မူရင်း ရေးသားသူ – Naing Naing Soe
ငယ်စဉ်ကာလ ကလေးဘဝ
၁၉၆၁ ခုနှစ် ဇူလိုင်လ တစ်ရက်နေ့တွင် ဂျွန်နီစပင်ဆာအဲလ်သေ့ာပ်နှင့် ဖရန်ဆစ်တို့ ဇနီးမောင်နှံမှ ဒိုင်ယာနာကို မွေးဖွားခဲ့သည်။ ဒိုင်ယာနာ၏ ဖခင် ဂျွန်နီစပင်ဆာမှာ လွန်စွာ ရှေးကျ၍ အထင်ကရ အင်္ဂလိပ်မျိုးရိုး တစ်ခုဖြစ်သော စပင်ဆာမိသားစုဝင် ဖြစ်သည်။ ဒိုင်ယာနာ မမွေးဖွားခင် ၁၉၅၅ ခုနှစ်တွင် ဆာရာ အမည်ရှိ သမီးဦးကို ဖွားမြင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ဒုတိယ သမီး ဂျိန်း၊ ၁၉၆၀ ပြည့်နှစ်တွင်မှု သားတစ်ယောက် ရခဲ့သော်လည်း မွေးဖွားပြီး ၁၀နာရီ အကြာမှာပင် ကွယ်လွန်သွားခဲ့သည်။ ၎င်းနောက် ဒိုင်ယာနာကို မွေးဖွားခဲ့ပြီး ၁၉၆၄ မေလ တွင်မူ အငယ်ဆုံးသား ချားလ်စ်စပင်ဆာကို မွေးဖွားခဲ့ပြန်သည်။
ဒိုင်ယာနာ ၆ နှစ်သမီး အရွယ်တွင် ဒိုင်ယာနာ၏ မိဘနှစ်ပါးသည် အိမ်ထောင်ရေး ပြဿနာ တစ်ခုကြောင့် ၁၉၆၉ ခုနှစ် ဧပြီလတွင် ကွာရှင်းလိုက်ကြသည်။ (အကျယ်တဝင့် ရှင်းမပြတော့ပါ။) ထိုအချိန်တွင် ဒိုင်ယာနာမှာ ၆နှစ်အရွယ်သာ ရှိသေးပြီး အမဖြစ်သူများမှာမူ ကျောင်းအိပ်ကျောင်းစား နေကြရပြီ ဖြစ်သည်။ ထို့ကြောင့် ဒိုင်ယာနာနှင့် မောင်ဖြစ်သူ ချားလ်စ်တို့အတွက် ဝမ်းနည်းဖွယ်ကာလများနှင့် ကြုံဆုံခဲ့ရသလို ဒိုင်ယာနာမှာလည်း မိခင်ဖြစ်သူအား အလွန်ပင် လွမ်းဆွတ်ခဲ့ရရှာလေသည်။
၁၉၇၃ ခုနှစ် စက်တင်ဘာလ ဒိုင်ယာနာ ၁၂ နှစ်သမီး အရွယ်တွင် ဆဲဗင်းအုက်စ်မြို့ ဝက်စ်ဟဲလ်သ် အမည်ရှိ ကျောင်းကြီးတွင် ကျောင်းအိပ်ကျောင်းစားနေရန် ဖခင်ဖြစ်သူက ပို့ထားလိုက်သည်။ ကျောင်းသူလေး ဒိုင်ယာနာသည် ကျောင်းတွင် ပျော်ရွင်ခဲ့ရသလို သူငယ်ချင်းကောင်းများလည်း တိုးပွားခဲ့သည်။ ကျောင်းစာမေးပွဲများတွင် သိပ်စိတ်မဝင်စားခဲ့သော်လည်း ရေကူးခြင်း၊ စန္ဒရားတီးခြင်းနှင့် အကပညာများကို ကောင်းစွာ တတ်မြောက်ခဲ့သည်။
ဒဏ္ဍာရီ တစ်ပုဒ်၏ နိဒါန်း
၁၉၇၉ ဇူလိုင်လတွင် မိခင်ဖြစ်သူ ဖရန်ဆစ်က ဒိုင်ယာနာအား ၁၈ နှစ်ပြည့် မွေးနေ့အတွက် လန်ဒန်မြို့တွင်းမှ တိုက်ခန်းတစ်ခန်းကို လက်ဆောင်အဖြစ် ဝယ်ပေးခဲ့သည်။ လိပ်စာမှာ အမှတ် ၆၀၊ ကိုလ်ဟာန် တရားရုံးလမ်း ချဲလ်ဆီးတွင် ဖြစ်သည်။ ထိုတိုက်ခန်းတွင် ဒိုင်ယာနာက မိန်းကလေးသူငယ်ချင်း နှစ်ယောက်နှင့်အတူ နေထိုင်ခဲ့သည်။ ထို့အပြင် ဒိုင်ယာနာသည် ကလေးချစ်ပြီး ကလေးများနှင့် ပနံသင့်သူပီပီ လန်ဒန်ကို ရောက်သည်နှင့် ကလေးထိန်း အလုပ်များကို ရှာဖွေခဲ့သည်။ ဤသို့ဖြင့် ဒိုင်ယာနာ အသက် ၁၉နှစ်အရွယ်သို့ ရောက်လာပြီး ပျော်ရွှင်လှပသော မိန်းကလေး တစ်ယောက်အဖြစ် ကောင်းမွန်သော ဘဝနေ့စွဲများ ပိုင်ဆိုင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ် ဇူလိုင်လထဲတွင် ဝက်စ်ဆူဆက်စ်အရပ်၌ ကျင်းပသော ပါတီပွဲတစ်ခု၌ မင်းသားချားလ်စ်နှင့် ဆုံရပြန်သည်။ ယင်းမတိုင်ခင် ၁၉၇၈ ခု မင်းသားချားလ်စ်၏ အသက် ၃၀ နှစ်ပြည့် မွေးနေ့တွင် တစ်ကြိမ် တွေ့ဆုံပြီး ဖြစ်သည်။ မင်းသားချားလ်စ်သည် ဗြိတိန်ဘုရင်မကြီး၏ ရင်သွေးတစ်ဦးဖြစ်ပြီး ဘုရင် သို့မဟုတ် ဘုရင်မတို့ နတ်ရွာစံလျှင် ဘုရင်မင်းမြတ်အဖြစ် ထီးနန်းကို ဆက်ခံရမည့် မင်းလောင်းတစ်ယောက် ဖြစ်သည်။ မင်းသားသည် ဘရစ်တန်နီယာဟု ခေါ်တွင်သော တော်ဝင်မိသားစုပိုင် သဘောၤကြီး၏ ပင်လယ်ရေကြောင်းခရီးကို လိုက်ပါရန် ဒိုင်ယာနာအား ဖိတ်ကြားခဲ့သည်။
၁၉၈၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ တွင်ဘက်ကင်ဟမ် နန်းတော်၌ ဝေလမင်းသား ချားလ်စ်က လေဒီ ဒိုင်ယာနာစပင်ဆာကို လက်ထပ်မည့်အကြောင်း တစ်နိင်ငံလုံးသို့ အတိအလင်း ကြေငြာလိုက်တော့သည်။ ဇူလိုင် ၂၉ ရက်တွင် ချားလ်စ်နှင့် ဒိုင်ယာနာတို့ လက်ထပ်လိုက်ကြပြီး လက်ထပ်ပွဲကို နိင်ငံပေါင်း ၇၀ ကျော်မှ ပြည်သူ သန်း ၇၅၀ ကျော်တို့က ရုပ်မြင်သံကြားမှ ကြည့်ရှု အားပေးခဲ့ကြသည်။ လက်ထပ်ပွဲပြီးသည့်အခါ ကြင်စဦး ဇနီးမောင်နှံတို့သည် ဘက်ကင်ဟမ် နန်းတော်ရှေ့၌ အနမ်းခြွေခဲ့ကြ၏။ ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့သည်လည်း ထိုအနမ်းတစ်ပွင့်အား ငေးမောနေမိကြပြီး ချားလ်စ်နှင့် ဒိုင်ယာနာတို့အတွက် ပျော်ရွှင်ပီတိ ဖြစ်ခဲ့ရသည်။
ဒိုင်ယာနာသည် ဘက်ကင်ဟမ် နန်းတော်တွင်း၌ အထီးကျန်ပြီး အတန်ငယ် ခက်ခဲသော ဘဝကို မြင်တွေ့လာရသည်။ သူစိမ်းများစွာတို့နှင့် ဆုံတွေ့ခဲ့ရပြီး အသစ်အသစ် များစွာတို့ကို သင်ယူလေ့လာ မှတ်သားခဲ့ရသည်။ တော်ဝင်လက်ထပ်ပွဲအပြီး ၁၉၈၂ ခု ဇွန်လ ၂၁ရက်တွင် ပထမဆုံး ရင်သွေးအဖြစ် မင်းသားဝီလျှံကို ဖွားမြင်ခဲ့သည်။ မင်းသားဝီလျှံ ဖွားမြင်ပြီးနောက်ပိုင်း ဒိုင်ယာနာတစ်ယောက် ကျန်းမာရေး ချူချာလာသည်။ ဘူလီမိယာနာဗိုဆာ ဟု ခေါ်သော အစာကို ထပ်ကာထပ်ကာ အလွန်အမင်းစားပြီး ကြောက်ရွံ့အားငယ် နေထိုင်မကောင်းဖြစ်ခြင်း လက္ခဏာများရှိသော စိတ်ဝေဒနာတစ်မျိုးကို ခံစားလာရသည်။
ဒိုင်ယာနာသည် ထိုအတောအတွင်း မင်းသားချားလ်စ်၊ ဝီလျှံ တို့နှင့်အတူ တော်ဝင်ခရီးစဉ်အဖြစ် မြို့ပေါင်းများစွာတို့ကို ခြေဆန့်လှည့်ပတ်ခဲ့ကာ လူပေါင်းတစ်သန်းနီးပါးက ၎င်းတို့အား လာရောက် ကြည့်ရှုခဲ့ကြသည်။ ထိုတော်ဝင်ခရီးစဉ် (သြစတေးလျ-ကနေဒါ) ခရီးစဉ်များတွင် မင်းသားချားလ်စ်ထက် ပို၍ ဒိုင်ယာနာကို ပြည်သူများက အသိမှတ်ပြု ပိုကဲနှစ်သက်ခဲ့ကြသည်။ ဒိုင်ယာနာက လူထုနှင့် ပြောဆိုဆက်ဆံရာတွင် အလွန်ကောင်းမွန်ပြီး အသက်ကြီးငယ်မရွေး နာဖျားနေသူပါမကျန် သူမက စကားပြောသည်။ သူမ၏ အပြုံးက ၎င်းတို့အား ပျော်ရွင်မှုကို ခံစားစေနိင်ခဲ့သည်။ ဒိုင်ယာနာမှာ ကိုယ်ဝန်ထပ်ရှိလာပြီး ၁၉၈၃ ခု စက်တင်ဘာ ၁၅ ရက်တွင် နောက်ထပ်သားတော်လေး မင်းသား ဟင်နရီချားလ်စ်အဲလ်ဘတ်ဒေးဗစ်ကို မွေးဖွားခဲ့သည်။ လူတိုင်းက မင်းသား ဟယ်ရီဟု ခေါ်ကြသည်။
