Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရွှေတိဂုံစေတီတော်ရဲ့ ခေတ်အဆက်ဆက်သမိုင်းမှတ်တမ်းများ

by Thutamm
July 25, 2019
Reading Time: 1min read
0
ရွှေတိဂုံစေတီတော်ရဲ့ ခေတ်အဆက်ဆက်သမိုင်းမှတ်တမ်းများ
Share on FacebookShare on Twitter

၁၃၇၂ − ရွှေတိဂုံ စေတီတော်ကို ဟံသာဝတီဘုရင် ဗညားဦး ပြင်ဆင်ခဲ့သည်။ ပြင်ပြီးသည့် အချိန်တွင် စေတီ၏ ဉာဏ်တော်မှာ အတောင် ၄၀ ( ပေ ၆၀) ရှိသည်။
၁၄၃၆ − ငလျင်လှုပ်၍ ခေါင်းလောင်းအထိ ပြိုကျခဲ့သည်။ ဗညားရန်း၊ ဗညားဗရူး၊ ဗညားကင်းဒေါ၊ ရှင်စောပုတို့ ပါဝင်ပြီး အဆက်ဆက်ပြုပြင်ခဲ့သောကြောင့် ဉာဏ်တော်မှာ ၃၀၂ ပေ ဖြစ်လာသည်။
၁၄၇၆ − ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့ ဆက်လက် ပြုပြင်ခဲ့သည်။ ကြေးချိန်ပိဿာ ၃၀၀၀ ရှိဓမ္မစေတီခေါင်းလောင်းကို လှူဒါန်းခဲ့သည်။

၁၄၈၅ − ရွှေတိဂုံ ကျောက်စာတိုင်ကို ရေးထိုးစိုက်ထူခဲ့သည်။
၁၅၆၄ − ဘုရင့်နောင်မင်းလက်ထက်တွင် ငလျင်ကြီးလှုပ်၍ ပြိုသည်။
၁၅၇၂ − ၁၅၆၄ ခုနှစ်တွင် ငလျင်လှုပ်၍ ပြိုကျခဲ့သော အပျက်အစီးတို့ကို ဘုရင့်နောင်က ပြင်ဆင်ပြီး ထီးတင်ခဲ့သည်။ မကိုဋ်လှူသည်။ သဘင်ပွဲခံသည်။

၁၅၈၂ − ငါးဆူဒါယကာ နန္ဒဘုရင် လက်ထက်တွင် ထီးသစ်တင်ခဲ့သည်။ ကြေးချိန်ပိဿာ ၁၄၀ ရှိ ခေါင်းလောင်းလှူသည်။
၁၅၈၃၊ နိုဝင်ဘာလ − အီတလီပြည်၊ ဗင်းနစ်မြို့သားကုန်သည် ဂတ်စ်ပရိုဗာလဗီ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးရွှေတိဂုံ စေတီတော်သို့ ရောက်ခဲ့သည်။
၁၅၈၃ − အင်္ဂလိပ်အမျိုးသား ရပ်ဖစ်ချ် ဒဂုန်ရောက်၍ စေတီတော်အကြောင်းကို မှတ်တမ်းတင်သည်။

၁၆၁၀၊ ဇူလိုင်လ − ၁၆၀၈ ခုနှစ် ငလျင်ကြောင့် အပျက်အစီးများကို ပြင်၍ ပထမဆုံး ပြည်သူများ စုပေါင်းတင်လှူသည့် ထီးတော်ကို တင်ခဲ့သည်။ အင်္ဂဗုဓ် ဆရာတော်က ဦးစီးသည်။
၁၆၁၂ − ဓမ္မစေတီခေါင်းလောင်းကို ငဇင်ကာ ဖြုတ်ယူသည်။ ဒေါပုံမြစ်အတွင်းသို့ ကျခဲ့သည်။
၁၆၁၃ − အနောက်ဖက်လွန်မင်းက ငဇင်ကာကို နှိမ်နင်းပြီး ဒဂုန်သို့လာရောက်၍ စေတီတော်တွင် ကြေးခေါင်းလောင်း ဆွဲလှူသည်။
၁၆၁၉၊ ဖေဖော်ဝါရီလ ၁၉ − အနောက်ဖက်လွန်မင်းလက်ထက် ထီးတော်အသစ်တင်သည်။ ငွေခေါင်းလောင်းများကို လှူပြီး စောင့်ရှောက်ရန်အတွက် လူ ၄၂၀ ထားခဲ့သည်။

၁၆၂၀၊ နိုဝင်ဘာလ − အနောက်ဘက်လွန်မင်းလက်ထက်တွင် ငလျင်လှုပ်ပြီး စေတီတော်အထက်ပိုင်း ပြိုကျသည်။ မဟာရံတံတိုင်းများလည်း ပြိုကျခဲ့သည်။
၁၆၂၂၊ မတ်လ − ငလျင်ကြောင့် ပျက်စီးသည်များကို ပြုပြင်၍ ထီးတော်အသစ်တင်သည်။ ရွှေသင်္ကန်း ကပ်လှူသည်။
၁၆၄၄၊ ဒီဇင်ဘာလ ၂၆ − ငလျင်လှုပ်၍ ပြိုသည်ကို သာလွန်မင်းက ထီးတော်ဟောင်းကို ပြုပြင်ပြီး ပြန်၍ ထီးတင်သည်။

