ရေးသားသူ – ကောင်းစည်သူ (သုတအလင်းမဂ္ဂဇင်း)
များစွာသော ရှေးဟောင်း အမွေအနှစ် အနုပညာလက်ရာများကို ပိုင်ဆိုင်ထားသည့် ပြင်သစ်နိုင်ငံသည် ဥရောပတိုက် အနောက် ပိုင်းတွင်တည်ရှိကာ မြေထဲပင်လယ်မှ အင်္ဂလိပ်ရေလက်ကြားအထိ ကျယ်ဝန်းသည်။နိုင်ငံပြင်ပ နယ်မြေပိုင်ဆိုင်မှုသည် တောင် အမေရိကတိုက်မှ ပြင်သစ်ဂီနီ အပါအဝင် အတ္တလန္တိတ်၊ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကျွန်းများအထိ ပါဝင်သည်။
ပြင်သစ်နိုင်ငံ၏ ဒေသကြီး ၁၈ ခုသည် ပြည်ပမှ ပြင်သစ်ပိုင်နယ်မြေများအပါအဝင် ဧရိယာ ၂၄၇၃၆၈ စတုရန်းမိုင်ကျယ် ဝန်းသည်။ ၂၀၁၈ ခုနှစ် ဇွန်လအထိ ပြင်သစ်နိုင်ငံ၏ လူဦးရေသည် ၆၇ ဒသမ ၂၅ သန်းဖြစ်သည်။ပြင်သစ်နိုင်ငံမြို့တော်ပါရီအပြင် အခြားထင်ရှားသော မြို့များမှာ မာဆေး၊ လိုင်ယွန်၊ တူလူးစ်၊ နိစ် စသည်တို့ဖြစ်ကြသည်။
သံခေတ်တွင် ယခုပြင်သစ်နိုင်ငံနေရာ၌ ဂေါနှင့် ဆဲလ်တစ် လူမျိုးများ နေထိုင်ကြကာ ရောမတို့က ဘီစီ ၄၁ ခုနှစ် တွင် သိမ်းပိုက်ခဲ့ပြီး ၄၇၆ ခုနှစ်တွင် ပြင်သစ် ဘုရင်မင်းဆက်ကို ထူထောင်ခဲ့သည့် Germanic Franks ရောက်ရှိလာခဲ့ချိန်အထိ ကြာမြင့်ခဲ့သည်။ အလယ်ခေတ်တွင် နှစ် ၁၀၀ စစ်ပွဲ (၁၃၃၇-၁၄၅၃) ဖြစ်ပွားပြီးနောက်ပိုင်း၌ ပြင်သစ်သည် ဥရောပတိုက်တွင် အင်အားကြီးမားလာခဲ့သည်။ ဥရောပ ခေတ်ဆန်းချိန်တွင် ပြင်သစ်ယဉ်ကျေးမှုများ ထွန်းကားခဲ့ကာ ၂၀ ရာစုတွင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး နယ်မြေဟု ဆိုနိုင်သည့် ကိုလိုနီ အင်ပါယာကို ထူထောင်ခဲ့သည်။
ပြင်သစ်နိုင်ငံသည် ၁၄ ဆက်မြောက် လူဝီ ဘုရင်လက်ထက် တွင် ဥရောပတိုက်ကို ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စစ်ရေးလွှမ်းမိုးခဲ့သည်။ ၁၈ ရာစုနှောင်းပိုင်းတွင်ဖြစ်ပွားခဲ့သည့် ပြင်သစ်တော်လှန် ရေးတွင် သက်ဦးဆံပိုင်ဘုရင်စနစ်ကို အပြီးပယ်ဖျက်ခဲ့ကာ ပြည်ထောင်စုစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ပြင်သစ်နိုင်ငံ ထူထောင် မည့် အယူအဆများပါရှိသည့် ပြည်သူများ၏ လူ့အခွင့်အရေး ကြေညာစာတမ်းကို မူကြမ်းရေးဆွဲခဲ့သည်။ သို့သော် ၁၉ ရာစုတွင် နပိုလီယံသည် ပြင်သစ်နိုင်ငံတွင် အာဏာရရှိခဲ့ကာ ပထမ ပြင်သစ် အင်ပါယာကို ထူထောင်ခဲ့ သည်။
နပိုလီယံစစ်ပွဲများသည် ဥရောပတိုက်၏ လမ်းကြောင်းကို ပုံပေါ်စေခဲ့ကာ နပိုလီယံကျဆုံးပြီးချိန်တွင် ပြင်သစ်နိုင်ငံကို အစိုးရ အဆက်ဆက်က အုပ်ချုပ်ခဲ့ပြီး ၁၈၇၀ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံ၏ တတိယမြောက် ပြည်ထောင်စုနိုင်ငံကို ထူထောင်ခဲ့သည်။ ပြင်သစ်နိုင်ငံသည် ပထမကမ္ဘာစစ်တွင် အဓိကပါဝင်ခဲ့သည့် နိုင်ငံဖြစ်သဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်တွင် မဟာမိတ် နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ သို့သော် ၁၉၄၀ ပြည့်နှစ်တွင် ဝင်ရိုးစွန်းနိုင်ငံများ၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရကာ ၁၉၄၄ ပြည့်နှစ်ရောက် မှ လွတ်လပ်ခဲ့သည်။
