Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရေဒါဦးနှောက်ပိုင်ရှင် ဟော်လန်ကဝေကြီး “ကရာဇက်”

by Thutamm
July 31, 2019
Reading Time: 1min read
0
ရေဒါဦးနှောက်ပိုင်ရှင် ဟော်လန်ကဝေကြီး “ကရာဇက်”
Share on FacebookShare on Twitter

မောင်ကျောက်တိုင်

ကမ္ဘာပေါ်မှာရှိတဲ့ အတိုင်းတိုင်း၊ အပြည်ပြည်တွင် အကြားအမြင် စိတ်တန်ခိုးရှင် ဟူသည်မှာ ရှိမြဲပင်။ ထိုထိုသော ပါရမီရှင် များစွာထဲက အစမ်းသပ်ခံရဆုံး၊ အထင်ရှားဆုံး (ကမ္ဘာ့သိပ္ပံပညာရှင်များ ကိုယ်တိုင်က ထောက်ခံချက် အပေးဆုံး) ပါရမီရှင်မှာ နို့ဆီကောင်းကောင်း ထွက်သည်ဟု နာမည်ကျော်ကြားသော ဟော်လန်ပြည်မှ အကြားအမြင် စိတ်တန်ခိုးပညာရှင် ကရာဇက်ပင် ဖြစ်လေသည်။

ကရာဇက်၏ ဂုဏ်သတင်းကား ဟော်လန်ပြည် နယ်နိမိတ်ကိုပင် ကျော်လွန်၍ ဥရောပကို မျက်လုံးပြူးသွားစေသူ “ရေဒါ ဦးနှောက်ပိုင်ရှင်” ဟော်လန်ကဝေကြီး၊ ဟော်လန်စိတ်တန်ခိုးရှင် ဟု ဟိုးလေးတကျော် ကျော်သူပင် ဖြစ်သည်။ ဥရောပကို ကျော်နေသူ ကရာဇက်ကား စူးရှသော မျက်လုံးပြာ တစ်စုံ၊ ခပ်နွဲ့နွဲ့ ကိုယ်ဟန်နှင့် ဟော်လန် ပန်းချီဆရာကြီး ဗင်ဂိုးလို အနုပညာရှင်ဟန်မျိုး ရှိသူဖြစ်သည်။ များသောအားဖြင့် ပါရမီရှင်တို့ တွေ့ကြုံရသော ကြမ္မာအတိုင်းပင် ကရာဇက်သည် ငယ်ငယ်က ခပ်ကြောင်ကြောင် မှုန်ကုပ်ကုပ် နေတတ်သည်။ သူ၏ဖခင်မှာ ဂျူးလူမျိုးဖြစ်ပြီး ဇာတ်တစ်ခုမှ ဇာတ်ဆောင်တစ်ဦး ဖြစ်သည်။ ကရာဇက်ကို ၁၉၀၉ ခုနှစ်တွင် ဟော်လန်နိုင်ငံ၌ မွေးဖွားသည်။ သူ (၈)နှစ်သား အရွယ်တွင် မွေးစားမိဘတို့ အိမ်တွင် နေရလေရာ ကလေးဘဝမှာ ညှိုးငယ်လှပေသည်။ မွေးစားဖခင်သည် ရက်စက်သူ ဖြစ်သဖြင့် ကရာဇက်မှာ မကြာခဏ ကြိမ်ဒဏ်ခံရသည်။

ပါရမီရှင်တို့ ဖြစ်နေကျအတိုင်းပင် ကရာဇက်၏ စိတ်တန်ခိုး ပါရမီမှာလည်း ကရာဇက် ငယ်ငယ်ကပင် အစွမ်းပြခဲ့သည်။ နှစ်၊ လ ကို အတိအကျ မမှတ်မိတော့သော်လည်း ကရာဇက် (၆) နှစ်သား အရွယ်လောက်ကပင် ပတ်ဝန်းကျင်က “ဒီကောင်လေးက တစ်မျိုးပဲ။ ထူးတော့ ထူးတဲ့ကောင်ပဲ” ဟု ပြောကြသည်။ ထူးသည် ဆိုသည့်အတိုင်း ကရာဇက်သည် ကလေးဘဝတွင်ပင် အခြားသူများ မမြင်သည်ကို မြင်ရသည်။ သူများ မမြင်ရသည်ကို မြင်ရကြောင်း ပြောသည့်အခါ အများက ဝိုင်းနှိမ်ကြသည်။ မွေးစားဖခင်က ဒီကောင် တောက်တီး တောက်တဲ့တွေ ပြောနေတယ်။ နောက်တွေ့ကရာတွေ လျှောက်မပြောနဲ့ဟု ပိတ်ပင်သည်။ ဤလို အငြိုအငြင်ကြားမှ ကြီးပြင်းလာရသည်။ ထို့ကြောင့် သိမ်ငယ်လာသည်။ အားငယ်သောစိတ် ဝင်လာသည်။

ကရာဇက်သည် ၁၈ နှစ်သား အရွယ် ကျောင်းနေစဉ်က သူ့ဆရာကို “ကျနော်ဟာ ဟိုအဝေးကြီးမှာ ရှိနေတာကို မြင်ရတယ်” ဟု ပြောသောအခါ ဆရာက ဒီကောင် အရူးပဲဟု မှတ်ချက်ချသည်။ ထိုအခါ ကရာဇက်က “ဆရာ မနေ့က ကျနော်တို့ကို စာမသင်နိုင်တော့ဘဲ ခွင့်တစ်ရက် ယူတာဟာ အပျိုချောချော တစ်ယောက်ဆီ သွားတာ မဟုတ်လား၊ အင်္ကျီမှာ နှင်းဆီပန်း နီနီကလေးကို ထိုးလို့၊ ဆရာသူ့ကို လက်ထပ်လိမ့်မယ် မဟုတ်လား” ဟု ပြောလိုက်ရာ ဟုတ်မှန်နေသဖြင့် ဆရာမှာ မှင်သက်မိသွားသည်။

