Written By ကျော့ကေခိုင်(Myanmar-Network)
အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူရလာတတ်တဲ့ အရာမဟုတ်ပါဘူး။ ဒါဆို အောင်မြင်မှုက ဘယ်သူတွေနဲ့ ထိုက်တန်သလဲ။ သေချာတာကတော့ အောင်မြင်မှုဆိုတာ လူတိုင်းရနိုင်တဲ့အရာတစ်ခုတော့ မဟုတ်နိုင်ပါဘူး။ အောင်မြင်မှုဆိုတာ ကြိုးစားသူ၊ ဇွဲလုံလဝိရီယရှိသူတွေသာ ပိုင်ဆိုင်နိုင်တဲ့အရာဖြစ်နေတာပါ။ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ သူတို့တွေ ဘာတွေကိုစွန့်လွှတ်ခဲ့ကြသလဲ သင်သိပါသလား။ စွန့်လွှတ်အနစ်နာခံမှုတွေမရှိဘဲနဲ့တော့ အောင်မြင်မှုကိုမပိုင်ဆိုင်နိုင်ကြပါဘူး။ အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမဲ့ အချက်တစ်ချို့ကို အောက်မှာဖော်ပြလိုက်ပါတယ်။
အမှားလုပ်မိမှာကြောက်လို့ ဘာမှမလုပ်တဲ့အကျင့်
တစ်ခုခုကိုလုပ်ဖို့ကြံရွယ်တိုင်း ငါလုပ်လိုက်ရင်မှားများသွားမလားဆိုတဲ့အတွေးနဲ့ မှားမှာတွေးကြောက်ပြီး ဘာမှမလုပ်ဖြစ်တော့တဲ့အချက်ကို စွန့်လွှတ်ရပါလိမ့်မယ်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်ပါဘူး။ ကိုယ့်ရဲ့စိတ်ကူးနဲ့ အကြံဉာဏ်အသစ်တွေနောက်ကို ရဲရဲဝံ့ဝံ့လိုက်ပါ။ မှားမှာမကြောက်ပါနဲ့။ မှားမှာကြောက်တဲ့စိတ်ကို စွန့်လွှတ်ရပါမယ်။ လူတိုင်းက မှားတတ်ကြပါတယ်။ လူတိုင်းက အမှားကနေ သင်ခန်းစာယူပြီး လူမှုဘဝတွေကို ဖြတ်သန်းကြရမှာဖြစ်ပါတယ်။
အချိန်ဆွဲတတ်တဲ့ အကျင့်
ဒီကနေ့လုပ်ရမယ့်အလုပ် မနက်ဖြန်မှလုပ်မယ်ဆိုတာမျိုး အချိန်ဆွဲဖူးပါသလား။ ဒီနေ့တော့ မလုပ်သေးပါဘူးလေ… မနက်ဖြန်မှ စလုပ်တာပေါ့လို့ အချိန်ဆွဲတတ်ကြပါတယ်။ ကိစ္စတစ်ခုကို ချက်ခြင်း မလုပ်ဘဲ နောက်လ၊ နောက်နှစ်ပေါ့ဆိုတာမျိုး အချိန်ဆွဲတတ်တာကလည်း အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမယ့် အချက်ပါ။ တကယ်အောင်မြင်ချင်သလား။ ဒါဆိုရင်တော့ ဒီကနေ့လုပ်ရမယ့်အလုပ်ကို ဒီကနေ့ပြီးစီးအောင် လုပ်ပါ။ မနက်ဖြန်အထိ အချိန်မဆွဲပါနဲ့။
ဆင်ခြေပေးတတ်တဲ့အကျင့်
ကိုယ့်ရဲ့အားနည်းချက်တွေကို အမှန်အတိုင်းရှုမြင်ရမယ့်အစား ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် သက်သာအောင်နေတာကလည်း စွန့်လွှတ်ရမယ့်အကျင့်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို ပြင်ဆင်ရမယ့်အစား ဆင်ခြေကောင်းကောင်းပေးပြီး နေတတ်တဲ့အကျင့်က ကိုယ့်ရဲ့ အောင်မြင်နိုင်မှုကို ဆုံးရှုံးစေနိုင်တဲ့အချက်တစ်ခုပါ။
လူတိုင်းမှာ အားသာချက် အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ဒါကိုလျစ်လျူရှုလို့မရပါဘူး။ ကိုယ်ရဲ့အားနည်းချက်ကို ဆင်ခြေနဲ့ ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ ကိုယ့်ရဲ့လုပ်ဆောင်မှုတစ်ခု မအောင်မြင်ဘဲ ကျဆုံးသွားတဲ့အခါ ကိုယ့်ရဲ့ အားနည်းချက်ကို ရှာဖွေဖို့မစဉ်းစားဘဲ ဆင်ခြေပေးပြီး အမှားကိုဖုံးကွယ်တတ်တဲ့ အကျင့်ကို စွန့်လွှတ်ရပါမယ်။
