ဦးအောင်ဇေယျနှင့် မယ်ယွန်းစံသည် ရွာသူကြီးဘ၀ ကတည်းက မရှိအတူရှိအတူ လက်တွဲ၍ ဘဝကို ရုန်းကန် ခဲ့ကြသော ငယ်လင် ငယ်မယားဖြစ်၏။ ဦးအောင်ဇေယျသည် မင်းလောင်း အဖြစ် ကျော်ကြားပြီး စစ်သည် ရဲမက်များ စုဆောင်းနေသော အချိန်ဖြစ်၏။
နောင်တွင် အင်းဝကို သိမ်းပိုက်နိုင်ရန် လူထောက်လွှတ်ခြင်း၊ ကိုယ်တိုင်သွား၍ စုံစမ်းခြင်းပြုလေ့ရှိ၏။ ထိုသို့ ခရီးထွက်ရင်း စစ်ကိုင်းမြို့တွင်မယားငယ် တစ်ယောက် ရှိခဲ့ပြီး နောင်သောအခါ မိဖုရားငယ် တစ်ဦးဖြစ်လာ၏။
တစ်ကြိမ်တွင် စစ်ကိုင်းသို့ ထွက်ခါနီး၌ မယ်ယွန်းစံက သူ့အတွက် ပိုးခါးစည်းကြိုး တစ်ချောင်း ဝယ်ယူ ခဲ့ရန် မှာကြားလိုက်၏။ အင်းဝသို့ ကူး၍ ဝယ်မည်ပြုသော အခါ မယားငယ်ကလည်း သူ့အတွက် တစ်ချောင်းမှာ၏။ ပိုးခါးစည်းကြိုးမှာ ရှားပါးခိုက်ဖြစ်၍ တစ်ချောင်းသာ ရရှိပြီး ချည်ခါးစည်းကြိုး တစ်ချောင်းနှင့် နှစ်ချောင်းဝယ်ခဲ့၏။
မယားငယ်က ပိုးခါးစည်းကြိုးကို ဦးစွာ ယူလိုက်၏။ ပြန်တောင်းယူ၍ မရတော့ဘဲ မုဆိုးဖိုသို့ ပြန်ခဲ့၏။ မယ်ယွန်းစံက သူမှာသော ပိုးခါးစည်းကြိုး ရခဲ့သလောဟုမေးရာ ဦးအောင်ဇေယျက ချည်ခါးစည်း ကြိုးသာရသည်ဟု ထုတ်ပေး၏။
ထိုအခါ မယ်ယွန်းစံက အလွန်တိကျသော မိန်းမပီပီ ‘‘ပိုးကြိုးမှာသည်ကို ချည်ကြိုး ဝယ်ခဲ့လေသည်။ ကျုပ်ကို ခါးစည်းကြိုး တစ်ချောင်းမျှ မကြည်ဖြူပြီလော’’ ဟု ဆို၏။
ဦးအောင်ဇေယျက သူသည် ပိုးခါးစည်းကြိုး တစ်ချောင်းသာရပြီး ၎င်းတည်းခိုရာမှ ဒေသခံ မိန်းမတစ်ဦး ကလည်းမှာ၍ ပေးခဲ့ မိကြောင်း ပြောဆိုရာ မယ်ယွန်းစံက ‘‘ကိုအောင်ဇေယျ ရှင်သည် သူလိုငါလို ဆင်းရဲသား ဘဝမှာပင် ရှင့်အလို အတိုင်းပြုမူ၏။ နောင်အထွတ် အထိပ်သို့ရောက်သော် ဆိုဖွယ်ရာ ရှိအံ့နည်း။ ယနေ့မှ စ၍ ရှင်အရိပ်ကို ကျွန်မ မခိုလှုှုံ’’ ဟု ပြတ်ပြတ် သားသား ဆုံးဖြတ်ပြီး သမီးများနှင့် ဆွေမျိုးများ ရှိရာ စည်ပုတ္တရာမြို့သို့သွားရောက်ကာ လယ်ယာလုပ်ငန်း လုပ်ကိုင် စားသောက်နေ၏။
