လူသားတွေရဲ့အတွေးအခေါ် ၊အယူအဆတွေကြောင့် ကမ္ဘာကြီးဟာအဆင့်ဆင့် ပြောင်းလဲလာရပါတယ်။ ကမ္ဘာ့သမိုင်းတလျှောက်မှာ ဂရိနိုင်ငံက အထင်ကရ အတွေးအခေါ်ပညာရှင်ပေါင်းများစွာပေါ်ထွက်ခဲ့ပြီး မျက်မှောက်ခေတ်ကာလအထိ လူသား တွေစံနမူနာထား မှတ်သားရမဲ့ အတွေးအခေါ်၊စိတ်ကူးစိတ်သန်းများစွာကို ချန်ထားခဲ့ ကြပါတယ်။ ဂရိက အတွေးအခေါ်ပညာရှင်လို့ ဆိုလိုက်တာနဲ့ ဆိုခရေးတီး ၊ ပိုက်သာဂိုးရပ် ၊ အရစ္စတိုတယ် ၊ ပလေတို ၊ အာခီးမီးဒီး ၊ ဒိုင်အိုဂျီးနီး စတဲ့သူတွေကို ပြေးမြင်ကြပါလိမ့်မယ်။
ဒါပေမယ့် အခုတစ်ခါ သုတဇုန်မိတ်ဆွေတွေထံ မျှဝေမှာ သူတို့ရဲ့အကြောင်း မဟုတ်ပါဘူး။ သူတို့မတိုင်ခင်က ပေါ်ထွန်းခဲ့တဲ့ The Seven Sages of Greece လို့နာမည်ကြီးသော ဂရိပညာရှင်ကြီး ၇ဦးရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ရှေးဂရိနိုင်ငံရဲ့အတွေးအေခါ်ပညာရှင် များစွာရှိတဲ့အနက်က ဒီ ၇ယောက်ဟာ ဘီစီ(၆)ရာစုအစောပိုင်းကာလတွေဆီက ဂရိနိုင်ငံရဲ့နာမည်ကျော်အတွေးအခေါ်ပညာရှင်၊ နိုင်ငံရေးပညာရှင်၊ စည်းမျဉ်းဥပဒေသစ်တွေတီထွင်သူပညာရှင်တွေစတာတွေ ဖြစ်ကြပါတယ်။
(၁) CLEOBULUS (ကလီယိုဘလပ်စ်) – ဘီစီ ၆၀၀
ယခုဆိုက်ပရပ်နိုင်ငံ၊ Salamis ရဲ့ဘုရင် Evagoras ရဲ့သားတော်တစ်ဦးဖြစ်တဲ့ CLEOBULUS ဟာ Rhodes ကျွန်းပေါ်က Lindus မြို့သား ကဗျာဆရာတစ်ဦးအဖြစ် လူသိများပါတယ်။ နာမည်ကျော်စစ်သူကြီး Alexandria ကတော့ CLEOBULUSကို Lindians လူမျိုးတွေရဲ့ ဘုရင်အဖြစ်အသိအမှတ်ပြုခဲ့ပြီး ဂရိနာမည်ကျော်အထ္ထုပတ္တိရေးသားသူတစ်ဦးလည်း ဖြစ်တဲ့ Plutarch ရဲ့မှတ်တမ်းတွေမှာတော့ အာဏာရှင်တစ်ယောက်အဖြစ် CLEOBULUS ကိုဖော်ပြထားပါတယ်။ ဂရိ ရှေးဟောင်းမှတ်တမ်းတွေကိုရေးသားခဲ့သူ စာရေးဆရာ Diogenes Laertius ရဲ့မှတ်တမ်းတွေအရတော့ Lindus မြို့သားတွေဟာ အများဆန္ဒသ ဘောထားအရ CLEOBULUS ကို အေသင်မြို့မှာအုပ်စိုးထားတဲ့ Peisistratus တွေဆီ ကနေဆောင်ယူပြီး Lindusရဲ့အုပ်ချုပ်ရေး၊တရားရေး အာဏာတွေကို အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။
