ရေငုပ်သင်္ဘောဆိုသည်မှာ ရေအောက်တွင် လွတ်လပ်စွာရွေ့လျားသွားလာနိုင်သော ရေယာဉ်တစ်မျိုးဖြစ်သည်။ သာမန်ရေအောက်သွားယာဉ်မှာ ရေအောက်တွင် အကန့်အသတ်ဖြင့်သာ အလုပ်လုပ်နိုင်သဖြင့် ရေငုပ်သင်္ဘော နှင့် ကွဲပြားခြားနားသည်။ ရေငုပ်သင်္ဘော ဆိုသော အသုံးအနှုန်းမှာ အများအားဖြင့် လူအများအပြားတင်ဆောင်သော စက်တပ်ယာဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ သို့သော်လည်း သမိုင်းကြောင်း အားဖြင့် သို့မဟုတ် အရပ်သုံးစကားဖြင့်မူ ရေငုပ်သင်္ဘောဆိုသည်မှာ အလယ်အလတ်စား သို့မဟုတ် ထိုထက်သေးငယ်သော ရေယာဉ်များနှင့် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်သော ယာဉ်များနှင့် စက်ရုပ်များကိုလည်း ခေါ်ဝေါ်လေ့ ရှိကြသည်။
စမ်းသပ်မှု အနေဖြင့် ရေငုပ်သင်္ဘောများကို ရှေးယခင်ကတည်းက တည်ဆောက်ဖူးကြသော်လည်း ရေငုပ်သင်္ဘော ဒီဇိုင်းသည် ၁၉ ရာစုတွင်မှ အရှိန်ရလာခဲ့သည် ရေတပ် အများစုမှ အသုံးပြုလာခဲ့ကြသည်။ ရေငုပ်သင်္ဘောကို ပထမအကြိမ် ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြသည်မှာ ပထမကမ္ဘာစစ် အတွင်းမှ စ၍ ဖြစ်ပြီး အခုအခါတွင် ရေတပ်အင်အားတောင့်တင်းသော နိုင်ငံအများအပြားတွင် အသုံးပြုနေကြပြီဖြစ်သည်။
စစ်တပ်တွင် သုံးရသည့် ရည်ရွယ်ချက်မှာ ရန်သူ၏ ရေပေါ်တွင် ရှိနေသော သင်္ဘော (သို့) ရေငုပ်သင်္ဘောကို တိုက်ခိုက်ရန်၊ လေယာဉ်တင်သင်္ဘာကို ကာကွယ်ရန်၊ ရန်သူအား ကြားဖြတ် ပိတ်ဆို့ခြင်း၊ နျူကလီးယား တိုက်ခိုက်မှု၏ တစိတ်တဒေသ အဖြစ် တိုက်ချင်းပစ် ဒုံးကျည် လွှတ်တင်ရန်၊ စုံစမ်းထောက်လှမ်းရန်၊ ကုန်းပေါ်သို့ လှမ်း၍ တိုက်ခိုက်ရန် နှင့် အထူးတပ်ဖွဲ့များကို လျို့ဝှက် ပို့ဆောင်ရန် စသည်တို့အတွက် ဖြစ်သည်။
အရပ်သုံး အနေနှင့်မူ အဏ္ဏဝါ သိပ္ပံ၊ ကယ်ဆယ်ရေး၊ စူးစမ်း ရှာဖွေရေး နှင့် ကိရိယာများ စစ်ဆေး ပြင်ဆင်ရန် တို့အတွက် အသုံးပြုကြသည်။ ရေငုပ်သင်္ဘောများကို ပြုပြင်မွမ်းမံ၍ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ရေအောက် ဆက်သွယ်ရေး လိုင်းများ ပြုပြင်ရန် စသည်တို့အတွက် အထူးပြုလုပ် သုံးစွဲလေ့ ရှိကြသည်။ ရေငုပ်သင်္ဘောများကို ခရီးသွားလုပ်ငန်းတွင် ရေအောက် ရှေးဟောင်း သုတေသန လုပ်ငန်း အတွက်လည်း အသုံးပြုလေ့ ရှိကြသည်။