ဤသို့ သူများ မမြင်သည်ကို မြင်သော၊ အဝေးမှ အဖြစ်အပျက်များကို မြင်သော ပါရမီရှင် ကရာဇက်သည် ပေါ်တစ်ခါ ငုပ်တစ်လှည့်ဖြင့် အသက် ၂၅ နှစ် ပြည့်ပြီး အိမ်ထောင်ကျသည်အထိ စန်းမပွင့်နိုင်ခဲ့ပေ။ အိမ်ထောင်ကျလာသောအခါ အိမ်ဆိုင်ကလေး ထောင်ပြီး စီးပွားရှာရင်း တစ်နေ့တွင် စိတ်ပညာရှင် တစ်ဦးဖြစ်သူ မစ္စတာစီဗွီနှင့် တွေ့ဆုံစမ်းသပ်ခဲ့သည်။ မစ္စတာစီဗွီ၏ မှတ်တမ်းတွင် ဤသို့ တွေ့ရသည်။ ကရာဇက်ကို ပထမဆုံး ၁၉၃၃ နှစ်တွင် တွေ့ရသည်။ သူ့အမြင် အာရုံများမှာ မရှင်းလင်းလှသော်လည်း နှစ်သက်သည်။ ၁၉၃၉ ခုနှစ်တွင် ကရာဇက်က ကျနော့အား ဂျာမန်တွေနှင့် ပေါင်းလျှင် ဒုက္ခ ဖြစ်နိုင်ကြောင်း သတိပေးသည်။ သူက ကျနော့အား ဂျာမန်ယူနီဖောင်း အနက်တွေ ဝတ်ထားသည်ကို မြင်ရသည်ဟု ဆိုသည်။ အမှန်ပင် ကျနော်လည်း ဝတ်ခဲ့ရသည်။ ကျနော် မယုံခဲ့ပါ။ သို့သော် စစ်အပြီးတွင် ၃ နှစ်ခန့် ထောင်ကျခဲ့သည်။

ဟော်လန်ကို ဂျာမန်တို့ သိမ်းပိုက်ထားစဉ်က ကရာဇက်သည် ဟော်လန် မြေအောက် တော်လှန်ရေးများကို တစ်ဖက်တစ်လမ်းက ကူညီခဲ့သည်။ ရန်သူ ဂျာမန်တို့၏ လှုပ်ရှားမှုများကို ကြိုတင်မြင်သည့်အတိုင်း တော်လှန်ရေးသမားတို့အား ကြိုတင် သတိပေးနိုင်ခဲ့သည်။ ဤနည်းဖြင့် တော်လှန်ရေးသမားတွေ ဂျာမန်တို့ လက်တွင်းမှ သီသီလေး လွဲခဲ့ရသော အကြိမ်များ ရှိခဲ့သည်။ တစ်ခါတစ်ရံတွင်လည်း ပုန်းအောင်းနေသော ဂျူးတို့၏ အိမ်ကို ဂျာမန်တွေ မကြာခင် တောနင်း ရှာဖွေတော့မည့် အကြောင်းကို သူ့အာရုံဖြင့် မြင်သည့်အတိုင်း သတိပေး နိုင်ခဲ့သည်။ ကရာဇက် ပြောသည့်အတိုင်းပင် ထိုအိမ်ကို မကြာမီပင် ဂျာမန်တွေ တက်ရှာခဲ့သည်။

စစ်ပြီးသွားသောအခါ ကရာဇက်၏ ကံကြမ္မာကို ပြောင်းလဲမည့်အချိန် ရောက်လာသည်။ ၁၉၅၄ ခု ဒီဇင်ဘာလတွင် အထက်တန်းကျောင်း တစ်ကျောင်းတွင် ဒေါက်တာတင်ဟက်က မနောမယိဒ္ဓိ ဗေဒအကြောင်း ဟောပြောသည်ကို သူတက်ပြီး နားထောင်မိသည်။ ဒေါက်တာ တင်ဟက်၏ ပို့ချမှုကို နားထောင်လိုက်ရသောအခါ သူ့တွင်ရှိသော ပါရမီ သူ့ပညာကို အသုံးချရန်အတွက် အကွက်ကောင်း ပေါ်လာပြီး အသုံးချရန် နည်းလမ်း တွေ့ပြီဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။

ဟောပြောမှု ပြီးဆုံးသွားသောအခါ ကရာဇက်သည် ဒေါက်တာတင်ဟက်ထံ သွားရောက်ပြီး သူ့ပညာ၊ သူ့ဘဝ၊ သူ့အစွမ်းကို လိုရာသုံးပါဟု အပ်လိုက်သည်။ မကြာမီပင် ဒေါက်တာတင်ဟက်က ကရာဇက်အား ခေါ်ယူ စစ်ဆေးကြည့်ရာ စိတ်တန်ခိုး အစွမ်းသတ္တိကို အမှန်ပင် တွေ့ရလေသည်။ ဒေါက်တာတင်ဟက်၏ မနောမယိဒ္ဓိ ဗေဒဌာနတွင် စိတ်တန်ခိုးရှင် အများအပြား ရှိသည်။ များသောအားဖြင့် စိတ်တန်ခိုးရှင် တို့မှာ စိတ်မတည်ငြိမ်သူတွေ၊ ကိုလေအိုးတွေ၊ မလေအိုးတွေ ခပ်ကြောင်ကြောင်တွေသာဖြစ်ရာ ကရာဇက် တစ်ယောက်လျှင် အဘက်ဘက်မှ စိတ်အချရဆုံး၊ အထက်မြက်ဆုံး ဖြစ်သည်။

ထိုအချိန်မှစ၍ အလွန်လိုက်ဖက်သော အတွဲဖြစ်သွားကြသည့် ဒေါက်တာတင်ဟက်နှင့် ကရာဇက်တို့သည် စိတ်တန်ခိုး သုတေသန (ဝါ) မနောမယိဒ္ဓိဗေဒပညာ စမ်းကြသည်။ လူပျောက်၊ ပစ္စည်းပျောက် မေးလျှင် ဟောသည်။ ရဲဘက်က ထောက်လှမ်းမရသော အမှုများကို ရှာဖွေပေးသည်။ ရှေးဟောင်း သုတေသနကိုလည်း ကူညီသည်။ နောက်ဆုံး အခြားတိုင်းပြည်များနှင့် အမေရိကန် (အက်ဖ်-ဘီ-အိုင်) ကဲ့သို့သော ထောက်လှမ်းရေး အဖွဲ့များက အကူအညီ တောင်းသည်ကိုပင် ကူညီရသည်။

