အော့ဇဝစ် အကျဉ်းစခန်း သည် နာဇီဂျာမနီတို့၏ အကျဉ်းစခန်း နှင့် သုတ်သင်ရေးစခန်း ကွန်ယက်ကြီး တစ်ခု ဖြစ်ပြီး ဒုတိယကမ္ဘာစစ် အတွင်းက ပိုလန်ဒေသ အတွင်း နာဇီဂျာမနီတို့မှ တည်ဆောက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ထဲတွင် မူလပထမ အကျဉ်းစခန်း ဖြစ်သော အော့ဇဝစ် ၁၊ အကျဉ်းစခန်း နှင့် သုတ်သင်ရေးစခန်း ပေါင်းစပ်ထားသော အော့ဇဝစ် ၂ – ဘာကီနော ၊ အလုပ်သမား အကျဉ်းစခန်း ဖြစ်သော အော့ဇဝစ် ၃-မိုနိုဝစ်ဇ် တို့ အပြင် အကျဉ်းစခန်း အသေးစား ၄၅ ခု ပါဝင်သည်။
အော့ဇဝစ် ၁ အား ပိုလန် နိုင်ငံရေး အကျဉ်းသားများကို ထိန်းသိမ်းရန် အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၁၉၄၀ ခုနှစ် မေလ မှ စ၍ အကျဉ်းသားများ စတင်ရောက်ရှိခဲ့သည်။ အကျဉ်းသားများကို သုတ်သင်ခြင်းမှာ ၁၉၄၁ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပြီး အော့ဇဝစ် ၂ – ဘာကီနောမှာ နာဇီတို့၏ ဂျူးမေးခွန်းအတွက် နောက်ဆုံး အဖြေထုတ်ရန် အဓိက နေရာ ဖြစ်ခဲ့သည်။
အော့ဇဝစ်အကျဉ်းစခန်းတွင် အကျဉ်းသားများကိုထားရန်အတွက် အဆောက်အအုံဘလောက်ပေါင်း ၂၈ခုရှိသည်။ ဘလောက်တစ်ခုသည် အကျဉ်းသား ၇၀၀ ခန့်သာ ထားနိုင်မည်ဖြစ်သော်လည်း အလွန်များပြားလာသောအခါ ဘလောက်တစ်ခုလျှင် အကျဉ်းသား ၁၂၀၀ ခန့်အထိဖြစ်သွားခဲ့သည်။
အော့ဇဝစ်သည် အကျဉ်းသားတို့အတွက် ငရဲခန်းဖြစ်သော်လည်း ဝန်ထမ်းများအတွက်မူ မြို့ငယ်လေးတစ်မြို့လိုဖြစ်နေသည်။ စားသောက်ဆိုင်များ ၊ ရုပ်ရှင်ရုံ ၊ ကဇာတ်ရုံ နှင့် ကုန်စုံဆိုင် စတိုး များကိုဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးထားသည်။ အရာရှိဝန်ထမ်းများမှ ဖွဲ့စည်းထားသော အားကစားအသင်းများပင်ရှိသေးသည်။ အော့ဇဝစ်အကျဉ်းစခန်းအတွက် ဂျာမနီတို့အသုံးပြုသည့်တန်ဖိုးမှာ အဲဒီအချိန်က ဂျာမနီငွေ(Reichmarks ) သန်း ၆၀ ဖြစ်ပြီး လက်ရှိတန်ဖိုးနှင့်တွက်လျှင် ပေါင် ၁၂၅သန်း တန်ဖိုးမျှ ရှိသည်။
အကျဉ်းသားများ၏ အလုပ်လုပ်ချိန်သည် မနက် ၄နာရီခွဲတွင်စသည်။ ၃နာရီ (သို့) ၄ နာရီတစ်ကြိမ် လူရှိမရှိစစ်သည်။ မနက်စာအတွက် ကော်ဖီတစ်ခွက်ကိုသောက်ခွင့်ရှိသည်။ နေ့လည်စာမှာ အသီးအရွက်စွပ်ပြုတ်တစ်ခွက်ဖြစ်ပြီး ညစာမှာ ရေနှင့်ပေါင်မုန့်ကြမ်းဖြစ်သည်။ နားချိန်မရှိပဲ တစ်ပတ်တစ်ခါ တနင်္ဂနွေရက်တွင်သာ အဆောက်အအုံများ သန့်ရှင်းခြင်း နှင့် ရေချိုးခြင်းကို ပြုလုပ်ကြရသည်။
၁၉၄၂ ခုနှစ် အစောပိုင်းမှ ၁၉၄၄ ခုနှစ် နှောင်းပိုင်း အထိ ဂျာမန်တို့ သိမ်းပိုက်ထားသော ဥရောပတဝှမ်းမှ ဂျူးများကို ရထားများဖြင့် သယ်ဆောင်၍ အကျဉ်းစခန်း၏ ဓာတ်ငွေ့ခန်းများ အတွင်းသို့ ပို့ဆောင်ခဲ့ပြီး ထိုဓာတ်ငွေ့ခန်းများထဲတွင် ဇိုင်ကလွန် ဘီ ပိုးသတ်ဆေးဖြင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
