မူရင်းရေးသားသူ – SwamHtet(မှတ်စုကြမ်း)
ရှေးအခါက စစ်တိုက်ရာတွင် လေး မြှား လောက်လွှဲ ဓား လှံ ဒိုင်း စသည်တို့ကို အားကိုးအားထားခဲ့ရသည်။ ထိုသို့ ထိုးစစ်ဆင်လာသူကို ရဲတိုက်များ ခံတပ်ကြီးများ မြို့ရိုးများဖြင့် ခုခံတားဆီးခဲ့ရပြန်သည်။ ရှေးတုန်းက စစ်တိုက်ရာတွင် သတ္တိ ဗျတ္တိနှင့် ခွန်အားဗလကို အားကိုးကာ စစ်တိုက်ခဲ့ကြရသည်။ သို့သော် တရုတ်ပြည်မှ ယမ်းပြုလုပ်နည်းကို ရရှိလာသောအခါ ဥရောပတိုက်နှင့် ကမ္ဘာတဝှမ်းတွင် စစ်တိုက်ရာတွင် နည်းဗျူ ဟာစနစ်များ ပြောင်းလဲလာသည်။ ယမ်းကို အသုံးပြုကာ အမြောက် သေနတ်များဖြင့် ရဲတိုက် မြို့ရိုးများကို အလွယ်တကူ ဖြိုချခဲ့ကြာရာမှ ရဲတိုက် မြို့ရိုးဖြင့် ခုခံသော ခေတ်ကုန်ဆုံးသွားသည်။
ထိုကြောင့် ကတုတ်ကျင်းများ တူးကာ ခံစစ်ဆင်ခြင်း အမြောက်များဖြင့် ဖြိုင်ဖြိုင်ပစ်ခတ်ကာ သေနတ်ကိုင်များက ကျားထိုးတက်သည့် နည်းဗျူ ဟာသို့ ပြောင်းလဲလာရာမှ ယနေ့ခေတ်တွင် လေယာဉ် ဒုံးကျည် စသည်တို့ တိုက်ခိုက်သည့် နည်းစနစ်များ ခေတ်အဆက်ဆက် ပြောင်းလဲလာခဲ့ကြသည်။ ထိုခေတ်များ ပြောင်းလဲမှုတွင် ယနေ့ချိန်ထိ အရေးပါလျက် ရှိသော လက်နက်မှာ သေနတ်ပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ မှတ်စုကြမ်းမှ သေနတ်တို့၏ သမိုင်းကြောင်းကို ရှာဖွေတင်ပြလိုက်ရပါသည်။
ပထမဆုံး သေနတ်ကို စတင် တီထွင်ခဲ့သူများမှာ တရုတ်လူမျိုးများ ဖြစ်သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားပါသည်။ တီထွင်သူ၏ အမည်ကိုမူ ဖော်ပြထားခြင်း မတွေ့ရပါ။ လွန်ခဲ့သော အနှစ် ၁၁၀၀-ကျော်က တီထွင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ အသုံးပြုပုံမှာ ယမ်းမှုန့်ထည့်ထားသော ဝါးဖြင့် ပြုလုပ်ထားသည့် ပြောင်းထဲသို့ လှံတံကိုထည့်ကာ လှံတံတွင် ပိုးကြိုးစကို တပ်ဆင်ကာ မီးရှို့၍ ပစ်လွှတ်ခြင်း ဖြစ်သည်။ ထိုအခါ လှံတံသည် မီးတောက်များ ဖြစ်ပေါ်ကာ ပံျထွက်သွားသည်။ ထိုမီးပေါက်အမြောက်ကို သစုန့်ခေတ် De An တိုက်ပွဲ ၁၁၃၂ ခုနစ်က ဖြစ်ပွားခဲ့သော လျောင်နှင့် သစုန့် စစ်ပွဲမှတ်တမ်းတွင် စတင်တွေ့ရသည်။
