မောရစ်သျှဆိုတာ အာဖိရကတိုက် အရှေ့တောင်ဘက်ကမ်းရိုးတန်း အိန္ဒိယသမုဒ္ဒရာထဲမှာ တည်ရှိနေတဲ့ ကျွန်းနိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်။ မောရစ်သျှ သမ္မတနိုင်ငံလို့ခေါ်ပြီး မောရစ်သျှကျွန်း ၊ ကာဂါဒိုကျွန်း ၊ ရိုးဒရစ်ဂျ်ကျွန်း နဲ့ အာဂါလီဂါကျွန်းတို့နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလေးပါ။
နိုင်ငံရဲ့အကျယ်အဝန်းကတော့ စတုရန်းမိုင် ၇၉၀ ဖြစ်ပြီး အကြီးဆုံးနဲ့ မြို့တော်ကတော့ လူးဝစ်ဆိပ်ကမ်းမြို့ဖြစ်ကာ လူဦးရေ ၁သိန်းခွဲခန့် နေထိုင်ပါတယ်။ ဓနသဟာယအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးလူဦးရေကတော့ ၁.၂၆သန်း(၂၀၁၆ စာရင်းအရ) သာ ရှိပါတယ်။
သမိုင်း
မောရစ်သျှဟာ မီးတောင်ကျွန်းဖြစ်ပြီး ဒီကျွန်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၈သန်းခန့်ကတည်းက ရှိနေခဲ့ပြီးပြီလို့ ပညာရှင်တွေက ဆိုပါတယ်။ မောရစ်သျှရဲ့ ပထမဆုံးနာမည်ကိုတော့ အေဒီ ၉၇၅လောက်မှာ လူမနေတဲ့ကျွန်းပေါ်ကို ပထမဆုံးရောက်ခဲ့တဲ့ အာရပ်သင်္ဘောသားတွေက ပေးခဲ့တာဖြစ်ပြီး အဲဒီတုန်းကနာမည်ကတော့ Dina Arobi ဖြစ်ပါတယ်။
သမိုင်းအချက်အလက်အရတော့ ဒီကျွန်းရှိကြောင်း မြေပုံမှာထည့်သွင်းရေးဆွဲခဲ့သူက အီတလီပညာရှင် Alberto Cantino ဖြစ်ပြီး ၁၅၀၂ခုနှစ်မှာ ထည့်ဆွဲခဲ့တာဖြစ်ပါတယ်။ ၁၅၀၇ခုနှစ်မှာ လူမနေတဲ့ အဲဒီကျွန်းပေါ်ကို ထပ်ရောက်ခဲ့တဲ့ ပေါ်တူဂီသင်္ဘောသားတွေက Cirne လို့ပေးပြန်ပါတယ်။ နောက်တော့ Mascarenes လို့ နာမည်ထပ်ပေးပြန်တယ်။
မောရစ်သျှလို့ ယနေ့ခေါ်နေတဲ့ နာမည်ကိုတော့ ဒတ်ချ်ရေတပ်ဗိုလ် Wybrand van Warwyck က သူ အဲဒီကျွန်းမှာ စခန်းချစဉ်က ဒတ်ချ်ဘုရင် Maurice ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တော့ ဒီကျွန်းဟာ ပြင်သစ်ကိုလိုနီ နယ်မြေတစ်ခုဖြစ်လာပါတယ်။ ၁၈၁၀ခုနှစ် ဝန်းကျင် နပိုလီယန်စစ်ပွဲကာလအတွင်းမှာ ဒီကျွန်းဟာ ဂရိတ်ဗြိတိန်လက်အောက်ကို ရောက်ရှိခဲ့ပါတယ်။ ကျွန်းရဲ့နာမည်ကလည်း Maurice ကနေ Mauritius ဆိုပြီးဖြစ်လာပါတယ်။ မောရစ်သျှမှာ နေထိုင်သူအများစုဟာ ဒီကျွန်းမှာစတင်အခြေချခဲ့တဲ့ ပြင်သစ်လူမျိုးများ ၊ အာဖရိကန်များ ၊ တရုတ်ကုန်သည်များ ၊ creole များ နဲ့ အိန္ဒိယလူမျိုးများကနေ ဆင်းသက်လာခဲ့ကြသူတွေဖြစ်ပါတယ်။