ဟော်လန်၊ ဂျာမနီ၊ သြစတြီးယား၊ အီတလီ၊ ဆွစ်ဇာလန်တို့မှ သိပ္ပံပညာရှင်များက ၁၉၅၇ တွင် အကြိမ် ၄၀၀ မျှ ကရာဇက်ကို စမ်းသပ် ပြီးသောအခါ ဒေါက်တာတင်ဟက်က ကရာဇက်ကို ပွဲထုတ်သည်။ ကရာဇက်၏ စွမ်းရည် အမျိုးမျိုးထဲမှ ပရိသတ်ထိုင်ခုံ တစ်ခုခုကို ထိုင်မည့်သူ မည်သူမည်ဝါ ဖြစ်ကြောင်း ကြိုတင် ဟောပြောနိုင်သော ထိုင်ခုံဟောပညာပင် ဖြစ်သည်။ ထိုထိုင်ခုံဟော ပညာများအနက် ထူးခြားသော စမ်းသပ်မှုတစ်ခုမှာ ၁၉၅၇ ခု တက္ကသိုလ် မနောမယိဒ္ဓိ ဗေဒဌာနတွင် ဖြစ်သည်။ စမ်းသပ်မည့် သက်သေ လူကြီးများကား မစ္စလိုဝါရဝါး၊ သတ္တဗေဒ ပါမောက္ခ ဘရက်နိုင်ဒါးနှင့် ရူပဗေဒ ပါမောက္ခ ဒေါက်တာစမစ်တို့ ဖြစ်ကြသည်။ နောက် ၂၅ ရက် အကြာတွင် ကျင်းပမည် ဖြစ်သော အစည်းအဝေး၏ ထိုင်ခုံပုံစံကို ကရာဇက်အား ပေးသည်။

ထိုအစည်းအဝေးမှာ ဟိတ်မြို့မှ မစ္စဒီဗီတီ၏ အိမ်တွင် ဖြစ်ပြီး အိမ်ရှင်ကို ပါမောက္ခတင်ဟက်နှင့် ကရာဇက်တို့က မမြင်ဖူး၊ မသိဖူးကြချေ။ ထိုဧည့်သည်များ ထိုင်မည့် ခုံဇယားမှ ခုံနံပါတ် (၉)ကို ကရာဇက်က ရွေးပြီး ၎င်းထိုင်ခုံ (၉)တွင် ထိုင်မည့် ဧည့်သည်၏ သဏ္ဌာန်နှင့် ထိုင်မည့်သူ၏ အကြောင်းကို ကြိုတင်ဟောသည်။ ပရော်ဖက်ဆာ တင်ဟက်က ကရာဇက်အား မေးသည်။ ခုံနံပါတ် (၉)တွင် ထိုင်မည့်သူ၏ အကြောင်းကို ပြောပြနိုင်ပါသလား။

၁၉၇၅ ခု၊ ဖေဖော်ဝါရီလ ၁ ရက်၊ သောကြာနေ့ ဟိတ်မြို့ရှိ အမျိုးသမီးတစ်ဦးရဲ့ အိမ်မှာ ဒီခုံနံပါတ်(၉)ကို ထိုင်မယ့်သူဟာ သွက်လက် ဖျတ်လတ်ပြီး ချိုသာပြုံးရွှင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ သူဟာ အသက်အားဖြင့် လူလတ်ပိုင်းဖြစ်ပြီး ကလေးတွေကို အလွန်ဂရုစိုက် ပြုစုတတ်တဲ့သူ ဖြစ်တယ်။ ၁၉၂၈ ခု မှ ၁၉၃၀ အတွင်းမှာ ရှိဗင်နင်ဂျိန်မြို့ မှာရှိတဲ့ ဆပ်ကပ်ပွဲများကို မကြာခဏ ကြည့်တတ်သူ ဖြစ်တယ်။သူငယ်ငယ်က ဒိန်ခဲလုပ်တဲ့ မြို့မှာ နေတယ်။ သူနေတဲ့ အိမ်မှာရှိတဲ့ တဲကြီးကို မီးလောင်လို့ တိရစ္ဆာန်တွေ သေကြတယ်။ သူ့မှာ ညီငယ်၊ မောင်ငယ်တွေရှိပြီး နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြရတယ်။ အင်္ဂလိပ် ပိုင်နက်လို့ ထင်တယ်။ အိန္ဒိယက မဟာရာဂျာလို ကုလား အဝတ်အစားနဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း တွေ့ရတယ်။ ခြင်္သေ့လှောင်အိမ်ထဲကို ဒီအမျိုးသမီးရဲ့လက်ကိုင်ပုဝါ ကျသွားဖူးတယ်။ အဲဒီအဝတ်စလေးကို ခြင်္သေ့က ဆုတ်ဖြဲပစ်လိုက်တယ်။ စက္ကူ တစ်ခုပေါ်မှာ အစက နံပါတ် ၅ ထားတယ်။ နောက်ကျတော့မှ နံပါတ် ၆ ပြောင်းရေးထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စကား အတော်များခဲ့ရတယ်။ သူမဟာ ရှေးဆန်တဲ့ သုတ်ဆေးများကို အသုံးပြုတယ်။ ညာဘက် လက်ခလယ်မှာ နည်းနည်းပါးပါး ထိခိုက်မိထားတယ်။ မကြာခင်ကပင် သူ့ရဲ့ အမျိုးသမီး မိတ်ဆွေတစ်ဦး အလည်အပတ် ရောက်လာသေးတယ်။ အဲဒီ့ ဧည့်သည်ဟာ အရပ်မြင့်မြင့်၊ ခပ်ကုပ်ကုပ်၊ ဆံပင်နက်နက် အသက် ၄၄ နှစ် ရှိပြီး အိမ်ထောင်ရေး အဆင်မပြေတဲ့ ကိစ္စကို လာတိုင်ပင်တာ။ ဖော့စ်တပ် ဆိုတဲ့ ရုပ်ရှင်ကြည့်ပြီး စိတ်လှုပ်ရှားနေတယ်။ သူမရဲ့ ဖခင်ဟာ အမှုထမ်းကောင်းလို့ ရွှေတံဆိပ် ရဖူးတယ်။ ဒီအစည်းအဝေးကို လာတဲ့နေ့မှာပဲ ကလေးတစ်ယောက်ကို သွားစိုက်ဆရာဆီ ပို့ရသေးတယ်။ အသက် ၄၅ နှစ် လောက်ရှိတဲ့ လူတစ်ယောက်ကို မြင်ရတယ်။ ဒီလူက စိတ်နုတယ်။ သူ့မိန်းမက သူ့ခံစားချက်ကို နားမလည်ဘူး။ သူတို့ချင်း တွဲတယ်။ သူကလည်း နောက်မိန်းမ တစ်ယောက်နဲ့ ယူတယ်။ သူ့မိန်းမကလည်း နောက်ယောင်္ကျားနဲ့ပဲ။