သို့သော် ထိုကိရိယာကို သေနတ်ဟု မခေါ်ကြသေးပါ။ မီးလှံ သို့မဟုတ် မီးပေါက်ဟုသာ ခေါ်ဆိုခဲ့ကြပါသည်။ မည်သို့ပင် ဆိုစေ အဆိုပါလက်နက်သည် သေနတ်၏ မူလအစပင် ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဝါးကျည်တောက် ပြောင်းအစား သတ္တုပြောင်းများကို အစားထိုး အသုံးပြုလာသလို ၁၂၅၀-ပြည့်နှစ်တွင် ယမ်းမှုန့်ကို အသုံးပြုပြီး ပေါက်ကွဲစေတတ်သော သေနတ်အစစ်ကို တရုတ်တို့ တီထွင်နိုင်ခဲ့ကြပါသည်။ ထိုအချိန်ထိ ဥရောပနိုင်ငံများတွင် သေနတ်ပေါ်ပေါက်လာခြင်း မရှိသေးပါ။
၁၄-ရာစုရောက်သောအခါတွင်မှ ဂျာမန်ဘုန်းတော်ကြီးတပါးဖြစ်သော ဘာသိုးလ်ရှဝဒ်ဆိုသူက တရုတ်တို့ထံမှ နည်းပညာကိုယူပြီး သေနတ်ပြုလုပ်ပြခဲ့ပါသည်။ သူ၏ သေနတ်ကို Hand Gun ဟုလည်း ခေါ်ပါသည်။ သူတီထွင်သော သေနတ်မှာ ၃-ပေခန့် အရှည်ရှိပါသည်။ တဖက်ပိတ် သတ္တုပြောင်းဖြင့် ပြုလုပ်ထားပါသည်။ ၎င်းသတ္တုပြောင်းကို ငြိမ်အောင် သစ်သားချောင်းအဖြောင့်တချောင်းနှင့် ပူးချည်ထားပါသည်။ သေနတ်ပစ်ပုံပစ်နည်းမှာ အန္တရာယ်များလှပါသည်။
ဦးစွာ ယမ်းကို ပြောင်းဝတွင် ကျောက်ခဲများ သံစများနှင့်ရောပြီး ထည့်ထားရပါသည်။ ပစ်လိုသောအခါ လူတယောက်က သေနတ်ကို ချိုင်းတွင် မြဲမြဲညှပ်ထားပေးရပါသည်။ ကျန်တယောက်က သေနတ်အနောက်ပိုင်းရှိ အပေါက်မှ ယမ်းကို မီးရှို့ပေးရပါသည်။ ထိုအခါ မီးခိုးလုံးများ ထွက်လာပြီး ပြင်းထန်သောအသံဖြင့် ပေါက်ကွဲသွားလေ့ရှိပါသည်။ ဤသေနတ်မျိုးသည် ရန်သူကိုသာမက အခန့်မသင့်လျှင် ပစ်သူကိုယ်တိုင် သေနတ်မှန်ပြီး သေဆုံးတတ်ပါသည်။ ဝေးဝေးလည်း ပစ်မရပါ။
ထို့ကြောင့် ချိုင်းတွင် ညှပ်မပစ်တော့ပဲ ပခုံးတွင် ထောက်ပစ်နိုင်သော သေနတ်မျိုးကို တီထွင်လာကြပြန်ပါသည်။ ထိုသေနတ်မျိုးကို ၁၅-ရာစုတွင် တီထွင်ခဲ့ပြီး အာကွီဗတ် (arquebus) သေနတ်ဟုခေါ်ပါသည်။ အဆိုပါသေနတ်ကို ၁၅၂၀ ပြည့်နှစ်များတွင် ဥရောပ၌ တွင်ကျယ်စွာ အသုံးပြုခဲ့သလို အာရှတိုက်၌လည်း ဂျပန်တို့က ၁၅၄၃ ခုနစ်တွင် ပေါ်တူဂီတို့ထံမှ ရရှိခဲ့ပြီး နောက်ပိုင်းတွင် တွင်ကျယ်စွာ အသုံးပြုလာသည်။ ၁၅၅၀ တွင် ပေါ်တူဂီတို့ဆီမှ ပုံတူကူးထားသော အာကွီဗတ် သေနတ်များကို