သမားရိုးကျတွေးတတ်တဲ့အကျင့်
Think Different! အောင်မြင်ချင်သလား။ အများနဲ့မတူအောင် တွေးခေါ်ပါတဲ့။ ကိုယ့်မှာ သူများတွေထက်ပိုပြီး ထူးခြားတဲ့အတွေးအခေါ်တွေ၊ အကြံဉာဏ်တွေရှိမယ်ဆိုရင် သင်က အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သမားရိုးကျတွေးခေါ်တတ်တဲ့အကျင့်ပဲရှိမယ်ဆိုရင်တော့ အောင်မြင်ဖို့အတွက် အလှမ်းဝေးနေဦးမှာပါပဲ။ ကိုယ့်ရဲ့အတွေးအခေါ်က လူအများတွေးသလိုတွေးမယ်၊ လူအများစဉ်းစားသလိုစဉ်းစားမယ်ဆိုရင်တော့ လူအများစုထဲမှာမှ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အတွေးတွေက လူအများနဲ့အတူတူဖြစ်နေတာကြောင့်ပါ။ အောင်မြင်ချင်တဲ့သူဆိုရင်တော့ သူမတူ ထူးခြားတဲ့ အတွေးအခေါ်၊ အမြင်ရှိဖို့လိုပါတယ်။
အပြောင်းအလဲကိုကြောက်တဲ့အကျင့်
လက်ရှိအခြေအနေကနေ ပြောင်းလဲလိုက်ရမှာကို လူတော်တော်များများက ကြောက်ကြပါတယ်။ ပြောင်းလဲဖို့လည်း သတ္တိနည်းကြပါတယ်။ လက်ရှိအခြေအနေမှာ အောင်မြင်နေပေမဲ့ အပြောင်းအလဲလုပ်ပြီးခါမှ မအောင်မြင်တော့မှာ၊ လက်ရှိအခြေအနေထက်ပိုဆိုးသွားမှာကို ကြောက်လန့်ကြပါတယ်။ အပြောင်းအလဲကိုကြောက်တဲ့အကျင့်ကြောင့်ပဲ အောင်မြင်မှုနဲ့ဝေးကွာစေတတ်ပါတယ်။
အဆိုးမြင်သူတွေနဲ့ အချိန်ဖြုန်းတတ်တဲ့အကျင့်
ကိုယ့်ပတ်ဝန်းကျင်မှာ အဆိုးမြင်တတ်သူတွေရှိပါသလား။ ကိုယ့်အနီးအနားမှာ၊ ကိုယ့်အလုပ်ပတ်ဝန်းကျင်မှာ အဆိုးမြင်သူတွေရှိတယ်ဆိုရင် သူတို့တွေနဲ့အချိန်ဖြုန်းတတ်တဲ့ အကျင့်တွေကို စွန့်လွှတ်ရပါမယ်။ ဒါက အောင်မြင်မှုအတွက် စွန့်လွှတ်ရမယ့်အချက်တစ်ခုဖြစ်နေလို့ပါ။ ကိုယ့်ရဲ့လုပ်ဆောင်မှုတိုင်းအတွက် အဆိုးမြင်သူတွေဆီက အသိအမှတ်ပြုစကား၊ အားပေးစကားပြောကြားခံရဖို့ မမျှော်လင့်ထားပါနဲ့။ စိတ်ဓာတ်ကျစရာတွေ၊ ဆုံးရှုံးရမှာတွေသာ ကြားရပါလိမ့်မယ်။ သင်ကအောင်မြင်ချင်တဲ့သူတစ်ယောက်ဆိုရင်တော့ အဆိုးမြင်သူတွေနဲ့ ခပ်ဝေးဝေးနေရပါလိမ့်မယ်။
ရည်မှန်းချက်ကြီးကြီး မထားတတ်တဲ့အကျင့်
ဒီအချက်က အောင်မြင်မှုအတွက် အရေးအကြီးဆုံးအချက်တစ်ခုပါပဲ။ လူတိုင်းမှာ ရည်မှန်းချက်ကြီးကြီး၊ အိပ်မက်ကြီးကြီးရှိသင့်ပါတယ်။ အဲဒီအစား ရည်မှန်းချက်မထားတတ်တဲ့ အကျင့်ကလည်း အောင်မြင်မှုနဲ့အလှမ်းကွာဝေးစေပါတယ်။ ကိုယ့်မှာရည်မှန်းချက်လည်းမရှိ၊ ရည်ရွယ်ချက်လည်းမရှိ၊ ဖြစ်ချင်တာတာလည်းမရှိဆိုရင်တော့ အောင်မြင်မှုဆိုတာ ကိုယ်နဲ့ အဝေးဆုံးအရာဖြစ်နေပါလိမ့်မယ်။ တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တစ်ခုခုချမှတ်ပါ။ အဲဒီအတိုင်းလည်း ဖြစ်အောင်ကြိုးစားပါ။ ဒါဆိုရင်တော့ အောင်မြင်မှုက သင့်နဲ့ လက်တစ်ကမ်းမှာရှိနေပါလိမ့်မယ်။
ကျော့ကေခိုင်(Myanmar-Network)
Discussion about this post