ဟယ်ရီမွေးပြီး များမကြာမီပင် ဒိုင်ယာနာသည် ချို့ငဲ့သူများအား ကူညီသော အသင်းအဖွဲ့များတွင် စတင်လုပ်ကိုင်ခဲ့သည်။ ကလေးသူငယ် ကူညီရေး အသင်းတစ်ခု ဖြစ်သော ဘားနတ်ဒိုတွင် ဥက္ကဋ္ဌ ဖြစ်လာကာ နိင်ငံတစ်ဝန်းရှိ အဆိုပါအသင်းမှ စောင့်ရှောက်ထားသော ကလေးသူငယ်များထံ လည်ပတ်ကာ တွေ့ဆုံခဲ့သည်။ ၎င်းတို့၏ ပြဿနာများကို ဒိုင်ယာနာနှင့် ဆွေးနွေး အဖြေရှာရသည့် အခါများတွင် စိတ်လက် ပေါ့ပါးသွားတတ်ကြသည်။ ဒိုင်ယာနာကလည်း သူတို့ဘဝ ဇာတ်ကြောင်း အဖုံဖုံကို စိတ်ဝင်တစား ကောင်းစွာ နားထောင်ပေးသည်။ ထိုအပြင် ပရဟိတလုပ်ငန်းများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ AIDS ဝေဒနာသည်များအတွက် အကူညီပေးရေး လုပ်ငန်းများတွင် ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့သည်။ ဒိုင်ယာနာသည် AIDS ဝေဒနာရှင်များနှင့် ထိတွေ့ဆက်ဆံရာတွင် တွန့်ဆုတ်ကြောက်ရွံ့မှုမရှိဘဲ လက်ဆွဲနှုတ်ဆက် အားပေးစကား ပြောကြားရဲသူ ဖြစ်သည်။
ဆိုးရွားသော နှစ်တစ်နှစ်
၁၉၉၁/၉၂ခုနှစ်သည် တော်ဝင်မိသားစုအတွက် ဆိုးရွားသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ အဆိုးဆုံးမှာ ဒိုင်ယာနာနှင့် မင်းသားချားလ်စ်တို့ ဆက်ဆံရေး ကွဲအက်လာခြင်းပင် ဖြစ်သည်။ ဝီလျှံမင်းသားလေး ကျောင်းတွင် ဂေါဖ့်သီး ထိမှန်ခဲ့သဖြင့် ဂရိန်အော်မွန်လမ်း ကလေးဆေးရုံသို့ ခွဲစိတ်ကုသရန် ပို့ဆောင်ခဲ့သည်။ ဝီလျံကို အမြန်ခွဲစိတ်ကုသ နေချိန်အတွင်း ဒိုင်ယာနာက ဆေးရုံတွင် တစ်ညလုံး စောင့်ပေးခဲ့သော်လည်း ချားလ်စ်က အချိန်တိုသာနေပြီး ပြန်သွားခဲ့သည်။ ချားလ်စ်သည် ဒိုင်ယာနာ နှစ်သက်သော အရာများကို စိတ်မဝင်စား။ သူမအပေါ် နားမလည်နိုင်။ သူမ ခံစားနေရသည့် ဘူလီမီယာ ဝေဒနာကိုလည်း နားမလည်။ သို့မဟုတ် ထိုဝေဒနာ ခံစားနေရသည့် သူမအတွက် အကူအညီ လိုအပ်နေကြောင်းကို သူမသိရှာပေ။
တစ်ခါတစ်ရံ ဒိုင်ယာနာသည် သားနှစ်ယောက်ကို အပန်းဖြေဥယျာဉ်များသို့ ခေါ်သွားတတ်ပြီး တစ်ခါတရံ ဈေးဝယ်ထွက်တတ်သလို ရုပ်ရှင်ရုံ၊ မက်ဒေါနယ် ဆိုင်များသို့လည်း ခေါ်သွားလေ့ရှိသည်။ သူမက သားများကို သာမန်ဘဝတွင်သာ ကျင်လည်ခွင့်ရစေလိုပြီး အခြားကလေးများနည်းတုူ ပျော်ရွင်မှုမျိုး ရစေချင်သည်။ သူမက ကလေးများကို တော်ဝင်မိသားစုမှ ချမ်းသာကြွယ်ဝနေသူများနှင့်သာ မြင်တွေ့ဆက်ဆံဖူးနေသည်မျိုး မဟုတ်ဘဲ သာမန်ဘဝထဲမှ ဝမ်းနည်းနေသူများ၊ ခက်ခဲသော ဘဝကို ရင်ဆိုင်နေရသူများနှင့် ဆုံတွေ့ဖူးစေလိုသည်။၁၉၉၁ ခုနှစ် ဇူလိုင် တစ်ရက်တွင် ဒိုင်ယာနာအသက်၃၀ပြည့်မြောက်ခဲ့ပြီး ၎င်းတို့၏ အိမ်ထောင်သက် သံဖြူရတု ၁၀ နှစ်သို့ ပြည့်မြောက်လာခဲ့သည်။ သို့သော် ပျော်ရွင်ဖွယ်အိမ်ထောင်ရေး တစ်ခုတော့ မဖြစ်ခဲ့ပေ။
ပြတ်စဲခြင်း လမ်းကြောင်းထက်ဝယ်