၁၆၅၂၊ မေလ ၆ − ငလျင်လှုပ်၍ ပြိုကျသည်ကို ပင်းတလဲမင်းက ထီးပြန်တင်သည်။
၁၆၆၂၊ ဖေဖော်ဝါရီလ − ပြင်မင်းလက်ထက်တွင် ငလျင်လှုပ်၍ ထီးတော်ဘုံသုံးဆင့် လွင့်စဉ်၍ မြေခခဲ့သည်။
၁၆၆၃၊ စက်တင်ဘာလ − ပြည်မင်းက ထီးတော်ဟောင်းကို အင်းဝသို့ ယူ၍ ပြုပြင်ပြီးနောက် ပြန်တင်သည်။
၁၆၆၄ ဒီဇင်ဘာလ − ငလျင်လှုပ်သဖြင့် စိန်ဖူးနှင့်တကွ ထီးတော် အနောက်မြောက်ထောင့်သို့ ကျသည်။ ငှက်ပျောဖူးနှင့် ခေါင်းလောင်းပုံပြိုသည်။

၁၆၆၇၊ ဖေဖော်ဝါရီလ − စေတီကြီးကို ပြုပြင်ပြီး၍ ထီးအသစ်တင်ခဲ့သည်။
၁၆၇၉၊ ဩဂုတ်လ − နိုဝင်ဘာလ − ငလျင်အကြိမ်ကြိမ်လှုပ်ခဲ့သောကြောင့် စေတီကြီးပြိုသည်ကို အများဝိုင်းဝန်းပြုပြင်သည်။
၁၇၅၅၊ ဇွန်လ − အလောင်းဘုရား ရွှေတိဂုံကို ပူဇော်ရန် တက်ရောက်ခဲ့သည်။ ရင်ပြင်တော်တွင် ဂုဏ်တော်ကိုးပါးကို အကြိမ်တစ်ထောင်ပြည့်အောင် ရွတ်ဆိုပူဇော်သည်။
၁၇၅၇၊ ဇူလိုင်လ − အလောင်းဘုရားကောင်းမှု ရွှေသင်္ကန်းကပ်လှူပူဇော်သည်။ သုဓမ္မာစရပ်ကြီးများကို ဆောက်လုပ်လှူဒါန်းသည်။

၁၇၆၈၊ ဇွန်လ ၁၃ − ဆင်ဖြူရှင်မင်းတရားလက်ထက်တွင် ငလျင်လှုပ်၍ စေတီတော်၏ သပိတ်မှောက် အထက်ပိုင်း ပျက်စီးသည်။ စေတီပစ္စယာ ပန်းတင်လည်း ပျက်သည်။ ဆင်ဖြူရှင်က ပြင်ဆင်ရန် ထီးတော်အသစ်လုပ်၍ ရွှေ ကိုယ်လေးချိန် မျက်ပါးခတ်စေသည်။
၁၇၇၅၊ မတ်လ ၁ − ဆင်ဖြူရှင်မင်း ထီးတော်တင်ရန် ရန်ကုန်သို့ရောက်သည်။ ရန်ကုန်မြို့ အနောက်ဘက်ယွန်းတွင် သဘင်နန်းနှင့် စံ၏။

၁၇၇၅၊ မတ်လ ၁၅ − ဆင်ဖြူရှင်ကောင်းမှု၊ အမြင့် ၃၈ ပေ၊ ၉ လက်မရှိသော ဘုံခုနှစ်ဆင့် ထီးတော်သစ်ကို တပေါင်းလပြည့်နေ့တွင် စေတီတော်မြောက်အရပ်မှ စက်သီးဖြင့် တင်သည်။ ထိုအချိန်တွင် ဉာဏ်တော်သည် ၃၃၈ ပေရှိသည်။
၁၇၇၉၊ ဇန်နဝါရီလ ၂၇ − ဆင်ဖြူရှင်၏ အမိန့်ဖြင့် ရွှေတိဂုံစေတီတော်တွင် ဆွဲလှူရန် သွန်းသောကြေးချိန် ၁၅၅၅၅ ရှိ ခေါင်းလောင်းကြီးကို မဟာဃဏ္ဍဘွဲ့ပေး၍ ဆွဲလှူသည်။ အများက စည့်ကူးမင်းခေါင်းလောင်းဟု ခေါ်ကြသည်။