ယင်းကာလက သူ့ရဲ့အတွေးအခေါ်၊ ဒသနအများစုဟာ Lindus မြို့အပါအဝင် ဂရိမြို့ပြနိုင်ငံအတော်များများကိုလွှမ်းမိုးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ အချို့ရာဇဝင်တွေကလည်း CLEOBULUS ဟာ အီဂျစ်ပြည်မှာ အတွေးအခေါ်ပညာရပ်တွေကို သင်ကြားခဲ့တာဖြစ်ပြီး သူမှာ Cleobulina အမည်ရတဲ့သမီးတစ်ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ သမီးဖြစ်သူဟာလည်း နာမည်ကျော်ကဗျာဆရာမတစ်ယောက်ဖြစ်ပြီး သူမရေးဖွဲ့ခဲ့ တဲ့ hexameter verse တွေဟာ နာမည်ကျော်ပါတယ်။ CLEOBULUS ဟာအသက်(၇၀) အထိနေထိုင်သွားခဲ့ပြီး လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင် အလှတရားတွေအကြောင်းကို ထင်သာမြင်သာရှိအောင် ခွဲခြားပြဆိုခဲ့ပါတယ်။
(၂) Solon (ဆိုလွန်) – ဘီစီ(၆၃၈-၅၅၈)
အေသင်မြို့က ဥပဒေနဲ့နိုင်ငံရေးပညာရှင်လည်းဖြစ်၊ ကဗျာဆရာတစ်ယောက်လည်း ဖြစ်တဲ့ Solon ဟာ အလွန်ရှေးကျနေတဲ့ အေသင်မြို့ရဲ့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးဆိုင်ရာဥပဒေတွေကိုပြောင်းလဲ ပြင်ဆင်ဖို့ကြိုးစားခဲ့သူဖြစ်ပါတယ်။ အဲဒီကြိုးစားမှုကြောင့်ပဲ သူဟာသမိုင်းမှာတွင်လောက်တဲ့ပညာရှင်အဖြစ်သတ်မှတ်ခံခဲ့ရပြီး သူရဲ့ပြောင်းလဲပြင်ဆင်ရေးကြိုးပမ်းမှုတွေဟာ အစောပိုင်းကာလတွေမှာတော့ မအောင်မမြင်ဖြစ်ခဲ့ရပါတယ် ။ နောက်ပိုင်းမှာတော့ ကမ္ဘာပေါ်မှာအစောဆုံး ဒီမိုကရေစီစနစ်သုံးစွဲခဲ့တဲ့ လူအဖွဲ့အစည်းတွေအနက် တစ်ခုဖြစ်လာခဲ့တဲ့ အေသင်မြို့သားတွေအတွက် Solonရဲ့ပြုပြင်ပြောင်းလဲရေး ဥပဒေတွေဟာ အလွန်ကို အရေးပါလာခဲ့ပါတယ်။
သူဟာ စိတ်ရွှင်လန်းဖွယ်ရာ ကဗျာလင်္ကာတွေ ၊မျိုးချစ်စိတ်ကို လှုံဆော်ပေးတဲ့လင်္ကာတွေနဲ့ နောက်ပိုင်း အေသင်မြို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေအစား ဒီမိုကရေစီ ဝါဒကိုအခြေခံထားတဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ အစားထိုးဖို့ကို ရည်ရွယ်တဲ့ ကဗျာတွေ ကိုစပ်ဆိုရေးသားခဲ့ပါတယ်။ သူ့ရဲ့လှုံဆော်တဲ့တေးသီချင်းကြောင့် အေသင်သားတို့ စိတ်အားတက်ကြွခဲ့ပြီး မက်ဂရာတို့လက်အောက်ရောက်နေတဲ့ ဆလမစ်ကျွန်းကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဆင်းရဲ့သားတို့ဘက်မှ ရပ်တည်ကာ သူဌေး သူကြွယ် အာဏာရှိလူတန်စားများကို ရင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။
(၃) Chilon of Sparta (ချေလွန်) – ဘီစီ(၅၅၅)