၁၉၉၄ အောက်တိုဘာတွင် အမေရိကန်ပြည်ထောင်စုသို့ ဒိုင်ယာနာ သွားရောက်ခဲ့ပြီး ဟီလာရီကလင်တန်၊ ဗိုလ်ချုပ်ကြီးကောလင်း အစရှိသည့် အထင်ကရ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံခဲ့သည်။ မကြာမီပင် လန်ဒန်သို့ ပြန်လာခဲ့ကာ စေတနာ့ဝန်ထမ်း အလုပ်များကို ပြန်လည်လုပ်ဆောင်ခဲ့သည်။ စိတ်ရောဂါအထူးကု ဆေးရုံများသို့လည်း သွားရောက်ကူညီခဲ့ကာ နှစ်နှောင်းပိုင်းတွင် ပါရီမြို့ ဆင်ခြေဖုံးအရပ်များမှ နွမ်းပါးသူများထံသို့လည်း သွားရောက်ကူညီခဲ့ပြန်သည်။
ခင်ပွန်းသည်နှင့် အတူရှိမနေရသော်လည်း သူမအပေါ် အကူအညီပေးသည့် သူငယ်ချင်းကောင်းများနှင့် မိတ်ကောင်းဆွေမွန်များ ရှိနေပြီဖြစ်သည်။ ဟောင်ကောင်သို့လည်း ရောက်ရှိခဲ့ပြီး လူငယ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် စတာလင်ပေါင် နှစ်သိန်းခွဲကျော်အထိ ကောက်ခံပေးနိုင်ခဲ့သည်။ အီတလီ၊ ပြင်သစ်၊ နယူးယောက်၊ ရုရှားနှင့် အာဂျင်တီးနား နိုင်ငံများသို့လည်း သွားရောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်က လူထုနှင့်တွေ့ဆုံပွဲ ၁၀ ကြိမ်သာ လုပ်ဖြစ်ခဲ့သော်လည်း ၁၉၉၅ ခုနှစ်တွင် ၁၂၇ ကြိမ်အထိ ပြုလုပ်ခဲ့သည်။
ထိုနှစ်အတွင်း ဒိုင်ယာနာသည် ဘီဘီစီရုပ်သံလိုင်းနှင့် အင်တာဗျုးတစ်ခု ပြုလုပ်ခဲ့ရာ ခင်ပွန်းသည် ချားလ်စ် တော်ဝင်မိသားစုနှင့် သူမတို့အကြား ဆက်ဆံရေးကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဒိုင်ယာနာက “ကျွန်မတို့ အိမ်ထောင်ရေးက လူသုံးယောက် လက်ထပ်ထားသလိုပါ” ဟု ဆိုသည်။ ဒိုင်ယာနာပြောသော လူသုံးယောက်မှာ သူမ၊ ချားလ်စ် နှင့် ကမ္မီလာ ဆိုသော အမျိုးသမီးတို့ ဖြစ်သည်။ ကမ္မီလာမှာ ချားလ်စ်နှင့် လူငယ်ဘဝကတည်းက ချစ်ကြိုက်ခဲ့သူဖြစ်ပြီး သူမအိမ်ထောင်ကျပြီးနောက်၌လည်း ချားလ်စ်နှင့် တပူးတွဲတွဲနေသူ ဖြစ်သည်။ ထိုအင်တာဗျုးအပြီးတွင် မင်းသမီးမာဂရက်က ဒိုင်ယာနာကို မိတ်ဆွေစာရင်းမှ ပယ်ဖျက်လိုက်သည်။
ထိုလနှောင်းပိုင်းတွင် ဒိုင်ယာနာနှင့် မင်းသားချားလ်စ်တို့ တွေ့ဆုံကာ အိမ်ထောင်ရေးကို အဆုံးသတ်ရန် ဆွေးနွေးခဲ့ကြပြီး သြဂုတ်လ ၂၆ ရက်တွင် တရားဝင်ကွာရှင်း ပြတ်စဲလိုက်ကြသည်။ ကွာရှင်းပြီးနောက် ဒိုင်ယာနာမှာ ဘုရင်မကြီး ပေးခဲ့သည့် တော်ဝင်ဟိုင်းနက်စ်ဘွဲ့နှင့် တော်ဝင်မိသားစုအတွင်းမှ အလေးပေးခံရမှုကိုပါ စွန့်လွှတ်လိုက်ရသည်။ ဝေလမင်းသမီးဟူသော အမည်နာမည်တစ်ခုသာ သူမတွင် ကျန်ရှိတော့၏။ “ကျွန်မ ဘယ်သောအခါတွင်မှ ကွာရှင်းပြတ်စဲခြင်း ဆိုတဲ့အရာကို မလိုချင်ခဲ့ပါဘူး။ သာယာတဲ့ အိမ်ထောင်တစ်ခုကိုပဲ အမြဲအိပ်မက်မက်နေမိတာ” ဟု သူမက ဆိုခဲ့သည်။
စိတ်သစ် ဘဝသစ် အချစ်သစ်