ဦးအောင်ဇေယျသည် ဘုရင်ဖြစ်သောအခါ မယ်ယွန်းစံကို ဝေါယာဉ်နှင့် ပင့်ခေါ်စေ၏။ မယ်ယွန်းစံကမလိုက် သမီးတော်များကိုသာ ထည့်လိုက်၏။ ဦးအောင်ဇေယျအ ခက်ကြုံနေ၏။

ထိုအခါ ဉာဏ်နီဉာဏ်နက်ထုတ်ပြီး မယ်ယွန်းစံနေထိုင်ရာ စည်ပုတ္တရာကို အခြားသော မြို့များထက် အခွန်ဘဏ္ဍာငွေတိုး၍ ကောက်၏။ စည်ပုတ္တရာ ပြည်သူတို့ ဒုက္ခအကြီး အကျယ် ရောက်ပြီး မယ်ယွန်းစံအား စိတ်လျှော့၍ ဦးအောင်ဇေယျထံသွားရန် အကြိမ်ကြိမ်တိုက်တွန်းကြရ၏။
ဦးအောင်ဇေယျက ငြိမ်ပြီး စောင့်နေ၏။ မယ်ယွန်းစံသည် ဦးအောင်ဇေယျကြိုက်တတ်သော မုန့်ဆန်းကလေးများထုပ်၍ နန်းတော်သို့ ရောက်လာ၏။ ဦးအောင်ဇေယျက အလွန်ပျော်သွားပြီး ‘‘ငါ့မိန်းမသည် မုန့်ဆန်းကို လက်ဆောင်ပြုပြီး မြောက်နန်းကို လုရန်လာသည်ထင်၏’’ဟု ထေ့၏။
မယ်ယွန်းစံက ‘‘ကိုအောင်ဇေယျ ရှင်၏မြောက်နန်းကို ရည်မှန်း၍ ကျုပ်လာသည်မဟုတ်၊ စည်ပုတ္တရာမှာ အခွန်များလွန်း၍ ပြည်သူတို့ဆင်းရဲကုန်ပြီ။ ဘုရင်ဖြစ်မှ မင်းကျင့်တရားကို မေ့လျော့နေလျှင် ကဲ့ရဲ့ဖွယ်ဖြစ်နေပြီ’’ဟု ညီလာခံ၌ပင် ခပ်ပြတ်ပြတ်လျှောက်ထား၏။ ငယ်လင်ငယ်မယားမို့ ဘုရင်ဖြစ်လည်း လုံးဝမကြောက်၊ မိဘုရားခေါင်ကြီးအဖြစ် နန်းစံရေး ကိုလည်း လုံးဝမက်မောမှုမရှိသော မယ်ယွန်းစံ၏ စိတ်ဓာတ်ကို အလွန်ချီးကျူးမိ၏။
သာမန်အမျိုးသမီးတစ်ဦးဆိုပါက လင်ဖြစ်သူ ရှင်ဘုရင်ကြီးဖြစ်ပြီဆိုလျှင် ဣန္ဒြေသိက္ခာမရှိ အခေါ်ဆင့်သည်ကို မစောင့်ဆိုင်းဘဲ ‘‘ကျွန်မမှားပါတယ် ကိုကိုအောင်ဇေယျရယ်’’ဟု
ပြောပြီး နန်းတော်သို့ ပြေးဝင်မှာ သေချာ၏။ မယ်ယွန်းစံကား လင်၏အမှားကို ပြတ်ပြတ်သားသား ဝေဖန်ရဲသော သတ္တိရှိ၏။ ဦးအောင်ဇေယျအား ပြည်သူတို့အပေါ် အခွန်ပိုမို မကောက်ရန်အတွက် အမိန့်စာထုတ်ပေးရန် ရဲရဲဝံ့ဝံ့ထပ်မံ တောင်းဆို၏။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် အလျှော့ပေးလိုက်ရလေတော့၏။ ပိုးခါးစည်းကြိုးကို မယားငယ်အား ပေးလိုက်မိသည့် တတိယမြန်မာ နိုင်ငံတော်တည်ထောင်သူ သူရဲကောင်းကြီး အလောင်းဘုရားသည် သူ့လိပ်ပြာသူမလုံဘဲ ရဲရဲတောက်မယ်ယွန်းစံကို အလျှော့ပေးခဲ့ရသည့်ဖြစ်စဉ်က မြန်မာအမျိုးသမီးတို့၏ လင်သော၊ ဘုရင်သော နားမလည် မဟုတ်မခံသော သတ္တိကိုပါ အထင်အရှားပြသလျက် ရှိပေသည်။
