ဗင်းဆင့် ဗန်ဂိုးသည် ပထမဦးဆုံးနှင့် အထင်ရှားဆုံးဖြစ်သော ခေတ်သစ် အနုပညာသမားများထဲတွင် တဦး အပါအဝင် ဖြစ်သော်လည်း သူ ရှင်သန်နေစဉ် အတောအတွင်းမှာ လူများက သူနှင့် သူ့အနုပညာတို့ကို နားမလည်။ ထို့ကြောင့် သူသည် ဆင်းဆင်းရဲရဲ ဘဝနှင့် နေထိုင်ပြီး မပျော်မရွှင် ဘဝနှင့် ကွယ်လွန်ရသည်။ ယနေ့တွင် ဗန်ဂိုး ရေးဆွဲသော ပန်းချီကား တချပ် ရောင်းဈေးသည် ဒေါ်လာငွေ သန်း ၈၀ ကျော် ရှိသည်။ သို့သော် သူ သက်ရှိထင်ရှား ရှိစဉ် မည်သူ တဦးတယောက်ကမျှ သူ့အနုပညာကို မဝယ်ယူချေ။
ဗန်ဂိုးသည် ဒတ်ချ်လူမျိုးဖြစ်ပါသည်။ သူ့အား ၁၈၅၃ ခုနှစ်တွင် မွေးဖွားခဲ့သည်ဖြစ်ရာ ယခုလက်ရှိမှ ပြန်ရေတွက်ပါက သူသည်လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝ ကျော်က လူဖြစ်ခဲ့သူဖြစ်သည်။ နောက်ဆုံးပန်းချီကား တစ်ချပ်ကို ရေးဆွဲပြီးနောက် သူ့ကိုယ်သူ သတ်သေသွားခဲ့သည်မှာ ၁၈၉ဝ ခုနှစ်ဖြစ်ပါသည်။ သူကွယ်လွန်စဉ်က သူ့အသက်မှာ ၃၇ နှစ်မျှသာရှိသေးသည်။ ယခုဆိုလျှင်သူကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်း ၁၂ဝ ခန့် ရှိပြီဖြစ်ပါသည်။
ဤမျှ နှစ်တွေကြာလာသော်လည်း ဗင်ဂိုး၏နာမည်မှာ မသေသေးပါ။ သူ၏ အလွန်အမင်း ထက်သန်ပြင်းပြသော စိတ်ခံစားမှုများကို ဖော်ပြနေသော သူ့ပန်းချီကားများသည် ယနေ့ထိတိုင် လူများ၏ စိတ်နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိထိခိုက်ခိုက်ဖြစ်အောင် စွမ်းဆောင်နေဆဲဖြစ်ပါသည်။
ဗန်ဂိုးအား ၁၈၅၃ ခုတွင် ဟော်လန်(နယ်သာလန်)နိုင်ငံ၌ ဖွားမြင်သည် ။ သူ့ဖခင်မှာ ဓမ္မဆရာဖြစ်၏ ။ ဆွေစဉ်မျိုးဆက်အရလည်း ၁၆ ရာစုနှစ်လောက်အထိ ပြန်ကြည့်လျှင် ဓမ္မဆရာများ ၊ အနုပညာသည်များ ဖြစ်ကြသည် ။ သူ့ငယ်စဉ်ကလေးဘဝသည် နယ်သာလန်နိုင်ငံတောင်ပိုင်း၏ သဘာဝအလှများ ၊ရိုးသားအေးချမ်းသော တောသူတောင်သားများအလယ်တွင် ပျော်မွေ့ကြည်နူးဖွယ်အတိဖြစ်ခဲ့သည်။ ဗန်ဂိုးအတွက် သာယာချမ်းမြေ့ဖွယ် ကာလများမှာ ကလေးဘဝမှာပင် ပြီးဆုံးသွားခဲ့သည် ။
