ရေးသားသူ – သန်းဝင်းလှိုင်(မိုးမခ)
ဒုံးပျံကို မည်သည့်အချိန်က စတင်တီထွင်ခဲ့သည်ကို နှောင်းလူတို့ အတိအကျ မသိသော်လည်း ပထမဆုံး မှတ်တမ်းတင်အပ်သော အကြောင်းအရာမှာ ၁၃ ရာစုနှစ်အတွင်း ၁၂၃၂ ခုနှစ်၌ တရုတ်နှင့် မွန်ဂိုတို့ ဖြစ်ပွားခဲ့သော စစ်ပွဲဖြစ်၏။ ဟိုနန်ပြည်နယ်အတွင်းရှိ “ကေဖန်ဖူး” (Kai-fang Fu) မြို့ကို မွန်ဂိုစစ်သည်များ ဝိုင်းရံတိုက်ခိုက်သောအခါ အဝိုင်းခံရသော တရုတ်စစ်သားများက မွန်ဂိုစစ်သည်များအား ဒုံးပျံများဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့သည်ဟူ၍ ဗြိတိန်နိုင်ငံသား ဒုံးပျံသုတေသီ “မီလီလေး” က မှတ်တမ်းတင်ခဲ့သည်။ ဤသည်မှာ ဒုံးပျံများကို ပထမဆုံး အသုံးပြုသည့် သမိုင်း အထောက်အထားပင် ဖြစ်သည်။
ထို့နောက် ၁၂၄၁ ခုနှစ်တွင် တာတာလူမျိုးများနှင့် ပိုလန်လူမျိုးတို့ ဥရောပတိုက်၌ စစ်ဖြစ်ကြရာတွင် တာတာလူမျိုးတို့က ဒုံးပျံများကို အသုံးပြု၍ ပိုလန်စစ်သည်များကို နှိမ်နှင်းခဲ့သည်ဟူ၍လည်း သုတေသီများက လေ့လာတွေ့ရှိခဲ့သေးသည်။ ဥရောပတိုက်မှ လူမျိုးများသည်လည်း ထိုဒုံးပျံများကို တုပလုပ်ကိုင်၍ စစ်ပွဲသုံး လက်နက်အဖြစ် ဆက်လက် သုံးစွဲခဲ့ကြသည်။ ခရစ်သက္ကရာဇ် ၁၆၀၀ ပြည့်နှစ်ခန့်တွင် အမြှောက်ကြီးများ ခေတ် ရောက်လာသောကြောင့် ဒုံးပျံများကို အသုံးပြုမှု နည်းသွားလေသည်။ မီးရူးမီးပန်းများ ဖောက်ရန်အတွက်ပါ သုံးသူ ရှိကြလေသည်။
ဗြိတိသျှတပ်များဖက်မှ အမြှောက်တပ်မှူးတစ်ဦးဖြစ်သူ “ဝီလျံကွန်းဂရိ” (William Congreve) ဆိုသူသည် ဒုံးပျံများကို ပြုလုပ်ရန် စိတ်ဝင်စားလာပြီး ၁၈ဝ၅ ခုနှစ်တွင် ကြံစည်စမ်းသပ်ရာ ကိုက် ၂ဝဝဝ အကွာထိ ပြေးသော ဒုံးပျံများကို သုံးစွဲလာနိုင်လေသည်။ ၁၈၁၂ ခုနှစ်က အမေရိကန်လွတ်လပ်ရေး စစ်ပွဲများအတွင်း၌ အင်္ဂလိပ်တို့က ရန်သူခံတပ်များပေါ်သို့ လွှတ်သော ဒုံးပျံများမှာ ကွန်းဂရိ၏ ဒုံးပျံများသာ ဖြစ်လေသည်။ သို့ရာတွင် မကြာမီပင် ဒုံးပျံများ ခေတ် တိမ်ကောသွားပြန်သည်။ အကြောင်းမှာ အမြောက်များကဲ့သို့ ပစ်မှတ်ကို တည့်မတ်စွာ မထိမှန်သဖြင့် လူသုံးနည်းသွားခြင်း ဖြစ်သည်။ ၁၉ ရာစှ နှစ်အစပိုင်းသို့ ရောက်မှသာ သိပ္ပံပညာရှင်အချို့သည် ဒုံးပျံဖြင့် ခရီးသွားလာရေးကို အလေးအနက်ပြု၍ စမ်းသပ်လာကြသည်။

