မူရင်းရေးသားသူ – Mandai (@Mandaiblog)
အက်တီးလ (Attila, 406 – 453 AD)
ဟန်းလူမျိုးခေါင်းဆောင်
အက်တီးလ (Attila) သည် ရောမအင်ပါယာ (Roman Empire) ကို ကြိမ်ဖန်များစွာ ကျူးကျော်တိုက်ခိုက်ခဲ့သော ဟန် (Huns) လူမျိုးတို့၏ ဘုရင်ဖြစ်သည်။ အစ်ကိုဖြစ်သူ ဘလီးဓ (Bleda) နှင့်တွဲလျက် ခရစ်နှစ် ၄၃၄ မှ ၄၄၅ အထိ၊ ဘလီးဓ သေဆုံးပြီးနောက် ၄၅၃ ခုနှစ်အထိ ဟန်လူမျိုးတို့အား ခေါင်းဆောင်အုပ်ချုပ်ခဲ့သည်။ ရောမအင်ပါယာနှင့် စစ်ပြိုင်ခဲ့သော ဘာဘေးရီးယန်း (Barbarian, ပြည်ပသား/ လူရိုင်း) ခေါင်းဆောင်များအနက် အထင်ရှားဆုံးလည်း ဖြစ်၍ ဘော်လကန် (Balken) မြစ်ဝှမ်း တောင်ပိုင်းဒေသများ၊ ဂရိ (Greek)၊ ဂေါလ် (Gaul, ယခုခေတ် ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယန်နှင့် အီတလီကျွန်းဆွယ်မြောက်ပိုင်းဒေသတို့ ပါဝင်သော ဒေသကြီး) နှင့် အီတလီ (Italy) နိုင်ငံဒေသများကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့သူလည်း ဖြစ်သည်။
လက်တင်ခရစ်ယာန်စာပေတွင် အပြစ်သားတို့ထံ ဘုရားသခင်အလိုအရ ကပ်ကြီးသုံးပါးဆိုက်ရောက်စေသောသူ (Scourge of God) ဟု အဓိပ္ပါယ်ရသည့် ဖလက်ဂျယ်လမ်ဒေး (Flagellum Dei) အဖြစ် ခေါ်တွင်သည်။ အလယ်ခေတ် ဂျာမန်စာပေတွင် အထင်ရှားဆုံးဖြစ်သော နစ်ဘလွန်ဂင်လစ် (Nibelungenlied) လင်္ကာရှည်ကြီးတွင် အက်တီးလ၏အမည်ကို အက်တ်ဇီးလ် (Etzel) ဟု ဖော်ပြ၍ အိုက်စ်လန်ရှေးဟောင်းဝတ္ထုစာပေ (Icelandic Sagas) များ၌ အက်တ်လီ (Atli) ဟု ဖော်ပြကြသည်။
ဟန်လူမျိုးများ၏ ဇာစ်မြစ်ကို တိတိကျကျမသိရပါ။ တရုတ်ပြည်မြောက်ပိုင်းကို မကြာခဏဒုက္ခပေးခဲ့သော ရှုန်းနူ (Xiongnu) လူမျိုးများ၏ အဆက်အနွယ်ဖြစ်သည်ဟုသာ မှန်းဆရသည်။ (တရုတ်ဧကရာဇ် ရှီဟွမ်တီ, Shihuangdi, သည် ရှုန်းနူတို့၏အန္တရာယ်ကို ကြောက်ရွံ့သဖြင့် မဟာတံတိုင်းကြီးကို တည်ဆောက်စေခဲ့ခြင်းဖြစ်၏။) ဗော်လဂါ (Volga) မြစ်ဝှမ်းအရှေ့ဘက်မှ အေဒီ ၃၇၀ လောက်တွင် ဥရောပတိုက်ဘက်သို့ ရွှေ့ပြောင်းလာကြသည်ဟု ယူဆရသည်။