ဂျပန်ပြည်တွင် ထုတ်လုပ်လာနိုင်သည်။ အဲ့နောက်မှာ သေနတ်ဟာ ဂျပန်ပြည်တွင်းစစ်ပွဲအတွင်း အရေးပါတဲ့ လက်နက်ဖြစ်လာခဲ့ပါတယ်။ အိုဒါ နိုဘုနာဂါ လက်တက်တွင် Musket မက်စကပ် သေနတ်ပုံစံ နည်းပညာအဖြစ် အဆင့်မြင့်တင်ခဲ့ပြီး ဟီဒဲယိုရှီ လက်ထက် ကိုးရီးယားကို ကျူးကျော်စစ် ဆင်နွှဲတဲ့အခါ တွင်ကျယ်စွာ အသုံးပြုခဲ့ပါတယ်။
ထို့နောက် အာကွီဗတ်သေနတ်ကို တဆင့်တက်လိုက်သောအခါ စနက်မောင်းသေနတ် ဖြစ်လာပါသည်။ ထိုသေနတ်မျိုးတွင် သေနတ်ပြောင်းနောက်နား၌ စနက်မောင်းတခု တပ်ဆင်ထားပါသည်။ မီးရှို့မည့်အစား ခလုတ်ကိုဆွဲလိုက်ပါက စနက်မောင်းသည် စနက်ပေါက်တွင် လာရောက်ရိုက်သဖြင့် မီးပွင့်ပြီး သေနတ်ကျည်ဆန် ထွက်သွားပါသည်။ သို့သော် ဤသေနတ်မျိုးမှာ မိုးရွာလျှင် မီးမကူးသောကြောင့် ကျည်မထွက် ဖြစ်တတ်ပြန်ပါသည်။
၁၅၄၀-ပြည့်လောက်တွင် စပိန်လူမျိုးတို့သည် စနက်မောင်းသေနတ်ထက် ကောင်းသော မက်စကပ် (Musket) သေနတ်ကို တီထွင်ခဲ့ပြန်ပါသည်။ မက်စကပ် သေနတ်တွင် ဒတ်ချ်တို့သည် ခဲကျည်လုံးကို အသုံးပြုထားပါသည်။ ပြောင်းဝလည်း ပိုရှည်ပါသည်။ ကျည်လုံးကို ယမ်းဆောင့်တံနှင့် ပြောင်းဝမှ ထိုးထည့်ပေးရပါသည်။ သို့မှသာ ယမ်းနှင့် ကျည်လုံးတို့ ထိနေမည်ဖြစ်ပါသည်။ ထိုအချိန်တွင် စနက်မောင်းဖြုတ်လိုက်ပါက ယမ်းပေါက်ကွဲပြီး ကျည်ထွက်သွားမည် ဖြစ်ပါသည်။
ဒတ်ချ်တို့သည် ၁၇-ရာစုတိုင်အောင် ဤမတ်စကတ်သေနတ်ကို အသုံးပြု၍ နယ်ချဲ့ခဲ့ကြပါသည်။ ၁၇-ရာစုမှ ၁၉-ရာစုတွင် Flintlock ခေါ် မီးခတ်သေနတ်တမျိုး ပေါ်လာပြန်ပါသည်။ ယင်းမီးခတ်သေနတ်သည် ပေါက်ကွဲအား ပိုမိုကောင်းမွန်သည့်အတွက် မက်စကပ်အစား အသုံးများလာပြန်ပါသည်။ အဆိုပါ သေနတ်ကို ပြင်သစ်တော်လှန်ရေးနှင့် နပိုလီယန် စစ်ပွဲများတွင် အသုံးပြုခဲ့ကြပါသည်။
ယနေ့ခေတ်သုံး ခဲထိပ်ဖူးတပ် ကျည်တောင့်များဖြင့် ထည့်ပစ်ရသော သေနတ်များရဲ့ အစလို့ ဆိုရမယ့် Revolver ခေါ် ခြောက်လုံးပြူ းသေနတ်ကို Elisha Haydon Collier က ၁၈၁၄ ခုနစ်တွင် တီထွင်ခဲ့သည်။ ခြောက်လုံးပြူး သို့မဟုတ် ဆုံလည်သေနတ်တို့၏ အစသမိုင်းဟု ဆိုရပေမည်။ သူ၏ သေနတ်သည် Flintlock ခေါ် မီးခတ်သေနတ်ကို အဆင့်မြင့်တင်ကာ တီထွင်ထားခြင်း ဖြစ်သည်။ သူရဲ့ Collier’s flintlock revolvers ဟာ သေနတ်ရဲ့ သမိုင်းကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်။ Collier’s Revolvers တွေဟာ ပထမဆုံးသော မီးခတ်ကျောက်မလိုပဲ ကိုယ်တိုင် ကျည်ဆန်၏ ယမ်းပေါက်ကွဲအားဖြင့် ပစ်ခတ်နိုင်သော သေနတ်များ ဖြစ်ကြသည်။ ပထမဦးစွာ ပစ်ခတ်လိုက်စဉ် ကျည်ဆန်ဖင်ကို Primer မောင်းရိုက်တုံးက အစပျိုးရိုက်လိုက်ကာ အတွင်း၌ ယမ်းအားပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပေါ်လာကာ ကျည်ထိပ်ဖူးမှာ လွင့်ထွက်လာသည်။
ထို့နောက် ယနေ့ခေတ် အသုံးပြုနေကြသော ပစ္စတိုခေါ် ပြောင်းတိုသေနတမျိုးကို စတင်တီထွင်ခဲ့သူမှာ ဆင်မြူရယ်ကော့ (Saumel Colt) အမည်ရှိ အမေရိကန်လူမျိုး သင်္ဘောသားတဦးပင် ဖြစ်ပါသည်။ ကော့တ်သည် ၁၈၃၀-တွင် အင်္ဂလန်သို့ သွားရောက်ခဲ့စဉ်က Collier၏ ဆုံလည်သေနတ်ကို ကြည့်ပြီး သယ်ဆောင်ရ လွယ်ကူသော သေနတ်တိုကို ထုတ်လုပ်ရန် အကြံရခဲ့သည်။ ကော့တ်သည် သူ့အတွေးကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ရာ ၁၈၃၆-တွင် မူပိုင်အဖြစ် မှတ်ပုံတင်နိုင်ပြီး ပစ္စတိုသေနတ်ကို တီထွင်ခဲ့ပြီး Collier ၏ ဆုံလည်သေနတ်ထက် ပိုမိုကောင်းမွန်ပြီး စိတ်ချရသော Colt Revolver ခေါ် ဆုံလည်ပစ္စတို ခြောက်လုံးပြူး သေနတ်ကို ထုတ်လုပ်ခဲ့သည်။ ကော့တ်ပြုလုပ်သော သေနတ်များကို ၁၈၃၇-မှစ၍ အမေရိကန်နိုင်ငံတွင် စတင်အသုံးပြုခဲ့ကြပါသည်။
Gatling Gun ဂက်တလင်းဂန်း သို့ မရှင်းဂန်းခေါ် စက်သေနတ်ကိုမူ ၁၈၆၂-ခုနှစ်တွင် အမေရိကန်နိုင်ငံသား တီထွင်သူ ရစ်ချတ်ဂတ်လင်း (Richard J.Gatling) က စတင်တီထွင်နိုင်ခဲ့ပါသည်။ ဂတ်လင်းတီထွင်သော စက်သေနတ်မှာ ပေါ့ပေါ့ပါးပါး မဟုတ်သော်လည်း တစ်မိနစ်အတွင်း ကျည်ဆန်အတောင့်ရေ ၂၅၀-မှ ၃၅၀-အထိ ပစ်ခတ်နိုင်ပါသည်။ ဂတ်လင်း၏ စက်သေနတ် အမျိုးအစားကို အမေရိကန်ပြည်တွင်းစစ်တွင် အသုံးပြုခဲ့သည်။