ပထမဆုံး ရေငုပ်သင်္ဘောကို ၁၆၂၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည်။ ပထမဆုံး စစ်ဘက်သုံး ရေငုပ်သင်္ဘောကိုမူ ၁၇၇၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အမေရိကန်ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅) တွင် ရေငုပ်သင်္ဘောကို ပထမဆုံး စစ်ဘက်၌ အသုံးပြုခဲ့သည်။ ပထမကမ္ဘာစစ် နှင့် ဒုတိယ ကမ္ဘာစစ်များအတွင်းတွင် ရေငုပ်သင်္ဘောများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။
ခေတ်မီရေငုပ်သင်္ဘောကို ဖြစ်မြောက်အောင် ပြုလုပ်နိုင်ခဲ့သည်မှာ မကြာလှသေးသော်လည်း ရေငုပ်သင်္ဘောကို ၁၇ ရာစုနှစ်ကတည်းကပင် ကြံစည်စိတ်ကူးမိခဲ့ကြလေသည်။ ၁၆၂ဝ ပြည့်နှစ်တွင် ဒတ်ချ်လူမျိုး ကော်နဲလီယပ် ဗန်ဒရက်ဗဲ ဆိုသူသည် အင်္ဂလန်ပြည့်ရှင် ပထမဂျိမ်းဘုရင်အတွက် ရေငုပ်သင်္ဘောသုံးစင်း ဆောက်လုပ်ပေးခဲ့ဖူးလေသည်။ ထိုရေငုပ်သင်္ဘောတို့ကို သစ်သားနှင့် ဆောက်လုပ်၍ ကုန်းပတ်ကို ရေလုံစေရန် အမဲဆီသုတ်လိမ်းသော သားရေနှင့် ဖုံးလွှမ်းထားသည်။ ယင်းတို့သည် ခတ်လှေများပင် ဖြစ်ကြသော်လည်း ရေအောက် ၁၂ ပေမျှ အနက်၌ သွားလာနိုင်ပြီးလျှင် နာရီပေါင်းမြောက်မြားစွာ ကြာအောင် ရေအောက်တွင် နေနိုင်ကြပေသည်။ ရေအောက် ၌ လှေသားများ ကြာရှည်စွာ အသက်ရှင်လျက် နေထိုင်နိုင်ရန် ဒရက်ဗဲသည် မည်သို့ ကြံစည်စီမံပေးခဲ့သည်ကိုကား ယခုတိုင် မသိနိုင်ချေ။
၁၈၉၈ ခုနှစ်၌ ဟော်လန်သည် ရေငုပ်သင်္ဘောကို ဖြစ်မြောက်အောင် ဆောက်လုပ်ခဲ့ပြီးနောက် အင်္ဂလန်ကဲ့သို့သော နိုင်ငံကြီးများကလည်း ရေငုပ်သင်္ဘောများကို မှာယူကြ၍ မိမိ တို့တိုင်းပြည်များ၌ ရေငုပ်သင်္ဘောများကို ဆန်းသစ်အောင် ကြံ စည်ပြုလုပ်ခဲ့သည်။ ထိုသို့ ရေငုပ်သင်္ဘောပုံစံများကို ကြံစည် ပြုလုပ်ခဲ့သူများထဲတွင် ဆိုင်မွန်လိတ်သည် အထင်ရှားဆုံးဖြစ်၍ ဟော်လန်နှင့် အပြိုင်အဆိုင် ဖြစ်ခဲ့လေသည်။ ဟော်လန်လုပ် ကိုင်ခဲ့သည့် ရေငုပ်သင်္ဘောများသည် အလျားပေ ၅ဝ မျှသာ ရှည်၍ တန်ချိန် ၂ဝဝ ခန့်သာလေးသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်း ဂျပန်တို့၏ ရေငုပ်သင်္ဘောများတွင် တန်ချိန် လေးထောင်ကျော်အထိ ရှိသော အကြီးစားများအပြင် နှစ်ယောက်စီး အငယ်စားကလေးများလည်း ပါဝင်လေသည်။