မြို့ရွာတည်ထောင်၍ အတည်တကျနေသည်မရှိဘဲ ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေတတ်သည့်လူမျိုးစု (Nomadic Tribe) တစ်ခုဖြစ်ပြီး ထိုသို့သောလူမျိုးစုတို့ထုံးစံအတိုင်း အလွန်ရက်စက်ကြမ်းကြုတ်၍ လေးမြှား၊ လှံတံနှင့်မြင်းကို အဓိကစစ်အင်အားအဖြစ် အသုံးပြုကြသည်။ စာပေအရေးအသားတတ်မြောက်ခြင်းလည်းမရှိသဖြင့် ၎င်းတို့ရာဇဝင်နှင့်ပတ်သက်၍ အမှတ်အသားချန်ရစ်ထားနိုင်ခြင်း မရှိပါ။ ခေတ်ပြိုင်ဖြစ်သော ရောမနှင့် ပါရှားတို့၏မှတ်တမ်းများအရသာ ၎င်းတို့အကြောင်းကို သိရခြင်း ဖြစ်ပါသည်။
အက်တီးလနှင့် ဘလီးဓတို့ ခေါင်းဆောင်ဖြစ်လာချိန်၌ ဟန်လူမျိုးများမှာ ဗန်ဒဲလ် (Vandals)၊ အလန် (Alans)၊ ဆူဘီ (Suebi)၊ ဘာဂန်ဒီယမ် (Burgundians) လူမျိုးများကို နှိမ်နင်း၍ အဲလ်ပ်စ် (Alps) တောင်တန်းများမှသည် အနောက်ဘက်တွင် ဘဲလ်တစ်ပင်လယ် (Baltic Sea)၊ အရှေ့ဘက်တွင် ကက်စ်ပီယန်ပင်လယ် (Caspian Sea) အနီးအထိ အင်ပါယာချဲ့ထွင်ပြီး ဖြစ်၏။ ဟန်တို့နှင့် စစ်တိုက်ရသဖြင့်လည်းကောင်း၊ ၎င်းတို့ကို ကြောက်ရွံ့သဖြင့် တိုးဝင်လာသော လူမျိုးစုများစွာတို့ကြောင့်လည်းကောင်း ရောမအင်ပါယာနှစ်ခုလုံး အင်အားချိနဲ့၍ နောက်ဆုံးတွင် အနောက်ရောမအင်ပါယာ ပြိုကွဲပျက်စီးခြင်းသို့ ဆိုက်ရောက်ခဲ့ရသည်။
ရောမအင်ပါယာမှာ အေဒီ ၃၉၅ ခုနှစ်ကပင် အရှေ့နှင့်အနောက် နှစ်ခြမ်းကွဲခဲ့ပြီးဖြစ်၍ အနောက်အင်ပါယာမှာ ရေဗန်နာ (Ravenna)၊ အရှေ့အင်ပါယာမှာ ကွန်စတန်တီနိုပယ် (Constantinople, ယခု တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့) တို့တွင် အသီးသီးအခြေစိုက်လျက်ရှိကြသည်။ ထိုအချိန်က အရှေ့ရောမအင်ပါယာ၏ ဧကရာဇ်မှာ ဒုတိယမြောက် သီယိုဒိုဆီးယပ်စ် (Theodosius II) ဖြစ်သည်။ ၎င်းတို့၏ ရန်ကိုစိုးရွံ့သဖြင့် ရောမတို့က ငြိမ်းချမ်းရေးရယူကြရန် ကမ်းလှမ်းလာရချိန်မှစတင်ကာ ညီအစ်ကိုနှစ်ဦးမှာ နာမည်ဂုဏ်သတင်းကျော်ကြားလာသည်။ ယခင်ခေါင်းဆောင်များလက်ထက်က နှစ်စဉ်ရမြဲဖြစ်သည့်ပမာဏကို နှစ်ဆတိုး၍ တစ်နှစ်လျှင် ရွှေအလေးချိန် ပေါင် ၇၀၀ (၃၀၀ ကီလိုဂရမ်) ရောမတို့က ဟန်တို့အား ပေးရမည်ဟု သဘောတူညီခဲ့ကြသည်။
အေဒီ ၄၄၁ ခုနှစ်တွင် ရောမတို့က ပေးနေကျရွှေပေးရန် ပျက်ကွက်သဖြင့် အက်တီးလဦးဆောင်ကာ အရှေ့ရောမအင်ပါယာသို့ အလုံးအရင်းဖြင့် ဝင်ရောက်ထိုးစစ်ဆင်သည်။ ဆင်ဂျီဒူနမ်မြို့ ( Singidunum, ယခု ဆာဘီယားနိုင်ငံမြို့တော် ဘဲလ်ဂရိတ်, Belgrade) အပါအဝင် ဒင်ညု (Danube) မြစ် အရှေ့ဘက်ကမ်းရှိ အရေးပါသော မြို့ကြီးအများအပြား