ခန့်မှန်းခြေအားဖြင့် အကျဉ်းစခန်းသို့ ပို့ဆောင်ခြင်း ခံရသူ ၁.၃ သန်းမျှ ရှိခဲ့ပြီး ၎င်းတို့ထဲတွင် အနည်းဆုံး ၁.၁ သန်းမှာ သေဆုံးခဲ့ရသည်။ သေဆုံးခဲ့ရသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဂျူးလူမျိုးများ ဖြစ်ကြပြီး ဂျူး သုတ်သင်ရေး စီမံကိန်း အတွင်း သေဆုံးရသူ ၆ ဦးလျှင် ၁ ဦးမှာ ထိုအကျဉ်းစခန်းတွင် သေဆုံးကြရခြင်း ဖြစ်သည်။ လွတ်မြောက်သူများရှိသော်လည်း အရေအတွက်မှာ ၁၄၀ခန့် သာဖြစ်သည်။
အော့ဇဝစ် အကျဉ်းစခန်းသို့ ပို့ဆောင်ခံရသော အခြားသူများထဲတွင် ပိုးလူမျိုး ၁၅၀,၀၀၀ ၊ ရိုမာနီ နှင့် ဆင်တီ လူမျိုး ၂၃,၀၀၀၊ ဆိုဗီယက် စစ်သုံးပန့် ၁၅,၀၀၀၊ ခရစ်ယာန် ၄၀၀ နှင့် အခြားသော လူမျိုး သောင်းဂဏန်းမျှ ပါဝင်ပြီး ၎င်းတို့ထဲတွင် အရေအတွက် အတိအကျ မသိရသော လိင်တူချစ်သူများလည်း ပါဝင်သည်။
ဓာတ်ငွေ့ခန်းတွင်း မသေဆုံးသော်လည်း အချို့မှာ ငတ်ပြတ်ခြင်း ကြောင့်လည်းကောင်း၊ အတင်းအကြပ် စေခိုင်း ခံရခြင်းကြောင့် လည်းကောင်း၊ ကူးစက်ရောဂါများကြောင့် လည်းကောင်း၊ တစ်ဦးချင်း သတ်ဖြတ်ခံရခြင်းကြောင့် လည်းကောင်း၊ ဆေးပညာ စမ်းသပ်ခံရခြင်းကြောင့် လည်းကောင်း သေဆုံး ကြရသည်။
အကျဉ်းထောင်အတွင်းမှာ လူပေါင်း ၁သန်းကျော်သည် ၁၉၄၅ ခု၊ ဇန်နဝါရီလ အတွင်း ဆိုဗီယက် တပ်ဖွဲ့ဝင်တွေက လာရောက် ကယ်တင်ချိန်မတိုင်ခင်အထိ နည်းအမျိုးမျိုးနဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဇန်နဝါရီလ ၂၇ ရက် ၁၉၄၅ခုနှစ်တွင် အကျဉ်းသားအားလုံးလွတ်မြောက်ခဲ့ကြသည်။ အော့ဇဝစ်အကျဉ်းစခန်းတွင် ဝန်ထမ်းပေါင်း ၇၀၀၀ ခန့် ရှိခဲ့သော်လည်း ထိုအထဲမှ ဝန်ထမ်း ၇၅၀သာ အစုလိုက်သတ်ဖြတ်မှုအတွက် ပြစ်ဒါဏ်ခံရသည်။
၁၉၄၇ခုနှစ်မှ စတင်ကာ အော့ဇဝစ်အကျဉ်းစခန်းကို ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ထို အကျဉ်းထောင် ပြတိုက် အတွင်းတွင် စာအုပ်များ၊ ရှူးဖိနပ်များ၊ ဆံပင်ရှင်းတဲ့ ဘရပ်ရှ်တွေလိုမျိုး စခန်းထဲမှာ နေထိုင်သွား ကြပြီး ဓာတ်ငွေ့ပေးအသတ်ခံခဲ့ရသူတွေ ပိုင်ဆိုင် သုံးစွဲခဲ့ကြသည့် ပစ္စည်းများကို ပြသထားသည်။ ၁၉၇၉ခုနှစ်တွင် ယူနက်စကိုမှ အောက်မေ့ဖွယ်ရာ ကမ္ဘာ့နေရာတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ခဲ့သည်။ နှစ်စဉ်လူပေါင်း ၁သန်းကျော်သည် အော့ဇဝစ်အကျဉ်းထောင်ကို သွားရောက်ကြည့်ရှု့လေ့ရှိကြသည်။
အောက်က ဗီဒီယိုမှာ အဲဒီအကျဉ်းစခန်းနေရာကို သွားကြည့်နိုင်ပါကြောင်း
Wikipedia
Soft School facts
Discussion about this post