ဓာတ်ပုံ – ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင် စေတီတော်မြတ်ကြီး
ပြည်ခရိုင်အတွင်း ပြည်မြို့၏ တစ်ဖက်ကမ်း မြောက်ဘက်ကျကျတွင် သမိုင်း၌ထင်ရှားသော ဖိုးဦးတောင်ရှိသည်။ တောင်၏ အမြင့်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၉၀၀ကျော်မြင့်၏။ တော်ပေါ်တူ ဉာဏ်တော်မကြီးမသေး ဘုရားတစ်ဆူရှိ၍ ပြည်မြို့ဖက်သို့ ဘုရားဖူးရောက်သူအများစုသည် ဖိုးဦးတောင်ဘုရားသို့ သွားရောက်ဖူးမျှော်ကြသည်။
ဖိုးဦးတောင်သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းနဖူးပေါ်တွင် တည်ရှိရာ ၊ တောင်ပေါ်မှ ကြည့်လျှင် တောင်ခြေတွင် ဧရာဝတီမြစ်ကြီးသည် တောင်ဘက်သို့ လှပစွာစီးဆင်းသွားသည်ကို ကြည်နူးစွာ တွေ့မြင်ရသည်။
ဖိုးဦးတောင်ဘုရားသမိုင်းအရမူ ဂေါတမဘုရားအလောင်းတော်သည် ခြင်္သေ့မင်းဖြစ်စဉ်က ဤဖိုးဦးတောင်တည်ရာ သီဟပဗ္ဗတတောင်၌ နေခဲ့ဖူးလေသည်။ ဘုရားဖြစ်၍ ဗာရာဏသီပြည်၌ ပထမဝါဆိုတော်မူသည်။ ခြောက်ကျိပ်သော ရဟန်းတို့ကိုလည်ကောင်း ၊ ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့ကိုလည်ကောင်း အရပ်ရပ်သို့ စေလွှတ်တော်မူပြီးနောက် ကိုယ်တော်တစ်ပါးတည်းသာ ဖလသမာပတ် ချမ်းသာကိုခံစားခဲ့သည်။
သမာပတ်မှ ထတော်မူပြီးနောက် ထိုထိုသောအရပ်တို့သို့ ဒိဗ္ဗစက္ခုဉာဏ် ၊ အနာဂတံသဉာဏ်တို့ဖြင့် ကြည့်တော်မူသည်ရှိသော် သရေခေတ္တရာအရပ်၌ သာသနာထွန်းအံ့သည်ကို မြင်တော်မူသဖြင့် ဖိုးဦးတောင်တည်ရာ အရပ်သို့ကြွလာဖူးသည်ဟု ဆိုသည်။
ထိုအခါ ဖိုးဦးတောင် အရပ်၌နေသော သမ္ဘူလဘီလူး ၊ ဝေမိသကဘီလူး ၊ ဧရာပထနဂါးမင်းတို့သည် ဘုရားရှင်ထံလာရောက်၍ တရားတော်ကို နာယူပြီးသော် တစ်ခုသော ကိုးကွယ်ရာကို တောင်းသောအခါ ဧရာပထနဂါးမင်းအား ဆံတော်လေးဆူ ၊ သမ္ဘူလဘီလူးအား ဥဏှလုံမွေရှင်တော် ၂ ဆူ ၊ သုပုပ္ဖိကမွေရှင်တော် ၂ဆူ သနားတော်မူရာ ၊ သမ္ဘူလဘီဘူးသည် ထို သီဟပဗ္ဗတ တောင်ထိပ်၌ မွေရှင် ၄ဆူကို ဌာပနာ၍ ဘုရားတည် ကိုးကွယ်လေသည်။
ငါးဝါမြောက်သောအခါ ဘုရားရှင်သည် သုနာပရန္တတိုင်း လယ်ကိုင်းအရပ်၌ စန္ဒကူးနံ့သာကျောင်း အလှူခံကြွပြီးနောက် ဤသီဟပဗ္ဗတတောင်သို့ ကြွလာတော်မူပြန်သည်။ ထိုအခါ မြတ်စွာဘုရား၏ ကျေးဇူးတော်အကြောင်းကို နဂါး ဘီလူးတို့ ပြောဆိုနေကြသံကို ကြားရသဖြင့် ကြည်ညိုသဒ္ဒါပွားများနေသော ဒွတ္တမည်သည့် ပွေးဖို ပွေးမတို့သည် ဘုရားရှင် ကြွလာသည်ကို မြင်လျှင် တစ်ဦးကို တစ်ဦးပြောစတမ်း ကတိကဝတ်ပြုခဲ့ကြသည်။
ဘုရားရှင်ကြွလာသည်ကို မြင်သောအခါ ပွေးဖိုသည် အလျှင်ဖူးတွေ့ရပြီးနောက် မြေကို နှုတ်သီးဖြင့်ကော်၍ ဘုရားအား ပူဇော်လေသည်။ ထိုနိမိတ်နှင့်တကွ အရှေ့တောင်ယံ သမုဒ္ဒရာရေမျက်နှာပြင်အထက် နွားချေးခြောက်ပေါလောပေါ်သော နိမိတ် ၂ပါးကို မြင်၍ နောင်အခါတွင် သရေခေတ္တရာပြည်ပေါ်ပေါက်လာ၍ ပွေးဖိုသည် ဒွတ္တပေါင်အမည်ဖြင့် ထင်ရှားမင်းဖြစ်အံ့သည်ကို ဘုရားရှင်က ဗျာဒိတ်ပေးခဲ့လေသည်။ ယင်းသို့လျှင် ဘုရားအား ပွေးဖို ဦးစွာ ဖူးတွေ့သည်ကို အကြောင်းပြု၍ ဖိုဦးတောင်ဟု တွင်ကာမှ ကာလရွေ့လျော၍ ဖိုးဦးတောင်ဟု ခေါ်ဆိုကြလေသည်။
အထက်ပါအကြောင်းအရာသည် ဘုရားသမိုင်းဖြစ်သော်လည်း သုတေသနအထောက်အထားမှာမူ ထိုသို့မဟုတ်ချေ။ တကယ်တမ်းတွင်မူ ဖိုးဦးတောင်သည် ပုဂံခေတ်ကုန်ပြီးလောက်မှ သာသနာအထိမ်းအမှတ်တောင် ဖြစ်ခဲ့ဟန်တူသည်။ ယခုလက်ရှိစေတီမှာမူ ကုန်းဘောင်ခေတ်လောက်ကဟု ယူဆရသည်။ တောင်ပေါ်ရှိကျောက်စာတွင်ပါသော နောက်ဆုံးသက္ကရာဇ်မှာ ၁၁၃၇ခုနှစ် ကဆုန်လပြည့်စနေနေ့ဖြစ်၍ ကျောက်စာ ဒါယကာမှာ ဆင်ဖြူသခင်ဟု ကျောက်စာတွင်ပါသည်။ စေတီကို အသစ်မွမ်းမံခြင်း ဖြစ်ဟန်တူသည်။
မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ(၇) မှ
Discussion about this post