ဟန်တို့လက်သို့ကျသည်။ တစ်နှစ်ခန့်အကြာ ၄၄၂ ခုနှစ်တွင် ရောမတို့က သဘောတူညီချက်အသစ်ရယူရန် ဆွေးနွေးလိုကြောင်း၊ စစ်ကို ရပ်ဆိုင်းထားစေလိုကြောင်း အက်တီးလထံ တောင်းဆိုလာသည်။ ရောမတို့ မခုခံနိုင်မှန်း သိသဖြင့် စစ်ကိုခေတ္တသာရပ်နားပြီး နောက်တစ်နှစ် ၄၄၃ တွင် ဆက်လက်တိုက်ခိုက်သည်။ ဒင်ညုမြစ်ကြောင်းတစ်လျှောက်ရှိ မြို့ကြီးမြို့ငယ်အားလုံး တိုက်ခိုက်ဖျက်ဆီးပြီးနောက် အင်ပါယာအတွင်းဘက်သို့လှည့်၍ဝင်ကာ အဓိကမြို့ကြီးနှစ်မြို့ဖြစ်သည့် နေးဆူးစ် (Naissus, ယခု ဆားဘီးယားနိုင်ငံ နစ်စ်, Nis မြို့) နှင့် ဆာဒီကာ (Serdica, ယခု ဘူဂေးရီးယားနိုင်ငံမြို့တော် ဆိုဖီယာ, Sofia) တို့ကို ဖျက်ဆီးသည်။
ထို့နောက် အရှေ့ရောမအင်ပါယာ၏မြို့တော်ဖြစ်သည့် ကွန်စတန်တီနိုပယ်သို့ ဦးတည်ချီတက်သည်။ ဖိလစ်ပိုပိုလစ်စ် (Philippopolis, ယခု ဘူဂေးရီးယားနိုင်ငံ၊ ပလော့ဒိဗ်, Plovdiv) မြို့ကို သိမ်းသည်။ အရှေ့ရောမအင်ပါယာ၏စစ်တပ်များကို အကြိမ်ကြိမ်နှိမ်နင်း၍ ကွန်စတန်တီနိုပယ်မြို့တော်ကို တောင်မြောက်နှစ်ဖက်လုံးမှ ဝိုင်းမိသည်။ သို့သော် ဟန်တို့၏ အဓိကအားမှာ လေးမြှားသာဖြစ်သောကြောင့် မြို့တော်၏ ကြီးမားခိုင်ခံ့သည့်မြို့ရိုးများကို မကျော်လွှား၊ မထွင်းဖောက်နိုင်ပါ။ ထို့ကြောင့် အက်တီးလက မြို့ကို မတိုက်ခိုက်စေတော့ဘဲ ဂယ်လီပိုလီ (Gallipoli) ကျွန်းဆွယ်ဘက်သို့ ဆုတ်ခွာသွားသည့် အင်ပါယာစစ်တပ်များနောက်သို့ လိုက်လံချေမှုန်းသည်။
ရောမတို့အနေနှင့် ဟန်တို့အား ယှဉ်ဖက်စစ်ပြိုင်ခြင်းမပြုနိုင်သည်မှာ သိသာထင်ရှားနေသဖြင့် တောင်းဆိုသမျှပေးပါမည်ဟု စစ်ပြေငြိမ်းရန် စကားကမ်းလှမ်းရသည်။ အက်တီးလက ရောမတို့ဘက်မှ ပျက်ကွက်ခဲ့သည့်နှစ်များအတွက်အပါအဝင် လျော်ကြေးအဖြစ် စုစုပေါင်း ရွှေအလေးချိန် ပေါင် ၆၀၀၀ ပေးရမည်၊ ထို့ပြင် ယခင်ကသတ်မှတ်ချက်ကို သုံးဆတိုး၍ မဖြစ်နိုင်သောပမာဏအဖြစ် ရွှေ ပေါင်ချိန် ၂၁၀၀ နှစ်စဉ်ပေးအပ်ရမည်ဟု တောင်းဆိုသည်ကိုလည်း ရောမတို့သဘောတူရသည်။