အစည်းအဝေး စသည့်အချိန်တွင် မူလက ရှိခဲ့သော သက်သေလူကြီးများ ဖြစ်သော ပါမောက္ခကြီးများသည် ဧည့်သည်များ ဝင်ပြီး ထိုင်ခုံ အသီးသီးတွင် ထိုင်သည်ကို စောင့်ကြည့်ကြသည်။ ထိုအချိန်တွင် ကရာဇက်မှာ အစည်းအဝေး လုပ်မည့်နေရာတွင် မရှိချေ။ မနောဆက် ပညာ အသုံးပြုပြီး သူထိုင်စေချင်သူကို အထိုင်ခိုင်းမည် စိုးသောကြာင့် ဖြစ်သည်။ အစည်းအဝေး ဖိတ်စာ ပို့သည်မှစ၍ ထိုင်သည်အထိ ပါမောက္ခ ကြီးများက ကြီးကြပ်ထားသည်။

ထိုင်ခုံနံပါတ် (၉)ကို ထိုင်သည့် အမျိုးသမီးအား ကရာဇက်၏ စိတ်တန်ခိုးဖြင့် ဟောပြောခြင်းကို စမ်းသပ်ခြင်း ဖြစ်ကြောင်း ပြောပြီး ကရာဇက်၏ ဟောထားသော အချက်များကို တစ်ခုစီ မှန်၊ မမှန် မေးကြည့်သည်။ ထွက်ပေါ်လာသော အဖြေမှာ အောက်ပါအတိုင်း ဖြစ်သည်။ ခုံအမှတ် (၉)တွင် ထိုင်မည့်သူ မစ္စအမ်မှာ အသက် ၄၂ နှစ်ရှိပြီး သွက်လက် ဖျတ်လတ် ချိုသာသူ ဖြစ်သည်။ ကလေးများကို ပြုစုရန် စိတ်ဝင်စားကြောင်း ဝန်ခံသည်။ သူမ၏ဖခင်နှင့် မိခင်တို့မှာ ကွဲနေကြသည်။ သူမငယ်စဉ်က ဖခင်က ဆပ်ကပ်ပွဲကို မကြာခဏ ခေါ်သွားသည်။ မိဘ နှစ်ဦးတို့မှာ နောက်အိမ်ထောင် အသီးသီး ပြုထားကြသည်။ သူမ နေသောနေရာမှာ ဒိန်ခဲလုပ်ငန်း မဟုတ်။ ထောပတ် လုပ်သောနေရာ ဖြစ်ပြီး ခြံကို မီးလောင်သဖြင့် မြင်းတစ်ကောင် သေသည်။ သူမတွင် မောင်များ မရှိသော်လည်း သူ့ယောကျ်ားတွင် ညီနှစ်ဦး ရှိသည်။ တစ်ယောက်မှာ အင်္ဂလန်တွင် စစ်ပညာသင်ပြီး အင်ဒိုနီးရှားသို့ ရောက်နေသည်။ ကရာဇက်နှင့် တူသူမှာ အကျဉ်းထောင်တွင် သေသည်။ မကြာမီက စာအုပ် တစ်အုပ်ထဲက သိဒ္ဓိယောဂီ တစ်ဦး၏ပုံကို ထိုယောဂီကို မကြာခဏ သတိရသည်ဟု ဆိုသည်။ (၆) နှင့် ပတ်သက်၍ မမှတ်မိဟု ဆိုသည်။ ကရာဇက်က အမှတ်(၉) ကျရင် ဆက်စပ်မိမည်ဟု ပြောသည်။

မကြာမီက အိမ်အသုံးစာရင်း ပေါင်းရာတွင် ၅ နှင့် ၆ မှားပြီး ပေါင်းမိသည်။ ထို့ကြောင့် လင်မယားချင်း စကားများရသည်။ သုတ်ဆေး ထည့်ထားသော သေတ္တာကြီး တစ်ခုရှိသည်။ ဟင်းသီးဟင်းရွက်များ လှီးစဉ်က လက်ခလယ်ကို ဓါးရှသည်။ မိန်းမချင်း မိတ်ဆွေ တစ်ဦးနှင့် မကြာမီက အိမ်ထောင်ရေး ကိစ္စများ ဆွေးနွေးရသည်။ ထိုမိန်းမမှာ ကိုယ်လုံး တောင့်တောင့် ဆံပင်နက်နက်နှင့် ဖြစ်သည်။ လက်ကိုင်ပုဝါ ကိစ္စမေးရာ ငယ်ငယ်က လက်ကိုင်ပုဝါ ဖွက်တမ်း မကြာခဏ ကစားခဲ့သည်ဟု ဖြေသည်။ မစ္စအမ်သည် ပြဇာတ် အဆိုတော် ဖြစ်သည်။ သူမ ပထမဆုံး အဆိုတော် ဖြစ်ခဲ့သော ပြဇာတ်မှာ ဖော့စ်တပ် ဖြစ်သည်။ ထို့ကြောင့် ထိုဇာတ်ကို စိတ်စွဲနေသည်။ သူမ၏ ဖခင် အငြိမ်းစားယူသောအခါ ရွှေစီးကရက်ဘူးကို လက်ဆောင်ရခဲ့သည်။ မစ္စအမ်၏ သမီးငယ်မှာ သွားပိုးစားနေသဖြင့် ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် သွားစိုက်ဆရာထံ သွားရသည်။ ဤကဲ့သို့ ပညာစမ်းသည့် ပွဲများသာမက တကဲ့တကယ် အရေးကြုံသော ကိစ္စများတွင်လည်း ကရာဇက်၏ ပညာမှာ အစွမ်းထက်လှသည်။

