ကိုယ်ပိုင်လေယာဉ်စီးတဲ့မင်းသား ဆိုတာနဲ့ မင်းသားကြီး ဂျွန်ထရာဗိုတာ ဆိုတာ အားလုံးသိကြမှာပါ။ ဂျွန်ထရာဗိုတာ ဆိုတာ ဟောလိဝုဒ်နာမည်ကြီး မင်းသား ၊ ပရိုဂျူဆာ ၊ အဆိုတော် ၊ Dancer တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့လေယာဉ်စံအိမ်ကြီးကတော့ ဖလော်ရီဒါပြည်နယ် Ocala မြို့ရဲ့ ၇မိုင်အကွာမှာတည်ရှိနေပါတယ်။
သူ့ရဲ့အိမ်တံခါးဝမှာ လေယာဉ်ပြေးလမ်းနှစ်ခု တည်ဆောက်ထားတဲ့အကြောင်းနဲ့ ပတ်သတ်ပြီးတော့ ဂျွန်ထရာဗိုတာက
“ဒါ ကျွန်တော် ၅နှစ်သားကတည်းက မက်ခဲ့တဲ့အိပ်မက်ပါ။ အဲဒီတုန်းကတည်းက ရုပ်ရှင်တွေကြည့်ပြီး ဒီလိုအိမ်ကြီးမျိုးကို စိတ်ကူးယဉ်ခဲ့တာပါ။ လေယာဉ်မောင်းရဖို့ကို အသွေးအသားထဲက ချစ်ခင်ခဲ့ပါတယ်။ အဓိကတော့ သွားချင်တဲ့နေရာကို အချိန်အနည်းငယ်အတွင်း မြန်မြန်သွားနိုင်ဖို့ပါပဲ” လို့ ဆိုပါတယ်။
ဂျွန်ဟာ ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ပေမယ့် လေယာဉ်မောင်းရတာကိုလည်း အလွန်အမင်းခုံမင်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငယ်စဉ်ကတည်းက လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ကြိုးစားရင်း အသက် ၂၂နှစ်အရွယ်မှာ လေယာဉ်မောင်းလိုင်စင်ကို ရရှိခဲ့ပါတယ်။ သူ့ကို ရုပ်ရှင်မင်းသားလို့ ခေါ်နိုင်သလို လေယာဉ်မှူးတစ်ဦးလို့လည်းခေါ်လို့ရပါတယ်။
လေယာဉ်လွတ်လွတ်လပ်လပ်မောင်းနှင်နိုင်ဖို့အတွက် သူ့ရဲ့အိမ်ကို Jumbolair လေယာဉ်ကွင်းအိမ်ယာမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဧက ၅၅၀ကျယ်ဝန်းတဲ့ မြေပေါ်မှာ နှစ်နှစ်ကြာအချိန်ယူပြီး တည်ဆောက်ထားတဲ့ ဒီအိမ်ကြီးရဲ့တန်ဖိုးကတော့ ဒေါ်လာ ၃.၅သန်းဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားက နာမည်ကြီး ဒီဇိုင်းကုမ္ပဏီဖြစ်တဲ့ Michael James က ဆောက်လုပ်ပေးခဲ့တာဖြစ်ပေမယ့် ဒီဇိုင်းအားလုံးက ဂျွန်ထရာဗိုတာရဲ့ စိတ်ကူးသာဖြစ်ပြီး သူတို့က အနည်းငယ်ဖြည့်စွက်ပေးခဲ့ရုံပဲလို့ သိရပါတယ်။
