ယနေ့ခေတ် နည်းပညာတိုးတက်သောခေတ်ဖြစ်သဖြင့် ကားတဝီဝီရှိနေသော်လည်း တစ်ချိန်က မြန်မာဝန်ကြီးတစ်ဦးသည် လှေစီး၍ နေ့စဉ် ရုံးတက်ခဲ့ရဖူးသည်။ ထိုအချိန်က ကားများပေါ်နေပြီဖြစ်သဖြင့် အစပိုင်းကားနှင့် ရုံးတက်သော်လည်း နောက်ပိုင်းတွင် ကားမစီးတော့ ၊ နေ့စဉ်လှေဖြင့်သာ ရုံးတက်တော့သည်။ ထိုနိုင်ငံခြားရေးဝန်ကြီးမှာ အခြားသူမဟုတ် နောင်နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနု(သခင်နု) ပင်ဖြစ်သည်။
၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့က မြန်မာတို့အား ရွှေရည်စိမ်လွတ်လပ်ရေးပေးသည်။ ထိုခေတ်က အဓိပတိ ဒေါက်တာဘမော် အစိုးရအဖွဲ့တွင် သခင်နုသည် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းရွက်ရသည်။ ဂျပန်ခေတ်နိုင်ငံခြားရေးရုံးသည် အမှတ် ၈၈ ပြည်လမ်း ၊ အင်လျားကန်ဘေး တွင် တည်ရှိခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သခင်နု နှင့် အတူ အင်္ဂလိပ်စာ ပါမောက္ခဦးမျိုးမင်း ၊ ဦးထင်ဖတ်(မောင်ထင်) ၊ ဆရာဦးခင်မောင်လတ် စသူတို့က အထက်တန်းအရာရှိကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဖိတ်စာများတွင် တသွေးတသံတမိန့် ဟု မြန်မာစာတမ်းကို ရိုက်နှိပ်ထားသဖြင့် အများအမြင်တွင် တန်ခိုးထွားသည့် ဝန်ကြီးဌာနဟု ထင်ရသည်။ သို့သော် တကယ်တမ်းတွင် အာဏာအနည်းငယ်မျှပင် မရှိကြောင်းကို သခင်နုက “ငါးနှစ်ရာသီမြန်မာပြည်” စာအုပ်တွင် ရေးခဲ့ဖူးသည်။
နိုင်ငံခြားရေး ဝန်ကြီးသည် ရုံးတက်ရန် ကားစီးသွားသည်။ ယာဉ်မောင်းတပည့်က ဆရာ့ဂုဏ်ကို မြှင့်ပေးချင်သဖြင့် ဝန်ကြီးကားမှန်း ဂျပန်တို့ သိရန် အလံတလူလူလွှင့်ထားသည်။ ပြည်လမ်းအင်းလျားကန်ဘေးရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးသို့သွားရာတွင် ကမာရွတ် ရဲစခန်းအနီးမှ ဖြတ်မောင်းသွားရသည်။ ဖြတ်သည့်အခါ ဂျပန်စစ်ရဲများ၏ တားခြင်းကိုခံရသည်။
ကားပေါ်မှ ဂျပန်စကားအနည်းငယ်တတ်သူက နိုင်ငံခြားရေးဝန်ကြီး သခင်နု ၏ ကားဖြစ်ကြောင်း ရှင်းပြသည်။ သို့သော်ဂျပန်စစ်ရဲများက ဂရုမစိုက် ၊ ဆက်မောင်းခွင့်မပေး ။ အချိန်အတော်ကြာပြီးမှ မောင်းနှင်ခွင့်ပြုလိုက်သည်။ ဝန်ကြီးဖြစ်သော်လည်း ဂျပန်သာမန်ရဲဘော် လောက်ပင် အာဏာမရှိကြောင်း ထင်ရှားနေတော့သည်။
ဤဖြစ်ရပ်ဖြစ်ပွားခဲ့သော်လည်း ဝန်ကြီးသည် အချိန်မှန် နေ့စဉ်ရုံးတက်မြဲပင်။ သို့သော်အရင်လို အလံတလူလူလွှင့်ကာ ကားမစီးတော့။ နိုင်ငံခြားရေးဝန်ကြီး ဦးနုသည် ရုံးတက်ရန်ဖြစ်စေ ၊ ရုံးဆင်းရန်ဖြစ်စေ လှေကိုသာစီးတော့သည်။ သိမှီလိုက်သူများက သခင်နုသည် ဂျပန်ခေတ်တလျှောက်လုံး အင်းလျားကန်ကို ဖြတ်၍ လှေတစ်စင်းဖြင့်သာ ရုံး အသွားအပြန် လုပ်တော့သည် ဟု ဆိုကြသည်။
ကိုးကား
ငါးနှစ်ရာသီ မြန်မာပြည် – သခင်နု
အမှတ်မှားဆဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ – မောင်ကြည်သန့်
Discussion about this post