၁၇၈၆၊ ဖေဖော်ဝါရီလ ၆ − ဘိုးတော်ဘုရားခေါ် ဗဒုံမင်းသည် ရင်ပြင်တော်ပေါ်၌ ကြေးနီအုတ်ကြွပ်မိုး စရပ် ဆောက်လုပ်လှူဒါန်းသည်။
၁၇၉၅၊ ဧပြီလ − အင်္ဂလိပ်သံကိုယ်စားလှယ် မိုက်ကယ်ဆိုင်း ရန်ကုန်သို့ရောက်၍ စေတီရင်ပြင်သို့ ရောက်သည်။
၁၇၉၆၊ နိုဝင်ဘာလ ၁၄ − အင်္ဂလိပ်သံ ဟီရမ်ကောက် ဒဂုန်သို့ရောက်၍ ရွှေတိဂုံစေတီ တောင်ဘက်မုတ်ခြေရင်းမှ သွားကြည့်ပြီး ဘုရားဖူးများ စည်ကားပုံကို မှတ်တမ်းရေးခဲ့သည်။

၁၈၁၇ − အများကောင်းမှုဖြင့် စေတီတော်ကို ရွှေချသည်။
၁၈၁၄၊ မေလ ၁၂ − ရွှေတိဂုံကုန်းတော်ကို အင်္ဂလိပ်စစ်တပ်တက်၍ သိမ်းပြီး ခံတပ်လုပ်သည်။ ဌာပနာတိုက်များ ဖောက်၍ အဖိုးတန် ရတနာတွေ ယူသည်။ စဉ့်ကူးမင်းခေါင်းလောင်းကြီးကို ဖြုတ်ယူသယ်ဆောင်၍ သင်္ဘောပေါ်တင်ရာ မြစ်ထဲကျသည်။
၁၈၂၆၊ ဇန်နဝါရီလ − အင်္ဂလိပ်စစ်တပ်မှ ဖြုတ်ယူ၍ မြစ်ထဲကျသွားသော စဉ့်ကူးမင်းခေါင်းလောင်းကြီးကို မြန်မာတို့ ရအောင်ဆယ်ယူပြီး ပြန်လည်ဆွဲယူသည်။

၁၈၂၆၊ ဒီဇင်ဘာလ ၉ − ရွှေတိဂုံကုန်းတော်ကို အင်္ဂလိပ်လက်ထဲက ပြန်၍ရသည်။ ဟံသာဝတီဝန်ကြီး မဟာမင်းလှရာဇာက လက်ခံသည်။ အပျက်အစီးများကို ပြုပြင်သည်။
၁၈၄၁၊ အောက်တိုဘာလ ၃ − သာယာဝတီ (ရွှေဘိုမင်း) စေတီတော်ကို ဖူးမြော်ရန် တက်သည်။ ရန်ကုန်တွင် နန်းသစ်ဆောက်၍ ငါးလမျှ စံသည်။

၁၈၄၁၊ ဒီဇင်ဘာလ ၂၀ − စေတီတော်ကြီးကို သာယာဝတီမင်း ရွှေပုဇွန်ခွံ ကပ်လှူသည်။
၁၈၄၁၊ ဒီဇင်ဘာလ ၂၆ − ရွှေဘို (သာယာဝတီ) မင်းက ရွှေတိဂုံရင်ပြင်တွင် အလှူတော် ရေစက်ချသည်။ မိဖုရား မမြကလေးက စောင်းတန်းဖိုး လှူသည်။
၁၈၄၂၊ ဇန်နဝါရီလ ၂၀ − ရွှေဘိုမင်းသည် ရွှေတိဂုံကို ဖူးမြော်ရန် တက်ပြီ သံသေခေါင်းလောင်း နှစ်လုံးနှင့် ဆည်းလည်းများ လှူသည်။ သွန်းလုပ်ဆဲ ခေါင်းလောင်းကြီး မပြီးသော်လည်း မစောင့်နိုင်သောကြောင့် ဆက်လက်သွန်းစေပြီး ပြန်ရန် ပြင်သည်။
၁၈၄၂၊ ဇန်နဝါရီ ၂၂ − ရန်ကုန်မှ သာယာဝတီမင်းနှင့် အခြွေအရံများ အမရပူရသို့ ပြန်ကြွသည်။

၁၈၄၃၊ ဖေဖော်ဝါရီလ ၁၉ − သာယာဝတီမင်းကောင်းမှု မဟာတိသဒ္ဒဃဏ္ဍခေါင်းလောင်းတော်ကြီးကို လူ ၅၀ ဖြင့် သွန်းလုပ်ပြီးစီးသည်ကို ဘုရင်မကြွရောက်နိုင်သဖြင့် အသည်ဝန် မဟာစည်သူနှင့် ပန်းတဉ်းဝန်တို့က တန်ဆောင်း ပြာသာဒ်နှင့် ဆွဲလှူသည်။
၁၈၅၂၊ ဧပြီလ ၁၄ − အင်္ဂလိပ် − မြန်မာ ဒုတိယစစ်ပွဲတွင် အင်္ဂလိပ်တပ်များ ကုန်းတော်ကိုတက်၍ တိုက်ခိုက်သိမ်းယူတပ်စွဲ၍ ဌာပနာတိုက်များ ဖောက်ကြသည်။
၁၈၅၂၊ ဇူလိုင်လ ၂၀ − အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီ ကုန်းတော်ပေါ်သို့ တက်သည်။
၁၈၅၂၊ နိုဝင်ဘာလ ၁ − ကုန်းတော်ပေါ်တွင် လက်တက်တိုက် ဖောက်ခွဲမှုဖြစ်၍ လူငါးဦး ဒဏ်ရာရခဲ့သည်။