ရေငုပ်သင်္ဘော သည် အခြားသာမန်သင်္ဘောများနှင့် မတူ ရေပေါ်၌၎င်း၊ ရေအောက်၌၎င်း သွားလာရသောကြောင့် တစ်မျိုး တစ်ဖုံ ထူးခြားဆန်းပြားရ၏။ ရေပြင်ပေါ်၌ သွားလာခိုက်တွင် ဒီဇယ်အင်ဂျင်အတွက် လိုအပ်သောလေကို မရနိုင်သဖြင့် ထိုစက်ကို ရပ်ထားပြီးလျှင် လျှပ်စစ်မော်တော်စက်ကို အသုံးပြုရ သည်။ ဓာတ်ဆီကို ရေငုပ်သင်္ဘော၏ဝမ်းတွင်း၌ ပေါက်ကွဲမည့် ဘေးကို စိုးရိမ်ရသဖြင့် အသုံးမပြုချေ။ ရေအောက်၌ မော်တော် စက်လည်ရန်အတွက် လျှပ်စစ်ဓာတ်ကို ဘက်ထရီအိုးများမှရနိုင်၍ ဘက်ထရီအိုးများကို ရေပြင်ပေါ်ရောက်သောအခါများတွင် ဒီဇယ်စက်နှင့် အားဖြည့်ပေးရသည်။ ထိုသို့ ဘက်ထရီအိုးများကို ရေပြင် ပေါ်၌သာ အားဖြည့်တင်းပေးနိုင်ခြင်းသည် ရေငုပ်သင်္ဘောအား ရေအောက်၌ ကာလရှည်ကြာစွာ ငုပ်၍ မနေနိုင်စေသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ပေသည်။
ရေငုပ်သင်္ဘောကို စတင်ကြံစည်စဉ်က ဆိုင်မွန်လိတ်သည် ရေငုပ်သင်္ဘောအား ရေအောက်သို့ လျှိုးဝင် သွားနိုင်ခြင်းဖြင့် ရေခဲဝိုင်းနေသော ဆိပ်ကမ်းများသို့ ဝင်ရောက်ရန်သော်၎င်း၊ ပင်လယ်အောက်၌ ဆုံးရှုံးသွားရသော ပစ္စည်းများအား ရှာဖွေ ရန်သော်၎င်းအသုံးပြုနိုင်လိမ့်မည်ဟု ရည်ရွယ်ခဲ့၏။ သို့သော် ရေငုပ်သင်္ဘောသည် စစ်အတွက် အဖိုးမဖြတ်နိုင်လောက်အောင် အသုံးကျသဖြင့် စစ်ဘက်၌ အသုံးပြုရန်အတွက် ရေငုပ်သင်္ဘော ကို လက်နက်များ တပ်ဆင်ထားကြသည်။
ကုန်းပတ်ပေါ်က ပဲ့ထိန်းမျှော်စင်ရှေ့၌ လေးလက်မ အမြောက်တစ်ခုကို တပ်ဆင် ထား၍ တော်ပီဒိုများကို သင်္ဘောဝမ်းတွင်း၌ ဆောင်ယူသည်။ ဤလက်နက်နှစ်ခုကား ရေငုပ်သင်္ဘော၏အချက်အခြာ လက်နက်များ ဖြစ်ကြသည်။ အမြောက်မှာ အသုံးပြုရာ၌ လွယ်ကူသော်လည်း အခြားတိုက်သင်္ဘောများရှိ အမြောက်ကြီးများနှင့် စာလျှင် လွန်စွာသေးနုပ်လျက်ရှိသဖြင့် တော်ပီဒိုကိုသာ အဓိက အားထားရပေသည်။ တော်ပီဒိုမှာ များစွာ အဖိုးတန်သဖြင့် ထိမှန်မည်ဟု သေချာစွာ သိနိုင်တော့မှသာ ရန်သူသင်္ဘောကို ပစ်ခတ်ကြသည်။ ထို့ကြောင့်ပင် ကိုက် ၃ဝဝ ထက်ဝေးသော သင်္ဘောအား တော်ပီဒိုနှင့် မပစ်ခတ်ရဟု ဂျာမန်ယူဘုတ်များကို အမိန့်ထုတ်ထားလေသည်။