လက်ရှိ ပြင်သစ်နိုင်ငံကို ၁၉၅၈ ခုနှစ်တွင် ချားစ်ဒီဂေါလ်က ထူထောင်ခဲ့၍ ၁၉၆၀ ပြည့်နှစ်တွင် အယ်ဂျီးရီး ယား အပါအဝင် ကိုလိုနီနယ်များကို လွတ်လပ်ရေးပေးခဲ့သည်။ယင်းနိုင်ငံသစ်များသည် ပြင်သစ်နိုင်ငံနှင့် စီးပွားရေး၊စစ်ရေးတွင် နီးကပ်သောဆက်သွယ်မှုများရှိခဲ့သည်။ ပြင်သစ်နိုင်ငံသည် အနုပညာ၊ သိပ္ပံနှင့် ဒဿန တို့ ဗဟိုပြုသည့် နေရာအဖြစ် ကာလကြာရှည်ကတည်းကပင် ရပ် တည်ခဲ့ပြီး ဥရောပတိုက်တွင် ကမ္ဘာ့အမွေအနှစ် တတိယအများဆုံးတည်ရှိသည့် နိုင်ငံဖြစ်သည်။ပြင်သစ်နိုင်ငံသို့ နှစ်စဉ် လာ ရောက်လည်ပတ်သူဦးရေသည် ၈၃ သန်းကျော်ရှိကာ ကမ္ဘာ့ခရီးသွားနယ်ပယ်တွင် ဦးဆောင်နိုင်ငံတစ်ခုဖြစ်သည်။
ထို့အတူ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု(GDP) သတ္တမမြောက်အကြီးဆုံးနှင့် ဝယ်လိုအား နဝမမြောက်အများ ဆုံးနိုင်ငံဖြစ်သည့် ပြင်သစ်သည် ဖွံ့ဖြိုးတိုးတက်သည့် အင်အားကြီးနိုင်ငံတစ်ခုအဖြစ်ရပ်တည်လျက်ရှိသည်။ကုလသမဂ္ဂ အမြဲ တမ်းအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ဗီတို အာဏာပိုင်ဆိုင်သည့် ပြင်သစ်သည် နယူးကလီးယား လက်နက်ကို တရားဝင်ပိုင်ဆိုင်ထား ကာ များစွာသော နိုင်ငံတကာအဖွဲ့အစည်းများ၏ ဦးဆောင်နိုင်ငံလည်းဖြစ်ပေသည်။
ပြင်သစ် အမည်နှင့် သမိုင်း
မြန်မာဘာသာဖြင့် ပြင်သစ်ဟု ပြန်ဆိုသည့် အင်္ဂလိပ်ဝေါဟာရ France သည် လက်တင်ဘာသာ Francia သို့မဟုတ် Franks နိုင်ငံမှ ဆင်းသက်လာခဲ့ကာ မူလက Frankish Empire ဟု သုံးစွဲခဲ့သည်။ မျက်မှောက်ခေတ် ပြင်သစ်ကို အီတလီနှင့် စပိန်တို့က Francia ဟုလည်းကောင်း၊ ဂျာမန်တို့က Frankreich ဟုလည်းကောင်း၊ ဒတ်ချ်တို့က Frankrijk ဟုလည်းကောင်း ခေါ်ဆိုကြသည်။ပြင်သစ် ဝေါဟာရ Franks သည် အင်္ဂလိပ်ဝေါဟာရ လွတ်လပ်ခြင်း (free) နှင့် ဆက်နွယ်နေသည်။
အခြားယူဆချက်တစ်ရပ်က France သည် ပရိုတို ဂျာမန် ဝေါဟာရ Frankon ဟု ဆင်းသက်လာပြီး လူငယ် လူရွယ် သို့မဟုတ် ပုဆိန်အဖြစ် ပစ်သည့် လှံရှည် ဟု ဆိုသည်။သို့သော် ယင်းလံှရှည်များသည် ပြင်သစ်တို့ အသုံးပြုခဲ့ရာမှ Frankon ဟု ခေါ်တွင်ခဲ့သည်ဟုယူဆချက်လည်းလည်း ရှိခဲ့သည်။
ပြင်သစ်မြေပေါ်တွင် လွန်ခဲ့သည့် နှစ် ၁ ဒသမ ၈ သန်းတွင် လူသားများနေထိုင်ခဲ့သည့် အထောက်အထားများကို တွေ့ ရှိခဲ့သည်။ ရေခဲခေတ်ကာလတွင် ရှေးဦး လူသားများသည် ပြင်းထန်လွန်းလှသည့် ရာသီဥတုများကိုရင်ဆိုင်ခဲ့ကြရကာ တစ်နေရာ တည်းတွင်အခြေချ နေထိုင်ခြင်းမရှိဘဲ လှည့်လည်သွားလာလျက် အမဲသားငါးများကို ရှာဖွေစားသောက်ခဲ့ကြသည်။ ကျောက်ခေတ်အစောပိုင်းကာလများကတည်းက တည်ရှိခဲ့သည့် ဂူများတွင် နံရံပန်းချီများ ရေးသားထားခဲ့ပုံကို တွေ့ရှိခဲ့ရာ ခရစ်တော် မပေါ်မီ နှစ် ၁၈၀၀၀ က ရှိခဲ့ကြောင်း ခန့်မှန်းသည့် Lascaux ဂူသည် အထင်ရှားဆုံးဖြစ်ပေသည်။