အေဒီ ၄၄၅ တွင် အက်တီးလက အစ်ကိုဖြစ်သူ ဘလီးဓကို လုပ်ကြံ၍ ဟန်တို့၏ တစ်ဦးတည်းသောအရှင်သခင်အဖြစ်ကို ရယူသည်။ စစ်ကြောင့် စီးပွားရေးချွတ်ခြုံကျနေသည့်အတွက် ဟန်တို့၏ မတန်တဆတောင်းဆိုမှုကို မပေးနိုင်သဖြင့် ၄၄၇ ခုနှစ်တွင် အရှေ့ရောမအင်ပါယာသို့ ထပ်မံကျူးကျော်ပြန်သည်။ ဘော်လကန်မြစ်ဝှမ်းတစ်ခုလုံးကို ချေမှုန်း၍ တောင်ဘက်သို့လှည့်ကာ ဂရိနိုင်ငံဒေသတစ်လျှောက် တိုက်ခိုက်ဖျက်ဆီးသွားသည်မှာ သာမိုပီလေး (Thermopylae, ဘုရင်လီယိုနီဒက်စ်နှင့် စပါတာစစ်သည်တို့ ပါရှားစစ်တပ်ကို ခုခံခဲ့ရာတောင်ကြား) အထိ ဖြစ်သည်။ ထို့နောက် သုံးနှစ်လုံးလုံး စစ်ပြေငြိမ်းရေးရရှိနိုင်ရန် ရောမတို့ ကြိုးစားခဲ့ရသည်။ ဒင်ညုမြစ်တောင်ဘက်ပိုင်းရှိ နယ်မြေတစ်ခုလုံးလက်လွှတ်၍ ဟန်တို့လက်သို့အပ်ရသည့်အပြင် ရွှေအလေးချိန်များစွာ (ပမာဏ အတိအကျမသိရ) ကိုလည်း ဆက်လက်ပေးအပ်ရန် သဘောတူခဲ့ရသည်။
အရှေ့ရောမအင်ပါယာအပေါ် အသာစီးရပြီးနောက် အနောက်ဘက်ဂေါလ်နယ်သို့ ဟန်တို့ မြှားဦးလှည့်ပြန်သည်။ အက်တီးလက အနောက်ဘက်တွင် သူ၏အဓိကပစ်မှတ်မှာ တိုလိုဆာ (Tolosa, ယခု ပြင်သစ်နိုင်ငံ၊ တိုးလော့စ်, Toulouse) မြို့တွင် အခြေစိုက်၍ အရှေ့အနောက် ရောမအင်ပါယာနှစ်ခုလုံးမှ နယ်မြေများကို အောင်နိုင်ထားသည့် ရှေးဟောင်းဂျာမနီလူမျိုးတစ်မျိုးဖြစ်သော ဗီဆီဂို့သ် (Visigoths) တို့သာ ဖြစ်ကြောင်း (ဂို့သ်လူမျိုးနှစ်စုရှိသည့်အနက် အရှေ့ဘက်အစုဖြစ်သည့် အော့စ်ထရိုဂို့သ်, Ostrogoths, အနွယ်ဝင် ဘာဂမ်ဒီယမ်တို့မှာ ဟန်တို့၏ မျိုးသုဉ်းလုနီးပါး သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးဖြစ်၏)၊ အနောက်ရောမအင်ပါယာကို ရန်ပြုရန်မရှိဘဲ ဧကရာဇ် တတိယမြောက် ဗလန်တီနီယမ် (Valentinian III) နှင့်လည်း အချင်းများလိုခြင်း မရှိကြောင်း ကြေညာသည်။
သို့သော် ၄၅၀ ခုနှစ်တွင် ဧကရာဇ်၏နှမဖြစ်သူ ဟိုနိုရီးယား (Honoria) က သူမအတွက် ဧကရာဇ်စီစဉ်ထားသူနှင့် လက်မဆက်လိုသဖြင့် လာရောက်ကယ်တင်ပါရန် အက်တီးလထံ စာဖြင့်ဆင့်ခေါ်သည်။ အက်တီးလက အခွင့်အရေးကို အရယူသည်။ ဟိုနိုရီးယားအား သူ၏ဇနီးဖြစ်ကြောင်း ကြေညာ၍ သူမ၏ရပိုင်ခွင့်အဖြစ် အနောက်ရောမအင်ပါယာ၏ တစ်ဝက်ကို သူ့အားပေးရန် တောင်းဆိုသည်။ ထို့နောက် ၄၅၁ ခုနှစ်တွင် ဂေါလ်နယ်မြေအတွင်း စတင်ကျူးကျော်သည်။