ထို့နောက်တွင် Rifle များကို စတင်သုံးစွဲလာပြီး ၁၉၀၅ ခုနစ်တွင် ဖြစ်ပွားခဲ့သော ရုရှား ဂျပန်စစ်ပွဲတွင် တွေ့လာရသည်။ Rifle များမှာ ပိုမိုအဝေးပေးပြီး ထိရောက်သော ပြောင်းရစ်သေနတ်ပုံစံဖြင့် ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာစစ်ကြီး ၂ ခုလုံးတွင် ထင်ရှားခဲ့သည်။ နောက်ထပ် ကမ္ဘာစစ်ကြီးအတွင်းမှာ ပေါ်ထွက်လာခဲ့တဲ့ သေနတ်ကတော့ ကာဘိုင်သေနတ်တွေပါ။ ကာဘိုင်ဆိုတာလည်း ရိုင်ဖယ် အမျိုးအစားပါပဲ ။ ယေဘူယျအားဖြင့်တော့ သေနတ်၏ ပြောင်းအလျားပေါ် မူတည်ပြီး ခွဲတာဖြစ်ပါတယ်။ ပြောင်းအလျား ၂၀ လက်မထက်တိုရင် ကာဘိုင်လို့ခေါ်ပြီးတော့၊ ၂၀ လက်မထက်ရှည်ရင်တော့ ရိုင်ဖယ်လို့ပဲ ခေါ်ကြတာဖြစ်ပါတယ် ။
Technically အားဖြင့် တူတဲ့အတွက် အလုပ်လုပ်ပုံကလည်း တူပါတယ် ။ အားလုံးက semiautomatic action သုံး သေနတ်တွေဖြစ်ပါတယ်။ တစ်တောင့်ချင်းဖြစ်စေ ၊ အတွဲလိုက်ဖြစ်စေ ပစ်လို့ရပါတယ် ။ အလိုအလျောက် မောင်းပြန်စနစ်ကို အသုံးပြုပါတယ်။
နောက်ထပ် အသုံးချမှုမှာ ကွာတာကတော့ ကာဘိုင်က ပေါ့ပါးပါတယ်။ သယ်ဆောင်ရ လွယ်ကူတယ်။ ဒုတိယကမ္ဘာစစ်တွေတုန်းက ကာဘိုင်တွေကို ပေါ့ပေါ့ပါးပါးလှုပ်ရှားရတဲ့ တပ်ဖွဲ့ငယ်လေးတွေမှာ အဓိကသုံးပါတယ်။ နောက် long rang penetration လို့ခေါ်တဲ့ ခရီးရှည်ချီတက်တိုက်ခိုက်ရတဲ့ နေရာတွေမှာ ကာဘိုင်တွေသုံးကြပါတယ်။ Rifle တွေကတော့ ပြောင်းအလျားပိုရှည်တယ် ။ ပြောင်းရစ် အရေအတွက်လည်း ပိုများပါတယ်။ အားနည်းချက်ကတော့ လေးလံတယ်။ အသုံးပြုတဲ့ ကျည်ကလည်း ပိုကြီးပါတယ်။ အဲဒီအတွက် အဓိက တိုက်ပွဲဝင်ရတဲ့ တပ်ဖွဲ့ ကြီးတွေမှာ သုံးကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းတွင် စက်ကလေးခေါ် Submachine Gun များကို စတင် အသုံးပြုလာကြသည်။ LMG ခေါ် Light Machine Gun များကိုလည်း အသုံးပြုလာကြပြီး MG-42 ကဲ့သို့သော အခြားစက်လက်များကိုလည်း စတင်သုံးစွဲလာသည်။
ကမ္ဘာ့ပထမဆုံး Assault rifle များကို ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တို့က စတင်အသုံးပြုခဲ့သည်။ StG 44 assault rifle သည် အနောက်ဘက်စစ်မျက်နှာတွင် အသုံးပြုခဲ့သော လက်နက်အမျိုးအစားများ ဖြစ်ကြသည်။ သူ၏ သဘောမှာ Rifle သည် ပစ်အားပြင်းသော်လည်း ပစ်အားမှာ SubMachine Gun လောက် မကောင်းပေ။ သို့သော် Submachine Gun များမှာလည်း ပစ်အားကောင်းမွန်သော်လည်း ဝေးဝေးမပြေးပေ။