အရ့ွယ်ရောက်စဉ်က အလုပ်မျိုးစုံကိုလုပ်ကိုင်ခဲ့သည်။အလုပ်အကိုင်အမျိုးမျိုးကို ပြောင်းလဲလုပ်ကိုင်ခဲ့သောဗန်ဂိုး၏ ဘဝမှာ တစ်လျှောက်လုံးရှုံးနိမ့်မှုများနှင့်ချည်း ကြုံခဲ့သည် ။အနုပညာပစ္စည်းရောင်းသည့်ဆိုင်ကြီး တစ်ဆိုင်မှာ ၁၆ နှစ်သားအရွယ် အရောင်းသမားအလုပ်စလုပ်ကတည်းက အဆိုးလောကဓံလေးပါးများချည်း သူဆက်တိုက် တွေ့ခဲ့ရသည်။ ကျောက်မီးသွေးတွင်း ဓမ္မဆရာ ၊ ကျောင်းဆရာ ၊ စာအုပ်ဈေးသည် ဘဝမျိုးစုံ ကျင်လည်ရင်း ဗန်ဂိုးသည် မအောင်မြင်မှုများကိုချည်း အဟာရအဖြစ် စားသုံးရသည်။
ပတ်ဝန်းကျင်တွင်လည်း မအောင်မြင် ၊ ဘာသာရေး စည်းစနစ်ကြီးသော ပျူရီမိသားစုအသိုင်းအဝိုင်းထဲတွင်လည်း သိုးမဲတစ်ကောင်ဖြစ်ခဲ့သည်။ သိမ်ငယ်စိတ်၏ နှိပ်စက်မှုကိုခံရင်း အလွန်ကြီးကျယ်မြင့်မြတ်သော အလုပ်ကြီးတစ်ခုခုကို(ဘာအလုပ်မျိုးလဲဆိုတာ သူကိုယ်တိုင်လည်း သေသေချာချာမသိ)လုပ်ဖို့ရည်ရွယ်ထားသည်။
ကျောက်မီးသွေးတွင်း အလုပ်သများများကို တရားဓမ္မဟောပြောပေးသော အလုပ်လုပ်စဉ်က ဗန်ဂိုးသည် ကျမ်းစာလာ ဓမ္မများကိုမဟောပဲ သူ့ရင်ထဲကခံစားရသမျှကိုသာ ဟောပြောခဲ့သဖြင့် ပရိတ်သတ်က သူ့ကို နားမလည်စွာ ငြင်းပယ်ခဲံ့ကြ၏ ။ ဤအချက်သည် ဗန်ဂိုး၏နောင်လာမည့် ပန်းချီဆရာဘဝမှာလည်း အဓိက ပြဋ္ဌာန်းသောအချက်ဖြစ်လာပေသည်။ပန်းချီသမားဘဝသို့ သူပြောင်းတော့မည်ဟု ဆုံးဖြတ်ပြီးနောက် ဗန်ဂိုးဦးစွာရေးဆွဲခဲ့သော ပုံများမှာ ကျောက်မီးသွေးတွင်းတူးသမားများပုံ ဖြစ်၏ ။(အာလူးစားသူများကို ထိုအချိန်ကဆွဲခဲ့သည်)အသက် ၂၇ နှစ်မှစပြီး ဗန်ဂိုးသည်ပန်းချီလောကထဲသို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။