၁၈၉၈ ခုနှစ်၌ ရုရှားလူမျိုး “ကွန်စတန်ဆီအိုကော့စကီး” Konstantin Tsiolkovsky (၁၈၅၇ – ၁၉၃၅) သည် ဒုံးပျံတည်ဆောက်ရေး အခြေခံသဘောတရားကို ကမ္ဘာပေါ်တွင် ပထမဆုံး တင်ပြနိုင်ခဲ့သည်။ ဆီအိုကော့စကီးအား ၁၈၅၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် သစ်ခုတ်သမား မိသားစုမှ မွေးဖွားခဲ့သည်။ သူ့ဖခင်မှာ တောခေါင်းကြီးဖြစ်၍ ပိုလန်နွယ်ဖွားတစ်ဦးဖြစ်သည်။ သူ၏ ဖခင်သည် အားလပ်ချိန်များတွင် တီထွင်မှုများ ပြုလုပ်ယင်း ပျော်မွေ့သူတစ်ဦး ဖြစ်သည်။ သို့သော် သူ တီထွင်မှုများမှာ အောင်မြင်ခြင်း မရှိခဲ့ချေ။ ဆီအိုကောစကီး အသက် ၁၁ နှစ် အရွယ်တွင် အဖျားရောဂါကြောင့် နားပင်း၍ သွားခဲ့လေသည်။ သို့သော် မိမိကိုယ်မိမိ ပညာရရှိအောင် ကြိုးစားဆည်းပူး အားထုတ်ခဲ့သည်။ အသက် ၂ဝ အရွယ်တွင် ကာလူးဂါး မြို့လေးတစ်မြို့၌ ကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့လေသည်။ အသက် ၂၃ နှစ် အရွယ်တွင် ဆီအိုကော့စကီးသည် မည်သည့်အကူအညီမျှမပါပဲနှင့် အလင်းရောင်၏ မြန်နှုန်းကို တိုင်းတာနိုင်သော ကိရိယာတစ်ခုကို ပြုလုပ်နိုင်ခဲ့လေသည်။ ထိုအချိန်၌ အလားတူ ကိရိယာမျိုးကို အခြား သိပ္ပံပညာရှင် အချို့က အနည်းငယ်စော၍ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်းကို သူမသိခဲ့ပေ။

မူလက အတောင်ပံတပ်၍ ထိန်းကျောင်းပေးနိုင်သော ယဉ်များ၌ စိတ်ဝင်စားခဲ့သော်လည်း ၁၈၉၅ ခုနှစ်သို့ ရောက်သောအခါ အာကာသခရီးသွားလာရေးကို အာရုံစိုက် လေ့လာခဲ့သည်။ ဆီအိုကော့စကီးသည် ဒုံးပျံများကို လွှတ်တင်ရန် နယူတန်ရှာဖွေတွေ့ရှိခဲ့သော “အားတစ်ခုတိုင်း၌ တန်ပြန်သက်ရောက်မှု ရှိသည်” ဟူသော သဘောတရားကို အသုံးပြုရန်နှင့် ဒုံးပျံများ၌လည်း အရည်လောင်စာများကို သုံးစွဲသင့်ကြောင်း တင်ပြခဲ့သည်။ ထို့ပြင် ဒုံးပျံများ ပစ်လွှတ်ရာ၌ တစ်ဆင့်တည်းသာ ဖောက်ခွဲပစ်လွှတ်ခြင်း မပြုပဲ အဆင့်ဆင့် ဆက်တိုက်ဖောက်ခွဲပစ်လွှတ်ရန် နည်းလမ်းများကိုလည်း စိတ်ကူးရခဲ့သူ ဖြစ်သည်။ ဤသို့သော ဆီအိုကော့စကီး၏ ကြံစည်စိတ်ကူးမှုများမှာ အလွန်တရာ ကြီးကျယ်လှသော်လည်း လက်တွေ့ အသုံးချနိုင်ရန် အခွင့်အလမ်းများ မရရှိခဲ့ပေ။ တိုင်းခြား၌ သူ၏ အမည်ကို မကြားဖူးကြသည့်ပြင် ရုရှား ပြည်တွင်း၌လည်း သူ့အားကူညီပေးမည့်သူ မရှိသဖြင့် သူ၏ စိတ်ကူးစိတ်သန်းများသည် စာရွက်ပေါ်၌သာ ကျန်ရစ်ခဲ့ရသည်မှာ များစွာ နှမြောဖွယ် ကောင်းလှပေသည်။
