ဆလိုးဝမ်းကောင်(slowworm) သည် အိမ်မြှောင်အမျိုးဝင် သတ္တဝါဖြစ်၍ တစ်နေရာရာတွင် မလှုပ်ရှက်ဘဲ၊ နာရီပေါင်းများစွာနေလေ့ရှိ သည်။ Anguidae မျိုးစိတ်တွင်ပါဝင်ပြီး သိပ္ပံအမည်မှာ Anguis fragilis ဖြစ်သည်။ အရွယ်အစားအားဖြင့် အလျား ၁၇ လက်မ မှ ၂၀ လက်မအထိရှိသည်။
ဆလိုးဝမ်းကောင်နှင့်စပ်လျဉ်း၍ ထူးခြားသည့်အချက် တစ်ချက်မှာ အမြီးပြတ်လွယ်ခြင်းပင်ဖြစ်သည်။ အနည်းငယ် ထိခိုက်ရုံနှင့် အမြီးသည် ကိုယ်မှပြတ်ထွက်သွားပြီးနောက် တစ်မိနစ် သို့မဟုတ် နှစ်မိနစ်ခန့် ခုန်နေတတ်သည်။
ဤသို့ အမြီး ပြတ်ထွက်ခြင်းမှာ အမြီးခုန်ရာသို့ ရန်သူ၏ စိတ်အာရုံကို ပြောင်းစေ၍ မိမိကိုယ်ကိုလွတ်အောင် ရှောင်ရှားစေနိုင်ရန် ဖြစ် ဟန်တူသည်။ မကြာမီပင် အမြီးဟောင်းနေရာ၌ နောက်ထပ် အမြီးသစ်တစ်ခုပေါက်လာသည်။
ဆလိုးဝမ်းကောင်များကို အာရှ-ဥရောပ အစပ်တွင် အများအားဖြင့် တွေ့ရလေ့ရှိသည်။ ဥရောပတိုက်တွင် မြောက်ပိုင်းဒေသများမှလွဲ၍ နေရာတိုင်း၌ လိုပင် တွေ့ရသည်။ အင်္ဂလန်ပြည်တွင် အနောက်တောင်ပိုင်း၌ အတွ့ရများသည်။ နွေရာသီတွင် နေရောင်ရရှိသော မြစ်ကမ်း ပါးများ၌၎င်း၊ ဆောင်ရာသီတွင် ကျောက်ခဲသို့မဟုတ် အမှိုက် ပုံများ အောက်တွင် ၎င်း ခိုအောင်၍ နေလေ့ရှိသည်။
အမများသည် အညို (သို့) အနီရောင်ပေါ်တွင် အနက်ရောင်အစင်းများရှိသည်။ အထီးများမှာမူ အများအားဖြင့် မီးခိုးရောင်ပေါ်တွင် အပြာရောင်အစက်များရှိသည်။ ထိုအပြာစက်များသည် မိတ်လိုက်ရာသီတွင် အလွန် အရောင်တောက်ပနေလေ့ရှိသည်။
အလွန်သေးငယ်သည့် မျက်လုံး ပါဝင်သည့် ဦးခေါင်းကို ပိုင်ဆိုင်ပြီး အရေပြားမှာ အလွန်ချောမွေ့ကာ အမြီးရှည်သည်။ မြွေနှင့်မတူသည့်အချက်မှာ မျက်ခွံနှင့် နားပေါက်များပါဝင်နေခြင်းဖြစ်သည်။
သူတို့သည် ပိုးကောင် အမျိုးမျိုးကိုစားသည်။ အထူးသဖြင့် အသီးအနှံများကို ဖျက်ဆီး တတ်သော ပက်ကျိ နှင့် တီကောင်များကို အလွန်ကြိုက်နှစ်သက်သည်။ သူတို့ကို အမဲလိုက်စားလေ့ရှိသည့်အကောင်များမှာ မြေခွေး ၊ ခွေးတူဝက်တူ ၊ မြွေ ၊ ကြောင် နှင့် ငှက်ကြီးများဖြစ်သည်။
သူတို့၏ မိတ်လိုက်ရာသီမှာ ဧပြီ မှ မေလ ကြားဖြစ်သည်။ ထိုအချိန်များတွင် အမများကို မိတ်လိုက်ရန်အတွက် အထီးအချင်းချင်း တိုက်ခိုက်တတ်လေ့ရှိသည်။
ဆလိုးဝမ်းကောင်များပေါက်ချိန်မှာ နွေရာသီ ကုန်ဆုံးခါနီး တွင်ဖြစ်သည်။ ဤအချိန်တွင် ဆလို ဝမ်းကောင်ကလေး ၆ ကောင်မှ ၁၂ ကောင်အထိ ပေါက်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်ချိန်မှာ ၄လ မှ ၅လခန့်ဖြစ်ပြီး မွေးစတွင် ဆလိုးဝမ်းကောင် ကလေးတို့သည် ဖြူဖွေး၏။ မွေးခါစ ဆလိုးဝမ်းကောင်လေးများ၏ အရှည်မှာ ၁လက်မခွဲ ခန့် ရှိသည်။
အထီးများသည် ၃နှစ် မှ ၄နှစ်အတွင်း အရွယ်ရောက်ပြီး အမများမှာမူ ၄နှစ်မှ ၅နှစ်အတွင်း အရွယ်ရောက်သည်။ ဆလိုးဝမ်းကောင်တို့၏ သက်တမ်းမှာ နှစ်ပေါင်း ၂၀ မှ ၃၀ အတွင်းဖြစ်သည်။ မှတ်တမ်းများအရ အသက်အရှည်ဆုံး ဆလိုးဝမ်းကောင်သည် ၅၃နှစ် အထိ ရှင်သန်ခဲ့သည်။
ဆလိုးဝမ်း ကောင်သည် မြွေပွေးနှင့် အသွင်အပြင်များစွာ ကွဲပြားခြားနား သော်လည်း၊ မကြာခဏ မြွေပွေးဟုအထင်မှား၍ သတ်ဖြတ်ခြင်း ခံရတတ်သည်။
VIDEO
မြန်မာ့စွယ်စုံကျမ်း
Soft School Facts
Discussion about this post