စပိန်နိုင်ငံ၊ ပွန်ဖာရာဒါမြို့အနီးက လွှသွားပုံသဏ္ဍာန်ပိုင်ဆိုင်ထားတဲ့အနီရောင်တောင်တန်းတွေနဲ့အစိမ်းရောင်သစ်အယ်ပင်များစွာ ပေါက်ရောက်တဲ့အရပ်မှာတည်ရှိတဲ့ ဒီရွှေတွင်းကြီးဟာ ရောမသမိုင်းတစ်လျှောက် အလွန်ကိုတန်ဖိုးကြီး အရာရောက်ခဲ့ပါတယ်။
La Medulas လို့အမည်ရတဲ့ open-pit အမျိုးအစား ဒီရွှေတွင်းကြီးဟာ ရာစုနှစ်(၂)စုတိုင်အောင်များစွာသောတန်ချိန်ရှိတဲ့ရွှေတွေကိုထုတ်လုပ် ပေးနိုင်ခဲ့တာ ဖြစ်ပြီးယနေ့အချိန်မှာတော့သမိုင်းဝင်နေရာအဖြစ်သာရှိနေပါတော့တယ်။ ရောမခေတ်ကာလကသမိုင်းဝင်ရွှေတွင်းကြီးတည်ရှိတဲ့အပြင်၊ ရှေးဟောင်းရောမတို့ရဲ့ အမွေအနှစ်အနုပညာလက်ရာ၊အဆောက်အအုံများစွာတည်ရှိတဲ့ Las Medulas ဒေသဟာစပိန်နိုင်ငံရဲ့ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်တဲ့အပြင်(၁၉၉၇)ခုနှစ်ကတည်းက UNESCO ရဲ့ကမ္ဘာ အမွေ အနှစ် ထိန်းသိမ်းရာနယ်မြေအဖြစ်လည်း သတ်မှတ်ထား ခြင်းခံခဲ့ရပြီးလည်းဖြစ်ပါတယ်။
ရောမတွေဟာ ယင်းကာလအချိန်တွေက ရွှေထွက်တယ်လို့နာမည်ကျော်နေတဲ့ ယခုစပိန်နိုင်ငံ အနောက်မြောက်ဒေသတွေမှာ ရွှေသတ္ထုတူးဖော်ရေးလုပ်ငန်းတွေကို (၁)ရာစုလောက်ကတည်းက စတင်ပြုလုပ်ခဲ့ကြတာလို့ သမိုင်းမှတ်တမ်းတွေအရ သိရ ပါတယ်။ ရောမတွေဟာယင်းအချိန်တည်းက အရည်ဖိအားဆိုင်ရာနည်းပညာ(Hydralic Power) တွေကို အခြေခံပြီး တောင်နံရံတွေကို ဂလိုင်တူးပြီးတွင်းထွက်သတ္ထုတွေကို ရှာဖွေလာနိုင်ကြပါတယ်။
ယင်းကာလကရောမတွေရဲ့ တူးဖော်ရေးနည်းပညာကိုတော့ runia montium (တောင်တွေကိုခွဲထုတ်ခြင်း)လို့ခေါ်ဆိုကြပြီး အဓိကကတော့ ရေရဲ့ဖိအားကိုသုံးပြီး ကျောက်သားလွှာကို တစ်စတစ်စဖဲ့ထုတ်ကြတာဖြစ်ပါတယ်။
ရောမတွေရဲ့ ဒီတူးဖော်ရေးနည်းပညာအကြောင်းကို စတင်ရေးသားဖော်ပြပေးခဲ့သူက တော့ ရောမစာရေးဆရာ၊အတွေးအေခါ်ပညာရှင် Pliny the Elder ဖြစ်ပြီး AD(77) လောက်ကတည်းကရေးသားမှတ်တမ်းတင်ခဲ့တာပါ။
သူတို့ရဲ့နည်းပညာဟာ အမေရိကန် ပြည်ထောင်စုမှာ အသုံးပြုခဲ့တဲ့ Hydraulic mining(ပြင်းထန်တဲ့ ရေဖိအားကို သုံးပြီးကျောက်နံရံတွေကိုတူးဖော်ခြင်းနည်း) နဲ့ဆင်တူပြီး တောင်ရဲ့အောက်ခြေကနေ လိုဏ်ခေါင်းအငယ်စားလေးတွေဖောက်ပြီး ကြီးမားတဲ့ရေပမာဏကို တိုက်စားစေခြင်း နည်းဖြစ်ပါတယ်။
လိုအပ်တဲ့ရေကိုတော့ ယင်းအနီးနားကချောင်းတွေ၊မြစ်တွေကနေ Interbasin transfer နည်းနဲ့ အဆင့်ဆင့်ရယူကြပါတယ်။ ကျောက်သားအလွှာ အောက်က ရွှေများစွာပါဝင်နေတဲ့နုန်းမြေတွေကိုလည်းရေနဲ့ပဲသန့်စင်ပြီး ကျင်ယူတဲ့ ပုံစံမျိုးနဲ့ စုဆောင်းခဲ့ကြရာ နှစ်စဉ်ရွှေသတ္ထုတန်ချိန် (၆.၅)တန်အထိ စုဆောင်းနိုင်ခဲ့ ကြတယ်လို့သိရပါတယ်။
ရောမတွေဟာရာစုနှစ်(၂)စုနီးပါး La Medulas ဒေသမှာရွှေတူးဖော်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီးချိန်မှာတော့ ဒီရွှေတွင်းဟောင်းကြီးကိုဖျက်ဆီးပြီးစွန့်ခွာသွားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့အသုံးပြုခဲ့တဲ့ တူးဖော်ရေးနည်းပညာတွေနဲ့ အခြေချနေထိုင်ခဲ့စဉ်က ကျန်ရစ်ခဲ့တဲ့ရောမအသုံးအဆောင်ပစ္စည်းတွေကိုတော့ ယနေ့တိုင် ရှာဖွေတွေ့ရှိနေဆဲ ဖြစ်ပါတယ်။ La Medulas ရဲ့ဧရိယာဟာ(၅၄၇၄)ဧကအထိကျယ်ပြန့်ကာ ရေတိုက်စားခံရတဲ့တောင်တန်းတွေ၊ မြေအောက်လိုဏ်ခေါင်းတွေ၊မျှော်စင်တွေနဲ့ ပြည့်နှက်လျက်ရှိပြီး ဧရိယာတစ်ခုလုံးကို ကာရံထားတာကတော့ လှပတဲ့အစိမ်းရောင်သစ်အယ်ပင်တောကြီးပဲ ဖြစ်ပါတယ်။
VIDEO
Discussion about this post