ဒိုင်ယာနာသည် တစ်ကိုယ်တည်း နေ့ရက်များကို ဖြတ်သန်းနေရသော်လည်း ချမ်းသာသော ထင်ရှားသော လူများစွာနှင့် အချိန်ဖြုန်းမနေချင်။ သာမန်ဘဝကိုသာ သူမ လိုချင်၏။ ဆင်းရဲနွမ်းပါးသောသူများ၊ နာမကျန်းသူများကိုလည်း ကုူညီချင်သေး၏။ အထူးသဖြင့် မြေမြှုပ်မိုင်းဒဏ်များကြောင့် အမျိုးသမီး၊ ကလေး၊ လူကြီးများအားလုံး အသက်ပေးသူကပေး၊ ခြေပြတ်၊ လက်ပြတ်နှင့် ဒုက္ခိတဘဝ ရောက်နေသူများကိုလည်း ကူညီပေးချင်သည်။ စစ်ပွဲများအတွင်း မြေမြှုပ်မိုင်း အသုံးပြုခြင်းကိုလည်း ရပ်တန့်စေလိုသည်။ ၁၉၉၇ ခုနှစ် ဇန်နဝါရီလတွင် ဗြိတိန်ကြက်ခြေနီအသင်းအား ကိုယ်စားပြုလျက် စစ်ဘေးဒဏ် မြေမြှပ်မိုင်းဒဏ်တို့ကို ဆိုးရွားစွာ ခံစားနေရသော တောင်အဖရိကရှိ အန်ဂိုလာနိင်ငံသို့ သွားရောက်ခဲ့သည်။
ဒိုင်ယာနာသည် မြေမြုပ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများနှင့် တွေ့ဆုံခြင်း၊ အန္တရာယ်ရှိသော နေရာများသို့ စွန့်စွန့်စားစား သွားလာခြင်း၊ မိုင်းဒဏ်သင့် ကလေးများရှိရာ ဆေးရုံများသို့ သွားရောက်ကာ အားပေးနှစ်သိမ့်ခြင်း၊ စကားပြောခြင်း … အစရှိသည်များကို စိတ်ပါလက်ပါ လုပ်ပေးခဲ့သည်။ ဇွန်လတွင် ဝါရှင်တန်သို့ ရောက်ရှိပြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံခဲ့ကာ နယူးယောက်သို့ ရောက်နေသည့် မာသာထရီဇာအားလည်း သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။ဒိုင်ယာနာသည် မာသာထရီဇာ၏ ပရဟိတလုပ်ငန်းများကို ကနဦးကတည်းက လေးစားအားကျနေသူလည်း ဖြစ်သည်။
ထိုလအတွင်းမှာပင် ဒိုင်ယာနာက သူမ၏ အဖိုးတန် အဝတ်အစားများကို ထုတ်ရောင်းနိင်ရန် လေလံပွဲတစ်ခု ကျင်းပရန် ခရစ္စတီ လေလံလုပ်ငန်းနှင့် ဆွေးနွေးကြသည်။ ရရှိလာသော ငွေကြေးများကို AIDS ရောဂါဝေဒနာရှင်များအား ကူညီရန် သုံးစွဲလိုကြောင်း ပြောကြားခဲ့သည်။ လေလံပွဲကို နယူးယောက်မှာပင် ပြုလုပ်ခဲ့ပြီး သူုမ၏ အဖိုးတန် အဝတ်အစားကောင်းများ အားလုံးအတွက် ရောင်းရငွေ အမေရိကန်ဒေါ်လာ သုံးသန်းကျော်အထိ ရရှိခဲ့သည်။ ထိုလေလံပွဲတွင် ဒေါ်လာနှစ်သိန်းဖြင့် အမြင့်ဆုံးဈေး ရရှိခဲ့သည့် ဝတ်စုံမှာ ဟောလိဝုဒ်မင်းသားကြီး ဂျွန်ထရာဗိုတာနှင့် အိမ်ဖြူတော်တွင် တွဲကစဉ်အခါက ဝတ်ခဲ့သော ဝတ်စုံဖြစ်သည်။
ဒိုင်ယာနာ၏ ဘဝထဲတွင် အမျိုးသားတစ်ယောက်နှင့် တွေ့ဆုံရန် အကြောင်းဖန်လာသည်။ ဒိုင်ယာနာ၏ အမျိုးသမီးမိတ်ဆွေ အိုနပ်ရှန်လေတော့ဖိုလို၏ အမျိုးသားက ၁၉၉၅ ခုနှစ် သြဂုတ်လတွင်နှလုံးရောဂါ ပြင်းပြင်းထန်ထန် ခံစားလာရပြီး လန်ဒန်ရှိ တော်ဝင်ဘရွန်တန် ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှု ခံယူရန် ဖြစ်လာသည်။ အိုနပ်က ဒိုင်ယာနာအား ဖုန်းဆက်ခေါ်ရာ ဒိုင်ယာနာလည်း ဆေးရုံသို့ အပြေးရောက်ရှိလာပြီး အားပေးနှစ်သိမ့်ခဲ့ကာ လူနာအား ခွဲစိတ်ကုသမှု ပေးခဲ့ကြသည့် ဆရာဝန်များကိုလည်း တွေ့ဆုံကာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထိုဆရာဝန်များအနက် အသက်၃၆ နှစ်အရွယ် ပါကစ္စတန်လူမျိုး ဟတ်စ်နက်ခမ်း ဆိုသူလည်း ပါဝင်သည်။ ဒိုင်ယာနာက ဆေးရုံသို့ မကြာခဏ လူနာမေးရန် ရောက်ဖြစ်ခဲ့ပြီး ဟတ်စ်နက်ခမ်းနှင့် ကြိမ်ဖန်များစွာ တွေ့ဆုံကာ မိတ်ရင်းဆွေသဟာများအဖြစ်မှာ များမကြာမီမှာပင် ခင်မင်မှု အတိုင်းတာထက် ကျော်လွန်သွားခဲ့ကြသည်။