ဂျွန် နဲ့ သူ့ရဲ့ဇနီး ဟောလိဝုဒ်မင်းသမီး ကယ်လီပရက်စတန် တို့ဟာ ဒီလေယာဉ်ကွင်းအိမ်ယာမြေကို ပထမဆုံးဝယ်ယူခဲ့သူတွေလည်းဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်းကြောင်းတင် ၁.၃မိုင်ရှည်လျားပြီး ဒီလေယာဉ်ပြေးလမ်း ၂ခုအပြင် ကားတွေအတွက် လမ်းကြောင်းတွေကိုပါ ထည့်သွင်းဆောက်လုပ်ထားပါတယ်။
ဂျွန်ဟာ လေယာဉ်ကိုချစ်သလို ကားတွေကိုလည်း အလွန်နှစ်သက်ပြီး သူစုဆောင်းထားတဲ့ တန်ဖိုးကြီးကားတင် ၁၆စီးရှိပါတယ်။ ဒီအထဲမှာ Classic Thunderbirds , Jaguar XJ6 ,Rolls-Royce Phantom , 1970 Mercedes-Benz 280SL စတဲ့နာမည်ကြီးကားတွေပါဝင်ပါတယ်။
သူ့ရဲ့စံအိမ်ဟာ ဂျက်လေယာဉ်တွေအတွက် ဦးစားပေးဆောက်လုပ်ထားတာဖြစ်ပြီး အိမ်အတွင်းအပြင်ဘက်ကို ခမ်းနားစွာ အလှဆင်ထားပါတယ်။ တစ်အိမ်လုံးနီးပါး မှန်ပြတင်းပေါက်တွေ ၊ တံခါးတွေ ၊ နံရံတွေကို တပ်ဆင်ထားပြီး ဘယ်နေရာကကြည့်ကြည့် ခြံဝန်းထဲမှာရှိတဲ့ သူ့ရဲ့လေယာဉ်တွေကို မြင်နိုင်အောင်ဖန်တီးထားပါတယ်။
ဒါအပြင်ခြံဝန်းထဲမှာ ခမ်းနားတဲ့ တည်းခိုဆောင်တစ်ခုကို တည်ဆောက်ထားပြီး ဒီနေရာမှာ သူ့ရဲ့လေယာဉ်မှူးတွေ နဲ့ အခြားဧည့်သည်တွေနားခိုနိုင်ဖို့အတွက် အိပ်ခန်းတွေကိုပါထည့်ပေးထားပါသေးတယ်။ သူ့ရဲ့ခြံဝန်းထဲမှာ ကိုယ်ပိုင် လေယာဉ်ထိမ်းချုပ်ရေးစင်တာ တစ်ခုလည်း ရှိနေပါသေးတယ်။
ဂျွန်ထရာဗိုတာ ဟာ သြစတြေးလျ နာမည်ကြီးလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Qantas လေကြောင်းလိုင်းရဲ့brand Ambassador တစ်ယောက်လည်းဖြစ်ပါတယ်။ ပရဟိတလုပ်ခြင်းကိုလည်း နှစ်သက်ပြီး ၂၀၁၀ ဟေတီငလျှင်တုန်းက သူ့ရဲ့လေယာဉ်ကို ကိုယ်တိုင်မောင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ ဂျွန်ထရာဗိုတာဟာ လေယာဉ် ၆စီး ကိုပိုင်ဆိုင်ထားပြီး သူ့ရဲ့ကြွယ်ဝမှုကတော့ ဒေါ်လာ သန်း ၁၇၀ ဖြစ်ပါတယ်။ သူ့ရဲ့လေယာဉ် ၆စီးမှာ ဂျက်လေယာဉ် ၃စီး ၊ ဘိုးရင်း ၇၂၇လေယာဉ်ကြီးတစ်စီး၊ ဘိုးရင်း ၇၀၇လေယာဉ်ကြီးတစ်စီး နဲ့ Bombardier Challenger 601 တစ်စီးတို့ပါဝင်ပါတယ်။ အောက်ကပုံရိပ်တွေကိုကြည့်ရင်း သူ့ရဲ့အိမ်ကြီးကို သွားလည်ကြည့်လိုက်ပါ 🙂
Discussion about this post