မောရစ်သျှနိုင်ငံဟာ ၁၆၃၈ခုနှစ်ကနေ ၁၇၁၀ခုနှစ်အထိ ဒတ်ချ်တွေရဲ့လက်အောက် ၊ ၁၇၁၅ကနေ ၁၈၁၀ထိ ပြင်သစ်တွေရဲ့လက်အောက် ၊ ၁၈၁၀ကနေ ၁၉၆၈ခုနှစ်အထိ အင်္ဂလိပ်တို့လက်အောက်ရောက်ရှိခဲ့ရပါတယ်။ ဗြိတိသျှတို့လက်အောက်မှာ မောရစ်သျှဟာ ဗြိတိသျှအင်ပါယာရဲ့ အဓိကသကြားထုတ်လုပ်တဲ့ ကိုလိုနီနယ်မြေဖြစ်ခဲ့ပါတယ်။ ဒတ်ချ်တွေလက်ထက်ကတည်းက ကြံပင်တွေကိုစိုက်ပျိုးခဲ့တာဖြစ်ပြီး အင်္ဂလိပ်တို့လက်ထက်မှာတော့ မြေပိုင်ရှင်တွေဟာ ကျွန်အမြောက်အများကိုခေါ်ယူကာ အကြီးအကျယ်စီးပွားဖြစ်စိုက်ပျိုးခဲ့ကြပါတယ်။
ဒီအထဲမှာ အာဖရိကလူမျိုးတွေအပြင် အိန္ဒိယစစ်သား ၉၀၀၀ကိုလည်းခေါ်ယူခိုင်းစေခဲ့တာဖြစ်ပါတယ်။ ၁၈၃၅ခုနှစ်မှာတော့ လွှတ်တော်ကနေ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့တဲ့အခါ မြေပိုင်ရှင်တွေဟာ အာဖရိကကျွန်တွေကို နစ်နာကြေးများ ပြန်လည်ပေးလျှော်ခဲ့ရပါတယ်။ ၁၉၆၈ခုနှစ်မှာ လွတ်လပ်ရေးရပြီးတဲ့နောက် သမ္မတနိုင်ငံအဖြစ်ကိုတော့ ၁၉၉၂ခုနှစ်မှာ စတင်ပြောင်းလဲခဲ့ပါတယ်။
အလံ
မောရစ်သျှရဲ့အလံမှာတော့ အနီ ၊ အပြာ ၊ အဝါ ၊ အစိမ်း အရောင်းလေးမျိုးပါရှိပါတယ်။ အနီကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး နဲ့ လွတ်လပ်ရေးကို ကိုယ်စားပြုပါတယ်။ အပြာကတော့ သမုဒ္ဒရာရေပြင်ဝိုင်းရံထားတဲ့ ကျွန်းနိုင်ငံဖြစ်တာကို ကိုယ်စားပြုပါတယ်။ အဝါရောင်ကတော့ တောက်ပတဲ့အနာဂါတ်ကို ရည်ညွှန်းပြီး အစိမ်းကတော့ စိုက်ပျိုးရေးအလွန်ဖြစ်ထွန်းတဲ့ ကျွန်းဆိုတာကို ဖော်ပြထားတာပဲဖြစ်ပါတယ်။