ဘီစီ ၁၀၀၀၀ တွင်ရေခဲခေတ်ကုန်ဆုံး၍ ရာသီဥတု ပြင်းထန်မှု လျော့ပါးလာခဲ့ပြီးနောက် ဘီစီ ၇၀၀၀ တွင် အနောက် ဥရောပသည် ကျောက်ခေတ်သစ်သို့ ရောက်ရှိခဲ့ပြီး လူသားများသည် တစ်နေရာတွင် အထိုင်ချနေထိုင်ခဲ့ကြသည်။ဘီစီ ၄၀၀၀ နှင့် ၃၀၀၀ အကြား၌ စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးလာခဲ့ကာ ဘီစီ ၃၀၀၀ အဆုံးတွင် သတ္ထုနည်းပညာ စတင်ပေါ်ထွန်း ခဲ့ပြီး ရွှေ၊ ငွေ၊ ကြေးနီ၊ ကြေးဝါနှင့် သံကို ပြုလုပ်နိုင်ခဲ့ကြသည်။
ဘီစီ ၆၀၀ ပြည့်တွင် အိုင်အိုနီယမ် ဂရိများသည် မြေထဲပင်လယ်ကမ်းခြေတွင် မာဆေးကိုလိုနီနယ်မြေကို ထူထောင်ခဲ့ ကြရာ ယခုအချိန်တွင် မာဆေးသည် ပြင်သစ်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး မြို့ဖြစ်လာခဲ့သည်။ ထိုအချိန်မှာပင် ဂေါနှင့် ဆဲလ်တစ် အချို့သည် လက်ရှိ ပြင်သစ်နိုင်ငံနယ်မြေများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြရာမှ ဘီစီ ငါးရာစုနှင့် သုံးရာစု တွင် ပြင်သစ်နိုင်ငံ၏ ကျန်အစိတ်အပိုင်းများအထိ တိုးချဲ့ သိမ်းပိုက်ခဲ့ကြသည်။လက်ရှိပြင်သစ်နိုင်ငံ၏ နယ်နိမိတ်များသည် အကြမ်းဖျင်းအားဖြင့် ရှေးဟောင်း ဂေါတို့၏ နယ်နိမိတ်အတိုင်း ရှိခဲ့သည်။
ဂေါတို့၏ နယ်မြေသည် ကြွယ်ဝချမ်းသာလာခဲ့ကာ တောင်ပိုင်းစွန်းဒေသများသည် ဂရိနှင့် ရောမတို့၏ ယဉ်ကျေးမှုများ၊ စီးပွားရေးများ လွှမ်းမိုးခြင်းခံခဲ့ရပေသည်။ ဘီစီ ၁၂၅ ခုနှစ် တွင် ရောမတို့က ဂေါတောင်ပိုင်းကို သိမ်းပိုက်ခဲ့ပြီး ဂျူးလိယက်ဆီဇာက ကျန်သော ဒေသများကို သိမ်းယူခဲ့ကာ ဘီစီ ၅၂ ခုနှစ် တွင် ဂေါသည် နှစ်ပိုင်းကွဲသွားခဲ့သည်။ ဂေါ ရိုမန်ခေတ်တွင် ယနေ့ခေတ် လိုင်ယွန်အပါအဝင် မြို့များကို ရောမပုံစံအတိုင်း ထူထောင်ခဲ့ကြသဖြင့် လူအများ စုဝေးသည့် နေရာ(Forum)များ၊ ကပွဲရုံများ၊ ရောမကစားပွဲလဟာပြင်(Circus)များ၊ အမိုးမပါသည့် ပွဲကြည့်စင်ဝိုင်းများ၊ ရေနွေးချိုး ခန်းများပါရှိခဲ့သည်။ ဂေါတို့သည် ရောမတို့နှင့် ရောနှောနေထိုင်ခဲ့ကာ ရောမယဉ်ကျေးမှုနှင့်ဘာသာစကားတို့ကိုဆက်ခံခဲ့သည်။
အေဒီ ၂၅၀ မှ ၂၈၀ အတွင်း၌ ရောမဂေါတို့သည် လူရိုင်းများ၏ တိုက်ခိုက်မှုကို အကြိမ်များစွာရင်ဆိုင်ခဲ့ရကာ လေး ရာစု ပထမ အလယ်ပိုင်းတွင် တည်ငြိမ်မှုများရရှိခဲ့သည်။အေဒီ ၃၁၂ ခုနှစ်မှစ၍ ခရစ်ယန် ဘာသာဝင်များ တိုးပွားလာခဲ့သည်။ ၄၉၈ ခုနှစ်တွင် Clovis I သည် ရောမအင်ပါရာပြိုကွဲပြီးနောက် ပထမဆုံး ဂျာမန်အောင်နိုင်သူဖြစ်ကာ ကက်သလစ် ခရစ်ယာန် ဘာသာသို့ ပြောင်းလဲခဲ့သည်။ထို့ကြောင့် ပြင်သစ်နိုင်ငံကို ခရစ်ယာန် ဘုရားကျောင်းများ၏ သမီးကြီးဟု တင်စားခေါ်ဝေါ်ခဲ့ကြ သည်။ အေဒီ ၉၈၇ ခုနှစ်တွင် ပြင်သစ်နှင့် ပါရီ မြို့စားကြီး Hugh Capet က ပြင်သစ် ဘုရင်အဖြစ်ကြေညာခဲ့သည်။