၁၈၅၃၊ နိုဝင်ဘာလ ၂၂၊၂၃ − ကုန်းတော်ကို တက်ရောက်သိမ်းမည်ဟု သတင်းရသဖြင့် အစောင့်များချထာပြီး ဆူပူမည့် သူများကို ဖမ်းသည်။
၁၈၅၃ − အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီက စေတီတော်ကြီးတွင် အင်္ဂလိပ်တပ်သားများ ဆက်ပြီးဖောက်ထွင်း လုယူခြင်းမပြုရဟု အမိန့်ထုတ်သည်။
၁၈၅၅ − ၁၈၅၂ ခုနှစ်မှစ၍ စစ်ကြောင့် အပျက်အစီးများကို အင်္ဂလိပ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြုပြင်၍ ဦးထော်လေးက စတင်စောင့်ရှောက်သည်။ ဦးထော်လေးသည် စေတီတော်အတွက် ထီးတော်ကို ပြင်ဆင်ခြင်း၊ ခေါင်းလောင်းစာရင်းပြုလုပ်ခြင်း၊ ပြန်လည်ဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်သည်။ အလှူဒါနများ စုဆောင်းပြီး စေတီတော်ပြန်လည်ပြုပြင်ရန်အတွက် ငြမ်းဆင်သည်။ တပေါင်းလတွင် ခေါင်းလောင်းများ ပြန်၍ တင်လှူသည်။

၁၈၆၇ − ကုန်းတော်ပတ်လည်ကို အင်္ဂလိပ်ခံတပ်အဖြစ် အခိုင်အမာ စတင်ပြုပြင်သည်။
၁၈၆၉− ရွှေတိဂုံစေတီတော်ကြီးကို စောင့်ရှောက်ရန် ဘုန်းတော်ကြီး ဦးပဏ္ဍိတ ခေါ် ဦးပြားကို နာယကထားပြီး ဂေါပက ဖွဲ့သည်။
၁၈၆၉၊ နိုဝင်ဘာလ ၁၁ − ဂေါပကအဖွဲ့က စည်းဝေး၍ ထီတော်အသစ်တင်၍ ပြည်သူ့အားနှင့် မဖြစ်နိုင်၍ မန္တလေးမှ မင်းတုန်းမင်းကို ဆောင်ရွက်ပါရန် လျှောက်ထားဖို့ ဆုံးဖြတ်သည်။
၁၈၆၉၊ ဒီဇင်ဘလ ၂၆ − မင်းတုန်းမင်း၏ တိဂုံဆံတော်ရှင် ထီးတော်သစ် တင်စေအမိန့်ကို ညီလာခံတွင် ချမှတ်သည်။

၁၈၇၀၊ ဇန်နဝါရီလ ၁၁ − မင်းတုန်းမင်း၏ ထီးတော်သစ်တင်ရန် အမိန့်ချမျတ်ခြင်းကို စေတီတော်ရင်ပြင် သာယာဝတီခေါင်းလောင်းအနီးတွင် မှတ်လွှာဖတ်ပွဲ ပြုလုပ်သည်။
၁၈၇၀၊ မေလ − ထီတော် မန္တလေးတွင် ပြုလုပ်ရန်အတွက် အလှူပါဝင်ရန် ရန်ကုန်မှ ငွေများ၊ ပစ္စည်းများ ပို့သည်။
၁၈၇၁၊ အောက်တိုဘာလ ၂ − ထီးတော်ကြီးကို မန္တလေးတွင် ပြုလုပ်ပြီး၍ မင်းတုန်းမင်းက ရေစက်ချ လှူဒါန်းသည်။
၁၈၇၁၊ အောက်တိုဘာလ ၂၂ − ထီးတော်သစ် ပင့်ဆောင်လာသောအဖွဲ့ ရေနန်းစကြာ သင်္ဘောဖြင့် ရန်ကုန် လမ်းမတော်ဆိပ်သို့ ဆိုက်ရောက်သည်။

