ရေးသားသူ – နေဇင်လတ်
အာဏာရ ဖဆပလ အစိုးရဟာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအတွက် စီမံကိန်းချမှတ်ဆောင်ရွက်ခဲ့တယ်။ဒီစီမံကိန်းတွေထဲက လောပိတရေအားလျှပ်စစ်စီမံကိန်းဟာ နိုင်ငံ့အတွက်အ သက်သွေးကြောသဖွယ်အရေးပါခဲ့တယ်။မြို့ပြလူဦးရေ တိုးပွားလာတဲ့ စစ်ပြီးခေတ်အတိုင်းအတာအရ လျှပ်စစ်ဓာတ်အားလိုအပ်လာရတယ်။ သမာရိုးကျ ဓာတ်အားပေးစက်ရုံတွေနဲ့ မလုံလောက်တဲ့အတွက် ဂျပန်အစိုးရရဲ့အကူညီနဲ့အဲ့ဒီတုန်းက စက်မှု့လက်မှု့ဝန်ကြီးဌာနဟာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီ းတည်ဆောက်ဖို့ စိုင်းပြင်ရပါတော့တယ်။
ဘီလူးချောင်းလို့ခေါ်တဲ့ မြစ်ငယ်ဟာ ရှမ်းပြည်နယ်အင်းလေးကန်မှာမြစ်ဖျားခံတယ်။ အင်းလေးကန်ဟာ တောင်စွယ်ကြားမှာရှိတဲ့အတွက် ကန်ရဲ့ရေပြင်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၂၉၀၆ပေမြင့်တယ်။ဘီလူးချောင်းဟာ အင်းလေးမှာမြစ်ဖျားခံပြီးခပ်ပြေပြေလေးစီးဆင်းသွားကာ ကယားပြည်နယ်ကိုဖြတ်သန်းဝင်ရောက်လာတယ်။ မိုင်၆၀နီးပါးစီးဆင်းလာပြီးမြို့တော်လွို င်ကော်ကိုရောက်တယ်။လွို င်ကော်ကို ရောက်တဲ့အထိရေစီးအားပြင်းထန်မှု့မရှိသေးဘူး။
လွို င်ကော်ကိုရောက်လာသော်လည်း ဘီလူးချောင်းရေမျက်နှာပြင်ဟာ အင်းလေးရေမျက်နှာပြင်ထက် ပေ၁၅၀သာနိမ့်သေးတယ်။လွိုင်ကော်ကိုကျော်ပြီး ၇မိုင်နီးပါးဆက်လက်စီးဆင်းသွားတဲ့အခါ မြေနိမ့်လာတဲ့အတွက် ရေစီးသန်လာပြီး ရံဖန်ရံခါ ရေတံခွန်ကြီးငယ်တွေပေါ်ပေါက်လာတယ်။လွို င်ကော်ကစီးလာတဲ့ ဘီလူးချောင်းဟာ နမ်းပွန်မြစ်ငယ်ထဲကို စီးဝင်တယ်။နမ်းပွန်မြစ်ဟာ သံလွင်မြစ်ထဲကို မြစ်လက်တက်တစ်ခုအဖြစ် စီးဝင်သွားတယ်။
ဆိုတော့ ဘီလူးချောင်းဟာလွိုင်ကော်ကနေ နမ်းပွန်မြစ်ထဲကို စီးဆင်းတဲ့လမ်းတစ်လျှောက် ပေပေါင်း၂သောင်းကျော်စီးဆင်းလာရတဲ့အတွက် ရေစီးပြင်းလာပြီးရေတံခွန်ဖြစ်လာတယ်။ လွို င်ကော်ကထွက်ပြီးမြေနိမ့်တွေနဲ့ရေတံခွန်တွေကို ပထမဆုံးတွေ့ရတဲ့အရပ်ဟာ လွိုင်ကော်ကနေ ၇မိုင်ဝေးတဲ့ မထောကူဖြစ်တယ်။အဲ့ဒီနေရာမှာမြေနိမ့်ရေနိမ့် ၅မိုင်ခွဲအတွင်းပေ၂၅၀နီးပါးနိမ့်ကျသွားတဲ့အတွက် မထောကူ ရေတံခွန်ဖြစ်လာတယ်။ဒီနေရာဟာ ပထမမြေနိမ့်ပိုင်းဖြစ်တယ်။