ဒိုင်ယာနာက ဆေးရုံသို့ ဟတ်စ်နက်ခမ်းနှင့် ဖုန်းပြောလိုကြောင်းဆိုလျှင် နာမည်အရင်းကို မပြောဘဲ သူမကိုယ်သူမ ဒေါက်တာအာမန်နီဟု မုသားသုံးဖြစ်ခဲ့သည်။ ၁၉၉၆ခုနှစ် ဖေဖော်ဝါရီနှင့် မေလများတွင် ပါကစ္စတန်နိင်ငံ လားဟိုးမြို့သို့လည်းကောင်း၊ အိုင်မရန်ခမ်း၏ ဆေးရုံသို့လည်းကောင်း လည်ပတ်ခဲ့ပြီး ကင်ဆာရောဂါ ခံစားနေရသည့် ကလေးများနှင့် စကားပြောဆိုပြီး အကူအညီများ ပေးခဲ့သည်။အစပိုင်းတွင် ဒိုင်ယာနာနှင့် ဟတ်စ်နက်တို့၏ ဆက်ဆံရေးက လူမသိသူမသိ ဖြစ်နေသော်လည်း နောက်ပိုင်းတွင် သတင်းစာများက ဖေါ်ထုတ်ရေးသားလာကြသည်။
ဟတ်စ်နက်က သူ၏ပုံများ သတင်းစာထက်တွင် ပြူးပြူးပြဲပြဲ ပေါ်ထွက်လာသည့်အခါ သူ့အဖို့ အလွန်စိတ်ညစ်ရသည်။ ဒိုင်ယာနာ၏ ချစ်သူဖြစ်ကြောင်း ကျော်ကြားမည်အဖြစ်မျိုး သူ မလိုလားချေ။ ဆရာဝန်ကောင်းတစ်ယောက်အဖြစ် ပါကစ္စတန် အမိနိင်ငံတော်သို့ပြန်ကာ အလုပ်အကျွေး ပြုလိုသေးသောဆန္ဒ ခမ်းမှာ ရှိသေးသည်။ ဤသို့ဖြင့် ၎င်းတို့၏ အချစ်ရေးက အဆုံးသတ်ကြရပြန်သည်။
အန္တိမ နွေရာသီ
၁၉၉၇ ခုနှစ် နွေရာသီတွင် အီဂျစ်လူမျိုး သူဌေးတစ်ဦးဖြစ်သည့် မိုဟာမက်အယ်လ်ဖေးယက်၏ ဖိတ်ကြားခြင်းကို ဒိုင်ယာနာ ခံရ၏။ပြင်သစ်တောင်ပိုင်းရှိ စိန်ထရော့ပတ်ဇ်မြို့ရှိ ၎င်း၏ နေအိမ်တစ်လုံးသို့ လာရောက်နေထိုင်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကာ ဒိုင်ယာနာကလည်း သားများနှင့် သူမကိုယ်တိုင်အတွက် နွေရာသီ အစီစဉ်မရှိသေးရာ မိုဟာမက်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်လေသည်။မိုဟာမက်အယ်လ်ဖေးယက်သည် အလွန်ချမ်းသာသည့် အီဂျစ်လူမျိုးဖြစ်ကာ အိမ် ၉လုံး၊ လေယာဉ်တစ်စီး၊ ဟယ်လီကော်ပတာတစ်စီး နှင့် ဈေးကြီးသော ကားများအပြင် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကိုလည်း ပိုင်ဆိုင်ပြီး နောက်ပိုင်းတွင် ဟိုတယ်များ၊ ဈေးဝယ်စင်တာကြီးများကိုလည်း ဝယ်ယူခဲ့သည်။
မိုဟာမက်သည် ဗြိတိသျှလူမျိုးများအား ကြိုက်နှစ်သက်ကာ ထိုလူမှုအသိုက်အဝန်းအတွင်း ပါဝင်လိုပြီး ဒိုင်ယာနာကဲ့သို့ ကျော်ကြားသော ထင်ရှားသော သူများနှင့်လည်း မိတ်ဆွေဖြစ်ချင်သည်။ မိုဟာမက်သည် ဂျွန်နီကယ်လ် အမည်ရှိ အပျော်စီးသဘောၤအား စတာလင်ပေါင် ၁၅ သန်းဖြင့် ဝယ်ယူလိုက်ပြီး သဘောၤသား ၁၆ ဦးကိုလည်း ခန့်ထားလိုက်သည်။ ပါရီမြို့တွင် စေ့စပ်ထားသော ဇနီးလောင်းနှင့် အတူရှိနေသည့် သားဖြစ်သူ ဒိုဒီဖေးယက်ကိုလည်း ဖုန်းဖြင့် လှမ်းခေါ်လိုက်သည်။