၁၈၇၁၊ အောက်တိုဘာလ ၂၆ − ထီးတော်အဖွဲ့ခေါင်းဆောင် မင်းကြီးမဟာမင်းကျော် မင်းထင် (ပုပ္ပါးဝန်ထောက်) က အင်္ဂလိပ် မဟာမင်းကြီးကို အခမ်းအနားဖြင့် အတွင်းဝန်ရုံးတွင် ထီးတော်ပေးအပ်ပွဲလုပ်သည်။
၁၈၇၁၊ အောက်တိုဘာလ ၂၈ − ထီးတော်သစ်သည် ရွှေတိဂုံကုန်းတော်ရှိ ဒေါ်ဖွားစရပ်သို့ ရောက်သည်။
၁၈၇၁၊ နိုဝင်ဘာလ ၁၄ − ထီးတော်ဟောင်းကို တပိုင်းစီ စပြီးချရာ ၁၈ ရက်နေ့တွင် ပြီးသည်။
၁၈၇၁၊ နိုဝင်ဘာလ ၁၉ − ထီးတော်သစ်ကို စ၍တင်ရာ စက်ပျက်၍ မအောင်မြင်။

၁၈၇၁၊ နိုဝင်ဘာလ ၂၁ − ထီးတော် ပထမဘုံကိုတင်၍ ပြီးသည်။
၁၈၇၁၊ နိုဝင်ဘာလ ၂၆ − ထီးတော်သစ်နှင့်တကွ စိန်ဖူးငှက်မြတ်နားတင်၍ ပြီမြောက်အောင်မြင်သည်။
၁၈၇၁၊ နိုဝင်ဘာလ ၂၇ − ပုပ္ပါးဝန်ထောက်နှင့်အဖွဲ့ ရန်ကုန်မှ ထွက်၍ နေပြည်တော်သို့ ပြန်သည်။
၁၈၇၂၊ ဖေဖော်ဝါရီလ ၂၂ − စေတီတော် တပေါင်းပွဲမှာ ခါတိုင်းနှစ်များထက်ထူပြီး စည်ကားခဲ့သည်။ တောရွာများမှ ဘုရားဖူများ အများအပြား လာရောက်ကြသည်။

၁၈၇၂၊ မတ်လ ၁၅ − ကင်းဝန်မင်းကြီးခေါင်းဆောင်သော လန်ဒန်သွားသံအဖွဲ့ ရွှေတိဂုံကုန်းတော်မှာ တက်ပြီး မြောက်မျက်နှာ စရပ်တွင် ဆွမ်းကျွေးသည်။ စေတီတော် အရှေ့ဘက်ရှိ ကျောင်းတော်ရာသို့ သွားကြည့်၏။
၁၈၇၂၊ ဧပြီလ ၁၁ − အင်္ဂလိပ် မဟာရှင်တော်ဝန်မင်းကြီးက နောက်ထပ်ဘဏ္ဍာထိန်း လူကြီးငါးဦးခန့်ထားကြောင်း အမိန့်ထုတ်သည်။ လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းပေးသည်။
၁၈၇၄၊ မတ်လ ၂၆ − ကင်းဝန်မင်းကြီး ဦးဆောင်သော ပြင်သစ်ပြည် ပါရီသွား သံအဖွဲ့ စေတီတော်ကို ဝင်ဖူးရင်း ဆွမ်းတော်ကပ်သည်။
၁၈၇၄၊ စက်တင်ဘာလ ၂၀ − ကင်းဝန်မင်းကြီး၏ ပါရီပြန် သံအဖွဲ့ အပြန်ရန်ကုန်ဝင်ပြီး စေတီတော်ကြီးတွင် တစ်ကြိမ် ဆွမ်းတော်ကြီး ကပ်သည်။

၁၈၈၅၊ ဧပြီလ ၂၉ − ရန်ကုန်ခရိုင် တရားသူကြီးရုံးက ရွှေတိဂုံစေတီ ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ကိုးဦး ခန့်အပ်သည့် ဂေဇက် ထုတ်ပြန်သည်။
၁၈၈၆၊ ဖေဖော်ဝါရီလ − ရုရှား ပါဠိပညာရှင် မိနေယဲ့ မြန်မာနိုင်ငံသို့ရောက်၍ ရွှေတိဂုံစေတီတော်သို့ အဖူးအမြော် တက်ရောက်သည်။ မှတ်တမ်းရေးသည်။
၁၈၈၈၊ အောက်တိုဘာလ ၉ − ငလျင်လှုပ်၍ ငှက်မြတ်နားနှင့် စိန်ဖူတော် အောက်သို့ကျသည်။ ရွဲအထက်မှ အင်္ဂတေများ ကွာကျသည်။

၁၈၈၉၊ မတ်လ ၁၇ − ၁၈၈၈ ခုနှစ် ငလျင်ကြောင့် ပြုတ်ကျသော စိန်ဖူးတော်နှင့် ငှက်မြတ်နားကို ပြင်ဆင်ပြီးနောက် တပေါင်းလ ပွဲတော်တွင် ပြန်၍ တင်လှူသည်။
၁၈၉၈ − မြို့လူထုက မဲဆန္ဒဖြင့် ပထမဆုံး ရွေးကောက်သော ဘဏ္ဍာထိန်းအဖွဲ့ စတင်ဆောင်ရွက်သည်။
၁၉၀၀ − စေတီတော်ကြီးအား ရွှေပြားသင်္ကန်း ကပ်လှူရန် ကြေညာ၍ အလှူရှင်များ ဖိတ်ခေါ်သည်။
၁၉၀၃၊ မတ်လ ၂ − စေတီတော် ခေါင်းလောင်းပုံ တောင်ဖက် အနားလန်စွန်းတွင် ကျားမတစ်ကောင် တက်နေ၍ ဂေါ်ရာများ လာရောက်ပြီး သေနတ်ဖြင့် ပစ်၍ သတ်ရသည်။