ဒုတိယမြေနိမ့်ပိုင်းဟာ ၄မိုင်အတွင်းပေပေါင်း၁၄၅၀အထိ နိမ့်ကျသွားတဲ့လောပိတအရပ်ဖြစ်တယ်။အဲ့ဒီအရပ်ကရေတံခွန်ကိုလောပိတရေတံခွန်လို့ခေါ်တယ်။အဲ့ဒီနောက်ဆက်လက်စီးဆင်းပြန်ရာ ၃မိုင်ခန့်အတွင်းပေပေါင်း၄၀ခန့်ထပ်မံနိမ့်ကျသွားတဲ့အတွက် အမည်မသိရေတံခွန်တစ်ခုဖြစ်လာပြန်တယ်။အဲ့ဒီနောက်ဘီလူးချောင်းဟာ ဆက်လက်စီးဆင်းသွားပြီးနမ်းပွန်မြစ်ထဲကို ဆက်လက်စီးဝင်တယ်။အဲ့ဒီလိုရေတံခွန်တွေဖြစ်တည်လာခြင်း၊နိမ့်ဆင်းသွားတဲ့ရေစီးလမ်းကြောင်းတွေရှိနေခြင်းစတာတွေဟာ ရေအားကိုခိုင်းစေဖို့ သဘာဝက စီမံဖန်းတီးပေးထားသလိုဖြစ်နေခဲ့တယ်။
လွိုင်ကော်က လောပိတကို ၁၂မိုင်ဝေးပြီး လှည်းလမ်းတွေသာရှိတဲ့အတွက် ကားလမ်းကိုခက်ခက်ခဲခဲဖောက်လုပ်ကြရတယ်။ရေအားလျှပ်စစ်လုပ်ငန်းတွေကိုရေတံခွန်တွေရှိရာအရပ်မှာသာ လုပ်ကိုင်ကြရတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာသာမက မည်သည့်နိုင်ငံ၌ မဆို အထက်ပါအတိုင်း ခဲခဲယဉ်းယဉ်း လုပ်ကိုင်တည်ဆောက်ကြရတာပါပဲ။လောပိတရေတံခွန်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့် ၂၆၂၅ပေရှိတဲ့အတွက် စက်ရုံကို ချိုင့်ဝှမ်းမှာတည်ရမှာဖြစ်ပြီးပေ၁၅၀၀ခန့်နိမ့်ဆင်းရတယ်။ အဲ့ဒီပေ၁၅၀၀နိမ့်ဆင်းဖို့အတွက် တောင်တွေကို ထွင်းပြီးလမ်းဖောက်ကြရတယ်။လောပိတရေတံခွန်ကနေ စက်ရုံကို ၆မိုင်၊လောပိတအထိ ၁၂မိုင်ရှိပြန်တဲ့အတွက် စုစုပေါင်း၁၈မိုင်ရှည်တဲ့လမ်းကိုဖောက်ကြရတာဖြစ်တယ်။
လောပိတမှာရေအားလျှပ်စစ်ထုတ်လုပ်ပုံဟာ ဘီလူးချောင်းဟာ လောပိတရေတံခွန်ကိုဖြတ်စီးနေတာကို ကြားဖြတ်လမ်းကြောင်းလွှဲကာ ရေအားကိုခိုင်းစေပြီးမှပြန်လည်စီးဆင်းစေတဲ့အခြေခံဖြစ်တယ်။ဒါကြောင့်ရေတံခွန်ရဲ့အထက်ဘက် ၃မိုင်ခန့်နေရာမှာ ရေတံခါးတစ်ခု ကန့်လန်ဖြတ်တည်ဆောက်ကာ ကာဆီးပြီးချောင်းရေကို အဲ့ဒီနေရာက အောက်ဘက်၁၂မိုင်အကွာမှာရှိတဲ့ရေလှောင်ကန်ထဲကို ကွန်ကရစ်ရေသွယ်မြောင်းတွေနဲ့သွယ်ယူတယ်။ရေလှောင်ကန်အကျယ်အဝန်းဟာ အလျားပေ၉၈၀၊အနံပေ ၃၆၀ခန့်၊အနက် ၁၂ပေရှိပြီး နေ့စဉ် ရေဂါလံ၁၉သန်းခန့်ကိုသိုလှောင်ထားပြီးလျှင် ဓာတ်အားအများဆုံးအသုံးပြု တဲ့အချိန်မှာ ရဟတ်တွေကိုလည်စေနိုင်ရန် လိုအပ်တဲ့ရေတွေကိုပေးသွင်းနိုင်ဖို့အတွက်ပဲဖြစ်တယ်။