ထိုသူ၏ ပညာကို အမွေခံယူ၍ တကယ့်ဒုံးပျံများတွင် အရည်လောင်စာကို ထည့်သွင်း၍ အသုံးပြုခဲ့သူမှာ အမေရိကန်လူမျိုး “ရောဘတ်ဂေါ့ဒတ်” Robert H.Goddard (၁၈၈၂ – ၁၉၄၅) ဆိုသူ ဖြစ်သည်။ ရော့ဘတ်ဂေါ့ဒတ်အား ၁၈၈၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့၌ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ် ဝေါ့ဆက်စတာမြို့တွင် ဖွားမြင်ခဲ့ပြီး ၊ ဘော့စတွန်မြို့တွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ နောက်ပိုင်း၌ ဝေါ့ဆက်စတာမြို့သို့ ပြန်လာကာ ကျောင်းနေခဲ့သည်။ ကြိုးစားမှုရှိသော်လည်း မကြာခဏ ဖျားနာတတ်သဖြင့် အထက်တန်းစာမေးပွဲကို ၁၉ဝ၄ ခုနှစ်ရောက်မှသာ အောင်မြင်ခဲ့သည်။ ဂေါ့ဒတ်သည် ၁၉ဝ၈ ခုနှစ်တွင် ဝေါ့ဆက်စတာ စက်မှုတက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိခဲ့ပြီး ကလတ်တက္ကသိုလ်မှ ဒေါက်တာ (ပါရဂူ) ဘွဲ့ကို ၁၉၁၁ ခုနှစ်တွင် ရရှိခဲ့သည်။ ကလတ်တက္ကသိုလ်၌ပင် ၁၉၄၃ ခုနှစ်ထိ ရူပဗေဒပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။ အသက် ၂၃ နှစ်အရွယ်၌ ဂေါ့ဒတ်သည် သူကိုယ်တိုင် ပုံစံထုတ်ခဲ့သော ဒုံးပျံကို မူပိုင်မှတ်ပုံတင်ခွင့် ရခဲ့လေသည်။

ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဉ်အတွင်း၌ ကောင်းကင်အမြင့်သို့ ပစ်လွှတ်နိုင်သော ဒုံးပျံများ ပြုလုပ်ရန်အတွက်ဂေါ့ဒတ်သည် သုတေသနပြုခဲ့သည်။ ယင်းတွေ့ရှိချက်များကို ၁၉၂ဝ ပြည့်နှစ်တွင် စာအုပ်တစ်အုပ် ပြုစုထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ထဲ၌ အားကောင်းသော ဒုံးပျံများဖြင့် လူတို့သည် လပေါ်သို့ ရောက်အောင် ပစ်လွှတ်နိုင်ကြောင်းနှင့် ဒုံးပျံထိပ်ဖျားတွင် ရောင်ခြည်လက်ထွက်သော ယမ်းမှုန့်တစ်မျိုးကို ထည့်၍ ပေးလိုက်ပါက ကမ္ဘာမှကြည့်လျှင် လဗိမာန်ပေါ်သို့ ဒုံးပျံဆင်းသွားပုံကို မှန်ပြောင်းဖြင့် ကြည့်နိုင်ကြောင်း ဖော်ပြထားသည်။ ထို့နောက် ၁၉၂၆ ခုနှစ်တွင် မတ်လ ၁၆ ရက်နေ့တွင် သူတီထွင်ခဲ့သော နှစ်ဆင့်ပေါက်ကွဲသော အရည်လောင်စာသုံး ဒုံးပျံကို ပထမဆုံး စမ်းသပ်ပစ်လွှတ်ခဲ့သည်။ ဒုံးပျံ၏ ထိပ်ဖျားတွင် ဒုံးအင်ဂျင်စက်ကို ဒုံးပျံတည်ငြိမ် စေရန်အတွက် တပ်ဆင်ထားသည်။ အဆိုပါလောင်စာအရည်နှင့် အောက်စီဂျင်တို့ကို သီးသန့်ပိုက်လိုင်းများဖြင့် သွယ်တန်း၍ နောက်ဆုံးပိုင်းရှိ အင်ဂျင်စက်သို့ ပို့ပေးသည်။ ယင်းဒုံးပျံ၏ အရှည်မှာ ၁ဝ မျှ ရှိပြီး မြေပြင်မှ ၁၈၄ ပေ အမြင့်အထိ တက်ရောက်နိုင်ကြောင်း တွေ့ရသည်။