၁၉၀၄၊ မတ်လ ၂၆ − စေတီတော် ကိုယ်လုံ:ပြည့် ရွှေသင်္ကန်း ကပ်လှူသည်။
၁၉၀၆ − ပဉ္စမမြောက် ဂျော့ဘုရင်လောင်း ဝေလမင်းသားနှင့် ကြင်ယာတော် မေရီမင်းသမီး ရွှေတိဂုံ ကုန်းတော်ပေါ် တက်ရောက်ကြည်ညိုသည်။
၁၉၀၈၊ အောက်တိုဘာလ ၂ − ဘုရားပိုင် မြေကွက်အကျယ် ၄၉.၇၄ ဧကအတွက် အင်္ဂလိပ်အစိုးရက ဂရန်ထုတ်ပေးသည်။

၁၉၁၈၊ ဖေဖော်ဝါရီလ နှင့် ဇွန်လ − သူရိယမဂ္ဂဇင်းတွင် ကာတွန်း ဦးဘကလေးက ဘုရားပေါ်တွင် မျက်နှာဖြူများ ဖိနပ်စီးသည့် အကြောင်းနှင့် ဖိနပ်စီးသည့် ကိစ္စကြောင့် ဝိုင် အမ် ဘီ အေ အဖွဲ့ကြီး၌ သဘောကွဲပုံကို ကာတွန်းများ ရေးဆွဲ၍ သရော်သည်။
၁၉၁၉၊ ဩဂုတ်လ ၁၉ − ငလျင်လှုပ်၍ ငှတ်မြတ်နားတိုင် ယိုင်သည်။
၁၉၁၉၊ အောက်တိုဘာလ ၂၉ − ဘုရားစေတီများတွင် ဖိနပ်မစီးရဟု အင်္ဂလိပ်အစိုးရက အမိန့်ထုတ်သည်။ သို့ရာတွင် တာဝန်အရ သွာရောက်လျှင် စီးနိုင်သည်ဟု ခြွင်းချက်ပါရှိသည်။

၁၉၁၉ − အင်္ဂလိပ်စစ်တပ်များ ဘုရားကုန်းတော်ပေါ်မှ ပြောင်းရွေ့သွားရန် စပြီး အရေးဆိုသည်။
၁၉၂၀၊ ဒီဇင်ဘာလ ၅ − ရန်ကုန်ကောလိပ်မှ သပိတ်မှောက်ကျောင်းသားများသည် အရှေ့ဘက်၊ ဗဟန်း ဦးအရိယ ကျောင်းတိုက်၌ စခန်းချသည်။
၁၉၂၀၊ ဒီဇင်ဘာလ ၁၂ − အင်္ဂလိပ်အတိုက်အခံ လေဘာပါတီ အမတ်ကာနယ်ဝက်ဂျ်ဝုဒ် ဇနီးမောင်နှံ ဘုရားပေါ်သို့ ဖိနပ်ချွတ်၍ တက်သည်။ ကောလိပ် သပိတ်မှောက်ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည်။

၁၉၂၁၊ မတ်လ ၁၆−၂၃ − ၁၉၁၉ခုနှစ် ငလျင်ကြောင့် ပျက်စီးသော ငှက်မြတ်နားကို ပြုပြင်ပြီး အသစ်တင်ပွဲ ပြုလုပ်သည်။ ဆရာလင်း မော်ကွန်းရေးသည်။
၁၉၂၉၊ ဇန်နဝါရီလ ၂၂ − ကုန်းတော်ပေါ်မှ အင်္ဂလိပ် စစ်သင်္ချိုင်းကို ကန်တော်မင် အင်္ဂလိပ်သင်္ချိုင်းသို့ အခမ်းအနားဖြင့် ပြောင်းသည်။
၁၉၂၉၊ နိုဝင်ဘာလ ၂၇ − ဘဏ္ဍာတော်ထိန်းအဖွဲ့က လက်မှတ်ထိုး၍ ဘုရင်ခံနှင့် ဘုရားလူကြီးတို့ စစ်တပ်ပြောင်းရေး သဘောတူညီချက်ကို ကြေညာသည်။