ပြင်သစ်တော်လှန်ရေး (၁၇၈၉-၁၇၉၉)
ဘဏ္ဍာရေး အကြပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည့် ပြင်သစ်ဘုရင် Louis XVI သည် ၁၇၈၉ ခုနှစ်တွင် နယ်စားများ ကို ဆင့်ခေါ်၍ အစိုးရ ဖြေရှင်းရမည့် အဖြေကို အဆိုပြုစေခဲ့သည်။ယင်းအခြေအနေသည် ထွက်ပေါက်မရှိသည့် ချောင်ပိတ် မိနေ သည့် အနေအထားတစ်ရပ်ဖြစ်ခဲ့ကာ တတိယနယ်မြေကိုယ်စားလှယ်များသည် ပြင်သစ်တော်လှန်ရေးကို ဖြစ်လာစေမည့် အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းခဲ့သည်။ ဘုရင်၏ နှိပ်ကွပ်မှုကို စိုးရိမ်ခဲ့ကြသည့် အသစ်ဖွဲ့စည်းခဲ့သော အမျိုးသားလွှတ်တော် သည် ပါရီမြို့ရှိ ခံတပ်ထောင်ဖြစ်သည့် Bastille ကို ၁၇၈၉ ခုနှစ် ဇူလိုင်လ ၁၄ ရက်တွင်စီးနင်းတိုက်ခဲ့ကြရာ ယင်းနေ့သည် ပြင်သစ်နိုင်ငံ အမျိုးသားနေ့ဖြစ်လာခဲ့သည်။
၁၇၈၉ ခုနှစ် သြဂုတ်လအစောပိုင်းတွင် အမျိုးသား လွှတ်တော်က ဘုရင်၏ ကိုယ်ပိုင်ကျေးကျွန်စနစ်များအပါအဝင် တော်ဝင် အခွင့်အရေးများကို ဖျက်သိမ်းခဲ့သည်။နိုင်ငံသားများနှင့် လူ့အခွင့်အရေးကြေညာစာတမ်းမှတစ်ဆင့် ပြင်သစ်နိုင်ငံ အခြေခံလူ့အခွင့်အရေးများကို ထူထောင်ခဲ့သည်။ထိုနှစ်နိုဝင်ဘာလတွင် ပြင်သစ်နိုင်ငံတွင် မြေယာများကို အများဆုံးပိုင်ဆိုင် ထားသည့် ရိုမန်ကက်သလစ် ဘုရားကျောင်းပိုင်မြေများကို ပြည်သူပိုင်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။ဘုရားကျောင်းများ၏ အခွန် ကောက်ခံခွင့်ကိုလည်း ဖျက်သိမ်းခဲ့သည်။
ယင်းလုပ်ရပ်များက ပြင်သစ်နိုင်ငံပြည်တွင်းစစ်ကို ဖြစ်စေရန်မီးမွှေးပေးခဲ့သည်။ ထိုအချိန်တွင်ပြင်သစ်ဘုရင် Louis XVI ကို ကြိုက်နှစ်သက်သည့် ပြည်သူများရှိနေခဲ့သည်။၁၇၉၁ ခုနှစ်တွင် သြစတြီးယားနှင့် ပရပ်ရှားတို့က ပြင်သစ်ကို ပြင်သစ်ဘုရင် ကို အာဏာများပေးအပ်ရန် ကိစ္စနှင့် ပတ်သက်၍ ကျူးကျော်ဝင်ရောက်ရန် ခြိမ်းခြောက်ခဲ့သည်။ သို့သော် စက်တင်ဘာလတွင် ဘုရင်သည် ၁၇၉၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ခံခဲ့ကာ စည်းမျဉ်းခံ ဘုရင်အဖြစ်ရောက်ရှိခဲ့သည်။
အသစ်ဖွဲ့စည်းခဲ့သည့် ဥပေဒပြုလွှတ်တော်တွင် သြစတြီးယားနှင့် ပရပ်ရှားတို့ကို စစ်တိုက်ရန် ထောက်ခံသူများနှင့် ကန့်ကွက်သူများအကြား အုပ်စု နှစ်ခုကွဲခဲ့သည်။သို့သော် စစ်တိုက်လိုသည့် အင်အားစု၏ ထောက်ခံချက်ကများသဖြင့် ၁၇၉၂ ခုနှစ် ဧပြီလ ၂၀ ရက်တွင်ပြင်သစ်က သြစတြီးယားကို စစ်ကြေညာခဲ့သည်။ပရပ်ရှားက ထိုနှစ် သြဂုတ်လတွင်ပြင်သစ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့သည်။ပထမဆုံးကျင်းပခဲ့သည့် အမျိုးသားညီလာခံက ဥပေဒပြုလွှတ်တော်နေရာကိုယူခဲ့ကာ ၁၇၉၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်တွင် ဘုရင်စနစ်ကို အပြီးသတ် ရုပ်သိမ်းကြောင်းကြေညာကာ ပြင်သစ်နိုင်ငံ၏ ပထမဆုံးပြည်ထောင်စု နိုင်ငံကို ထူထောင်ခဲ့သည်။