ဒိုဒီဖေးယက်သည် အသက်၄၂ နှစ် ဖြစ်ကာ ယောကျာၤးပီသသော အဆင်းအင်္ဂါရှိပြီး အပူအပင်ကင်းသည့် ဘဝကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဖခင်ဖြစ်သူက ငွေအမြောက်အမြားကို ဆီလိုဖြည့်ထားသောကြောင့် ယင်းငွေများဖြင့် ဒိုဒီကလည်း ပျော်လိုက် ပါးလိုက် ပြိုင်ကားများ ဝယ်စီးလိုက်နှင့် ဇိမ်ကျနေလေသည်။ မိုဟာမက်၏ ကိုယ်ပိုင်လေယာဉ်ဖြင့် ဇူလိုင် ၁၆ ရက်တွင် ဒိုင်ယာနာနှင့် သားများ ပြင်သစ်သို့ ရောက်လာပြီး ၎င်း၏ မိသားစုအိမ်ဂေဟာ စိန်ဟယ်လင့်မှာပင် နေထိုင်ကာ သင်္ဘောစီးသည့်အခါစီး၍ အပန်းဖြေနေခဲ့ကြသည်။
၎င်းခရီးစဉ်ပြီးနောက် လန်ဒန်သို့ ပြန်ရောက်သည့်အခါ ဒိုင်ယာနာက အလွန်ပျော်ရွင်ခဲ့သော ၆ ရက်တာ ခရီးစဉ်တစ်ခုဖြစ်ကြောင်း ဒိုဒီထံသို့ စာတစ်စောင် ပါးလိုက်သည်။ ဒိုင်ယာနာနှင့် ဒိုဒီတို့၏ ပုံများကို သတင်းစာတွင် မြင်လိုက်ရချိန်တွင် ဒိုဒီနှင့် စေ့စပ်ထားသည့် အမေရိကန် မော်ဒယ် ကယ်လီဖစ်ရှာက အလွန်ဒေါသထွက်သွားသည်။ သို့သော် ဤအချိန်တွင် ဒိုင်ယာနာမှလွဲ၍ ၎င်းတို့သားအဖအတွက် အရေးကြီးသူ မရှိလေရာ မိုဟာမက်က “ဒိုဒီကို မေ့လိုက်ပါ။ မင်းတို့ဇာတ်လမ်းက ပြီးပြီ” ဟု ပြောလိုက်လေတော့သည်။
ဇူလိုင် ၃၁ရက်နေ့တွင် ဂျွန်နီကယ်သဘောၤဆီသို့ ဒိုင်ယာနာတစ်ယောက် ထပ်မံရောက်ရှိခဲ့ပြန်သည်။ မြေထဲပင်လယ်အရှေ့ပိုင်းရှိ ကော်စီကာနှင့် ဆာဒင်နီယာ ကျွန်းများသို့ ရောက်ရှိခဲ့ကာ ဒိုင်ယာနာအတွက် အပျော်ဆုံးနှင့် အပန်းပြေဆုံး နေ့ရက်များ ဖြစ်ခဲ့သည်။ သြဂုတ် ၃၀ ရက်တွင်မူ ဒိုဒီနှင့် ဒိုင်ယာနာတို့ ပါရီမြို့သို့ သွားရောက်ခဲ့ကြပြီး ညစာစားပွဲ တက်ရောက်ရန် ဒိုဒီ၏ တိုက်ခန်းသို့ သွားနေစဉ်မှာပင် သတင်းသမားများ စောင့်ကြည့်ခံရသော ဒိုင်ယာနာကို ဓာတ်ပုံဆရာများက အပြင်ဘက်တွင် အော်ဟစ်တိုးဝှေ့ စောင့်ဆိုင်းနေခဲ့ကြသည်။ကားနှင့် အပြင်သွားသည့်အခါမှာလည်း ဆိုင်ကယ်များဖြင့် အလွန်နီးကပ်စွာ လိုက်လာခဲ့ကြသည်။ ရစ်ဇ်ဟိုတယ်သို့ ရောက်သည့်အခါ အပေါ်ထပ်ရှိ စားသောက်ခန်းမတွင် ဒိုဒီနှင့် ဒိုင်ယာနာတို့ ညစာသုံးဆောင်ခဲ့ကြသည်။ ဒိုဒီက ဓာတ်ပုံဆရာများကို ရှောင်ရှားရန် ဟိုတယ်ရှေ့၌ ရပ်ထားသည့်ကားကို မသုံးဘဲ တံခါးမှန်များ တပ်ဆင်ထားသော အခြားကားတစ်စီးကို သုံးရန် ဆုံးဖြတ်လိုက်သည်။
အချိန်ကား ညသန်ခေါင်ယံ … ဒိုဒီနှင့် ဒိုင်ယာနာတို့သည် ဟိုတယ်အနောက်ဘက်ပေါက်မှ ထွက်ခဲ့ကြပြီး သူတို့နှင့်အတူ ထရီဗာရီစ်ဂျုံး ဟူသော သက်တော်စောင့်တစ်ဦးလည်း လိုက်ပါလာသည်။ ကားကိုမောင်းသူမှာ ရစ်ဇ်ဟိုတယ်၏ လုံခြုံရေး လက်ထောက်ကြီးကြပ်ရေးမှုး ဟန်ရီပေါလ် ဖြစ်သည်။ သို့သော် ဓာတ်ပုံဆရာများသည် မကြာမီပင် ထိုကားကို ရိပ်စားမိကြပြီး ဆိုင်ကယ်များနှင့် ကတိုက်ကရိုက် မောင်းလိုက်လာကြသည်။ အရက်သောက်ထားသည့် ဟန်ရီပေါလ်က ဒိုဒီ၏ တိုက်ခန်းသို့ တန်း၍မမောင်းဘဲ ဓာတ်ပုံဆရာများ မမိအောင် ပလေ့စ်ဒီအယ်လ် ဥမင်လိုဏ်ခေါင်းအတွင်း၌ ကားကို အရှိန်ပြင်းစွာ ပတ်မောင်းခဲ့သည်။