ပတ်ဝန်းကျင်မှာတော့ မီးတောင်သေတွေ ၊ စမ်းချောင်းတွေ ၊ ရေတံခွန်တွေ ၊ မြစ်တွေ ရှိပြီး တစ်နိုင်ငံလုံးရဲ့နေရာအများစုကို သစ်တောများက ဖုံးလွှမ်းထားလျှက်ရှိပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး သန္တာကျောက်တန်းဟာ ဒီမှာရှိနေတာဖြစ်ပြီး ဒီကျောက်တန်းဟာ ကမ်းခြေတွေကို ငါးမန်းတွေရောက်မလာအောင် ကာကွယ်ပေးထားပါတယ်။ မောရစ်သျှမှာ အဖြူရောင်သဲကမ်းခြေပေါင်းများစွာရှိပြီး အဲဒီကမ်းခြေတွေရဲ့အလျားကိုပေါင်းလိုက်မယ်ဆိုရင် ၉၃မိုင်ခန့် ရှိပါသတဲ့။
မောရစ်သျှရဲ့ အပူဆုံးလတွေဟာ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီလဖြစ်ပြီး အအေးဆုံးလတွေကတော့ ဇူလိုင် နဲ့ သြဂုတ်လတွေဖြစ်ပါတယ်။ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ မပူမအေး နေလို့ကောင်းတဲ့ မေလ ကနေ ဒီဇင်ဘာလ အတွင်း အချိန်ဖြစ်ပါတယ်။ မုန်တိုင်းတွေလည်း မကြာခဏတိုက်ခတ်တတ်လေ့ရှိတဲ့ အချိန်ကတော့ ဇန်နဝါရီလကနေ မတ်လအတွင်းဖြစ်ပါတယ်။
Dodo ငှက်
မောရစ်သျှရဲ့ အထိမ်းအမှတ်တိရစ္ဆာန်ကတော့ Dodo ငှက်ဖြစ်ပါတယ်။ Dodo ငှက်တွေဟာ အမြင့်အားဖြင့် ၃ပေ ၃လက်မ ဒါမှမဟုတ် ၁မီတာ နီးပါး ရှိပါတယ်။ အလေးချိန် ၁၀ ကီလိုဂရမ် ကနေ ၁၈ကီလိုဂရမ် အထိ အလေးချိန် ရှိပြီး စားတဲ့အစာ ကတော့ သစ်သီးနဲ့ သစ်စေ့တွေ စားပါတယ်။ အမွှေးထူပြီး မာကြောတဲ့ အရေခွံ ရှိပါတယ်။
ငှက်ဆိုပေမယ့် ငှက်ကုလားအုတ် လိုပဲ ပျံလို့ မရပါဘူး။ Dodo ငှက်တွေရဲ့ စံပျော်ရာ နေရာ ကတော့ မောရစ်သျှကျွန်းမှာပါ။ အခုထိ တရားဝင် အသိအမှတ် ပြုထားချက်အရ Dodo ငှက်တွေဟာ ၁၆၆၂ လောက်မှာ မောရစ်သျှကျွန်းကနေ အပြီးအပိုင် ပျောက်ကွယ် သွားကြတယ်လို့ ဆိုကြပါတယ်။
မောရစ်သျှဟာ အာဖရိကနိုင်ငံတွေထဲက လူဦးရေအထူထပ်ဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ ၁စတုရန်းမိုင်မှာ လူဦးရေ ၁၆၀၁ယောက် နေထိုင်တဲ့အထိ ထူထပ်ပါတယ်။ ပြင်သစ်စကား ၊အင်္ဂလိပ်စကား နဲ့ Creole စကားတွေကို အဓိကပြောဆိုကြပါတယ်။ လူမျိုးပေါင်းများစွာနေထိုင်ပေမယ့် ဒီကျွန်းမှာနေထိုင်သူတွေဟာ အများအားဖြင့် အိန္ဒိယနဲ့ဆင်တဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်လေ့ရှိကြပါတယ်။ ကိုးကွယ်မှုအနေနဲ့ ဆိုရင်တော့ ဟိန္ဒူဘာသာကိုးကွယ်သူ ၄၈% ၊ ခရစ်ယာန်ဘာသာဝင် ၃၂% ၊ အစ္စလမ် ၁၇% နဲ့ ဗုဒ္ဓဘာသာအပါအဝင် အခြားဘာသာတွေကို အနည်းငယ်သာကိုးကွယ်ကြပါတယ်။