၁၉၆၄ ခု၊ ဂျွန်လတွင် မစ္စစ္စပီတွင် အလုပ်သမား တစ်ဦး အသတ်ခံရသည်။ သို့သော် အမှုဖြစ်စဉ်က ပျောက်ဆုံးခြင်းပင်ဖြစ်ရာ (အက်ဖ်-ဘီ-အိုင်)က အမှုလိုက်သည်။ နောက်ဆုံး သဲလွန်စ လုံးဝ မတွေ့ရသောအခါ လက်လျှော့ရတော့မလို ဖြစ်သည်။ ထိုအခါ နယူးယောက် ရဲအဖွဲ့မှ စခန်းမှူး ကက်ပတိန် ကရိမင်က ကရာဇက်ထံ အကူညီတောင်းရန် အကြံပေးသည်။ ကရာဇက်ကို ဖုန်းဖြင့် အကူညီတောင်းရာ ကရာဇက်က သူ့အမြင်ကို ပြောသည်။

“အဲဒီသုံးယောက်ဟာ သေကုန်ပြီ။ သေသေချာချာ မြင်လိုက်ရတယ်။ သတ်တဲ့လူဟာ လျှို့ဝှက် အဖွဲ့ဝင် တစ်ဦးပဲ။ လူဂုဏ်တန်ပဲ။ ခြံကြီးတွေ ပိုင်ရှင်ရဲ့သားပဲ။ စစ်ပွဲမှာ ရခဲ့တဲ့ တံဆိပ်လည်း ရှိတယ်။ သတ်တဲ့နေရာက (အယ်လ်) စာလုံး ပါတဲ့မြို့ အရက်ဆိုင်မှာ ဖြစ်တယ်။ အဲဒီနေရာမှာ သတ်တဲ့အဖွဲ့ ခေါင်းဆောင်ရှိတယ်။ သူ့ရဲ့ သဏ္ဌာန်ဟာ ခပ်၀၀၊ ဆံပင်နက်နက်၊ မျက်လုံးပြူးပြူး၊ မျက်နှာပေါ်ပေါ် ဖြစ်တယ်။”

ကရာဇက် ဟောလိုက်သည့် အတိုင်းပင် လူသဏ္ဌာန်ရော အရပ်ဒေသပါ တွေ့ရှိ ဖမ်းဆီးရမိသည်။ မိုင်(၃၀၀၀) ကျော်မှ နေပြီး ဟောလိုက်သည့် အတိုင်း (အက်ဖ်-ဘီ-အိုင်) က ခြေရာခံရာမှစ၍ တရားခံများကို ဖမ်းမိခြင်း ဖြစ်သည်။ ဟောရာတွင်လည်း ဓာတ်ဖန်လုံးကို မသုံး။ ခေါင်းဆွဲကို မခေါ်။ လက်ဖွဲ့လည်း မဆောင်ဘဲ ဗြုန်းကနဲ ဖုန်းကောက်ကိုင်ပြီး ဟောခြင်း ဖြစ်သည်။ အမြဲပင် ဤသို့ ဟောတတ်သည်။ ဤအမှုတွင် ကရာဇက်၏ ဂုဏ်သတင်းမှာ ထိုးတက်သွားသည်။ အဘယ့်ကြောင့်ဆိုသော် မိုင် ၃၀၀၀ အကွာရှိ အမေရိကန်မှ (အက်ဖ်-ဘီ-အိုင်)လို ထိပ်တန်း ထောက်လှမ်းရေးအဖွဲ့က ဆရာတင်ရရုံမျှမက ဂျင်းဒစ်ဆင်လို အကြားအမြင် ပါရမီရှင်၏ ဇာတိချက်ကြွေ အမေရိကန်မြေမှ လာရောက် အကူညီတောင်းရသောကြောင့် ဖြစ်သည်။

ကရာဇက်သည် ပစ္စည်းပျောက် ရှာရာတွင်လည်း အားကိုးရသော ပါရမီရှင် ဖြစ်၏။ ခရိုင် တရားရုံး တစ်ရုံးရှိ မှတ်တမ်းဌာနတွင် သိမ်းဆည်း ထားသော အရေးကြီးသည့် မှတ်တမ်းများ ၁၉၅၀ ခုနှစ်၊ ဇွန်လ တွင် ပျောက်ဆုံးခဲ့သည်။ ဘယ်လိုမှ ရှာမရတော့သည့် အဆုံးတွင် ကရာဇက်ထံ အကူအညီ တောင်းရသည်။ ကရာဇက်က ချက်ခြင်းပင် ဟောလိုက်သည်။ ဒီမှတ်တမ်းတွေ ဘယ်မှ ထွက်မသွားပါဘူး။ အဲဒီရုံး အပေါ်က ၂ ထပ် ဘယ်ဘက်က အခန်းချောင်ထဲ ရောက်နေပါတယ်။ ထိုမျှမက ပျောက်နေသော ဖိုင်တွဲမှတ်တမ်း၏ အထူအပါး၊ အရောင်အဆင်းများနှင့် အခြားအချက်အလက်များကိုပါ ရှာဖွေရ လွယ်ကူအောင် ဟောလိုက်သည်။ ရှာကြည့်သောအခါ ကရာဇက် ပြောသည့်နေရာ ချောင်ထဲတွင်ပင် တွေ့ရသည်။ ထိုအခါမှ တရားရေး ဥက္ကဌကြီးလည်း သက်ပြင်းချနိုင်လေတော့သည်။