ပြင်သစ် ဘုရင်ဟောင်း Louis XVIကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ၁၇၉၃ ခုနှစ် ဇန်နဝါရီလတွင် ကွပ်မျက်ခဲ့သည်။သမိုင်းပညာရှင်များက ပြင်သစ် ပြည်တွင်းစစ်တွင်လူပေါင်း ၄၅၀၀၀၀ သေဆုံးခဲ့သည်ဟု ဆိုခဲ့ကြသည်။ နပိုလီယံသည် ၁၇၉၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံတွင် အာဏာရယူခဲ့ပြီး ပြင်သစ် အင်ပါရာ(၁၈၀၄-၁၈၃၀)ကို ထူထောင်ခဲ့ သည်။နပိုလီယံခေတ် စစ်ပွဲများတွင် ပြင်သစ် လူမျိုးတစ်သန်းသေဆုံးခဲ့ရသည်ဟုပင်ဆိုကြသည်။
၁၈၃၀ ပြည့်နှစ်တွင် နပိုလီယံ ခေတ်ကုန်ဆုံးခဲ့ပြီး ၁၈၅၂ ခုနှစ်မှ ၁၈၇၀ ပြည့်နှစ်အထိ နပိုလီယံ၏ တူ Louis Napoleon Bonaparte သည် ပြင်သစ်အင်ပါရာ ဧကရာဇ်ဖြစ်လာခဲ့သည်။ ပြင်သစ်နိုင်ငံသည် ၁၇ ရာစုမှ ၂၀ ရာစုအတွင် ကိုလိုနီနယ်များစွာကို တိုးချဲ့နိုင်ခဲ့သဖြင့် ကမ္ဘာတွင် ဗြိတိသျှ ပြီးလျှင် ဒုတိယ အကြီးဆုံး အင်ပါရာကို ထူထောင်နိုင်ခဲ့ရာ ပြင်သစ်ကိုလိုနီနယ်မြေများသည် ကမ္ဘာမြေပြင်၏ ၈ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့သည်။
မျက်မှောက်ခေတ် ပြင်သစ်နိုင်ငံ
ပြင်သစ်နိုင်ငံသည် ပထမကမ္ဘာစစ်တွင် တက်ကြွစွာပါဝင်ခဲ့ရာ နိုင်ငံလူဦးရေ၏ လေးရာခိုင်နှုန်းဖြစ်သည့် စစ်သည်နှင့် ပြည်သူ ၁ ဒသမ ၄ သန်း သေဆုံးခဲ့သည်။စစ်မှု မထမ်းမနေရ ဥပဒေကြောင့်စစ်မှုထမ်းခဲ့ရသည့် စစ်သည် ၂၇ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသည် ၁၉၁၂ ခုနှစ် မှ ၁၉၁၅ ခုနှစ်အတွင်း ကျဆုံးခဲ့ကြသည်။ ၁၉၄၀ ပြည့်နှစ်တွင် ဂျာမနီက ပြင်သစ်နိုင်ငံကိုကျူးကျော်သိမ်းပိုက်ခဲ့ကာ ပြင်သစ်သည် နာဇီတို့ သိမ်းပိုက်ထားသည့် မြောက်ပိုင်းနှင့် လန်ဒန်တွင်အခြေချနေခဲ့ရသည့် ချားစ်ဒီဂေါ အုပ်ချုပ်သည့် တေင်ပိုင်းစု နှစ်ပိုင်းကွဲခဲ့သည်။
၁၉၄၂ ခုနှစ်မှ ၁၉၄၄ ခုနှစ်အတွင်းဂျာမန်တို့သည် ပြင်သစ်နိုင်ငံမှ ဂျူးလူမျိုး ၇၅၀၀၀ အပါအဝင် ပြင်သစ်နိုင်ငံသား ၁၆၀ ၀၀၀ ကို ပိုလန်နှင့် ဂျာမနီ နိုင်ငံရှိ နာဇီ သေမင်းတမန်စခန်းများသို့ ပို့ခဲ့သည်။ ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်တွင် မဟာမိတ်တပ်များသည် နော်မန်ဒီကမ်းခြေမှ ကမ်းတက်ခဲ့ကာ မိစ္ဆာဝင်ရိုးစွန်းနိုင်ငံများအပေါ် အောင်ပွဲဆင်ခဲ့သည်။ပြင်သစ်သည် ၁၉၄၉ ခုနှစ်တွင် ထူထောင်ခဲ့သည့် နေတိုး အဖွဲ့တွင် ဦးဆောင်နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ ချားစ်ဒီဂေါသည် ပြင်သစ်နိုင်ငံ၏ သမ္မတကြီးဖြစ်လာခဲ့ကာ ပြင်သစ်ကို အင်အားကြီးနိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့သည်။