ရစ်ဇ်ဟိုတယ်မှ ထွက်ခွာလာပြီး သုံးမိနစ်အကြာမှာပင် ကားသည် အဆိုပါ ဥမင်အတွင်း၌ ဝင်တိုက်လေတော့သည်။ ဒိုဒီနှင့် ပေါ့လ်တို့ နေရာတွင်းမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထရီဗာရီစ်ဂျုံးစ်နှင့် ဒိုင်ယာနာမှာ အသက်ရှိနေသေးသည်။ လူနာတင်ယာဉ်များ ရောက်လာပြီး ဒိုင်ယာနာအား လာပစ်တဲဆယ်လ်ပတ်ထရိုင်ရီ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ဒိုင်ယာနာကို စမ်းသပ်ကြည့်ရာ အပြင်ပန်းတွင် ဒဏ်ရာများများစားစား မရှိသော်လည်း ကိုယ်တွင်း၌မူ ဆိုးဆိုးရွားရွား ထိခိုက်ထားကြောင်း သိရသည်။ ဆရာဝန်များက သူမကို ကြိုးစား၍ ကယ်တင်ခဲ့ကြသော်လည်း ၁၉၉၇ ခုနှစ် သြဂုတ် ၃၁ရက် ပါရီမြို့ စံတော်ချိန် နံနက် ၄ နာရီတွင် ဒိုင်ယာနာတစ်ယောက် လူ့ဘောင်လောကမှ အပြီးအပိုင် နှုတ်ဆက် ထွက်ခွာသွားလေတော့သည်။
ပြည်သူ့အချစ်တော် မင်းသမီး
ဝန်ကြီးချုပ် တိုနီဘလဲက ထိုနေ့နံနက်ခင်းတွင် ဗြိတိန်ပြည်သူများအား ဒိုင်ယာနာ သေဆုံးသည့် အကြောင်းနှင့် စပ်လျဉ်း၍ နိင်ငံတော်မိန်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။
“သူမကို လူတွေက ကြိုက်ကြပါတယ်။ ပြည်သူထဲက သာမန်ပြည်သူ တစ်ယောက်လို သဘောမျိုးနဲ့ ချစ်ကြပါတယ်။ သူမဟာ ပြည်သူ့မင်းသမီး တစ်ယောက်ပါ။ ကျွန်ပ်တို့ရဲ့ နှလုံးသားတွေနဲ့ မှတ်ဉာဏ်တွေထဲမှာ ဒီအတိုင်းပဲ သူမက ဆက်လက် ကိန်းအောင်းသွားမှာ ဖြစ်ပါတယ်”
– ဟု ဆိုခဲ့လေသည်။
ဒိုင်ယာနာ၏ ဈာပနကို ၁၉၉၇ ခုနှစ် စက်တင်ဘာ ၆ရက်တွင် ပြုလုပ်ခဲ့ကြပြီး နိုင်ငံတစ်ဝန်းမှ ပြည်သူတစ်သန်းကျော် လန်ဒန်သို့လာရောက်ခဲ့ကြသလို အထင်ကရ ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။ အမေရိကန်သမ္မတ ဘီလ်ကလင်တန်တို့ ဇနီးမောင်နှံ၊ ရုပ်ရှင်မင်းသား တွမ်ခရုဇ်၊ မင်းသား တွမ်ဟန့်၊ မင်းသမီး နီကိုးလ်ကစ်မင်း တို့အပြင် ကာရိုလင်းကဲ့သို့သော ဒိုင်ယာနာ၏ ကျောင်းနေဖက် သူငယ်ချင်းများလည်း ရောက်လာကြသည်။ ဟစ်စ်နက်ခမ်းနှင့် ဂျမ်မီမာအိုင်မရန်ခမ်းတို့ ဇနီးမောင်နှံလည်း ရှိနေပြီး စေတနာ့ဝန်ထမ်း လုပ်ဖော်ကိုင်ဖက် အသင်းအဖွဲ့များလည်း သူမကို နောက်ဆုံးအနေအားဖြင့် လာရောက်နှုတ်ဆက်ခဲ့ကြသည်။
ဒိုင်ယာနာ၏ မောင်ဖြစ်သူ ချားလ်စ်စပင်ဆာက ဈာပနတွင် “ဒိုင်ယာနာဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်က အမဲလိုက်မုဆိုးမ (ရောမနတ်သမီး) ပါ။ဒါပေမယ့် ဒိုင်ယာနာဟာ ကမ္ဘာသူ ကမ္ဘာသားတွေကို အများဆုံး ဖမ်းစားနိုင်ခဲ့တဲ့ အမျိုးသမီး ဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။
ဒိုင်ယာနာ၏ ရုပ်ကလာပ်အား အယ်လ်သော့ပ် ဥယာျဉ်အတွင်းရှိ ရေကန်အလည်မှ ကျွန်းငယ်လေးပေါ်တွင် မြေမြုပ်သြင်္ဂိုဟ်လိုက်ကြသည်။ထိုနေရာလေးသည် မင်းသမီးဒိုင်ယာနာအတွက် ပြည့်စုံငြိမ်းချမ်းသော နေရာလေးတစ်ခုပင် ဖြစ်ပေတော့သည် … ။
Candle In The Wind
Naing Naing Soe
Discussion about this post