ဂရိလူမျိုးနိုင်ငံရေးပညာရှင်တစ်ဦးရဲ့သားဖြစ်တဲ့ Chilon ဟာ ဘီစီ(၆)ရာစုအစောပိုင်းကာလက ပေါ်ပေါက်ခဲ့တဲ့အတွေးခေါ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ ရှေးဂရိစာပေလောကရဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမိုင်းဆိုင်ရာ ကျမ်းပြုပုဂ္ဂိုလ် Herodotus၊ သူနဲ့ခေတ်ပြိုင်စာပေပညာရှင် တစ်ဦးဖြစ်တဲ့ Hippocrates နဲ့ Diogenes Laertius တို့ရဲ့မှတ်တမ်းတွေအရတော့ Chilon ဟာ ရှေးခေတ်အိုလံပစ်ပြိုင်ပွဲ ကာလအတွင်း (၅၂)ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲ (၅၇၂)Bc မှာနိုင်ငံရေးနဲ့စာပေလော ကမှာသတိပြုမိရလောက်အောင်ထင်ရှားလာခဲ့ပါတယ်။ (၅၅၆) Bc မှာကျင်းပခဲ့တဲ့ (၅၆) ကြိမ် မြောက်အိုလံပစ် လူထုစုရုံးပွဲမှာတော့ Enphor လို့ခေါ်တဲ့ တရားရေးနဲ့အုပ်ချုပ်ရေး အာဏာတွေအပ်နှင်းခံရတဲ့ လူထုခေါင်းဆောင်တစ်ယောက်အဖြစ် အများဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ခြင်းကိုခံခဲ့ရပါတယ်လို့ ဖော်ပြထားကြပါတယ်။
အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်တဲ့ Alcidamas ရဲ့စာပေတွေမှာတော့ Chilon ဟာ စပါတာမြို့ရဲ့ ဂျူရီလူကြီးတစ်ဦးဖြစ်တယ်လို့ဖော်ပြထားတာကိုလည်း တွေ့ရှိရပါတယ်။ Diogenes Laertius ရဲ့မှတ်တမ်းတစ်ခုမှာတော့ Chilon ဟာ ယင်းကာလကအုပ်စိုးခဲ့တဲ့ စပါတာမြို့ပြနိုင်ငံဘုရင်တွေရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ပထမဆုံးထမ်းဆောင်ရတဲ့ ပညာရှင်တစ်ဦးဖြစ်သလို ယင်းနောက်ပိုင်းဆက်ခံခဲ့တဲ့ မြို့ပြ ဘုရင်တွေအတွက်လည်း အထူးအကြံပေးသူထားရှိဖို့ လိုအပ်တဲ့ပြုပြင်မှုတွေကို စနစ်တကျ ချမှတ်ခဲ့သူဖြစ်တယ်လို့ဖော်ပြထားပါတယ်။ Chilon ရဲ့နည်းစနစ်ဟာ ယနေ့အချိန်ထိအလုပ်ဖြစ်နေတယ်လို့ဆိုရမှာဖြစ်ပြီး နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ထားရှိတဲ့စနစ်ဟာ ကမ္ဘာနိုင်ငံအတော်များများမှာ ထားရှိနေတာကိုလည်းတွေ့ရပါတယ်။
(၄) Periander , Tyrant of Corinth (ပယ်ရီယန်ဒါ) – ဘီစီ(၆၃၄-၅၈၅)