ဗန်ဂိုးသည် အနုပညာ တခုတည်းကို လုပ်ကိုင်ရာတွင် အလွန့်ကို ထူးချွန်သည်။ ပန်းချီဆွဲနည်းကို ကိုယ့်ဘာသာ သင်ယူသည်။ တစုံတရာကို ရေးဆွဲလျှင် စားသောက်ဆိုင် ဟင်းလျာ စာရွက်များ၊ စာအုပ်များနှင့် စာရွက်အစအနများကို ရှာသည်။ ၁၈၈၁ တွင် အနုပညာကို စတင်လေ့လာသည်။ ပထမဆုံး ဘယ်လ်ဂျီယံ၊ ဘရပ်ဆဲလ် သွားသည်။ နောက် ပြင်သစ်သွားသည်။ အစောဆုံး ပန်းချီကားများသည် ဟော်လန်ရှိ နွမ်းပါးသူများအကြောင်း ဆွဲထားသော အနက်ရောင် ပန်းချီကားများ ဖြစ်ကာ၊ ပန်းချီကားထဲမှ လူများသည် ဝမ်းနည်းပူဆွေးနေကြသည်ကို သရုပ်ဖော်ထားသည်။
ပြင်သစ် သို့ သွားရောက်သောအခါ တောက်ပသည့်အရောင်များကို ရွေး၍ ဆွဲပြီး ပန်းချီကားမှာ စိတ်ခံစားမှု ပြင်းထန်နေမှုကို ပြသနေသည်။ သူ့ဘဝတွင် အမြဲတမ်း သာမန်အရာဝတ္ထု ပစ္စည်းများကိုသာ ဆွဲလေ့ရှိပြီး ၎င်းတို့မှာ သူ့အိပ်ခန်း ကုလားထိုင် တလုံး၊ သို့မဟုတ် ပန်းပွင့်အချို့တို့သာ ဖြစ်သည်။ မကြာခဏ ဆိုသကဲ့သို့ ကျေးလက်သို့ သွားပြီး၊ ငှက်များ၊ ပန်းပွင့်များနှင့် လယ်ကွင်းများကို ဆွဲလေ့ရှိသည်။
အခြား ပန်းချီဆရာများ ရေးဆွဲသော ပန်းချီလက်ရာများနှင့် ဗန်ဂိုး ရေးဆွဲသော ပန်းချီလက်ရာများက အလွန့်ကို ကွာခြား၍ လူတွေက သူ့ပန်းချီကားကို မနှစ်သက်။ နေရာ တနေရာကို ရွှေ့ပြောင်းသည့်အခါ မကြာခဏ ပန်းချီကားများ ထားခဲ့ရပြီး လူတွေက တွေ့သော်၊ ထင်းဆိုက်ပစ်ကြသကဲ့သို့ ဆောက်လုပ်ရာတွင်လည်း သုံးပစ်လိုက်သည်။ ပန်းချီကားများကို သူ ရောင်းချ မရတော့၍ သူ့တွင် ငွေကြေး မရချေ။ မကြာခဏပင် အစားအသောက် မစားရချေ။ သူ့ငွေများကို ကင်းဗတ်စများ၊ ဆေးများ၊ စုတ်တံများ၊ ပန်းချီကားဘောင်များ ဝယ်ရန် သုံးသည်။ သူ့မှာ ရှိသော အဝတ်အစားများကိုလည်း မရှိဆင်းရဲသားများအား ပေးကမ်းလေ့ရှိသည်။
သူ့တွင် ထူးဆန်းသော ကိုယ်ရေးကိုယ်တာ စိတ်သဘောထားများ ရှိပြီး၊ သူက မဟုတ်တာ မမှန်တာ ပြောဆိုရခြင်းနှင့် ငြင်းခုန်ရခြင်းကို သဘောကျသည်။ အချို့က သူ့ကို ကြောက်ရွံ့ထိတ်လန့်သည်။ အချို့က ရယ်စရာ သဘောထားသည်။ ကလေးများက လမ်းတွင်တွေ့လျှင် ရရာပစ္စည်းများနှင့် ကောက်ပေါက်သည်။ သူ့ကို နာမည်အမျိုးမျိုး တပ်ခေါ်သည်။ အနုပညာပစ္စည်း ရောင်းချသော ညီဖြစ်သူ သီအိုသာလျှင် စစ်မှန်သော မိတ်ဆွေ တဦး ဖြစ်သည်။ သူက သူ့အစ်ကို ဗန်ဂိုးသည် ပါရမီရှင်ဟု ယုံကြည်သည်။ ငွေများ ထောက်ပံ့ပေးပြီး ပန်းချီ ဆက်ဆွဲရန် အားပေးသည်။