မြန်မာရာဇဝင်တွင် ဆုံးဖြတ်ချက်ပြတ်သားသော မြန်မာအမျိုးသမီးများစွာရှိသည့်အထဲမှ လူသိနည်းမည်ထင်သော ဂန္ထဝင်ပုံရိပ်အချို့ကို ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်။
မြင့်မိုရ်ဆွေ
(တချို့နေရာများတွင် မိဖုရားခေါင်ကြီး၏ နာမည်ကို မယ်ယွန်းစံ ဟု မသုံးပဲ ခင်ယွန်းစံ ဟု သုံးသည်ကိုတွေ့ရသည်)
ရှင်ဘုရင် မဖြစ်ခဲ့ကြတဲ့ အလောင်းမင်းတရား၏ သားတော်များ
အလောင်းမင်းတရားကြီးနဲ့ မိဖုရားခေါင်ကြီး ခင်ယွန်းစံ တို့မှာ သားသမီး ၉ ဦးထွန်းကားခဲ့ပါတယ်။ သူတို့တွေကတော့ မောင်လောက် ၊ မောင်ရွှ ၊ မယ်သာ ၊မောင်ပိုး ၊ မယ်မြတ်လှ ၊ မောင်ဝိုင်း ၊ မယ်ရွှေအိမ် ၊ မောင်စိုး ၊ မောင်ဘိုးရှင် တို့ပဲ ဖြစ်ကြပါတယ်။
ဒီအထဲမှာ သမီးတော် ၃ ပါး ကို ဖယ်လိုက်ရင် သားတော် ၆ ပါးကျန်ပါတယ်။ ဒီအထဲက မောင်လောက်(နောင်တော်ကြီးမင်း) ၊ မောင်ရွ(ဆင်ဖြူရှင်မင်း) နဲ့ မောင်ဝိုင်း(ဘိုးတော်ဘုရား) တို့သာ ဘုရင်တွေဖြစ်ခဲ့ပါတယ်။ ကျန်တဲ့သားတော်တွေရော ဘာဖြစ်သွားကြပါသလဲ…
တကယ်တော့ အလောင်းမင်းတရားကြီးမှာကြားခဲ့တဲ့ ညီအစ်ကို ကြီးစဉ်ငယ်လိုက် နန်းတက်မယ်ဆိုရင် မောင်ရွ(ဆင်ဖြူရှင်မင်း) ပြီးတာနဲ့ နန်းတက်ရမယ့်သူဟာ မောင်ပိုးဖြစ်ပါတယ်။ ဒါပေမယ့် မောင်ပိုး ဘုရင်မဖြစ်လိုက်ပါဘူး။ ဆင်ဖြူရှင်မင်းက သားတော်ကို ထီးနန်းလွှဲပေးခဲ့တဲ့ အတွက်ကြောင့်ပါ။ သူတို့ ၃ဦး အကြောင်းကို ဖော်ပြရသော်

မောင်ပိုး
မောင်ပိုးကို ၁၇၄၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အမြင့်မင်းသားကြီးအဖြစ်သိကြပါတယ်။ အလောင်းမင်းတရားလက်ထက်မှာ အမြင့်မြို့ ၊ တလုပ်မြို့တွေမှာ မြို့စားရာထူး ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ဆင်ဖြူရှင်လွန်ပြီး သားတော်စဉ့်ကူးမင်း နန်းတက်ချိန်မှာတော့ မောင်ပိုးကို မသင့်တဲ့အကြံအစည်ကြံတယ် ဆိုပြီး အပြစ်ပေး စီရင်ခံခဲ့ရပါတယ်။