ထိုအချိန်၌ပင်ဥရောပသိပ္ပံပညာရှင်များမှာ ဒုံးပျံတီထွင်နိုင်ရေးနှင့်အာကာသသွားလာရေး ပြဿနာများ နှင့် ပတ်သက်၍ အပြိုင်အဆိုင် သုတေသန ပြုလုပ်လျက်ရှိသည်။ အဆိုပါ ပုဂ္ဂိုလ်များထဲတွင် ရူမေးနီးယား သိပ္ပံပညာရှင် ပါမောက္ခ “ဟာမင်အိုဘတ်” (Hermann Oberth) အမည်ရှိ ပုဂ္ဂိုလ်မှာ အထင်ရှားဆုံး ဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် ဟာမင်အိုဘတ် ရေးသားသည့် “ဒုံးပျံဖြင့် အာကာသ ခရီးသွားလာရေး” (The Rocket into Interplanetary Space) အမည်ရှိ စာအုပ်မှာ သိပ္ပံဝါသနာရှင်များ လောကတွင် အလွန်လူကြိုက်များခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီအထိ ပေါ်သမျှ အာကာသသိပ္ပံ စာအုပ်များတွင် ဤစာအုပ်မှာ အကျော်ကြားဆုံးနှင့် အာကာသသွား ဒုံးပျံတည်ဆောက်ရေးတွင် အထောက်အကူအရဆုံး ဖြစ်သည်။ ၁၉၄၂ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသည့် အချိန်ကာလအတွင်း ဂျာမန်သိပ္ပံပညာရှင် “ဝေါ်တာဒိုဘာဂျာ” (Walter Darnberger) နှင့် “ဝမ်ဟာဖွန်ဘရောင်း” (Wernher von Braun) တို့က “ဗွီ-နှစ်” (V – 2) ဒုံးပျံများကို တီထွင်ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က ဗွီ-နှစ် ဒုံးပျံများ အဝေးဆုံး ပစ်ခတ်နိုင်သော အကွာအဝေးမှာ မိုင် ၁၉ဝ ရှိသော်လည်း ယခင် ဥရောပနိုင်ငံများ၌ တီထွင်ခဲ့သော ဒုံးပျံများနှင့် လုံးဝမတူပေ။ ဗွီ-နှစ်ဒုံးပျံကိုမြေပြင်ရှိမိခင်ဒုံးပျံစခန်းမှ လိုရာအရပ်သို့ဦးတည်ပျံသန်းသွားရန်ပဲ့ကိုင်နိုင်သည်။ မိမိပေါက်ကွဲစေလို သည့် နေရာ၌ ဆင်းသက် ပေါက်ကွဲစေနိုင်သည်။ ယနေ့ အာကာသသို့ ပစ်လွှတ်လျက် ရှိကြသော ဒုံးပျံများ၏ ဗွီ-နှစ် ဒုံးပျံ၌ တွေ့မြင်နိုင်ပေသည်။
ဂျာမန်တို့သည် ဒုတိယကမ္ဘာစစ်အတွင်းက ဗွီ-နှစ်ဒုံးပျံကို အင်္ဂလန်ပြည်ပေါ်သို့ အလုံးပေါင်း (၃ဝဝဝ) မျှ ပစ်လွှတ်ခဲ့ရာတွင် (၁၂၃ဝ) မျှသော ဒုံးပျံတို့မှာ လန်ဒန်မြို့သို့ လာရောက်ထိမှန်လေသည်။ မဟာမိတ်တပ်များက ဥရောပတိုက်ရှိ ဂျာမနီ ဒုံးပျံစခန်းများကို အချိန်မီသွားရောက် တိုက်ခိုက်သိမ်းပိုက်လိုက်သောကြောင့်သာ လူပေါင်း မြောက်များစွာ သေကြေပျက်စီးရမည့်ဘေးဆိုးမှလွှတ်မြောက်ခဲ့လေသည်။ အကယ်၍သာ ကမ္ဘာစစ်ကြီး ဆက်လက်ဖြစ်ပွားနေခဲ့လျှင်ဂျာမာန်တို့၏အကြံအစည်မှာတောင်ပံတပ်ထားသောဒုံးပျံများဖြင့် ဥရောပတိုက် မှနေ ၍ အမေရိကန်ပြည်ထောင်စုအထိ ရောက်ရှိအောင် လေသူရဲတစ်ဦး