ဗင်ဂိုး၏ ပန်းချီဆွဲသောကာလသည် ဆယ်နှစ်မျှသာရှိခဲ့သော်လည်း သူရေးဆွဲထားခဲ့သည့် ပန်းချီကားများမှာ ၁၆၀ဝ ကျော်မျှ ရှိခဲ့သည်ဟုဆိုကြသည်။ ဗင်ဂိုးသည်ရေးဆွဲပြီးသမျှ ပန်းချီကားအားလုံးကို သူ့ညီသီအိုထံသာ ပေးပို့ခဲ့သည်။ ထိုစဉ်က သူ့ပန်းချီကားများကို ကြိုက်သူမှာ သူ့ညီသီအို တစ်ယောက်တည်းသာရှိခဲ့လေသည်။ သူ့ပန်းချီကားများကို ဝယ်မည့်သူလည်း တစ်ဦးမျှ မရှိခဲ့ချေ။ သူမကွယ်လွန်မှီ နောက်ဆုံးနှစ် ၁၈၉ဝ ခုနှစ်ကျခါမှ သူ့မိတ်ဆွေ ပန်းချီဆရာ တစ်ယောက်က သူ့ပန်းချီကားတစ်ကားကို ဒေါ်လာ ၈ဝ ပေး၍ဝယ်ယူသွားခဲ့လေသည်။
ထိုပန်းချီကားမှာ “ဆိုက်ပရပ်စ်ပင်နှင့်ပန်းပွင့်နေသောသစ်ပင်” ဟုအမည်ပေးထားသည့် ပန်းချီကားဖြစ်သည်။ ထိုကားသည် တစ်ယောက်လက်မှ တစ်ယောက်သို့ အဆင့်ဆင့် ကူးပြောင်းပြီးနောက် ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည့် ပန်းချီလေလံပွဲတစ်ခုတွင် ပေါ်လာခဲ့သည်။ ထိုပွဲ၌ ဒေါ်လာငွေ ၁.၃ သန်းနှင့် ထိုပန်းချီကားကို ဝယ်ယူသွားခဲ့လေသည်။ ထိုအချိန်မှ စ၍ ဗင်ဂိုး၏ ပန်းချီကားများသည် ဒေါ်လာသန်းပေါင်းများစွာ တန်သော အဖိုးတန်ရတနာများ ဖြစ်လာခဲ့လေသည်။
၁၉၇၁ နွေဦးပေါက်တွင် ဘရွတ်ကလင်းပြတိုက်၌ ဗင်းဆင့်ဗင်ဂိုး၏ ပန်းချီကား ၁၁၄ ကားကို သီတင်းရှစ်ပတ်ကြာ ပြသခဲ့သည်။ ယခင် ဆန်ဖရန်ဆစ်စကိုမြို့ ၌ ပြသခဲ့ကစဉ်လိုပင် လူအများဆုံး လာရောက် ကြည့်ရှုသည့် ပန်းချီပြပွဲကြီးတစ်ခုဖြစ်ခဲ့လေသည်။ ထိုစဉ်က ပြတိုက်မှုး သောမတ်စ် အက်စ် ဘူချ်နာအား ပြပွဲတွင် လူများရသည့်အကြောင်းက ဘာကြောင့်ပါလဲဟု သတင်းထောက်များက မေးမြန်းခဲ့ကြလေသည်။