Periander ကတော့ Corinthမြို့ပြနိုင်ငံကို သက်ဦးဆံပိုင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့ Cypelid မင်းဆက်ရဲ့ ဒုတိယမြောက်ဘုရင်တစ်ပါးဖြစ်ပါတယ်။ သမိုင်းဆရာအချို့က အာဏာရှင်တစ်ယောက် အဖြစ်စွပ်စွဲခဲ့ကြပေမဲ့ သူရဲ့အုပ်ချုပ်ရေးနည်းစနစ်တွေကြောင့် Corinth ဟာ ဂရိမြို့ပြနိုင်ငံတွေအကြား ချမ်းသာ ကြွယ်ဝလွန်းတဲ့ ဂုဏ်ရှိန်နဲ့ နာမည်ကျော်ခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။ Periander ဟာကြမ်းတမ်း ခက်ထန်ပြီးရက်စက်တဲ့အာဏာရှင်တစ်ယောက်အဖြစ်နဲ့ဖော်ပြထားတဲ့ သမိုင်းမှတ်တမ်း တွေရှိသလို တစ်ဖက်ကလည်း သူဟာမျှမျှတတနဲ့ကျောသားရင်သားမခွဲခြားတတ်တဲ့ ဘုရင်ဖြစ်ပြီး အပြစ်ရှိသူကိုလည်း ပြတ်ပြတ်သားသားအပြစ်ပေးလေ့ရှိသူဖြစ်တယ်လို့ ဖော်ပြကြပါတယ်။
ဘီစီ (၆)ရာစုအတွင်းနာမည်ကျော် ဂရိပညာရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရတဲ့ Periander ဟာ စစ်ဘုရင်တစ်ယောက်ဖြစ်သလို သူရဲ့နယ်ပယ်အတွင်းမှာ အမြင့်မားဆုံး သောဘုန်းတန်ခိုးပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ သူဟာ စာပေကျမ်းဂန်ဆိုင်ရာ ပညာရပ်တွေမှာလည်း ကျွမ်းကျင်နှံ့စပ်သူတစ်ဦးဖြစ်ပြီးအတွေးအခေါ်ပညာရပ်ဆိုင်ရာ ဒသနတွေနဲ့ ကဗျာလင်္ကာများစွာကိုလည်း သီကုံးခဲ့သူဖြစ်ပါတယ်။ သူဟာ အကြောင်းရေ(၂၀၀၀)ခန့်ရှိတဲ့ ဉာဏ်ပညာရပ်ဆိုင်ရာ ပညာပေးကဗျာရှည်ကြီးတစ်ပုဒ်ကို ရေးသားသီကုံးခဲ့သူအဖြစ်လည်းဖြစ်ပါတယ်။
(၅) THALES OF MILETUS (သေးလိစ်) – ဘီစီ(၆၂၄-၅၄၆)
အာရှမိုင်းနားဒေသ MILETUS မြို့ပြနိုင်ငံ (ယခုတူရကီနိုင်ငံ)မှာပေါ်ထွန်းခဲ့တဲ့ THALES ဟာ ဆိုကရေးတီးမ တိုင်ခင်ကာလကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဂရိသင်္ချာပညာ၊အတွေးအခေါ်ပညာနဲ့နက္ခတ်ဗေဒပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သမိုင်းပညာရှင်အများစုကတော့ THALES ဟာ ဂရိသမိုင်းမှာတော့ Aristotle ထက်ပိုစောတဲ့ အတွေးအခေါ် ပညာရှင်တစ်ဦးဖြစ်ပြီး အနောက်တိုင်းနိုင်ငံအားလုံးရဲ့ ရှေးကျတဲ့အယူအဆတွေအစား သိပ္ပံနည်းကျတဲ့အတွေးအခေါ်တွေကို စတင်နိုင်ဖို့ အရင်ဆုံး စေ့ဆော်ပေးနိုင်ခဲ့တဲ့ပညာရှင်တစ်ဦး သတ်မှတ်ထားခဲ့ကြပါတယ်။