ကရာဇက်သည် အထူးသဖြင့် ကလေးပျောက် အဟောတွင် နာမည်ကျော်လှသည်။ စင်စစ် သူကိုယ်တိုင် စိတ်ဝင်စားသော ဟောကွက် ဖြစ်သည်။ သူ ကလေးဘဝက ညှိုးငယ်စွာ နေခဲ့ရသည်ကို မမေ့နိုင်သေးသဖြင့် ကိုယ်ချင်းစာသဘောဖြင့် ကလေးဆိုလျှင် ကြင်နာတတ်သည်။ သနားတတ်သည်။ ဟော်လန်ပြည်တွင် ကလေးတစ်ယောက် အိမ်ကို အချိန်မီ ပြန်မရောက်တော့ဘူးဆိုလျှင် မိဘတို့က ရဲကိုမတိုင်မီ ကရာဇက်ထံ ဖုန်းဆက်၍ မေးတတ်သည်။ ရဲအနေဖြင့်လည်း မိမိတို့ လိုက်မရသော အမှုကြီးဆိုလျှင် ကရာဇက်ထံ လာပြီး အကူအညီ တောင်းစမြဲပင်။ ကရာဇက်သည် ရဲအဖွဲ့ကို အကူအညီပေးသော အကြားအမြင် ပညာရှင်များတွင် ထိပ်ဆုံးမှ ဖြစ်သည်။ တစ်ခါတစ်ရံ ရဲအဖွဲ့ဝင်များ၏ ကိုယ်ရေး ပြဿနာများ၊ သူတို့၏ သားသမီး ပျောက်ဆုံးသွားသည်များကိုပင် ကရာဇက်အား မေးမြန်းလေ့ရှိသည်။ ကရာဇက်ကိုပင် အားကိုးလေ့ရှိသည်။ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ နေ့လည်တွင် ကျောင်းသားကလေး နစ်ဂျီသည် ဟော်ကီ ကစားမိသဖြင့် ကျောင်းအုပ် ဆရာကြီးက ခေါ်ပြီး ဆူလေသည်။ နစ်ဂျီသည် ၁၀ နှစ်သားမျှသာ ရှိသေးသော မူလတန်း ကျောင်းသားလေး ဖြစ်သည်။ ဆရာကြီးက ဆူသည်ကို မတရား ဆူသည်ဟု ယူဆကာ စိတ်ကောက်သည်။ မကျေမနပ် ဖြစ်သွားသည်။ ကျောင်းသား သူငယ်ချင်း တစ်ယောက်နှင့် မြို့ထဲသို့ ထွက်သွားသည်။ ညစာစားချိန်ထိ အိမ်ပြန်မရောက်သောအခါ မိဘများက စိတ်ပူလာကြသည်။ လေဒင်မြို့ကလေးမှာ သိပ်မကြီးလှသောမြို့ဖြစ်သည်။

မိဘများသည် မိတ်ဆွေ သင်္ဂဟများ၏ အကူအညီဖြင့် တစ်မြို့လုံး ဒေါင်းတောက်အောင် ရှာကြည့်သည်။ လေဒင်မြို့အနီး ရွာတွင်နေသော နစ်ဂျီ မိဘများ၏ မိတ်ဆွေဖြစ်သူ မစ္စတာလေကင်သည် အကြားအမြင် စိတ်တန်ခိုးကို မယုံကြည်လှသော်လည်း အကူအညီ ရလိုရငြား သဘောဖြင့် ကရာဇက်ကို ဖုန်းဆက် အကူအညီ တောင်းကြည့်သည်။ ကရာဇက်က ကျောင်းသားကလေးများ ရေနစ် သေဆုံးသွားပြီ ဖြစ်ကြောင်းနှင့် အလောင်းရှိမည့် နေရာကို သူ့အာရုံတွင် မြင်ရသည့်အတိုင်း ပြောပြလိုက်သည်။ တူးမြောင်းကြီး တစ်ခု မြင်ရတယ်။ ပျောက်သွားတဲ့ ကလေးမိဘများနဲ့ မီတာ ၇၀၀ လောက် အဝေးမှာ ရှိတဲ့နေရာမှာ သင်္ဘောတစ်စီး ရှိတယ်။ ဒီသင်္ဘောက ကျောက်ချထားတယ်။ သွားနေတာ မဟုတ်ဘူး။ ကရိန်းတွေ တာပေါ်လင်တွေနဲ့ ရပ်လို့။ မိတ်ဆွေဖြစ်သူ မစ္စတာလေကင်က တူးမြောင်းတလျှောက် ပိုက်ဆွဲရှာရန် ရဲအဖွဲ့ကို ပြောသော်လည်း ရဲအဖွဲ့က မယုံကြည်၍ လက်မခံပေ။ ကရာဇက် ပြောသည်ကို ယုံကြည်လေ့ရှိသော ရဲအဖွဲ့ကား ဤအကြိမ်တွင် ကရာဇက် ပြောသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ထို့ကြောင့် မစ္စတာလေကင်သည် မိမိတို့ဘာသာ ပိုက်ဆွဲရှာကြည့်သော်လည်း ရှာမတွေ့ ဖြစ်နေသည်။

တစ်ဖန်ပြန်ပြီး ကရာဇက်ကို ဖုန်းဆက်ပြီး သူ့အာရုံအမြင် မည်မျှ သေချာသည်ကို မေးကြသည်။ သည်တစ်ကြိမ်တွင်ကား ကရာဇက်သည် မနေသာတော့ပြီ။ နစ်ဂျီ မိဘများနှင့် အတူ မသင်္ကာသော နေရာသို့ ကားဖြင့် လိုက်သွားသည်။ မစ္စတာလေကင်လည်း အတူ ပါသွားသည်။ သူ့အာရုံတွင် မြင်တွေ့ခဲ့ရသော နေရာသို့ ရောက်အောင် သွားပြီး ကြည့်သည်။ ကရာဇက်ကား သူအာရုံတွင် မြင်တွေ့ခဲ့ရသော နေရာနှင့် အတူဆုံး နေရာကို ရှာသည်။ မကြာမီ အာရုံနှင့် တစ်ထပ်တည်းလောက် တူသော နေရာကို ရောက်သည်။

ကရာဇက်က “ဒီနေရာမှာပဲ ကလေးဟာ ရေနစ်ပြီး သေတယ်။ အလောင်းဟာ ဒီနေရာမှာပဲ ရှိတယ်” ဟု အပ်ချမတ်ချ အပိုင် ပြောဆိုသည်။ သို့ရာတွင် ကရာဇက် ပြောသော နေရာတွင် နစ်ဂျီ မရောက်နိုင်ဟု ရဲက အခိုင်အမာ ပြောသဖြင့် မိဘများနှင့် မစ္စတာလေကင်တို့က အခြား တစ်နေရာကို ရှာချင်သည်။ ရဲက ဖြစ်နိုင်သည်ဟု ဆိုသော နေရာတွင် ဖြစ်သည်။ သို့ရာတွင် ကရာဇက်ကား အမြင်အာရုံတွင်သာမက သူ့စိတ်ခံစားမှု အရလည်း ဤနေရာတွင်ပင် ကလေးအလောင်း ရှိရမည်ဟု တစ်ထစ်ချ ဆိုသည်။ ဤသို့ ကမ်းနဖူးတွင် ချီတုံချတုံ ဆွေးနွေးပြီးမှ ထိုနေရာတစ်ဝိုက်ကို ပိုက်ဆွဲပြီး ရှာကြည့်သည်။ မစ္စတာလေကင်က ရဲအဖွဲ့ကို ထိုနေရာကို ပိုက်ဆွဲပြီး ရှာကြည့်ရန် ပြောသော်လည်း ကျောင်းပြေး ကလေးတွေ ရေနစ် သေပေါင်း များလှသော အမှုပေါင်းများစွာကို လိုက်ခဲ့ပြီး ဖြစ်သော ရဲအဖွဲ့က လက်မခံပေ။ နောက်ဆုံးတွင် မစ္စတာလေကင်နှင့် မိဘများ ကိုယ်တိုင် ပိုက်ဆွဲပြီး ရှာကြည့်သောအခါတွင် ကရာဇက်၏ အဟော မှန်ကြောင်း တွေ့ရသည်။ နစ်ဂျီ၏ အလောင်း ပိုက်ထဲတွင် အတိုင်းသား ပါလာလေတော့သည်။