ပြင်သစ်သည် စစ်အေးကာလတွင် အရှေ့နှင့် အနောက်အုပ်စုအကြား အမျိုးသား လွတ်လပ်ရေးမူဝါဒကိုကိုင်စွဲ၍ ဆက်ဆံခဲ့ သည်။ကမ္ဘာတွင် နယူးကလီးလက်နက်ပိုင်ဆိုင်သည့် စတုတ္ထမြောက် နိုင်ငံဖြစ်လာခဲ့ကာ အမေရိကန်နှင့် ဆိုဗီယက်နှစ်နိုင်ငံကြား ချိန်ခွင်လျှာညီမျှစေရန် ဂျာမနီနှင့် နွေးထွေးသော ဆက်ဆံရေးပြုလုပ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့်ဆန္ဒပြပွဲများသည် ရှေးရိုးစွဲ အယူအဆများမှ အလယ်အလတ်အယူအဆများသို့ ပြောင်း လဲစေခဲ့ကာ ဒီဂေါသည် နိုင်ငံရေးကျဆုံးခဲ့ရပြီး ရာထူးမှ နှုတ်ထွက်ခဲ့သည်။
ချားစ်ဒီဂေါ မရှိတော့သည့် နောက်တွင်လည်းပြင်သစ် နိုင်ငံသည် ကမ္ဘာ့စီးပွားရေး ထိပ်တန်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ထို့အတူ စီးပွားရေးပြဿနာများကြောင့်အလုပ် လက်မဲ့နှုန်းမြင့်တက်လာမှု၊ ပြည်သူများကြွေးမြီ တင်ရှိမှု များပြားလာမှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ၁၉ ရာစုအစောပိုင်းမှစ၍ ပြင်သစ်နိုင်ငံသည် ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံ၍ နိုင်ငံသားများအဖြစ် အသိအမှတ် ပြုခဲ့ရာ ၁၉၉၅ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့်ပါရီ ဗုံးခွဲမှုနောက်ပိုင်းတွင် အကြမ်းဖက် အစ္စလာမ် အဖွဲ့အစည်းများသည် ပြင်သစ်ကို ပစ်မှတ်ထားလာခဲ့ကြသည်။၂၀၁၅ ခုနှစ် ပြင်သစ် တိုက်ခိုက်ခံရမှုတွင် လူ ၁၃၀ သေဆုံးခဲ့သည်။
အုပ်ချုပ်ရေး
ပြင်သစ်နိုင်ငံကို အုပ်ချုပ်မှု ဒေသ ၁၈ ခုသတ်မှတ်ထားရာ ငါးခုသည် နိုင်ငံနယ်နိတ်ပြင်ပတွင်ရှိသည်။ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင်ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်။လက်ရှိ သမ္မတသည် Emmanuel Macron ဖြစ်၍ ဝန်းကြီးချုပ်မှာ Édouard Philippe ဖြစ်၍ သက်တမ်းငါးနှစ်ဖြစ်သည်။
ပြင်သစ်နိုင်ငံသည် အမျိုးသားလွှတ်တော်နှင့် ဆီးနိတ်ဟူ၍ လွှတ်တော်နှစ်ရပ်ရှိသည်။အမျိုးသားလွှတ်တော်သည် အစိုးရ အဖွဲ့ကို ဖယ်ရှားနိုင်သည့် အခွင့်အာဏာရှိသဖြင့် အစိုးရအဖွဲ့ဝင်များကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အများစုက ရွေးချယ် ကြသည်။ဆီးနိတ်၏ ဥပဒေပြုအာဏာကို ကန့်သတ်ထားပြီး လွှတ်တော် နှစ်ရပ် သဘောကွဲလွဲပါက အမျိုးသားလွှတ် တော်က အဆုံးအဖြတ်ကအတည်ဖြစ်သည်။အစိုးရအဖွဲ့သည် ပါလီမန်၏ အစီအစဉ်များပုံဖော်ရာတွင် သြဇာရှိသည်။
နိုင်ငံတကာ ဆက်ဆံရေးနှင့် စစ်ရေး၊ စီးပွားရေး
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကို ကနဦး ထူထောင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော ပြင်သစ်သည် နိုင်ငံတိုင်းနှင့် ဆက်ဆံမှုရှိ သဖြင့် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ အကောင်းဆုံးကွန်ရက်ရှိသည့် နိုင်ငံဟုဖော်ပြခံခဲ့ရသည်။ထို့အတူ G 8 ၊ WTO အပါအဝင် များ စွာသော အဖွဲ့အစည်းများတွင် ပါဝင်ခဲ့ကာ ပြင်သစ်စကားပြော နိုင်ငံ ၈၄ ခုပါဝင်သည့် OIF အဖွဲ့၏ ဦးဆောင်အဖွဲ့ဝင်နိုင်ငံ ဖြစ် သည်။ပြင်သစ်နိုင်ငံတွင် OECD ၊ UNESCO ၊ Interpol အစရှိသည့် ထင်ရှားသော ကမ္ဘာ့အဖွဲ့အစည်းများ၏ ရုံးချုပ်များကို ဖွင့် လှစ်ထားသည်။
