ရေးသားသူ – ဗန်းမော်သိန်းဖေ
စီရော်နယ်ဒို ဆိုတာနဲ့ ကမ္ဘာ့နာမည်ကြီးတွေ ထဲက နာမည်အကြီးဆုံးသူတစ်ယောက်ဖြစ်တယ် ဆိုတာကို သိကြမှာပါ။ ကမ္ဘာကျော်ဘောလုံးသမားဖြစ်တဲ့ သူဟာ သူ့ရဲ့အောင်မြင်မှုတွေကို ၁၀စုနှစ် တစ်ခုကျော်ကြာအောင် ထိမ်းသိမ်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
အခုလို အောင်မြင်မှုကို လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ပါဘူး။ ရော်နယ်ဒိုကို ၁၉၈၅ ခု ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ပေါ်တူဂီနိုင်ငံ ဖန်ချဲကျွန်းလေးပေါ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း လေးယောက်မှာ အငယ်ဆုံး ဖြစ်ပါတယ်။ ရော်နယ်ဒိုဆိုတဲ့ နာမည်ကို အဲဒီအချိန်မှာ နာမည် ကြီးမင်းသားကြီး ရော်နယ်ရီဂန် (နောင် အမေရိကန်သမ္မတ ဖြစ်လာသူ) ကို အရမ်း ကြိုက်တဲ့ သ့ူအဖေက ပေးခဲ့တာပါ။
ရိုနယ်ဒိုဟာ သာမန်လက်လုပ် လက်စား ရပ်ကွက်လေးထဲမှာ ကြီးပြင်းခဲ့တာပါ။ သူရဲ့ ငယ်ဘဝမှာ အခက်အခဲ ဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မိသားစုကို ရှာကျွေးနေတဲ့ သူ့အဖေဟာ အရက် သောက်လွန်းလို့ ကျောက်ကပ် ပျက်စီးပြီး ၂၀၀၅ မှာ သေဆုံးသွားခဲ့တယ်။ သားသမီးတွေ စားဝတ်နေရေးအတွက် သူ့အမေဟာ အိမ်တကာ လှည့်ပြီး ထမင်း ဟင်းချက်နဲ့ သန့်ရှင်းရေး လုပ်ရင်း ဝင်ငွေရှာခဲ့ရတယ်။
ရော်နယ်ဒို တစ်ယောက် ဘောလုံး ဝါသနာပါခဲ့တာ သူ့အဖေကြောင့်ပါ။ သူ့အဖေဟာ သူတ့ို မြို့လေးရဲ့ ဘောလုံး ကလပ်အသင်းလေး တစ်ခုရဲ့ ဘောလုံးကန်ပစ္စည်းတွေကို စီမံထိန်းသိမ်း ပေးရသူပါ။ ရော်နယ်ဒိုဟာ သူအဖေနဲ့ လိုက်သွားရင်း ဘောလုံးနဲ့ နေ့စဉ် ထိတွေ့ နေရတယ်။ ငယ်ငယ်ကတည်းက သူတစ်ယောက်ထဲ ဘောလုံး တစ်လုံးနဲ့ ဆော့ကစားလေ့ ရှိတယ်။
သူရဲ့ အသက် ၁၀ နှစ် အရွယ်မှာ သူရဲ့ ဘောလုံး စွဲလန်းမှုကို သူအိမ်နီးချင်းတွေရော တစ်မြို့လုံးကပါ သတိထား မိလာကြတယ်။သူ့အိမ်နီးချင်း တစ်ယောက်က ပြောတယ်။ ရိုနယ်ဒိုဟာ ဘောလုံး ကစားတာကို ဘယ်လောက် အရူးအမူးဖြစ်သလဲ ဆိုရင် တစ်ခါတစ်လေ အိမ်ပြန် ထမင်းမစားဘဲ ဘောလုံး ကန်နေတယ်။ ညဆိုရင်လည်း ကျောင်းကပေးတဲ့ အိမ်စာတွေ မလုပ်ဘဲ ပြတင်းပေါက်ကနေ ထွက်ပြီး ညအမှောင်ထဲမှာ တစ်ယောက်ထဲ ဘောလုံး အထိန်းအသိမ်း လေ့ကျင်နေတယ်။