၁၉၂၉၊ နိုဝင်ဘာလ ၂၉ − အင်္ဂလိပ်စစ်တပ်များ ကုန်းတော်ပေါ်မှ အပြီးအပိုင် ရွှေ့ပေးသည်။
၁၉၃၀၊ ဖေဖော်ဝါရီလ ၈ − အရှင်ဦးဝိစာရ၏ အလောင်းတော်ကို အနောက်ဖက်မုတ်အနီးတွင် ပြည်သူတို့ မီးသြင်္ဂိုဟ်သည်။
၁၉၃၀၊ မတ်လ ၂ − စစ်တပ်များ ရှိစဉ်က ပြည်သူပြည်သားများ တက်ခွင့်မရခဲ့သော အနောက်ဖက်စောင်းတန်းကြီးကို သံဃာအပါး ၄၀၀၀ အားဆွမ်းကျွေး၍ ဖွင့်သည်။ မဏ္ဍပ် ၁၃၀ ကျော်ဖြင့် ကျွေးမွေးဧည့်ခံသည်။
၁၉၃၀၊ မေလ ၅ − ငလျင်ကြီးလှုပ်၍ ငှက်မြတ်နားတိုင်ကျိုးပြီး စိန်ဖူးတော် တွဲလွဲကျသည်။

၁၉၃၀၊ ဇူလိုင်လ ၂၀ − ဦးစံထွန်း တန်ဆောင်းတွင် ဒို့ဗမာသီချင်းဆိုပွဲ ပြုလုပ်ရာ ဝိုင်−အမ်−ဘီ−အေ ဆရာတင်က တိုင်ပေးသည်။
၁၉၃၀၊ စက်တင်ဘာလ − ကုန်းတော်ပေါ်မှာ လူငယ်များ ၅၀၀၀ ကျော် စုဝေးပြီး အစည်းအရုံ:ဖွဲ့သည်။
၁၉၃၁၊ မတ်လ ၆ − ကုန်းတော်ပေါ်မှာ မီးကြီးလောင်သည်။ အဖိုးတန်လက်ရာများနှင့် တန်ဆောင်း ၂၀ ကျော်မီးထဲပါသွားပြီး သိန်း ၂၀ ဖိုး ဆုံးရှုံးသည်။

၁၉၃၁၊ ဧပြီလ ၃၀ − ၁၉၃၀ ငလျင်ကြောင့် ပျက်စီးသော စိန်ဖူးတော် ပြုပြင်ပြီး၍ ပြန်လည် ကပ်လှူသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ဩဘာရတု ရေးသည်။
၁၉၃၂၊ ဇူလိုင်လ ၁၀ − အနောက်ဘက်မုတ် စောင်းတန်းကို ဆောက်ရန် အလယ်တောရ ဆရာတော် အုတ်မြစ်ချသည်။
၁၉၃၅ − စေတီဖိနပ်တော်ရင်း ပတ်လည်တွင် ဂေါပကလူကြီး ဦးဘသော်နှင့် ဒေါ်သဲမေတို့က သံစည်းရိုးကာရန် လှူဒါန်းသည်။

၁၉၃၆၊ ဖေဖော်ဝါရီလ ၂၅ − တက္ကသိုလ် သပိတ်မှောက်ကျောင်းသားများ ကုန်းတော်ပေါ်တက်၍ သပိတ်စခန်းချသည်။
၁၉၃၉၊ ဇန်နဝါရီလ ၈ − ရေနံမြေ သပိတ်မှောက် အလုပ်သမားများနှင့် ရန်ကုန်ဝန်းကျင်မှ သပိတ်သမားများ ရွှေတိဂုံကုန်းတော်ကို ဗဟိုပြု၍ စခန်းချသည်။
၁၉၃၉၊ ဇန်နဝါရီလ ၉ − ကုန်းတော်ပေါ်တွင် နယ်ချဲ့ဆန့်ကျင်ရေး လူထုအစည်းအဝေးပွဲကြီး ပြုလုပ်သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလ ဖြစ်သည်။

၁၉၃၉၊ ဇန်နဝါရီလ ၂၃ − တောင်ဖက်စောင်းတန်းရှိ မော်လမြိုင်ဇရပ်တွင် ဖွင့်လှစ်ထားသော ဒို့ဗမာအစည်းအရုံးဌာနချုပ်သို့ ပုလိပ်မင်းကြီး ပရက်စကော့နှင့်အဖွဲ့ ဖိနပ်စီး၍ တက်ရာ ပြင်းထန်စွာ ကန့်ကွက်ကြသည်။
‘၁၉၃၉၊ ဇွန်လ ၂၂ − လက်ရှိ ရွှေတိဂုံစေတီတော် ဥပဒေကို တရားလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပေးသည်။
၁၉၄၂၊ ဒီဇင်ဘာလ ၉ − ဂျပန်စစ်သေနာပတိနှင့် မြန်မာဝန်ကြီးချုပ် ကုန်းတော်ပေါ်တက်၍ ဖူးပြီး စစ်အောင်နိုင်ရေးအတွက် ဆွမ်းကျွေးသည်။