စီးနင်းလိုက်ပါလျက် တိုက်ခိုက်ဖြိုခွင်းရန် ကြံကွယ်ထားလေသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်အမေရိကန်ပြည်ထောင်စုနှင့်ဆိုဗီယက်ပြည်ထောင်စုတို့သည် ကမ္ဘာပေါ် တွင် အင်အားအကြီးဆုံး နှစ်နိုင်ငံ ဖြစ်လာသည်။ အာကာသ သွားလာမှု၌ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် လုပ်ကိုင်လာကြသည်။ နာဇီဂျာမနီကို အောင်မြင်အောင် နှိမ်နှင်းပြီးသည့်နောက် အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက် တပ်နီတော်တို့သည် ဂျာမန်ဒုံးပျံစခန်းများကို သူ့ထက်ငါဦးအောင် အရောက်သွားကြလေသည်။ အမေရိကန်ပြည်ထောင်စုက “ဝမ်ဟာဖွန်ဘရောင်း” အပါအဝင် ဒုံးပျံပါရဂူများအား မိမိတို့ဖက် ပါဝင်အောင် သိမ်းသွင်းနိုင်ခဲ့ပြီး ဗွီတူးဒုံးပျံ ပုံစံများနှင့်တကွ ဒုံးပျံ အစိတ်အပိုင်းများကို သင်္ဘော (၁၆) စင်းစာမျှ အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ယူဆောင်လာခဲ့လေသည်။
အစပထမတွင် ဒုံးပျံများကို စစ်ရေးစစ်ရာ ကိစ္စများ၌သာ အသုံးပြုရန်အတွက် ရည်စူး၍ ဝေးဝေးပြေး၊ မြန်မြန်သွား၊ များများသေစေနိုင်သော လက်နက်မျိုးကို အပြိုင်အဆိုင် ထုတ်လုပ်လာကြ၏။တဖြေးဖြေးနှင့် ထိုဒုံးပျံများသည် ကမ္ဘာပေါ်တွင် တိုက်ကြီးတစ်တိုက်နှင့်တစ်တိုက် လှမ်း၍ ပစ်ခတ်နိုင်သော မိုင် ၈၀၀၀ ခန့် ခရီးပေါက်သည့် တိုက်ချင်းပစ် ဒုံးပျံကြီးများကို ပြုလုပ်လာနိုင်ကြ၏။ အဆိုပါ ဒုံးပျံများသည် မြေပြင်အထက် မိုင် ၈ဝဝ မှ မိုင် ၁ဝဝဝ အထိ တက်၍ သွားနိုင်ပြီး တစ်နာရီလျှင် မိုင်တစ်သောင်းကျော်နှုန်း သွားနိုင်လေသည်။ ယင်းဒုံးပျံကြီးများ၏ ထိပ်တွင် နျူကလီးယား ထိပ်ဖူးကို သယ်ဆောင်သွားခြင်းအားဖြင့် ကျရောက်ပေါက်သောနေရာတို့၌ အသက်စည်းစိမ်ပေါင်းများစွာတို့ကို ဖျက်ဆီး နိုင်စွမ်း ရှိသည်။
ဆိုဗီယက်ပြည်ထောင်စုသည် ဒုံးပျံများထုတ်လုပ်ရန်အတွက် ၁၉၅ဝ ပြည့်နှစ်အတွင်းကပင် စတင်ကြိုးပမ်းခဲ့ကြသည်။ပထမဆုံးဒုံးပျံတည်ဆောက်ရေး စက်ရုံကို မော်စကိုမြို့အတွင်း၌လျှို့ဝှက်ထားရှိခဲ့ ကြသည်။ဤဒုံးပျံတည်ဆောက်ရေးလုပ်ငန်းအဝဝကို ရုရှားသိပ္ပံပညာရှင်များကပင် ဦးဆောင်၍ သုတေသနပြု လုပ်ခဲ့ကြသည်။ ယင်းနောက် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရုရှားတို့သည် ဂျာမန်ဒုံးပျံ ပညာရှင်များကို ဆိုဗီယက်ပြည်ထောင်စုသို့ ခေါ်ဆောင်သွားသော ဂျာမန်သိပ္ပံပညာရှင်များမှာ ဗွီ-နှစ် ဒုံးပျံထုတ်လုပ်ရေးတွင် အတွေ့အကြုံရှိပြီးသူများဖြစ်၍ ရုရှားတို့၏ ဒုံးပျံတည်ဆောက်ရေး သုတေသနလုပ်ငန်း အတွက် ကြီးစွာ အထောက်အပံ့ရရှိခဲ့လေသည်။