ထိုအခါ သောမတ်စ်က “ဗင်းဆင့် ဗန်ဂိုးရဲ့ ဘဝဖြစ်စဉ်က ဒဏ္ဏာရီ ပုံပြင်တစ်ခုလို ဖြစ်နေတဲ့ အတွက်ကြောင့်လို့ ကျတော်ထင်ပါတယ်။ နောက်တစ်ကြောင်းကတော့ သူ့ရဲ့လက်ရာပန်းချီကားတွေဟာ ဒီနေ့ဒီအချိန်ထိ ခေတ်မီရှင်သန်နေတုံးမလို့ ဖြစ်ပါလိမ့်မယ်” ဟုအဖြေပေးခဲ့သည်။
ထို့နောက်သူက ဆက်၍ “သူ့ခေတ်သူ့အချိန်က တည်ရှိခဲ့တဲ့ ပန်းချီလောကက သူ့ကို အသိအမှတ်မပြုခဲ့ကြပေမယ့် သူရေးဆွဲခဲ့တဲ့ ပန်းချီကားမှန်သမျှကို သူမရှိတော့တဲ့ နောက်ပိုင်းကာလမှာ အသိအမှတ်မပြုလို့ မရတော့ပါဘူး။ အခုဆိုရင် သူ့ပန်းချီကားတွေဟာ သူ့ဘဝလိုပဲ လူအများရဲ့ စိတ်ကို ထိထိခိုက်ခိုက်ဖြစ်စေခဲ့ပါတယ်။ လှုပ်ရှားစေခဲ့ပါတယ်။ သူ့စိတ်ထဲမှာ ခံစားနေရသမျှ တွေကို မမိမိအောင် အပြင်းအထန် ခံစားပြီး စုတ်ချက်တင်ထားတဲ့ ကားတွေမို့ပါ။ သူ့ကားတွေထဲမှာ ရှိနေတဲ့ သူ့ခံစားမှုတွေရဲ့ ပမာဏကို ချက်ခြင်း သိရှိခံစားလို့ရနေလို့ပါ” ဟု ပြန်ပြောခဲ့လေသည်။
တကယ်တော့ ဗင်ဂိုးသည် ကိုယ်ဟန်ပြ မိုဒယ်လ် မငှားနိုင်၍ သူ့ရှုးဖိနပ်စုတ်ကြီးကို မျက်စိရှေ့ ထားကာ ပုံပေါင်း အမြောက်အများကို ရေးဆွဲခဲ့ရရှာသော ပန်းချီဆရာဖြစ်လေသည်။ သူ့ရုပ်သူ မှန်ထဲပြန်ကြည့်ပြီး ပုံပေါင်း ၄ဝ ကျော်ရေးဆွဲခဲ့ရသော ပန်းချီဆရာလည်းဖြစ်သည်။ သူအသက်ရှင်စဉ်က ဗန်ဂိုးသည် သူ့ပတ်ဝန်းကျင် က သူ့အားဖိစီးနှိပ်စက်နေကြသည့် ဆင်းရဲဒုက္ခများ၊ သူ့ရင်တွင်းခံစားချက်များနှင့် သူရေးဆွဲခဲ့သည့် ပန်းချီကားများ အကြောင်းကို သူ့ညီသီအိုထံ စာပေါင်းအမြောက်အများ ရေးသား၍ရင်ဖွင့်ခဲ့သူဖြစ်သည်။ ထိုပေးစာများသည် သူ့ဘဝ၊ သူ၏နက်ရှိုင်းသော ခံစားချက်များနှင့် အတွေးအမြင်များကို အံ့ဩတသဖွယ် ဖြစ်အောင်ရေးဖွဲ့ထားသည့် စာများဖြစ်လေသည်။
တစ်ကြိမ်တွင် ဗန်ဂိုးက သူ့ပေးစာတစ်စောင်ထဲ၌ “ကိုယ်ဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ နှစ်ပေါင်းသုံးဆယ်တိတိ လမ်းလျှာက်နေခဲ့ပြီးပြီ။ အဲဒီအတွက် ကျေးဇူးတင်တဲ့အနေနဲ့ အမှတ်တရ စုဆောင်းသိမ်းဆည်းထားနိုင်မယ့် ပစ္စည်းတချို့ ထားခဲ့ချင်တယ် ငါ့ညီရယ်” ဟုရေးခဲ့သည်။
ဗင်ဂိုးက သူမသေခင် သူ့အချစ်ဆုံးညီ သီအိုထံသို့ “အကို့ရဲ့ အနာဂတ်ဘဝဟာ မှောင်မိုက်လာနေတယ်။ အစ်ကို့ဘဝရဲ့ ရှေ့အလားအလာကို စိတ်ချမ်းမြေ့ စွာနဲ့ မှ မျှော်ကြည့်လို့ မရနိုင်တော့ဘူး။ အစ်ကို့ရဲ့ ဘဝဟာ အမြစ်ကဆုပ်ကိုင်ပြီး လှုပ်တာကို ခံနေရပြီ။ အစ်ကိုလှမ်းနေတဲ့ ခြေလှမ်းတွေက မမှန်တော့ဘူး” ဟုရေးခဲ့သည်။
သူရေးခဲ့သည့်အတိုင်းပင် ဗင်းဆင့်ဗန်ဂိုး၏ ဘဝအဆုံးသတ်ရပုံသည် မလှပနိုင်ခဲ့ရှာပေ။ သို့သော်လည်း သူ့ပန်းချီကားများကတော့ ယနေ့အချိန်ထိ လှပနေဆဲ၊ဖြစ်ပါသည်။ ယနေ့အချိန်ထိ လူအများကိုလည်း အကျိုးပြုနေဆဲဖြစ်ပါသည်။ သူ၏ပန်းချီကားများကို ခံစားကြည့်ကြပါ။ ကိုယ်လုပ်ချင်တာကို လုပ်သွားခဲ့ပြီး လူ့လောကကိုအကျိုးပြုသွားသည့် စစ်မှန်သော အနုပညာရှင် ပန်းချီဆရာတစ်ဦး၏ ဘဝကို မြင်ရတွေ့ရ၊ သိရှိနားလည်လာကြရပါလိမ့်မည်။
ဗန်ဂိုး၏ နာမည်ကြီး ပန်းချီကား `ကြယ်တွေစုံတဲ့ည´ ဖြစ်ပါသည်။ ဒီပန်းချီကားကို သူစိတ်ကျန်းမာရေး ဆေးရုံတက်နေတုန်းက အခန်းပြတင်းပေါက်ကနေ ကောင်းကင်ကြီးကို သံတိုင်တွေ ကြားကနေကြည့်ပြီး ရေးဆွဲခဲ့ရတာ ဖြစ်ပါသည်။ ဗန်ဂိုးရဲ့ ပန်းချီကားတွေထဲက ကျတော် အနှစ်သက်ဆုံးပန်းချီကားလည်းဖြစ်ပါသည်။ ညရဲ့ကောင်းကင်တွင် လှည့်ပတ်နေသော တိမ်တိုက်များရှိလေသည်။ ကြယ်များမှာ ကိုယ်ပိုင်အလင်းရောင်လေးများနှင့် တောက်ပလျက်ရှိလေသည်။ ထို့ပြင်မီးအိမ်ပုံ လမင်းကြီးပါဝင်လေသည်။
ထိုပုံများကို ဗန်ဂိုးက အကျယ်ချဲ့ ခံစားပြီး အရောင်များပိုသုံးပြီးဆွဲထားသော်လည်း ထိုမြင်ကွင်းမှာ ကျတော်တို့ အားလုံးနှင့် ရင်းနှီးပြီးသား မြင်ကွင်းမျိုးဖြစ်ပါသည်။ အထူးသဖြင့် တစ်ယောက်ချင်းဆီ၏ ခံစားချက်များ ရှိနေပါက တိုက်ဆိုင်ပါက ပိုပြီးမြင်သာ ခံစားတတ်မည်ဖြစ်ပါသည်။ ဗင်ဂိုးဆွဲထားသော