ပြင်သစ်နိုင်ငံသည် GDP သုည ဒသမ ၃၆ ရာခိုင်နှုန်းကို နိုင်ငံတကာ ဖွံ့ဖြိုးလုပ်ငန်းများသို့ လှူဒါန်းခဲ့သဖြင့် ၂၀၁၃ ခုနှစ်တွင် အမေရိကန်၊ ဗြိတိန်နှင့် ဂျာမနီနောက်တွင် ကမ္ဘာ့ စတုတ္ထမြောက် အလှူဒါန်းဆုံး ဒါနရှင်ဖြစ်လာခဲ့သည်။ ပြင်သစ် တပ်မတော်သည် နိုင်ငံ၏ အမြဲတမ်းတပ်ဖွဲ့ဖြစ်ကာ သမ္မတ၏ ဦးဆောင်မှုအောက်တွင်ရှိသည်။ ပြင်သစ် တပ်မတော်ကို ကြည်း၊ရေ ၊လေ ၊နျူကလီးယားနှင့် စစ်ရဲတပ်များဖြင့်ဖွဲ့စည်းကာ ကမ္ဘာ့အင်အားအကြီးဆုံး တပ်မတော်များစာရင်းတွင် ပါဝင်သည်။
ပြင်သစ်နိုင်ငံတွင် ၁၈၃၀ ပြည့်နှစ်က ပြင်သစ် နိုင်ငံခြားသားတပ်(FFL) ကို နိုင်ငံပေါင်း ၁၄၀မှ ပြည်ပနိုင်ငံသားများနှင့် ဖွဲ့စည်းခဲ့ကာ တာဝန်ထမ်းဆောင်မှု ပြီးမြောက်ချိန်တွင် ယင်းတို့သည် ပြင်သစ်နိုင်ငံသားများဖြစ်လာကြသည်။ယင်းတပ်ဖွဲ့မျိုးကို စပိန်နှင့်လပ်ဆင်းဗတ်တို့တွင်လည်း ဖွဲ့စည်းခဲ့သည်။ ပြင်သစ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၅ ဘီလျံရှိခဲ့ရာ GDP ၏ ၂ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ကာ ကမ္ဘာ့ စစ်စရိတ်အများဆုံးသုံးစွဲသည့် နိုင်ငံများစာရင်းတွင် ပဉ္စမ အဆင့်ရှိခဲ့သည်။ စစ် လက်နက်ပစ္စည်း ထုတ်လုပ်မှုတွင် Rafale တိုက်လေယာဉ်၊ ချားစ်ဒီဂေါ လေယာဉ်တင်သင်္ဘော၊Exocet ဒုံးကျည်၊Leclerc တင့် ကားတို့သည် အလွန်ထင်ရှားကြသည်။
ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ်၏ အဆိုအရ ပြင်သစ်သည် နဝမမြောက် ပို့ကုန် တင်ပို့နိုင်သည့် နိုင်ငံဖြစ်ကာ စတုတ္ထ မြောက်သွင်းကုန်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်သည်။ထို့အတူ ပြင်သစ်နိုင်ငံတွင်ပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ် လာ ၁၁၈ ဘီလျံရှိသည်။ပြင်သစ်ကုမ္ပဏီများကလည်း ပြည်ပတွင် အမေရိကန်ဒေါ်လာ ၂၂၀ ဘီလျံ ရင်းနှီးမြှုပ်နှံထားခဲ့သည်။ ပြင်သစ်နိုင်ငံ၏ အရေးကြီးသောစီးပွားရေးကဏ္ဍသည် ငွေကြေးဝန်ဆောင်မှု၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းတို့ဖြစ် ကြရာ AXA သည် ကမ္ဘာ့အကြီးဆုံး အာမခံလုပ်ငန်းဖြစ်သည်။စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ ရောင်းချရာ ရှန်ပိန်ဝိုင်သည် အဓိကရောင်းကုန်ဖြစ်သည်။
ပြင်သစ်နိုင်ငံသို့ နှစ်စဉ်လာရောက်သည့် ခရီးသွား ၈၃ သန်းတွင် နေ့ချင်းပြန်သူများမပါဝင်ချေ။ ခရီးသွားများအနက် အီဖယ်မျှော်စင်သို့ သွားရောက်ကြသည့် ဦးရေသည် ၆ ဒသမ ၂ သန်းဖြစ်သည်။ပြင်သစ်နိုင်ငံတွင်ကမ္ဘာ့ အထင်ရှားဆုံး ပြတိုက် များရှိသည့်အနက် ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားပြသထားသည့် လုဗ်(Louvre) ပြတိုက်သို့ နှစ်စဉ် လူ ၂ ဒသမ ၈ သန်း လာရာက်ကြည့်ရှုကြသည်။