ဗီဆီဂို့သ်ဘုရင် သီယိုဒိုရစ် (Theodoric) နှင့် အနောက်ရောမအင်ပါယာ၏ဗိုလ်ချုပ် အေတီးယပ်စ် (Aetius) တို့ မဟာမိတ်ဖွဲ့ပူးပေါင်း၍ ဟန်တို့ကို ခုခံရသည်။ ကာတာလော်နီယမ်လွင်ပြင် (Catalaunian Plains, အချို့မှတ်တမ်းများက မော်ရစ်ကာနယ်, Maurica ဟုဆို၏။ နှစ်ခုစလုံး ယခုခေတ်နေရာ အတိအကျ မသိရပါ။) တွင် နှစ်ဖက်တပ်များဆုံ၍ အကြီးအကျယ် သွေးချောင်းစီးတိုက်ပွဲကြီး ဖြစ်ပွားသည်။ တိုက်ပွဲအတွင်း ဗီဆီဂို့သ်ဘုရင် သီယိုဒိုရစ် ကျဆုံးသော်လည်း မဟာမိတ်နှစ်တပ်ပေါင်းက အောင်ပွဲရ၍ ဟန်တို့လက်လွတ်ထွက်ပြေးရသည်။ မကြာမီမှာပင် ဂေါလ်နယ်အတွင်းမှ အပြီးအပိုင်ဆုတ်ခွာသွားတော့သည်။ အက်တီးလအတွက် ပထမဆုံးနှင့် တစ်ခုတည်းသော ရှုံးနိမ့်မှုဖြစ်သည်။
၄၅၂ ခုနှစ်တွင် အနောက်ရောမအင်ပါယာ၏ အရှေ့ဘက်ခြမ်းဖြစ်သည့် အီတလီနိုင်ငံဒေသတွင်းသို့ ဟန်တို့ ထပ်မံကျူးကျော်လာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ရောမဗိုလ်ချုပ်အေတီးယပ်စ် တားဆီးနိုင်ခြင်းမရှိတော့ပါ။ အကွီလီယာ (Aquileia)၊ ပါတာဗီယမ် (Patavium, ယခု ပါဒူအာ, Padua)၊ ဗီရွန်နာ (Verona)၊ ဘရစ်ရှီးယား (Brixia, ယခု ဘရက်ဆီးယား, Brescia)၊ ဘာဂွန်မန် (Bergomum, ယခု ဘာဂါမို, Bergamo)နှင့် မီဒီယိုလေနမ် (Mediolanum, ယခု မီလန်, Milan) မြို့အပါအဝင် အထင်ကရမြို့ကြီးများ တစ်မြို့ပြီးတစ်မြို့ အငြိုးအတေးကြီးစွာဖြင့် ပြာပုံဘဝရောက်အောင် အစွမ်းကုန်ဖျက်ဆီး မီးရှို့လုယက်ခြင်းခံရသည်။ မကြာမီပင် စစ်မက်ထူပြောမှု၏နောက်ဆက်တွဲအဖြစ် ငတ်မွတ်ခေါင်းပါးမှုနှင့် ကူးစက်ရောဂါပြန့်ပွားမှုတို့ ဖြစ်ပွားလာကြောင့် အီတလီမြေမှ ဟန်တို့ မဖြစ်မနေထွက်ခွာခဲ့ရသည်။
ထိုနောက်တစ်နှစ်ဖြစ်သည့် ၄၅၃ ခုနှစ်တွင် အရှေ့ရောမအင်ပါယာသို့ ချီတက်ရန် အက်တီးလ ပြင်ဆင်ပြန်သည်။ အသစ်တက်လာသော ဧကရာဇ် မာဆီယန် (Marcian) က ယခင်ဧကရာဇ်ဟောင်းဖြစ်သည့် သီယိုဒိုဆီးယပ်စ်နှင့် အက်တီးလတို့ သဘောတူထားသည့် နှစ်စဉ်ရွှေပေးအပ်ရခြင်းကို အသိအမှတ်မပြု၊ လက်မခံနိုင်ဟု ငြင်းဆိုသောကြောင့် ဖြစ်သည်။ သို့သော် မကြာမီ သူ၏နောက်ဆုံးအိမ်ထောင်နှင့် လက်ထပ်ပြီးညမှာပင် အက်တီးလကွယ်လွန်သဖြင့် ဟန်တို့ ရောမသို့ ချီတက်ခြင်းမပြုရတော့ပါ။ အက်တီးလ၏အလောင်းကို သူ၏ရတနာများစွာနှင့်အတူ မြှုပ်နှံ၍ အလွယ်တကူ ရှာဖွေတွေ့ရှိခြင်းမရှိနိုင်အောင် စီမံခဲ့ကြသည်။ (အက်တီးလ၏ သင်္ချိုင်းဂူရတနာသိုက်ဒဏ္ဍာရီသည် ယနေ့တိုင် အဖြေရှာမရသောပုစ္ဆာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။) ယခုခေတ် အာရှနှင့်ဥရောပနိုင်ငံပေါင်း ၁၅ နိုင်ငံကို အက်တီးလအောင်နိုင်ခဲ့သည်။ သူထူထောင်ခဲ့သော အင်ပါယာကို သူ၏သားများက အစိတ်စိတ်ခွဲဝေယူခဲ့ကြပါသည်။