မောင်စိုး
မောင်စိုးကို ၁၇၄၉ ခုနှစ် ဖွားမြင်ခဲ့ပါတယ်။ ပုခန်းကြီးမြို့ကို စားခဲ့ရတဲ့အတွက် ပုခန်းမင်းသားကြီးအဖြစ် ထင်ရှားပါတယ်။ မင်းပေးတဲ့ဘွဲ့အမည်ကတော့ သတိုးမင်းလှမင်းရဲကျော်စွာပဲ ဖြစ်ပါတယ်။ နောက်ပုခန်း မြို့အပြင် ကလေးမြို့ပါ စားခဲ့ရပါတယ်။ ဘိုးတော်ဘုရားလက်ထက်မှာ တလုပ်မြို့ကို ထပ်မံချီးမြင့်ခံခဲ့ရပါတယ်။ ၁၈၂၀ ခုနှစ်မှာမင်းကွန်း အထက်ရှားရောင်းရွာမှာ ကွယ်လွန်ခဲ့ပါတယ်။
မောင်ဘိုးရှင်
မောင်ဘိုးရှင်ဟာ အလောင်းမင်းတရားကြီးရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ သူ့ကို ၁၇၅၄ ခုနှစ် ရတနာသိင်္ဃနန်းတော်ထက်မှာ ဖွားမြင်ခဲ့ပြီး မြင်စိုင်းမြို့ ပင်းတလဲမြို့တွေကိုစားခဲ့ရပါတယ်။ ပင်းတလဲမင်းသားလို့ လူသိများကြပါတယ်။ ဘိုးတော်ဘုရားထီးနန်းရစေဖို့ ဖောင်ကားစားမောင်မောင်ကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဘိုးတော်ဘုရားက ညီတော်ဖြစ်သူ မောင်ဘိုးရှင်ကို နန်းလျာထားမယ် လို့ ကတိပြုခဲ့ပါတယ်။ တကယ်နန်းရတဲ့အချိန်မှာတော့ ဘိုးတော်ဘုရား ကတိမတည်ခဲ့ပါဘူး။ မောင်ဘိုးရှင်ကို နန်းလျာမထားပဲ သားဖြစ်သူ အိမ်ရှေ့မင်း ဦးပေါ်ကို နန်းလျာထားခဲ့ပါတယ်။ မောင်ဘိုးရှင်က ဒါကိုမကျေနပ်တဲ့အတွက် ဘိုးတော်ဘုရားကို သေနတ်နဲ့ ချောင်းမြောင်းပြီးလုပ်ကြံခဲ့ပါတယ်။
ဘိုးတော်ဘုရားကို မထိပဲ မောင်ဘိုးရှင်သာ အဖမ်းခံခဲ့ရပါတယ်။ ဘိုးတော်ဘုရားက ခွင့်လွှတ်ခဲ့ပြီး အိမ်ရှေ့မင်းရဲ့တပ်မှာ အမှုထမ်းစေခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ထီးနန်းလုဖို့ ထပ်မံကြိုးပမ်းမှုနဲ့ ၁၇၈၅ ဇူလိုင်လမှာ စီရင်ကွပ်မျက်ခံခဲ့ရပါတယ်။
ဒါကတော့ အလောင်းမင်းတရားကြီးရဲ့ ဘုရင်မဖြစ်ခဲ့သူ သားတော်တွေအကြောင်းပဲ ဖြစ်ပါတယ်။
Ref;
ရာဇဝင်ထဲက အငြင်းပွားစရာများ – တင်နိုင်တိုး
ကုန်းဘောင်ရှာပုံတော် – ညိုမြ
Discussion about this post