အသက်ရှင်သန်ရေးအတွက် ရေဟာ မရှိမဖြစ် အရာတစ်ခုဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ကမ္ဘာ့တစ်ချို့နေရာတွေမှာဆိုရင် ရေ ဟာအလွန်ရှားပါးလွန်းလှပါတယ်။ တကယ်သောက်လို့ရတဲ့ရေမရှိပဲ မြောင်းတွေ ၊ ဗွက်အိုင်ထဲက ရေတွေပဲ ရှိပါတယ်။
မနေနိုင်လို့ အဲဒီရေတွေကို သောက်ကြတဲ့အခါမှာတော့ ဗိုင်းရပ်စပ်ပိုးမွှားတွေဝင်ပြီး ဝမ်းလျှောရောဂါ ၊ ငှက်ဖျားရောဂါတွေဖြစ်ပါတယ်။ ၁၅စက္ကန့်တိုင်းမှာ ကလေးတစ်ယောက်ဟာ ဒီရောဂါနဲ့ သေဆုံးနေရပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း ရေကောင်းရေသန့် သောက်သုံးခွင့် မရတဲ့သူ (၈၈၄) သန်း ရှိနေပါသေးတယ်။
ဒီပြသနာကို အလွယ်ကူဆုံး ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကတော့ LifeStraw လို့ခေါ်တဲ့ စမတ်ပိုက်ပြွန်ပဲ ဖြစ်ပါတယ်။ ၁၉၉၄ခုနှစ်တည်းက အဆင့်ဆင့် စမ်းသပ်ခဲ့တဲ့ ဒီပြွန်ဟာ အခုချိန်မှာတော့ ပိုးမွှား ၉၈.၉၉% ကို ဖယ်ရှားနိုင်တဲ့ အစွမ်းရှိနေပြီ ဖြစ်ပါတယ်။ ဒီပြွန်ကိုသုံးပြီး ဗွက်အိုင် ၊ မြောင်း နဲ့ မြစ်များမှ ရေကို အလွယ်တကူ စုပ်ယူသောက်သုံးနိုင်ပါတဲ့အတွက် ရေရှားတဲ့ဒေသတွေမှာ အလွန်အကျိုးသက်ရောက်မှု ရှိတဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ တောထဲတောင်ထဲ ခရီးသွားလေ့ရှိတဲ့လူတွေအတွက်လည်း ကောင်းမွန်တဲ့ရေကို သောက်စေနိုင်ဖို့ အသုံးဝင်ပါတယ်။
ဒီ LifeStraw ပြွန်တွေကို ဒီဇိုင်းထုတ်ပေးတာကတော့ ဆွစ်ဇာလန်အခြေစိုက် Vestergaard Frandsen ဆိုတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ပြွန်ရဲ့အရှည်က ၂၂စင်တီမီတာရှိပြီး အချင်းကတော့ ၃စင်တီမီတာ ရှိပါတယ်။ ယခင်အစပိုင်း ထုတ်လုပ်ခဲ့တဲ့ ပြွန်တွေဟာ ဓာတုဒြပ်စင်တွေ ၊ ဆားငန်ရေ နဲ့ ရေမှာသတ္တုပါဝင်နေမှုတွေကို လုံလောက်အောင်သန့်စင်မပေးနိုင်ပေမယ့် ယခုနောက်ပိုင်းထွက်ရှိလာတဲ့ LifeStraw Flex လို ပြွန်တွေကတော့ ဓာတုဒြပ်စင်တွေ နဲ့ သတ္တုပါဝင်မှုတွေကို ဖယ်ရှားပေးနိုင်နေပါပြီ။
ဒီပြွန်လေးဟာ ဓာတုပစ္စည်းကိုသုံးမထားသလို လျှပ်စစ်လည်း မလိုအပ်ပါဘူး။ အဆင့်ဆင့် သဘာဝရေစစ်လွှာတွေကို ထည့်သွင်းအသုံးပြုထားတာပါ။ LifeStraw တစ်ချောင်းရဲ့သက်တမ်းဟာ ရေပမာဏ လီတာ ၄၀၀၀ လောက် ကို ထုတ်ယူပေးနိုင်တဲ့ အထိ ရှိပါတယ်။ ဒီပမာဏဟာ လူတစ်ယောက် ၃နှစ်လောက် လုံလုံလောက်လောက် သောက်နိုင်တဲ့ ပမာဏဖြစ်ပါတယ်။ ဈေးကလည်း အမေရိကန် ၂၀ဒေါ်လာ ပဲ ရှိတာကြောင့် ဈေးသင့်တယ်လို့ ဆိုနိုင်ပါတယ်။ ချွင်းချက်တစ်ခု ကတော့ ဒီပြွန်ဟာ ပယ်လယ်ရေက ဓာတ်ဆားတွေကိုဖယ်ထုတ်နိုင်စွမ်း မရှိတာပါပဲ။
ဒီ LifeStraw ရေစစ်ပြွန်လေးတွေဟာ ၂၀၁၀ ဟေတီငလျှင် ၊ ၂၀၁၀ ပါကစ္စတန်ရေကြီးမှု ၊ ၂၀၁၁ ထိုင်းရေကြီးမှု ၊ ၂၀၁၆ အီကွေဒေါ ငလျှင် အပြင် အခြားသဘာဝဘေးအန္တရာယ်တွေနဲ့ကြုံတွေ့မှုမှာ လူပေါင်းများစွာကို ရေလုံလောက်စေခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ကင်ညာ နဲ့ ရဝမ်ဒါ နိုင်ငံတွေက ရေကောင်းရှားတဲ့အရပ်တွေမှာ အသုံးပြုလျှက်ရှိပါတယ်။
ဒီနည်းပညာဟာ ရေကောင်းရေသန့် မရသူများအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ တောထဲတောင်ထဲ သွားလာတတ်တဲ့ ခရီးသွားသူများ အရေးပေါ် သောက်ရေမရှိတော့တဲ့ အခြေအနေမှာလည်း အနီးအနားက ရေကို သောက်သုံးနိုင်တာကြောင့် ကမ္ဘာကြီးကို အကျိုးပြုတဲ့ တီထွင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ လူသားအကျိုးပြုမှုကြောင့် LifeStraw ဟာ ၂၀၀၈ခုနှစ်က စလို့ဆုတံဆိပ်ပေါင်းများစွာ နဲ့ ဂုဏ်ပြုခံခဲ့ရတဲ့အပြင် နယူးယောက်ခေတ်သစ်အနုပညာ ပြတိုက်မှာ ဂုဏ်ပြုဖော်ပြခြင်းခံခဲ့ရပါတယ်။
VIDEO
Discussion about this post