ထို့ကြောင့် Rifle နှင့် Submachine ကို ပေါင်းစပ်ကာ တီထွင်ထားခြင်း ဖြစ်သည်။ Assault rifle များသည် ယနေ့ခေတ် တပ်မတော်တိုင်း၏ အခြေခံလက်နက်ငယ် ဖြစ်လာခဲ့သည်။ ထိုလက်နက်အမျိုးအစားများ အပြင် နောက်ထပ် အမျိုးစားများစွာ ရှိနေသေးသော်လည်း ကျွန်တော်သည် လေ့လာသူတစ်ယောက် ဖြစ်သဖြင့် လက်လှမ်းမမှီသေးပါ။
Bullpup
ကျည်အိမ်ကို သေနတ်ရဲ့ ဒင်ပိုင်းမှာ တပ်ရပြီး၊ အပစ်လက်ကိုင်က ကျည်အိမ်ရှေ့ဘက်မှာရှိတဲ့ သေနတ်မျိုးကို ဖေါ်ပြတဲ့အခါ bullpup design, bullpup construction, bullpup configuration စသည်ဖြင့် bullpup ဆိုတဲ့ စကားလုံးကို သုံးထားတာ တွေ့ရပါတယ်။ ဒီလို သေနတ်မျိုးတွေမှာ ကျည်အိမ်ကိုသေနတ်ရဲ့ ဒင်ပိုင်းမှာတပ်ရတဲ့ အတွက် ကျဉ်ဆန်တွေဟာ သေနတ်ရဲ့ ဒင်ထဲမှာ ရှိနေပါတယ်။ အဲဒါကို bullet in butt (bullet=ကျဉ်ဆန်၊ butt=သေနတ်ဒင်) လို့ ခေါ်နေတာကနေ bullbutt ဆီကို ရွေ့လျောသွားခဲ့ပါသတဲ့။ အဲဒီကမှ တဆင့် bullpup ဖြစ်သွားပါတယ်လို့ သိရသည်။
Break Action
Break-action ဆိုတာကတော့ ရှေးတုန်းက နှစ်လုံးပြူ းသေနတ်ဟု လူသိများသော သေနတ် အမျိုးစားတွေမှာ သုံးကြပါတယ်။ သေနတ်၏ ခါးကို ချိုးပြီးတယ် ၊ ကျည်ဆံထည့်ရပါတယ်။ ပြန်တည့်လိုက်တဲ့ အချိန်မှာ မောင်းတင်ပီးသား ဖြစ်သွားပါတယ်။ အဆိုပါ ကျည်ထိုး မောင်းတင်တဲ့ စနစ်ကို Break Action လို့ ခေါ်ကြပါတယ်။
Pump-action
Pump-action ဆိုတာက သေနတ်ရဲ့ ပြောင်းကာ လက်ကိုင်ဖု ကို ဆုပ်ကိုင်ပြီး ရှေ့တိုး နောက်ဆုတ် လုပ်ပေးခြင်းဖြင့် မောင်းတင်တဲ့ စနစ်ကိုခေါ်တာပါ။ မြန်မာအခေါ်ကတော့ ဂျောက်ဂျက်သေနတ်ပေါ့။ မောင်းတင်ဖို့ဆိုရင် ပြောင်းကာ လက်ကိုင်ကို ဆွဲယူရပါတယ် ။ ထို့နောက် ပစ်ခတ်ပြီးသား ကျည်ခွံထုတ်ရန်နှင့် နောက်ထပ် တစ်ကြိမ် မောင်းပြန်တင်ဖို့ဆိုရင် ရှေ့ကို ပြန်တိုးရပါတယ်။ ဤနည်းဖြင့် ကျည်ထိုး ကျည်ထုတ်လုပ်တဲ့ စနစ်ကို Pump-action လို့ ခေါ်ကြပါတယ် ။ တစ်တောင့်ထိုး စနစ် bolt-action ထက်ပို မြန်သလို ၊ lever-action ထက်ပိုမြန်တာတွေရှိတယ် ။ အများအားဖြင့် shotgun တွေမှာ သုံးကြတယ် ။