ထို့နောက် ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့၌ စတာလင်ဂရက် အရှေ့ဘက်မိုင် ၁၂၅ မိုင်ဝေးသော ဒေသတွင် ပထမဆုံးအကြိမ် မြေပြင်စခန်းမှ လိုရာအရပ်သို့ ထိန်း၍ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သော ဒုံးပျံများကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့သည်။ သို့သော်အဆိုပါ ဒုံးပျံမှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျာမန်တို့၏ “ယူ-နှစ်” (U-2) ဒုံးပျံကို အခြေခံ၍ ပိုမိုအစွမ်းထက်မြက်အောင် တည်ဆောက်ထားခြင်းမျှသာ ဖြစ်သည်။ ယင်းဒုံးပျံသည် အလေးချိန်အားဖြင့် ၁၂ တန်ခွဲမျှ လေးပြီး ၁၈၅ မိုင်ခန့်အထိ ပစ်လွှတ်နိုင်သည်။
ထို့ပြင် ၁၉၄၉ ခုနှစ်မှ ၁၉၅၂ ခုနှစ်ထိ ဒုံးပျံများတွင် ခွေးများကို ထည့်၍ မြေပြင်မှ မိုင် ၆၀ အမြင့် ရောက်သည်အထိ ပစ်လွှတ်ခဲ့သည်။ ခွေးများထည့်လွှတ်ရခြင်းမှာ ကမ္ဘာ့ဆွဲငင်အားမှ လွတ်ကင်းသောအခါ မည်သို့ တုန့်ပြန်မှု ရှိသည်ကို သိရှိရန် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဂျာမန်တို့ ဗွီ-၂ ဒုံးပျံကို ပထမဆုံး အောင်မြင်စွာ ပစ်လွှတ်နိုင်သည့် အချိန်မှစ၍ ရေတွက်လျှင် ၁၅ နှစ်နှင့် တစ်ရက်တိတိ အကြာ ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ကမ္ဘာပေါ်တွင် ပထမဆုံး လူလုပ်ဂြိုဟ်တုတစ်ခုကို အာကာသအတွင်းသို့ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်။ ယင်းဂြိုဟ်တုကို “စပွတ်နစ်အမှတ်-၁” (Sputnik-1) ဟု အမည်ပေးထားသည်။
ထိုအချိန်မှစ၍ အာကာသစူးစမ်းမှုသမိုင်း ခေတ်သစ်ဆီသို့ လူသားတို့ စတင်ခဲ့သည်မှာ ယခုအခါ (၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်) တွင် နှစ် ၃ဝ အတွင်းသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု၏ သမိုင်းတွင် ဤအောင်မြင်မှုအတွက် အမေရိကန်ပြည်ထောင်စုအပါအဝင် တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရသည်။ထို့ပြင်ကမ္ဘာ့နိုင်ငံရေး၊ လူမှုရေး၊ သိပ္ပံနှင့် ပညာရေးတို့တွင်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။
ဆရာ သန်းဝင်းလှိုင် ရဲ့မိုးမခ မဂ္ဂဇင်းပါ အာကာသ စူးစမ်းမှု သမိုင်း မှ
Discussion about this post