သူ့အသက် ၁၆ နှစ်ရောက်တော့ သူရဲ့ ဘောလုံး အထိန်းအသိမ်း စွမ်းရည်နဲ့ ဘောလုံးဆွဲပြီး အပြေးမြန်တာကြောင့် ပေါ်တူဂီ ကလပ်အသင်း SPORTING LISBON ကသူကို ခေါ်ယူ ကစားစေတယ်။ စပို့တင်းမှာ ၂နှစ်လောက်ကစားခဲ့တယ်။ သူရဲ့ ကလပ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ ချစ်ကြည်ရေးပွဲမှာ ဆုံကြတယ်။ ၁၈ နှစ်သားလေး ရိုနယ်ဒိုဟာ မန်ယူ နောက်ခံလူတွေကို အမျိုးမျိုးဖြတ်ကျော်ရင်း သူ့ရဲ့အစွမ်းကိုပြခဲ့တယ်။
သူရဲ့ ဂိုးသွင်း ခြေစွမ်းနဲ့ ဘောလုံး အထိမ်းအသိမ်း ခြေအနှုတ် အသိမ်းမြန်တာတွေ ကိုယ်တွေ့ မြင်ခဲ့တဲ့ မန်ယူ ဘောလုံးသမားတွေက သူတိုရဲ့ မန်နေဂျာကြီး ဖာဂူဆန်ကို ရိုနယ်ဒိုကို အမြန်ဆုံးဝယ်ဖို့ တိုက်တွန်းကြတယ်။ ဖာဂူဆန် ကိုယ်တိုင်ကလည်း ရိုနယ်ဒိုရဲ့ ခြေစွမ်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီးပြီမို့ မြန်မြန်ထက်ထက်ပဲ ဗြိတိန် ပေါင် ၁၂ သန်းပေးပြီး ရိုနယ်ဒိုကို မန်ယူအသင်းအတွက် ဝယ်လိုက်တယ်။ အဲ့ဒီခေတ်က အသက် ၁၈ နှစ်သား ဘောလုံးသမားလေး တစ်ယောက်ကို ဒီလောက် ဈေးကြီး ပေးပြီး ဝယ်ခဲ့တာ ကမ္ဘာ့ဘောလုံး လောကမှာ ဈေးအမြင့်ဆုံး စံချိန်တင်ခဲ့တယ်။ အဲတာ၂၀၀၃ ခုနှစ် ကပါ။
ရော်နယ်ဒိုဟာ မန်ယူအသင်းကို ရောက်ပြီး ၂၀၀၄ ခုနှစ်မှာ ENGLAND FA CUP ဘောလုံး ဗိုလ်လုပွဲမှာ မန်ယူအသင်းအတွက် ၃ ဂိုး ဆက်တိုက် သွင်းပေးပြီး ချန်ပြီယံ ဆုဖလားကြီးကို ဆွတ်ခူး ပေးခဲ့ပါတယ်။၂၀၀၈ ခုနှစ်မှာ မန်ယူအသင်းဟာ ရော်နယ်ဒိုကို ပေါင် ၃၁ သန်းနဲ့ ၅ နှစ်စာ ချုပ် ထပ်ချုပ်ခဲ့ပါတယ်။ ရိုနယ်ဒိုဟာ မန်ယူအသင်းကို အင်္ဂလန်ပရီးမီးယားလိဒ် ဘောလုံး ချန်ပီယံဆုကို ၃ ကြိမ် ရအောင် လုပ်ပေးခဲ့တယ်။
၂၀၀၇ ခုနှစ်မှာ ရိုနယ်ဒိုရဲ့ ဘောလုံးစွမ်ရည် အတော်ကျသွားခဲ့ပါတယ်။ အကြောင်း တွေကတော့ သူအမေဟာ ရင်သားကင်ဆာ ဝေဒနာ ခံစားနေရလို့ နဲ့ သူ့အဖေကလည်း အရက် အလွန်သောက်လို့ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်ခဲ့လို့ပါ။
ဒါပေမယ့် ရိုနယ်ဒိုဟာ ဒီစိတ်ဆင်းရဲ သောကတွေကို ဖြေဖျောက်ဖို့ ဘောလုံးကို အရင်ထက် ပိုပြီးကြိုးစားလေ့ကျင့်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ စပိန်က ကမ္ဘာကျော် ရီယယ်မက်ဒရစ် အသင်းကြီးက ရိုနယ်ဒိုကို ဒေါ်လာ ၁၀၃ သန်းပေးပြီး မန်ယူအသင်းက နေဝယ်လိုက်တယ်။ အဲဒီအချိန်က ကြေးစား ဘောလုံးသမား တစ်ယောက်ကို ဝယ်ယူခဲ့တဲ့ အမြင့်ဆုံးကြေးပါပဲ။ အဲဒီနောက်တော့ ရီးယဲမက်ဒရစ်အသင်းကြီးမှာလည်း အောင်မြင်မှုအလီလီရခဲ့ပြီး အသင်းကို ဆုဖလားအမျိုးမျိုးရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ ၂၀၁၆ခုနှစ်မှာတော့ သူ့နိုင်ငံပေါ်တူဂီ ဥရောပဖလား ရခဲ့ရာမှာ သူ့ရဲ့စွမ်းဆောင်မှုက အဓိကကျခဲ့တယ်။ ၂၀၁၈ခုနှစ်မှာတော့ ဂျူဗင်တပ်အသင်းကို ပြောင်းရွေ့ကြေး အမေရိကန်ဒေါ်လာ ၁၃၅ သန်းနဲ့ ပြောင်းရွေ့ခဲ့ပြန်တယ်။
ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ် ရခဲ့ပြီ။ ကမ္ဘာမှာ ဝင်ငွေ အကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အခု သူ့အသက် ၃၄နှစ်ရှိပြီဖြစ်ပေမယ့် သူ့ရဲ့ခြေစွမ်းက ကျသွားတယ်မရှိပဲ တိုးတက်လျှက်ရှိတာကတော့အံသြစရာပဲ ဖြစ်ပါတယ်။
ရိုနယ်ဒိုနဲ့ ပက်သက်၍ လူသိပ်မသိတဲ့ စိတ်ဝင်စားစရာလေးများ
၁။ သူဟာ ဆေးလိပ်နဲ့ အရက်ကို လုံးဝရှောင်ကြဉ်တယ်။ သူအဖေက သူငယ်စဉ်က အရက် အရမ်းသောက်ပြီး သေဆုံးခဲ့တာမို့ အရက်ကို စိတ်နာလို့ လက်ဖျားနဲ့တောင် မထိပါဘူး။ ဆေးလိပ် မသောက်တာက သူဘောလုံး ကစားရင် အမောမခံနိုင်ဖြစ်မှာ ဆိုးလို့ပါ။
၂။ သူဟာ ခုခေတ်လူငယ်တွေကြား ခေတ်စားနေတဲ့ တက်တူး ဆေးမှင်ကြောင် လုံးဝ မထိုးပါဘူး။ သူဟာ တစ်နှစ်ကို သွေး၂ ကြိမ် လှူနေလို့ တက်တူး မထိုးတာပါတဲ့။
၃။ သူဟာ အလေးမ လေ့ကျင်တာဟာ တစ်နေ့ကို အကြိမ် ၃၀၀၀ လေ့ကျင်တယ်။ ဘောလုံး လေ့ကျင့်တော့လည်း သူခြေကျင်းဝတ်တွေမှာ အလေးဝိတ်တုံးတွေ ချီပြီး ဘောလုံး သယ်ယူလေ့ကျင်တယ်။ ဘောလုံးပွဲကျတော့ အလေးမချည်ထားတဲ့ သူခြေထောက်တွေ ဟာ အရမ်းသွက်နေတယ်။
၄။ ရော်နယ်ဒို ဟာ တာတိုအပြေး ချန်ပီယံ တစ်ယောက်ရဲ့ စံချိန်နီးပါး မြန်အောင်ပြေး နိုင်သလို အမေရိကန် NBA ဘတ်စကတ်ဘော ကစားသမားတွေထက် ပို မြင့်အောင် ခုန်နိုင်တယ်။ သူရဲ့ ဖရီးကစ်ဘောလုံး ကန်ချက်ဟာ အာကာသယာဉ် ပြေးနှုန်းထက်မြန်တယ်။
၅။ သူရဲ့ ခန္ဓာကိုယ်မှာ အဆီဓာတ်ဟာ ၁၀ ရာခိုင်နှုန်းပဲ ရှိပြီး ကျန်တာတွေကတော့ ကြွက်သားတွေပါ။ ဒီလိုဖြစ်အောင်လည်း သူဟာ အမြဲပလန်ချကာ ကြိုးစားခဲ့လို့ဖြစ်ပါတယ်။
၆။ ရိုနယ်ဒိုရဲ့ ဝင်ငွေဟာ တစ်ပက်မှာဒေါ်လာ ၇သိန်းကျော်ဖြစ်ပြီး လက်ရှိမှာ ဒေါ်လာ သန်း ၄၅၀ ချမ်းသာနေပြီဖြစ်တယ်။
၇။ အလှူအတန်းအလုပ်နိုင်ဆုံး အားကစားသမားလည်းဖြစ်တယ်။ ဦးနှောက်ခွဲစိတ်ဖို့လိုအပ်တဲ့ ၁၀နှစ်အရွယ် ကလေးငယ်တစ်ယောက်အတွက် ဒေါ်လာ ၈သောင်းကျော် ၊ ကင်ဆာသုတေသနအတွက် ဒေါ်လာ ၁သိန်းကျော် နဲ့ နီပေါငလျှင်အတွက် ဒေါ်လာ ၅သန်းကို ရက်ရက်ရောရော လှူဒါန်းခဲ့တယ်။ သူ့ရဲ့ကျော်ကြားမှုကို အသုံးချကာ ပရဟိတအဖွဲ့အစည်းအသီးသီးအတွက် ရန်ပုံငွေတွေကို မကြာခဏရှာပေးလေ့ရှိတယ်။
ဆရာ ဗန်းမော်သိန်းဖေ ရဲ့ သူတို့ ဘာကြောင့် ကမ္ဘာကျော်တာလဲ စာအုပ်မှ
Discussion about this post