အဲ့ဒီရေကန်ကတစ်ဆင့် ရေတွေကို၁၄ပေရှိတဲ့ကွန်ကရစ်ပိုက်နဲ့တနည်း၊အချင်း၉ပေရှိတဲ့သံမဏိပိုက်တွေနဲ့တစ်ဖုံ အဆင့်ဆင့်တောင်ထိပ်ကိုအရောက်သယ်ယူပြီး အဲ့ဒီကတဖန် ပေ၁၄၀၀ခန့်နိမ့်ကျသွားတဲ့တောင်အောက်ကို၃လက်မထူတဲ့သံမဏိရေပြွန်တွေနဲ့သွယ်ယူပြန်ကာ ဓာတ်အားပေးစက်ရုံကြီးအတွင်းမှာရှိတဲ့မြင်းကောင်ရေ၄သောင်းအားရှိတဲ့ စက်ကြီး၃လုံးကိုလည်စေဖို့ဖြစ်ပါတယ်။
သံမဏိရေသွင်းလမ်းဟာ တောင်အောက်ကိုထိုးစိုက်ပြီးစီးဆင်းသွားတဲ့အတွက် ရေရဟတ်ခွက်ကြီးတွေထဲကို ရေတိုးဝင်လာတာနဲ့တပြိုင်နက် ခွက်ဘီးကြီးတွေဟာလည်လာတယ်။ဒီအခါ ဂျင်နရေတာ တွေကပါလည်လာပြီး အလိုရှိတဲ့လျှပ်စစ်ဓာတ်အားကိုဖြစ်ပေါ်ရရှိလာပါတော့တယ်။ဓာတ်အားပေးစက်ရုံကြီးဟာအလျားပေ၃၈၀၊အနံပေ၁၀၀ရှိပြီးလေးထောင့်လျားလျားပုံသဏ္ဍန်ဖြစ်တယ်။ စက်ရုံကြီးအတွင်းမှာ ကီလိုဝပ် ၂၈၀၀၀ ဓာတ်အားထုတ်နိုင်တဲ့စက်ကြီး၃လုံးတပ်ဆင်ထားတယ်။
ဒါကြောင့်စုစုပေါင်းကီလိုဝပ် ၈၄၀၀၀ထုတ်နိုင်တယ်။စက်ရုံကထုတ်လုပ်တဲ့ဓာတ်အားတွေကို ဓာတ်အားဖြန့်ဖြူ းပေးပို့ရေးတိုင်တွေကတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးကိုဖြန့်ဖြူ းပေးရတယ်။စက်ရုံအတွင်းက ဓာတ်အားတွေကို ထရန်စဖော်မာလို့ခေါ်တဲ့ ဓာတ်အားပြောင်းကိရိယာတွေနဲ့ တိုင်တွေပေါ်ကို ဓာတ်အားပြောင်းပေးတယ်။အဲ့ဒီတိုင်ကြီးတွေပေါ်က ဓာတ်အားကိုဖြန့်ဖြူ းနိုင်ဖို့ တိုင်တွေကိုစိုက်ထူကာ ဓာတ်ကြိုးလိုင်းတွေကိုသွယ်တန်းကြတယ်။
လောပိတက ရန်ကုန်ကို ဓာတ်အားပို့ဖို့အတွက် ဓာတ်တိုင်ပေါင်း၁၁၅၅တိုင်စိုက်ထူရပြီးမိုင်၂၅၀ကျော်ရှည်တဲ့ရန်ကုန်မြို့ကို ဓာတ်အားပို့ဖို့ ဓာတ်ခွဲရုံကြီးတစ်ခုကိုတောင်ငူမှာထားရှိပေးရမှာဖြစ်ပေမဲ့လည်း ဆောက်လုပ်မှု့မပြီးစ်ီးသေးတဲ့အတွက် လှော်ကားမှာ စက်ရုံခွဲတစ်ခု ထားရှိခဲ့ရတယ်။လှော်ကားစက်ရုံခွဲဟာ လောပိတကရရှိတဲ့ ဓာတ်အားတွေကိုရယူပြီး ရန်ကုန်မြို့ တွင်းကို မရမ်းကုန်းတစ်လိုင်း၊ရွာမတစ်လိုင်းစနစ်နဲ့ပေးပို့တယ်။ဒါ့အပြင် လှော်ကားစက်ရုံခွဲက ပဲခူးကိုပါပို့ပြီး ပဲခူးကတစ်ဆင့်ပြည်ဘက်ကိုပါ ဓာတ်အားပေးပို့တယ်။