သူ့နောက်လိုက်တွေ ဇိမ်ရှိရှိနေထိုင်နေစဉ် အက်တီးလကတော့ သစ်သားခွက်နှင့်သာ ထမင်းစားသည်။ သူသည် အရပ်တိုသည်။ ဦးခေါင်းကြီး၏။ နှာခေါင်းပြား၏။ မျက်တွင်းနက်၏။ သူ့အကြည့်က ခက်ထန်ပြီးမောက်မာ၏။ အကြိမ်ပေါင်းများစွာ လက်ထပ်ခဲ့၏။ အချို့က သူ့မှာ ဇနီး ၃၀၀ ခန့်ရှိသည်ဟု ဆိုကြသည်။ အက်တီးလကွယ်လွန်သောအခါ သူတို့၏ ခေါင်းဆောင်ကို သွေးမျက်ရည်ဖြင့် ပူဆွေးတမ်းတနိုင်အောင် သူတို့၏ မျက်နှာကို ဓားများနှင့် မွှန်းကြ၏။ အက်တီလာသည် အဆိပ်မိပြီးကွယ်လွန်သည်ဟု ယူဆရ၏။
ဖြည့်စွက်ချက်။
အက်တီးလသေဆုံးပြီးနောက် ဟန်တို့၏ပျက်စီးခြင်းမှာ အလျင်အမြန်ပင် ဆိုက်ရောက်လာခဲ့သည်။ သူ၏ သားသုံးယောက်ဖြစ်သည့် အယ်လက် (Ellac)၊ ဒန်ဂျီဇစ် (Dengizich) နှင့် အာနက် (Ernack) တို့မှာ အချင်းချင်းတိုက်ခိုက်ရင်းသာ ဗိုလ်လုနေကြသဖြင့် ပြင်ပရန်ကျရောက်လာသောအခါ မခုခံနိုင်ဖြစ်ခဲ့ရသည်။ ရန်သူဟောင်းဂို့သ်အနွယ်ဝင်တစ်မျိုးဖြစ်သည့် ဂျီပစ် (Gepids) လူမျိုးစုတို့က ထက်မြက်သည့်ခေါင်းဆောင် အာဒရစ် (Ardaric) ၏ လက်အောက်တွင် စုရုံးမိပြီး ဟန်တို့ကို ယှဉ်ပြိုင်လာသည်။ အေဒီ ၄၅၄ တွင် တိုက်ခိုက်သော နီဒါအို (Nedao) တိုက်ပွဲတွင် ဟန်တို့ နာလန်မထူနိုင်အောင် အရှုံးကြီးရှုံးသည်။
ခေါင်းဆောင်ဖြစ်သည့် အယ်လက် ကျဆုံး၍ အသတ်မခံရဘဲ အသက်ရှင်ကျန်ရစ်သူများ ခြေဦးတည့်ရာ ပြေးကြရသည်။ ၎င်းတို့၏နယ်မြေများကို ဂျီပစ်တို့က သိမ်းပိုက်စိုးမိုးခဲ့၏။ ထို့နောက်တွင်မူ ဟန်တို့မှာ သမိုင်းတွင် နောက်တစ်ကြိမ် ပြန်လည်ခေါင်းမထောင်နိုင်တော့ဘဲ တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်သွားတော့သည်။ ယခုအခါ ဟန်တို့ ဥရောပတွင် စတင်အခြေစိုက်ခဲ့ရာနေရာ၌ ၎င်းတို့၏ အမည်ကိုအစွဲပြု၍ ထူထောင်ထားသော ဟန်ဂေရီ (Hungary) နိုင်ငံတစ်ခုသာ သတိရစရာအဖြစ် ကျန်ရှိပါတော့သည်။ ။
ရည်ညွှန်း။
– The 100 Most Influential World Leaders of All Time. (Brittanica, edited by Amy McKenna)
– ကမ္ဘာ့စာပေအညွှန်း။ မောင်ထင်။
– မြို့တည်နေရာများကို Wikipedia မှ ရယူပါသည်။
Mandai (@Mandaiblog)