ရှေးက ရေငုပ်သင်္ဘောများ၌ တော်ပီဒို ပြွန်နှစ်ခုသာ ပါဝင်သော်လည်း ယခုအခါ ပြွန်ပေါက် ၁ဝ ပေါက်အထိ ပါဝင်ကြသည်။ ရေငုပ်သင်္ဘောများသည် အစပထမတွင် အတော်ပင် နှေးကွေးသော်လည်း ခေတ်မီသင်္ဘောများမှာမူ ရေအောက်၌ တစ်နာရီ ရေမိုင် ၃ဝ မိုင်နှုန်းမျှနှင့် ခုတ်မောင်းနိုင်ကြသည်။ ရေငုပ်သင်္ဘော၌ လုပ်ကိုင်ရသော ရေတပ်အမှုထမ်းများသည် ကောင်းမွန်စွာ လေ့ကျင့်ထားသူများ ဖြစ်ကြရသည်။ ထိုသူများ သည် အခြားရေတပ် အမှုထမ်းများထက် လစာငွေ ပိုမိုရရှိကြလေသည်။
ပြီးခဲ့ သော ကမ္ဘာစစ်ကြီးနှစ်ခုအတွင်းက ဂျာမန်ရေငုပ် သင်္ဘောများ သည် တန်ချိန် သန်းပေါင်းများစွာသော မဟာမိတ်သင်္ဘောများ ကို ဖျက်ဆီးနိုင်ခဲ့လေသည်။ ရေအောက်၌ ပေါက်ကွဲသော ဗုံး များနှင့် ရေငုပ်သင်္ဘောာများအား လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင် သော ရေဒါတို့ ပေါ်ပေါက်လာသောအခါကျမှ ထိုသင်္ဘောများက ပြုသောဘေးရန်မှာ နည်းပါးသွားလေသည်။
စစ်ပြီးခေတ်တွင် အမေရိကန်တို့က နော့တီးလပ်အမည် ဖြစ်၎င်း၊ ဗြိတိသျှတို့က ဒရက်နော့အမည်ဖြင့်၎င်း အနုမြူအားဖြင့် ခုတ်မောင်းရေငုပ်သင်္ဘောကို အောင်မြင်စွာ တီထွင်လာနိုင်ကြလေသည်။ ယင်းတို့တွင် အနုမြူဓာတ်အားကို တစ်ကြိမ်ထည့်ထားလျှင် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ရုံမက ရေအောက်၌လည်း ရက်ပေါင်းများစွာ နေနိုင်ရာ ယင်းတို့သည် အနာဂတ်ကာလ အနုမြူစစ်ပွဲများ၌ များစွာ အသုံးဝင်လိမ့်မည် ဟု ရေတပ်ဘက်ဆိုင်ရာ ပါရဂူကြီးအချို့က ယုံံကြည်လျက် ရှိပေသည်။
ရေငုပ်သင်္ဘောသည် အရွယ်အစားကွဲပြားမှုအကြီးမားဆုံးတွင်ပါဝင်သောယာဉ်ဖြစ်သည်။ သေးငယ်သောလူမဲ့ယာဉ်၊ နာရီအနည်းငယ်သာငုပ်နိုင်သော တစ်ယောက်စီး၊ နှစ်ယောက်စီးမှသည် ၆လအထိ ငုပ်နိုင်သော ရုရှားတို့၏ ကမ္ဘာ့အကြီးဆုံး တိုင်ဖွန်းအမျိုးအစားရေငုပ်သင်္ဘောများ အထိအမျိုးအစားစုံလင်လှသည်။
အမေရိကန်ဟာ ၂၁ ရာစုမှာ ရေငုပ်သင်္ဘောအများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံ တစ်ခုအဖြစ် စံချိန်တင်ခဲ့သည်။ ဆိုဗီယက် (ရုရှား) ကိုကျော်ဖြတ် ခဲ့ခြင်း ဖြစ်သည်။ သမိုင်းတစ်လျှောက် စစ်သုံး ရေငုပ်သင်္ဘော အဘီးရေ ၇၀၀ ကျော် တည်ဆောက်ခဲ့ပြီး ၈၀ ရာခိုင်နှုန်းမျှ သော အရေအတွက်ကို အသုံးပြုနေဆဲ ဖြစ်ပါသည်။
Myanmar Wikipedia
Discussion about this post