ဤကဲ့သို့ကလေးပျောက် အမှုများကို ကရာဇက် ဟောခဲ့သည့်အတိုင်း တွေ့ရသည်မှာ မရေတွက်နိုင်လောက်အောင်ပင် ရှိခဲ့သည်။ ထို့ကြောင့် ကရာဇက်သည် ကလေးပျောက် အမှုတွင် သွေးထွက်အောင် မှန်သည်ဟု တစ်ကမ္ဘာလုံးက အသိမှတ်ပြုခြင်း ဖြစ်သည်။ လူပျောက်မှု၊ ပစ္စည်းပျောက်မှုများတွင် ရဲအဖွဲ့ကို အကူအညီ အပေးဆုံး ပညာရှင် ဖြစ်သည်။ တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင် ရဲအဖွဲ့က အားအကိုးရဆုံးသော နတ်မျက်စိရှင်ပင် ဖြစ်သည်။

ကရာဇက်သည် လူနှင့် ပစ္စည်းပျောက်တို့ကိုသာ ဟောရုံမက ရှေးဟောင်း သုတေသန ကိစ္စများတွင်လည်း သူ့ပညာကို အသုံးချလေသည်။ ကမ္ဘာကျော် သုတေသီ သိပ္ပံပညာရှင်ကြီးလည်းဖြစ်၊ စိတ်တန်ခိုး သုတေသန ကျမ်းများစွာ ရေး၍ ကမ္ဘာကျော် စာရေးဆရာကြီး ဖြစ်သော ဒေါတာဗော့ဟော့က အာဖရိကမှ ရလာသော ရှေးဟောင်း ပစ္စည်းအချို့ကို ကရာဇက်အား ပြသပြီး ဟောစေသည်။ ဆိုက်ကိုမက်ထရီ ခေါ် ပစ္စည်းကို ထိတွေ့ကိုင်တွယ်ပြီး အာရုံဖြင့် ဟောသောပညာ စမ်းရန်ဖြစ်သည်။ ထုံးကျောက် အပဲ့အစ အနည်းငယ်နှင့် အရိုးတစ်ချောင်း ဖြစ်သည်။

အချိန်ကား ၁၉၅၃ ခု၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ယူထရက် တက္ကသိုလ် မနောမယိဒ္ဓိ ဗေဒဌာနတွင် ဖြစ်သည်။ အောက်ပါ ကရာဇက် အဟော မှန်သော အချက်တွင် ဒေါက်တာဗော့ဟော့က မှန်ဟု မှတ်ချက်ချပြီး မှားသည့်အချက်တွင် မှားဟု ရေးသည်။

ဒေါက်တာ ရှေးဟောင်း သင်္ချိုင်း တစ်ခုဆီကို သွားတယ်။ (မှား)
ကျောက်သေတ္တာ တစ်လုံးကို မြင်တယ်။ ဒီပစ္စည်းဟာ ဘာသာရေးအရ ကိုးကွယ်တဲ့ ပစ္စည်းပဲ။ (မှန်)
ဘုန်းကြီး ၆ ပါးမြင်တယ် ( ၆ ပါးထက် ပိုသည်) ဆံပင်တွေက အရှည်ကြီး။ (မှန်)
သူတို့ရဲ့ယဉ်ကျေးမှုဟာ မနိမ့်လှဘူး။ (မှန်)

နေလ နက္ခတ်တွေ အကြောင်း သိကြတယ်။ (မှန်)
မီးအကြောင်း နားလည်ပြီး ရပ်ရွာ တည်ဆောက်ပြီးလည်း နေတတ်ပြီ။ (မှန်)
တရားဥပဒေကို ကျင့်သုံးရမယ်။ အတော် တင်းကြပ်တယ်။ (မှန်)

တရားရုံးမှာ အလယ်က နှစ်ဦး ထိုင်တယ်။ ဘေးက နှစ်ဦး ထိုင်တယ်။ (မှန်)
သူတို့ဟာ ဓားထိုး ခံရတယ်။ (မှန်)
ဒေါက်တာဗော့ဟော့သည် သူတွေ့ခဲ့သော ပစ္စည်းများ၏ ရာဇဝင်ကို သုတေသန ပြုပြီးသောအခါ ကရာဇက် အဟော မှန် မမှန် နှိုင်းယှဉ် ဖော်ပြခြင်း ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ရှေးဟောင်းသုတေသီ မဟုတ်လျှင် စိတ်ဝင်စားဖွယ် မရှိ၍ ဤမျှသာ ဖော်ပြလိုက်သည်။

ကရာဇက်ကား ဤသို့ ပညာရှင်များ၊ သုတေသီများ၊ သောက ရောက်နေသူများ၊ ရဲဌာနများကို ကြိမ်ဖန်များစွာ ကူညီရန် လက်မနှေးသော်လည်း လူတစ်ဦးချင်း၏ အရောင်းအဝယ်၊ အရှုံးအမြတ်၊ စတော့ရှယ်ယာဈေး အတက် အကျတွင် ခါးခါးသီးသီး ပယ်ချလေ့ရှိသည်။ သူကူညီပြီ ဆိုလျှင်လည်း အခြားသော ကမ္ဘာကျော် ကြေးစား အကြား အမြင်ဆရာများကဲ့သို့ ငွေကြေးကို လက်မခံချေ။ ထို့ကြောင့်လည်း ကရာဇက်၏ ဟောချက်များ ကွက်တိမှန်ခြင်း ဖြစ်နိုင်လေသည်။ အရှေ့ အနောက် ကမ္ဘာတစ်ခွင်လုံး ကရာဇက် နာမည်ကျော်သည်မှာ “အမှီရှိမှ ကြီးပွားသည်” ဟူသော စကားပုံ အတိုင်းပင် ဖြစ်သည်။ ကရာဇက်နှင့် ဒေါက်တာတင်ဟက်တို့ ပူးပေါင်းမိခြင်းသည် အစီးကောင်းသော ဂျော်ကီနှင့် အပြေးသန်သော ဒုန်းမြင်းတို့ ပူးပေါင်းမိခြင်းမျိုး ဖြစ်သည်။