Lever-action
Lever-action ဆိုတာကတော့ မောင်ခလုတ်ကွင်း နဲ့ တွဲလျှက် လီဗာကွင်း ပါတဲ့ သေနတ်မျိုးပါ။ ကျည်ဘောက်စ်ထဲမှာ ကျည်ထည့်ပီး တပ်ထားပါတယ် ။ လီဗာကွင်းကို သေနတ်ဒင်ဆီ ဆွဲယူလိုက်တဲ့ခါ မောင်းတင်ပြီးသား ဖြစ်သွားပါတယ်။ မောင်းခလုတ်ကို ဆွဲညှစ်ပစ်ပီးတဲ့အခါ လီဗာကွင်းကို ရှေ့ပြန်ပို့ပြီး ကျည်ခွံ ထုတ်ရတယ် ။ နောက်တစ်ခါ ကျည်ပြန်ထိုးချင်ရင်တော့ လီဗာကွင်းကို ပြန်ဆွဲတင်ပေးရတယ် ။ အဆိုပါ မောင်းတင်တဲ့ စနစ်မျိုးကိုတော့ Lever action လို့ ခေါ်တယ် ။
Bolt action
Bolt action ဆိုတာကတော့ တစ်တောင့်ထိုး စနစ်ပါ။ မောင်းတုံးလက်ကိုင်ကို အပေါ် မတင်ပြီးနောက်ကိုဆုတ်တယ် ။ ကျည်အိမ်ထဲ ကျည်ဆံက အပေါ် တက်လာပြီး ပြောင်းဝ ရောက်တဲ့အခါမောင်းတုံးလက်ကိုင်ကို ရှေ့ပြန်တွန်းပြီး ကျည်ဆံကိုပြောင်းဝထိုးထည့် လိုက်တယ်။ ပြီးတော့ မောင်းတုံးလက်ကိုင်လေးကို အောက်ကိုပစ် ဖိချလိုက်ရပါတယ် ။ အဲဒါဆိုရင် ပစ်ခတ်ဖို့ အဆင်သင့်ဖြစ်သွားပါတယ်။ ပစ်ခတ်ပီးတဲ့ခါ မောင်းတုံးလက်ကိုင်ကို အပေါ် ပြန်ဆွဲမတယ် ။ နောက်ပြန်ဆုတ်ပါက ကျည်ခွံ ထွက်သွားပါတယ်။ နောက်တစ်ခါ ရှေ့ပြန်တွန်းရင် ကျည်ထိုးပီးသား ဖြစ်သွားတယ်။ စနိုက်ပါ သေနတ်တွေမှာ အများဆုံးတွေ့ရတယ်။
နိဂုံး
သေနတ်များကို မျိုးဆက်များ ခွဲခြားကြည့်အခါ ဤသို့ တွေ့ရပေမည်။ ပထမမျိုးဆက်တွင် မီးရှို့ကာ ယမ်း၏ ပေါက်ကွဲအားဖြင့် ပစ်ခတ်ရသော သေနတ်များ ဒုတိယမျိုးဆက်တွင် မီးခက်ကျောက်ဖြင့် ပစ်ခတ်ရသော သေနတ်များကို တွေ့ရပြီး ၁၈၀၀ ပြည့်နှစ် နပိုလီယံ စစ်ပွဲများတွင် ပိုမိုအဝေးပေးစေရန် ပစ်အားပြင်းစေရန်အတွက် ရှေးယခင်က အသုံးပြုခဲ့သော ပြောင်းချောများအစား အရစ်ပါသော ပြောင်းရစ်များကို အသုံးပြုလာကြသည်။ တတိယမျိုးဆက်တွင် လေခွင်းအားကောင်းစေရန်နှင့် ပိုမိုအဝေးသို့ ထိရောက်စေရန် ကျည်ဆံကို စတင်အသုံးပြုလာပြီး သေနတ်များမှာလည်း ပြောင်းရစ်များ ဖြစ်လာကြသည်။ ယနေ့ခေတ်တွင်မူ ပိုမိုအဆင့်မြင့်သော လက်နက်ငယ်များ ပေါ်ထွက်လာနေပြီ ဖြစ်သည်။
SwamHtet(မှတ်စုကြမ်း)
Discussion about this post