သူ့ကို လျှပ်စစ်ဓာတ်အားအကြောင်း ပထမဆုံး သတိပြုမိခဲ့သူလို့လည်း ဆိုနိုင်ပါတယ်။ ပယင်းကို ကြောင်မွှေးနဲ့ ပွတ်တိုက်ရာမှ လျှပ်အားဝင်ပြီး ငှက်မွှေးကို မထိပဲရွှေ့လို့ရကြောင်း မှတ်တမ်းတင်ခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းက ဒါကို ဂရိလို Elektron လို့ခေါ်ခဲ့ပြီး လက်တင်လို electrum ခေါ်ခဲ့ကာ ယနေ့မှာတော့ Electric လို့ခေါ်နေပါပြီ။ THALES ရဲ့အယူအဆ၊အကြံဉာဏ်တွေဟာ သမိုင်းမှတ်တမ်းမှာကျန်ရှိခဲ့မှု အလွန်နည်းပါးခဲ့တာ ကိုတွေ့ရပြီး သူရဲ့မှန်ကန်ချက်တွေကို ပညာရှင်တွေက ဆက်လက်ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
(၆) BIAS OF PRIENE (ဘိုင်စ်) – (ဘီစီ ၆၀၀)
BIAS ကိုတော့ ဂရိမြို့ပြနိုင်ငံတစ်ခုဖြစ်တဲ့ PRIENE မြို့မှာမွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူက တော့ မက်ဆီဒိုးနီးယား မင်းမှုထမ်းတစ်ဦးဖြစ်တဲ့ Teutamus ဆိုသူဖြစ်ပါတယ်။ Bias ဟာ သူရဲ့ဉာဏ်ပညာအမြော်အမြင်နဲ့ ချင့်ချိန်နိုင်စွမ်းကိုအသုံးချပြီး အမှန်တရားနဲ့မျှတမှု အကာအကွယ်ပေးခဲ့ပြီးအခြေခံဥပဒေများစွာကို ပြည်သူတွေအကြား ချပြနိုင်ခဲ့ပါတယ် (အများနဲ့သက်ဆိုင်တဲ့ လိုက်နာစရာ စည်းကမ်းတွေကိုပါ ချမှတ်နိုင်ခဲ့သူဖြစ်ပါတယ်။) သူရဲ့တရားစီရင်မှုဆိုင်ရာ ပါးနပ်လိမ္မာမှုတွေကြောင့် သူရဲ့စီရင်ထုံးတွေဟာ မှတ်တမ်း၊ မှတ်ရာနဲ့တစ်ကွ အခြားသောဂျူရီလူကြီးတွေလိုက်လံတုပ စီရင်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒါအပြင် တရားခံဘက်ကနေ ပြန်လဲလျှောက်ထားချက်တွေကိုလည်း ပြန်လည်စိစစ်ပြီး တရားသူကြီးအနေနဲ့ ပြန်လည်ချင့်ချိန်ရမယ်ဆိုတဲ့မူဟာ BIAS လက်ထက်မှာပိုမို တွင်ကျယ်လာခဲ့တယ်လို့ နာမည်ကျော်ဂရိစာရေးဆရာနဲ့ ပညာရှင် Hipponax ရဲ့ မှတ်တမ်းတွေမှာ အခိုင်အမာဖော်ပြထားတာကိုတွေ့ရပါတယ်။
အခြား ဂရိစာရေးဆရာတစ်ယောက်ဖြစ်တဲ့ Dicaearchus ကတော့ (၆)ရာစုမှာပေါ် ပေါက်လာခဲ့တဲ့ တရားစီရင်သူတွေထဲမှာတော့ BIAS ဟာအတော်ဆုံးဖြစ်ပြီး Seven Sages စာရင်းမှာပါဝင်တဲ့ တရားသူကြီး(၄)ဦးအနက်မှာလည်း သူသာ အထင်ပေါ်ဆုံး ဖြစ်တယ်လို့ ချီးကျူးထားတာကိုတွေ့ရပါတယ်။ BIASရဲ့တရားစီရင်မှု အနက်က ကျော်ကြားတဲ့ စီရင်မှုတစ်ခုကတော့ အပြစ်ဒဏ်သင့်အမျိုးသမီးငယ်လေးတွေကို စီရင်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ လိမ်လည်မှု၊ခိုးမှုစတာတွေ ကျူးလွန်တဲ့ Messina ဒေသက အမျိုးသမီး ငယ်လေးတွေဟာ ထောင်ဒဏ်ချမှတ်အပြစ်ပေးရမှာဖြစ်ပေမဲ့ BIAS ကတော့ ကျူးလွန် သူအမျိုးသမီးအားလုံးကို လူကျင့်ဝတ်ဆိုင်ရာပညာရပ်တွေနဲ့စာကောင်းပေမွန်တွေ သူ ကျေနပ်လောက်တဲ့အထိ သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ သင်ယူမှုအားလုံးပြီးဆုံးချိန် မှာတော့ BIASဟာ ပြစ်ဒဏ်သင့်မိန်းကလေးငယ်တွေကို အပြစ်ကနေလွှတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပြီး နေရပ်ကိုပြန်စေခဲ့ပါတယ်။ BIAS ရဲ့စီရင်ထုံးဟာ အစပိုင်းမှာတော့ ဝေဖန် သူတွေရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အမှန်တကယ်အကျိုးရှိခဲ့ပြီး ယနေ့တိုင် ဒီစီရင်ထုံး နည်းအတိုင်း ကျင့်ကြံနေရဆဲဖြစ်ပါတယ်။
(၇) PITTACUS OF MYTILENE (ပီတာကပ်စ်) – ဘီစီ(၆၄၀-၅၆၈)
PITTACUS ရဲ့မွေးဖွားရာဇာတိကတော့ Lesbos ကျွန်းပေါ်က Mytilene မြို့မှာဖြစ်ပြီး ဖခင်ကတော့ Hyrradius ဖြစ်ပါတယ်။ PITTACUS ဟာ စစ်ဗိုလ်ချုပ်အဖြစ် Mytilenaean မြို့သားတွေကိုဦးဆောင်ပြီး အေသင်မြို့က Phrynon စစ်သည်ကို အောင်နိုင်ပြီးတဲ့နောက်ပိုင်းမှာတော့ Mytilenaean ရဲ့ အမြင့်မားဆုံးသောဂုဏ်ထူး၊ ဘွဲ့ထူးတွေနဲ့ အကြွင်းမဲ့အာဏာကို ရရှိခဲ့ပါတယ်။ PITTACUS ဟာ ထီးနန်းစည်းစိမ်ကို (၁၀)နှစ်လောက်ခံစားပြီးချိန်မှာတော့ သူဟာ ဟောင်းနွမ်းပြီးရှေးကျပြီးအခွင့်ထူး ခံလူတန်းစားတွေကိုအကာအကွယ်ပေးထားတဲ့ Mytilenaean တွေရဲ့ အခြေခံဥပဒေတွေကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
အရက်သေစာ သောက်သုံးပြီး ပြစ်ဒဏ်ကျူးလွန်သူတွေကို မူရင်းပြစ်ဒဏ်ထက်(၂)ဆအထိ ဒဏ်တပ် ခြင်းအပါအဝင် မင်းဆွေမင်းမျိုးကအစ အပြစ်ပေးအရေးယူတဲ့ သာတူညီမျှ ဥပဒေတွေ ကိုထုတ်ပြန်ကျင့်သုံးစေခဲ့ပါတယ်။ PITTACUSရဲ့ အခြေခံဥပဒေတွေဟာ အခွင့်ထူးခံ လူတန်းစားတွေကို တိုက်ရိုက်အခက်တွေ့စေခဲ့ပြီး မူးယစ်သောက်စားပြီးရမ်းကားတာနဲ့ အပြစ်ပေးအရေးယူခဲ့တယ်လို့ မှတ်တမ်းတွေကဖော်ပြခဲ့ပါတယ်။ PITTACUS ရဲ့ ကျောသားရင်သားမခွဲခြားပဲ ဥပဒေအထက်မှမည်သူမှမရှိရဆိုတဲ့ လမ်းစဉ်ကြောင့် များစွာသော အခြေခံလူတန်းစားတွေနဲ့ စာပေပညာရှင်တွေရဲ့ ချီးကျူးဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။
သုတဇုန်
Discussion about this post