တိမ်တိုက်များ၏ ကောက်ကြောင်းကွေးကွေးများသည် ပန်းချီကားကိုကြည့်သူကို ကင်းဗတ်စအနှံကို လိုက်လံကြည့်ရှုသွားမိစေလေသည်။ ထိုနောက် ကြယ်ကလေးများကို အရောင်စက်လေးများနှင့် ရေးသည်။ အဓိကဆိုလိုရင်းဖြစ်သော ကြယ်ကလေးများကိုအားလုံးမြင်အောင်ကြည့် မိစေရန် ဗန်ဂိုးက တိမ်တိုက်များနှင့် လည့်ပတ်ခေါ်ဆောင်သွားခြင်းဖြစ်လေသည်။
လိမ့်နေသော တောင်ကုန်းများ၏အောက်တွင်မူ မြို့လေးတစ်မြို့ ရှိလေသည်။ ထိုမြို့၏ ပုံမှာ ပန်းချီကားတည်ဆောက်ပုံထဲမှ စီးထွက်လာသော ငြိမ်းချမ်းလှသောအနှစ်သာရ ဖြစ်လေသည်။ အေးမြလှသော အရောင်ရင့်ရင့်ထူထူများနှင့်ဆွဲထားသော အိမ်လေးများနှင့် မီးရောင်တောက်နေသော ပြတင်းပေါက်ကလေးများသည် ကျတော်တို့၏ ငယ်စဉ်ကလေးဘဝက ညအချိန်တွင် ကြယ်ရောင်တောက်သော ကောင်းကင်ကို မော့ကြည့်ခဲ့ရသော အချိန်ကို ပြန်ပြီးသတိရအောင်လုပ်ပေးနေသကဲ့သို့ ရှိလေသည်။ မြို့၏ အဓိကကျသောအချက်မှာ ဘုရားရှိခိုးကျောင်းပုံဖြစ်လေသည်။ အိမ်သေးသေးလေးများကို အုပ်မိုးနေပုံက ခိုင်မာမှု၊ တည်ငြိမ်မှုကိုဖော်ပြနေသည်။ ထို့ပြင်အရွယ်အစားကလည်း ပန်းချီကားကြည့်သူကို စွဲဆောင်သွားလေသည်။
ပန်းချီကား၏ ဘယ်ဖက်တွင်မူ အနက်ရောင်ရင့်ရင့်ဖြင့် ရေးဆွဲထားသော တသီးတခြားဖြစ်နေသော ပုံသဏ္ဍာန် တစ်ခုရှိလေသည်။ ထိုသဏ္ဏန်၏ အရွယ်အစားအမှာ ပုံထဲမှ တခြားအရာများနှင့် နှိုင်းယှဉ်လိုက်လျှင် ဗန်ဂိုးရေးဆွဲထားပုံမှာ ပြောင်မြောက်လှပေသည်။ ကောက်ကွေးသော စုတ်ချက်များသည် ကောင်းကင်ပြင်ကို ရောင်ပြန်ဟပ်လျက်ရှိသလို ပန်းချီကားအား ခံစားမှုကိုလည်း ပို၍နက်ရှိုင်းအောင် ခံစားမိစေလေသည်။ ပြောရမည်ဆိုလျှင် တောင်ကုန်းများမှ အစ ခြုံပုတ်များအထိ ဗန်ဂိုးရေးဆွဲထားပုံမှာ အမျိုးစုံလင်လှပြီး ဝေဖန်ခံစားဖို့ ရန် ကျယ်ဝန်းလှပေသည်။
၁၈၉၀ ၊ဇူလိုင်လ ၂၉ ရက်။
ရင်းနှီးခင်မင်မှုမရှိသော ၊ မိတ်ဆွေမဲ့သော ၊ ချစ်သူမိန်းခလေးများ၏စွန့်ပစ်ခြင်းခံရသော မိမိ၏အနုပညာကို အသိအမှတ်ပြုမခံရသော ဆယ်နှစ်လုံးလုံး သိမ်ငယ်စိတ် ၊အထီးကျန်စိတ်များဖြင့်သာ ထွေးလုံးရစ်ပတ်နေခဲ့ရသော်လည်း မည်သူ့ကိုမှ အငြိုးမဖွဲ့ မည်သူ့ကိုမျှလည်း ဒုက္ခမပေးပဲ ကျေးလက်သို့သွားပြီး “နေကြာပန်း”များကိုဖန်တီး ၊“ကြယ်လင်းသောည”များကိုမွေးဖွား ၊“ဆိုက်ပရပ်လမ်းကို”ဖန်ဆင်း ၊“သံလွင်ခြံ”ကိုစိုက်ပျိုးခဲ့သော ဘဝခရီးတစ်လျှောက်လုံး မသာယာမဖြောင့်ဖြူးခဲ့သမျှ သူ့ပန်းချီၤကားများတွင် ရွှေရောင် ၊ ငွေရောင် ၊ နေရောင်များကိုထွန်းပ စေခဲ့သော …..(သူချစ်သော ကမ ္ဘာလောကကြီးက သူ့အပေါ်ပြန်အချစ်မခံရသော)ဗင်းဆင့်ဗန်ဂိုးသည် ထိုနေ့တွင် သူ့ကိုယ်သူ သေနတ်နှင့် ပစ်သတ်ကာ ဇာတ်သိမ်းခဲ့လေသည် ………။
ကွယ်လွန်ပြီး ၂ ရက်အကြာ သူ့အသက် ၃၇ ပြည့်သည်။ အစ်ကို ဆုံးသည့်အတွက် သီအိုသည် ဝမ်းနည်းပူဆွေးခဲ့ရပြီး၊ နောက်ခြောက်လအကြာတွင် နာမကျန်းဖြစ်ကာ သီအိုလည်း ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ၃၃ နှစ်သာ ရှိသေးသည်။ သီအို၏ ဇနီး မုဆိုးမ ဂျိုဟန်နာက ဗန်ဂိုး၏ ကျော်ကြားလာမည့် ပန်းချီကားများကို ခက်ခဲစွာ ထိန်းသိမ်းရသည်။ ဗန်ဂိုး ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၃၀ ရောက်ခါနီးမှ ကမ္ဘာတည်သ၍ ထင်ရှားကျော်ကြားမည့် အနုပညာရှင်များထဲမှ တဦးအဖြစ် ဗန်ဂိုးကို အသိအမှတ်ပြုသည်။
ဗင်းဆင့် ဗန်ဂိုး၏ ပန်းချီကားများကို ကမ္ဘာကျော် အနုပညာပြတိုက်များတွင် ချိတ်ဆွဲပြသထားကာ၊ “ကြယ်စုံသောည”၊ “နေကြာပန်းများ”၊ “ဆိုက်ပရပ်စ်လမ်း”နှင့် “အာလူးစားသူများ” ပန်းချီကားတို့သည် ယခုအခါ တစ်ချပ်လျှင် ဒေါ်လာသန်း ရာချီ၍ တန်ဖိုး ရှိနေပြီ ဖြစ်သည်။
ကိုးကား
မောင်ထွန်းသူ၏ ဗင်းဆင့် ဗန်ဂိုး
ဗင်းဆင့်ဗန်ဂိုးတမ်းချမ်း – ချစ်ဦးညို
ရဲကျော်မြင့် (မတ်လ၊ ၂၀၁၇). ကမ္ဘာကျော်(၃၃)ဦး အနှစ်ချုပ်. မဇ္ဈိမစာပေ,
မြန်မာ့စွယ်စုံကျမ်း
Discussion about this post