ဂျာမန် သီအိုဆိုဖစ် ဖြစ်သော ရူးဒေါ့စတိန်းနား၏ စာပေကို ငယ်စဉ်ကတည်းက ဖတ်ခဲ့ရသော တင်ဟက်သည် တဖြည်းဖြည်း နာမ်လောက၊ စိတ်လောက အကြောင်း စိတ်ဝင်စားလာကာ စိတ်တန်ခိုး ပညာကို လေ့လာခဲ့သည်။ အသက် ၃၀ ကျော် ရှိပြီဖြစ်သော ဒေါက်တာ တင်ဟက်သည် ၁၉၂၈ ခုနှစ် ကတည်းက တည်ထောင်သော မနောသုတေသန အသင်းတွင် ပါဝင်ပြီး မနောသုတေသန ဂျာနယ်ကို ဦးစီး ထုတ်ဝေခဲ့သည်။ တက္ကသိုလ် ရောက်ပြီးသည်မှစ၍ မနောမယိဒ္ဓိဗေဒနှင့် ပတ်သက်သော ဆောင်းပါးများကို အထူး ရေးသားခဲ့သည်။ ဘာသာပြန်ခဲ့သည်။ စိတ်တန်ခိုး ပညာခေါ် မနောမယိဒ္ဓိကို သုတေသန ပြုသည်။ တက္ကသိုလ်၏ ဌာနကြီး တစ်ခုတွင် သင်ကြားနိုင်သော ပညာကြီး ဖြစ်လာအောင် လုံးပမ်းခဲ့သည်။ အချိန်၊ ငွေ၊ ပင်ပန်းမှုများကို အရင်းတည်၍ ယုံကြည်ချက်အတိုင်း စိုက်လိုက်မတ်တတ် လုပ်ခဲ့ရာ သူ့အသက် ၅၇ နှစ် ရှိသော ၁၉၅၇ ခုနှစ်တွင် သူ့ရည်ရွယ်ချက် ပန်းတိုင်သို့ ရောက်ခဲ့လေသည်။ ၁၉၅၁ ခုနှစ်တွင် မနောမယိဒ္ဓိ ဗေဒဌာနကို ယူထရက် တက္ကသိုလ်၌ ပထမဆုံး စတင် ဖွင့်လှစ်နိုင်ခဲ့သည်။ ဌာန အကြီးအကဲ အဖြစ် ပါမောက္ခ ဒေါက်တာတင်ဟက် တာဝန်ယူရသည်။ ကမ္ဘာပေါ်တွင် ပထမဆုံး တက္ကသိုလ် စာသင်ခန်းသို့ ရောက်လာသော စိတ်တန်ခိုး ပညာရပ် ဖြစ်သည်။ ဒေါက်တာတင်ဟက်၏ ၃၉ နှစ်လုံးလုံး တိုက်ပွဲဆင်ခဲ့သော အောင်ပွဲ ဖြစ်သည်။

ဒေါက်တာတင်ဟက်သည် စိတ်တန်ခိုး ပညာရှင်များကို လိုက်ရှာသည်။ မွေးသည်။ ကမ္ဘာ့ပွဲတွင် ထုတ်သည်။ ကမ္ဘာ့ မနောသုတေသီများကို ဖိတ်ပြီး သူ့လူများကို စမ်းသပ်စေသည်။ သူကိုယ်တိုင်လည်း ကမ္ဘာလှည့်၍ ဟောသည်။ စုဆောင်းသည်။ ထို့ကြောင့်လည်း ဟော်လန် မနော သုတေသန မနောမယိဒ္ဓိ လုပ်ငန်းသည် ကမ္ဘာ့ မနောမယိဒ္ဓိ သုတေသန အလယ်တွင် ခေါင်းတစ်လုံး မြင့်နေသည်ဟု ပညာရှင်များက ပြောခြင်း ဖြစ်သည်။ ဒေါက်တာတင်ဟက်က သူမွေးထားသော ကရာဇက်ကို အမေရိကန်မှ မနောမယိဒ္ဓိ ပါရဂူ ဒေါက်တာ ဗက်ဆီလီယက်၊ အိန္ဒိယမှ ဒေါက်တာ အနာဂျီး၊ ဂျာမနီမှ မန်စိဘင်ဒါ၊ ဆွီဒင်မှ ဒေါက်တာဂျွန်ဆင်၊ ချက်ကိုစလိုဗက်မှ တက္ကသိုလ် မနောသုတေသန ဌာနမှူး ဒေါက်တာကူချင်ကေး စသော ကမ္ဘာ့ပညာရှင် ပါရဂူ အသီးသီးတို့အား ထပ်ခါ တလဲလဲ စမ်းသပ်စေခဲ့သည်။ “ကရာဇက်”သည်ကား ဤသို့ ကမ္ဘာကျော် ပွဲပေါင်း အလီလီကို တိုးခဲ့ပြီးမှ “ရေဒါ ဦးနှောက်ပိုင်ရှင်” “ဟော်လန်ကဝေကြီး” စသော ဘွဲ့များကို ရရှိခဲ့ခြင်း ဖြစ်လေသည်။ စိတ်တန်ခိုးပညာရှင်ကြီး ကရာဇက်သည် ဇူလိုင်လ ၂၀ရက် ၊ ၁၉၈၀ခုနှစ်တွင် ကွယ်လွန်ခဲ့လေသည်။

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Next Post
မောင်ရင်ဆိုင်းထမ်းကြယ် ဆိုသည်မှာ

မောင်ရင်ဆိုင်းထမ်းကြယ် ဆိုသည်မှာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!