အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် အမယ်ဒါဘတ်မြို့မှာ နေထိုင်တဲ့ Harshwardhansinh Zala ဆိုတဲ့လူငယ်လေးက ဒီမောင်သူမဲ့ ဒရုန်းလေယာဉ်ငယ်ကို တီထွင်ပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဒီယာဉ်ငယ်လေးဟာ မြေမြုပ်မိုင်းတွေရှိတဲ့နေရာကို ရှာဖွေပေးနိုင်ပြီး အဲဒီဒရုန်းကို EAGLE A7 လို့ အမည်ပေးထားပါတယ်။
ဒီနည်းပညာဟာ ဘယ်နေရာမှမရှိသေးတဲ့ နည်းပညာအသစ်ဖြစ်တယ်လို့ လူငယ်လေး Zala က ဆိုပါတယ်။ ဒရုန်းကို အခုမှတီထွင်လိုက်ပေမယ့် Zala ကြိုးစားနေခဲ့တာ နှစ်အနည်းငယ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ဂူဂျာရတ်မှာကျင်းပတဲ့ နိုင်ငံတကာ နည်းပညာဖိုရမ်တစ်ခုမှာတည်းက သူ့ရဲ့ဒီဇိုင်းကို ရှင်းလင်းကြေငြာထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက သူ့အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။
အဲဒီတုန်းက ဘာလို့ဒါကို တီထွင်ဖို့ စိတ်ကူးရသလဲလို့ သူ့ကိုမေးတဲ့အခါမှာ Zala က
“ကျွန်တော်ရုပ်မြင်သံကြားက သတင်းတွေမှာ စစ်သားတွေနဲ့ အပြစ်မဲ့ပြည်သူပေါင်းများစွာဟာ မြေမြုပ်မိုင်းကြောင့် နေ့စဉ်သေဆုံးနေရတာကို သိခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက မြေမြုပ်မိုင်းတွေကို လုံခြုံစွာနဲ့ရှင်းလင်းပြီး လူတွေရဲ့အသက်ကိုကယ်တင်နိုင်ဖို့ တီထွင်ပေးနိုင်ရင်ကောင်းမှာပဲ လို့ စိတ်ကူးဖြစ်ခဲ့ပါတယ်။ အဲဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်” လို့သူက ပြောခဲ့ပါတယ်။
အခု ၂နှစ်ကြာပြီးတဲ့နောက်မှာ သူ့ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်လိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုဖန်တီးနိုင်ဖို့ သူ့ကို ဂူဂျာရတ် အစိုးရအဖွဲ့ သိပ္ပံ နှင့် နည်းပညာဌာနက လိုအပ်တဲ့အကူအညီများထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ဒရုန်းနည်းပညာကို ပြည်တွင်းကသာမက ပြည်ပက နည်းပညာကုမ္ပဏီတွေကပါ စိတ်ဝင်စားတဲ့အတွက် အမှာစာတွေအပြင် သူ့ကိုလာရောက်အလုပ်လုပ်ဖို့ ကမ်းလှမ်းစာတွေကိုပါ ရရှိခဲ့ပေမယ့် Zala ကတော့ သူ့ရဲ့နည်းပညာကို အိန္ဒိယ စစ်တပ်အတွက် အရင်ဆုံး အသုံးချစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အိန္ဒိယနိုင်ငံရဲ့ စစ်အင်အားကို တောင်တင်းခိုင်မာစေချင်ပါတယ်။ ဒီအတွက် ကျွန်တော့်ရဲ့နည်းပညာက စစ်တပ်ရဲ့လုံခြု့ရေး နဲ့ ကာကွယ်ရှင်းလင်းရေး လုပ်ငန်းစဉ်တွေမှာ တထောင့်တနေရာက ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်ပက အမှာစာတွေရပေမယ့် အိန္ဒိယစစ်တပ်ကိုသာ ပေးမှာပဲဖြစ်ပါတယ်” လို့ သူက ထပ်ပြောပါတယ်။
Zala ရဲ့ ဒရုန်းဟာ မြေမြုပ်မိုင်းတွေရှိတဲ့နေရာတွေမှာ အသုံးပြုတဲ့အခါ မိုင်းတွေကို လိုက်လံရှာဖွေမှာဖြစ်ပြီး တွေ့တာနဲ့ ရှင်းလင်းရေးဌာနကို ဘယ်နေရာမှာ မိုင်းရှိကြောင်း အကြောင်းပြန်မှာဖြစ်ပါတယ်။ ဒီလိုသိရှိသွားတာကြောင့် အန္တရာယ်မရှိပဲ အလွယ်တကူရှင်းလင်းနိုင်မှာဖြစ်ပြီး ဒီနည်းပညာဟာ မတူညီတဲ့ wavelengths တွေကို အခြေခံပြီး တီထွင်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒီတီထွင်မှုကြောင့် ဒီအသက် ၁၆နှစ်အရွယ်လူငယ်လေး Zala ဟာ အိန္ဒိယခေါင်းဆောင်တွေရဲ့ တွေ့ဆုံချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ အိန္ဒိယသာ မက ကမ္ဘာ့နိုင်ငံအသီးသီးဟာ ထူးချွန်ထက်မြက်တဲ့ လူငယ်တွေကို အပြိုင်အဆိုင်ပြုစုပျိုးထောင်ပြီး ပိုမိုကောင်းမွန်တဲ့ နည်းပညာသစ်တွေကို ဖန်တီးနိုင်ဖို့ ကြိုးစားနေကြပါတယ်။
VIDEO
Discussion about this post