလတွင်ကျင်းပရာ ပျားပန်းခတ် စည်ကားလှပြီး ဇလွန်သားတို့၏ သဒ္ဒါတရားကို ဖော်ပြခွင့်ရသည်။ လောင်တိုက်အနီးတွင် ဘုန်းတော်ကြီး၏ ဘဝဖြစ်စဉ်များကို ပန်းချီကားချပ်များဖြင့် ရေးဆွဲထားရာ ကြည့်ရှုသူတိုင်း မျက်ရည်မဆည်နိုင်ရှာကြ။

တပိုတွဲလပြည့်ကျော် နှစ်ရက်နေ့တွင် သြင်္ဂိုဟ်ရန် စီစဉ်ထားသော်လည်း ဖူးမျှော်သူများကြောင့် နောက်တစ်နေ့မနက် ရှစ်နာရီမှပင် သြင်္ဂိုဟ်ခဲ့ရသည်။ သဂြိုဟ်ပြီးနောက် တာဝန်ရှိသူများက အရိုးပြာများကို သံသေတ္တာများဖြင့်ထည့်ပြီးလျှင် ပရိတ်သတ်အား ယူလိုရာယူရန်ခွင့်ပြုရာ သြင်္ဂိုဟ်တဲ့နေရာမှ မီးသွေးများသာ မက ဝါးရာဇမတ်များအပြင် မြေကြီးပါတွင်းကြီးဖြစ်ကုန်သည်။

အရိုးပြာရသူများက ရေမွေးပုလင်းများတွင်ထည့်ထားရာ ပြာမှအလုံးလေးများဖြစ်လာပြီး တက်ချည်ဆင်းချည် ကွန့်မြူးနေသည်ကို ဖူးတွေ့ကြရသည်။ မီးခံသေတ္တာများ အထပ်ထပ်ဖြင့် သိမ်းဆည်းထားသော အရိုးပြာများကို ထုတ်ကြည့်သည့်အခါတွင်လည်း ပြာများမဟုတ်တော့ အားလုံး ဓာတ်တော်အလုံးများဖြစ်နေသည်ကိုတွေ့လိုက်ကြသည်။ ထိုအခါလက်ပွန်းတတီးနေခဲ့ကြသူများသည် ဤမျှမြင့်မြတ်သော ပုဂ္ဂိုလ် ဟု မထင်မှတ်ခဲ့မိကြသည့်အပေါ် နောင်တကြီးစွာ ရကုန်ကြ၏။

ဈာပနပွဲပြီးသွားသော်လည်း မီးသြင်္ဂိုဟ်ရာနေရာတွင် မီးလုံးပျံကြီးများ ပျံတက်သည်ကို အများစုက မြင်ကြသဖြင့် တနွေလုံးပွဲကြီးဖြစ်နေသည်။ ဆွမ်းဆန်စိမ်းလောင်းပွဲကြီးကို လှည်းပေါင်းတစ်ထောင်ကျော်ဖြင့် ကျင်းပကြသည်။ ထိုနေရာတွင်ပင် ဓာတ်တော်များကို ဌာပနာ၍ သဲပုံစေတီကို တည်လိုက်ကြသည်။

သဲပုံစေတီအနီးမှ သဲများကိုရေထဲထည့်လျှင် သင်္ဘောစေ့ခန့် ပုလဲရောင်အလုံးလေးများ ပုလင်းထဲတွင် ငုပ်ချည်ပေါ်ချည်ဖြစ်နေသည်ကို တွေ့ကြရသည်။ အလှူအတန်း အကျွေးအမွေးပွဲများဖြင့် မပြတ်စည်ကားခဲ့ပြီး ကဆုန် နယုန် လှည်းလမ်းပိတ်၍ လယ်လုပ်ငန်းစမှသာ လူစဲပေတော့သည်။ သဲပုံစေတီနေရာတွင် သံတောင် ၃၀ အမြင့်ရှိ အရိုးအိုးစေတီကိုတည်ထားလျှက်ရှိပါသည်။

ဘုန်းတော်ကြီး ဦးသီလ အကြောင်းကို နာမည်သာကြားဖူးပြီး မသိသေးတဲ့မိတ်ဆွေများအတွက် သုတဇုန်က ပြန်လည်ရေးသားဝေမျှလိုက်ခြင်းဖြစ်ပါတယ်။

ကိုးကား
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃
သုတဇုန်

Tags: buddhism monk
Next Post
ဖီးနစ်လား…ဇာမဏီ လား…စာမရီ လား

ဖီးနစ်လား...ဇာမဏီ လား...စာမရီ လား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!