စမ်းသပ်စစ်ဆေးချက်တွေအောင်မြင်သွားတဲ့အတွက်ကြောင့် ၁၉၆၀ပြည့်နှစ် ဧပြီလမှာ လောပိတကဓာတ်အားကို ရန်ကုန်ကို တရားဝင်ပို့လွှတ်တဲ့အခမ်းအနား စည်းကားသိုက်မြိုက်စွာကျင်းပခဲ့တယ်။အဲ့လိုနဲ့ရန်ကုန်တစ်ဝိုက်၊ပဲခူးတစ်ဝိုက်၊ပြည်တစ်ဝိုက် လျှပ်စစ်ဓာတ်အားတွေကိုပို့လွတ်ပေးခဲ့ပါတော့တယ်။လောပိတရေအားလျှပ်စစ်လို့လူသိများတဲ့ ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းဟာ ရန်ကုန်မြို့ကိုဓာတ်အားလွှတ်ပြီးကာမျှနဲ့လုံဝဥသုံ ဆုံးခန်းတိုင်မှု မရောက်သေးပါ။
မြန်မာတစ်နိုင်ငံလုံးကို ဓာတ်အားဖြန့်ဖြူ းရေးလုပ်ငန်းတွေကျန်နေသေးတဲ့အတွက် တောင်ငူစက်ရုံခွဲကတစ်ဆင့်ပို့လွှတ်ရမှာဖြစ်တဲ့အတွက် တောင်ငူစက်ရုံခွဲကို အမြန်တည်ဆောက်တယ်။လောပိတက ရန်ကုန်ကိုဓာတ်အားပို့တဲ့ ဓာတ်အားလိုင်းတွေကိုတောင်ပိုင်းလမ်း ဓာတ်အားလိုင်းလို့ခေါ်တယ်။ရန်ကုန်လမ်းဟာ ဝင်ငွေအလွန်ကောင်းတဲ့အတွက် အရင်ဦးဆုံး စပြီး သွယ်တန်းစေခဲ့တာပဲဖြစ်တယ်။
မြောက်ပိုင်းလမ်းကို ဓာတ်အားပို့တဲ့အခါ လောပိတကထုတ်တဲ့ ဓာတ်အားကို စက်ရုံ၅ရုံကိုပို့လိုက်တယ်။ အဲ့ဒီစက်ရုံ၅ရုံက ကလော၊ မိတ္ထီလာ၊တောင်ကြီး၊ မန္တလေး၊ရပ်စောက် တို့မှာဆောက်လုပ်ထားတယ်။
ဘီလူးချောင်းရေအင်အားဟာ တစ်နှစ်ပတ်လုံးမတူညီပါ။ရေအားဟာ မိုးရာသီမှာ အလွန်ကြီးမားပြီးနွေရာသီမှာ အသုံးမပြု နိုင်လောက်အောင်နည်းနေရင်လုပ်ငန်းထိခိုက်မယ်။ ဒါကြောင့် ရေအားနည်းတဲ့အခက်ခဲကလွတ်ကင်းဖို့ ရေအားများတဲ့ အချိန်တွေမှာ ရေသိုလှောင်ထားဖို့ရေကန်ကြီးတွေကို လွိုင်ကော်နဲ့၂၅မိုင်ခန့်ဝေးတဲ့ မိုးဗြဲဒေသမှာ တည်ဆောက်တယ်။ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းဟာ ကယားပြည်နယ်အတွက်ဂုဏ်ယူစရာဖြစ်စေခဲ့သလို ပါလီမာန်ဒီမိုကရေစီ အစိုးရအတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ခဲ့ရတယ်။
မြန်မာနိုင်ငံရဲ့စီမံကိန်းပေါင်းများစွာထဲက အရေးအကြီးဆုံး၊ အရာအထင်ဆုံး လုပ်ငန်းကြီးဖြစ်ခဲ့တယ်။ဒီလုပ်ငန်းကိုနောက်ပိုင်းမှာ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့(ESB)က တာဝန်ယူအုပ်ချုပ်ခဲ့တယ်။ ရန်ကုန်မြို့အထိ ဓာတ်အားပို့လွှတ်နိုင်ဖို့ ၁၉၅၄ကနေ ၁၉၆၁ခုနှစ်အထိ ၇နှစ်ကြာခဲ့ပြီး ခန့်မှန်းခြေငွေကျပ်၂၆ကုဋေ ကုန်ကျခံ တည်ဆောက်လုပ်ကိုင်ခဲ့ပြီး အမှု့ထမ်းပေါင်း ၇ထောင်ကျော် အသုံးပြု ခဲ့ရပါတယ်။
နေဇင်လတ်
Discussion about this post