ပြင်သစ်နိုင်ငံတွင်ရှိသည့် ကမ္ဘာ့အမွေအနှစ်နေရာဒေသ ၃၇ ခု၊ ယဉ်ကျေးမှု မြင့်မားသည့် မြို့တော် များ၊ ပန်းဥယျာဉ်များ၊ ရဲတိုက်များ၊ ခရစ်ယာန်ကျောင်းများ၊ ကမ်းခြေများ နှင့် နှင်းလျှောစီးစခန်းများမှလည်း ခရီးသွားလုပ်ငန်း ဝင်ငွေများ ရရှိသည်။ ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ French Riviera သည် တစ်နှစ်လျှင် ရက် ၃၀၀ နေရောင်ခြည်ရရှိသဖြင့် ခရီးသည်လာရောက်မှု တစ်နှစ်လျှင် ၁၀ သန်းရှိသည်။
အထွေထွေ
နိုင်ငံ၏ လျှပ်စစ်စွမ်းအား၇၂ ရာခိုင်နှုန်းကို နယူးကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၅၈ ရုံမှ ရယူ၍ရေအား လျှပ်စစ်ကိုလည်း သုံးစွဲသည်။ ပြင်သစ်နိုင်ငံ၏ မီးရထားလမ်းကွန်ရက်သည် ၁၈၃၁၄ မိုင်ရှိ၍ တစ်နာရီလျှင် မိုင်၃၂၀ မောင်းနှင်နိုင်သည့် မြန်နှုန်းမြင့် မီးရထားများပြေးဆွဲကာ အင်ဒိုရာမှလွဲ၍ ဥရောပတိုက်ရှိ နိုင်ငံများသို့ ပြင်သစ်နိုင်ငံမှ မီးရထားဖြင့် သွားနိုင်သည်။ထို့အတူ မော်တော်ကားလမ်း မိုင် ၆၃၈၂၆၂ မိုင် ဖောက်လုပ်ထားသည်။လေကြောင်းပို့ဆောင်ရေးတွင် လေယာဉ်ကွင်း ၄၆၄ ကွင်းရှိ၍ ပါရီ၊ ချားစ်ဒီဂေါ လေယာဉ်ကွင်းသည် အကြီးဆုံးဖြစ်သည်။
ပြင်သစ်နိုင်ငံ၏ တရားဝင်ရုံးသုံးဘာသာသည် ပြင်သစ်ဘာသာဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင်ပြင်သစ်စကားပြောသူ သန်း ၃၀၀ မှ ၅၀၀ အတွင်းရှိမည်ဟု ခန့်မှန်းရသည်။ဘာသာရေး လွတ်လပ်ခွင့်ရှိသည့် ပြင်သစ်လူဦးရေ၏ ထက်ဝက်သည် ခရစ်ယာန် ဘာသာကို ကိုးကွယ်ကြကာ ၄၀ ရာခိုင်နှုန်းသည် ဘာသာမဲ့ဖြစ်သည်။
ပြင်သစ်အစိုးရသည် ပြည်သူများကျန်းမာရေးအတွက် လူတစ်ဦးလျှင် ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၇၁၉ သုံးစွဲခဲ့သည်။ ပြည်သူ ၁၀၀၀ တွင် သမားတော် ၃ ဒသမ ၂၂ ဦးရှိသည်။ ပညာရေးစနစ်ကို အခြေခံ၊အလယ်တန်းနှင့် အထက် တန်းဟု သတ်မှတ်ကာ အသက် ခြောက်နှစ်မှ ၁၆ နှစ်အထိ ပညာသင်ယူကြရသည်။ အဆင့်မြင့်တန်းတွင် တက္ကသိုလ် များဖွင့် လှစ်၍ အလွန်သက်သာသောနှုန်းထားများဖြင့် ပညာသင်ကြားပေးလျက်ရှိပြီး ပါရီ တက္ကသိုလ်သည် ၁၂ ရာစု အလယ် တွင် တည်ထောင်ခဲ့သည့် ရှေးဟောင်းတက္ကသိုလ်ဖြစ်သည်။
ယဉ်ကျေးမှု၊ ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ ဂီတနယ်ပယ်များတွင် ဂန္ထဝင်မြောက်လက်ရာများကို ဖန်တီးခဲ့သည့် ပြင်သစ်နိုင်ငံ သည် ခေတ်မီတိုးတက်သော နည်းပညာများဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး အေးချမ်းသာယာသော နိုင်ငံအဖြစ် ရပ်တည်လျက် ရှိနေ ပေသည်။
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် အောက်တိုဘာလထုတ် သုတအလင်းမဂ္ဂဇင်းမှ
Discussion about this post