၁၉၄၃၊ ဩဂုတ်လ ၁ − နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော် ဘုရားဖူးတက်သည်။
၁၉၄၅၊ ဇန်နဝါရီလ ၁ − ဒုတိယကမ္ဘာစစ်တွင် ဂျပန်ရှုံးနိမ့်တော့မည့် အခြေရှိသဖြင့် နိုင်ငံတော် အဓိပတိ ဘုရားဖူးတက်ပြီး စစ်အောင်နိုင်ရေး ဆုတောင်းသည်။
၁၉၄၅၊ မတ်လ ၁၇ − ရွှေတိဂုံစေတီ အနောက်ဘက်ကွင်းမှ မြန်မာ့တပ်မတော်က ရန်သူကို တိုက်ရန် စစ်ထွက်ပွဲ ပြုလုပ်သည်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောသည်။

၁၉၄၅၊ နိုဝင်ဘာလ ၁၈ − ဖ−−ဆ−−ပ−−လ ပြည်လုံးကျွတ်ညီလာခံကို စေတီတော်ကုန်မြေ အလယ်ပစ္စယာ၌ တက်ရောက်သည်။ ပရိတ်သတ် တစ်သိန်းကျော် တက်သည်။
၁၉၄၆၊ ဇွန်လ ၁၂ − စစ်ဘေးရန်ကြောင့် ကုန်းတော်ပေါ်တွင် ခိုလှုံနေထိုင်ခဲ့ကြသူများအား ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ အမိန့်ဖြင့် ပြောင်းရွှေ့ရန် အကြောင်းကြားသည်။
၁၉၄၆၊ စက်တင်ဘာလ − နယ်ချဲ့ကို ဆန့်ကျင်သော အစိုးရအမှုထမ်းပေါင်းစုံ သပိတ်များ ကုန်းတော်ပေါ်တွင် စခန်းချသည်။ ပုလိပ်သပိတ်အဖွဲ့လည်း ပါဝင်သည်။

၁၉၄၈၊ ဇန်နဝါရီလ ၂ − မြန်မာနိုင်ငံမှ ပြန်ရတော့မည့် အင်္ဂလိပ်နောက်ဆုံး ဘုရင်ခံ ဟူးဘတ်ရန့်စ် ကုန်းတော်ပေါ်သို့ လာရောက်၍ ကြည်ညိုသည်။
၁၉၇၀၊ စက်တင်ဘာလ ၅၊၆ ငလျင်များလှုပ်သည်။ စေတီတော် ပိန္နဲတိုင်စောင်း၍ ဆည်းလည်းအချို့ ပြုတ်ကျသည်။
၁၉၇၁၊ မတ်လ ၇ − ယမန်နှစ်အတွင် ငလျင်ကြောင့် ပိန္နဲတိုင် တိမ်းစောင်းသွားသည်ကို ပြုပြင်ခြင်းနှင့် ထီးတော်တင် စစ်ဆေးခြင်း၊ ငှက်မြတ်နား ပြုပြင်ခြင်း၊ ရွှေပြားနှင့် ရတနာများ၊ ဆည်းလည်းများ လှူခြင်းများ၏ ကုသိုလ်အစုစု သိန်း ၁၀၀ ကျော်ဖိုးကို ရင်ပြင်တွင် ရေစက်ချ လှူဒါန်းသည်။

၁၉၇၂၊ ဧပြီလ/မတ်လ – စေတီတော် ပထမ ဖောင်းရစ် အထက်တွင် ၁၉၀၃ ခုနှစ်မှစ၍ ရှစ်ကြိမ်မျှခွဲပြီး တစ်ပေပတ်လည် ရွှေပြား ၁၃၁၅၃ ပြား ကပ်လှူထားခဲ့ရာမှ ကျန်းဖောင်းရစ်အားလုံး ရွှေပြားကပ်လှူနိုင်ရန် အလှူရှင်တို့၏ နောက်ထပ်ရွှေပြား ၁၁၂၉ ပြား ပူဇော်ရန် စီစဉ်သည်။ တစ်ပြားလျှင် ခြောက်ကျပ်သားရှိ၍ ကာလတန်ဖိုး ၃၀၀၀ ကျပ်ဖြစ်သော ရွှေပြားများကို မေလဆန်း ၄ ရက်နေ့မှ စ၍ ကပ်လှူသည်။ တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း လှူဒါန်းကြသည်။

နောက်ပိုင်းလူတွေမသိလောက်တဲ့ ရွှေတိဂုံစေတီ မီးအကြီးအကျယ်လောင်မှု

စာပေဗိမာန်ထုက် မြတ်ဘုရားရွှေတိဂုံ စာအုပ်မှ

Tags: myanmar historymyanmar knowledgepagodas
Next Post
အမေရိကန်တို့ရဲ့ဖခင်ကြီး ” ဘန်ဂျမင်ဖရန့်ကလင်း “

အမေရိကန်တို့ရဲ့ဖခင်ကြီး " ဘန်ဂျမင်ဖရန့်ကလင်း "

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!