သကြား နဲ့ လက်ဖက်ကတော့ ဒီနိုင်ငံရဲ့အဓိက စီးပွားရေးထုတ်ကုန်ဖြစ်ပြီး ခရီးသွားလာရေးကတော့ ဒုတိယဖြစ်ပါတယ်။ မောရစ်သျှ ဟာ ကမ္ဘာ့အတိုးတက်ဆုံး ကျွန်းနိုင်ငံအဖြစ် ၃ကြိမ်ဆက်တိုက် သတ်မှတ်ခံထားရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
အံသြစရာကောင်းတာကတော့ ဒီကျွန်းနိုင်ငံငယ်လေးဟာ ချမ်းသာလွန်းတဲ့နိုင်ငံကြီးတွေသာ လုပ်နိုင်တဲ့အရာတော်တော်များများကို ပြည်သူတွေအတွက် လုပ်ပေးနိုင်တာပါ။ သေးငယ်တဲ့နာမကျန်းဖြစ်တာကနေ များစွာကုန်ကျနိုင်တဲ့ခွဲစိတ်မှုတွေအထိ အခမဲ့ကျန်းမာရေးကုသမှုပေးပါတယ်။ ကလေးငယ်တွေ အခြေခံပညာကနေ တက္ကသိုလ်တွေတက်တဲ့အထိ ပို့ဆောင်ရေးအပါအဝင် ပညာသင်ကြားရေး အားလုံးဟာ အခမဲ့ပေးပါသတဲ့။ ဒီလိုပေးနေပေမယ့် မောရစ်သျှဟာ ချမ်းသာတဲ့နိုင်ငံ မဟုတ်သလို သဘာဝအရင်းအမြစ်ပေါများလွန်းတဲ့ နိုင်ငံတစ်နိုင်ငံလည်း မဟုတ်ပြန်ပါဘူး။
လွတ်လပ်ရေးရပြီးချိန်မှာ တိုင်းပြည်ရဲ့ စီးပွားရေးဟာ ကြံကနေ သကြားထုတ်လုပ် တဲ့ လုပ်ငန်းတခုတည်း ရှိရာကနေ နောက်နှစ်ပေါင်း ၃၀ ကျော်အတွင်း ငွေကြေးဈေးကွက်၊ အဝတ်အထည်ထုတ်လုပ်မှု၊ သစ်သီးဝလံအကြီးအကျယ်ဖြစ်ထွန်းမှု နဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေကိုပါ တိုးချဲ့နိုင်ခဲ့ပြီး အခုဆိုရင် နည်းပညာလုပ်ငန်းတွေကိုပါ အတော်အသင့်လုပ်ဆောင်နိုင်ခဲ့တဲ့ ကျွန်းနိုင်ငံလေးဖြစ်နေပါပြီ။
ဒီနိုင်ငံရဲ့ ချမ်းသာမှုဟာ အသင့်အတင့်မှာရှိနေပြီး ကမ္ဘာ့အဆင့်အရတော့ နံပါတ် ၆၁ မှာရှိပါတယ်။ နိုင်ငံသား တစ်ဦးချင်းစီရဲ့ ပျမ်းမျှနှစ်စဉ်ဝန်ငွေကလည်း တချိန်က ဒေါ်လာ ၄၀၀ ဝန်းကျင်သာရှိခဲ့ရာကနေ ယခုအချိန်မှာတော့ ၂၁၆၂၈ ဒေါ်လာအထိတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။
အစိုးရဟာ နိုင်ငံရဲ့အခြားနယ်ပယ်တွေ အသုံးစရိတ်ကိုလျှော့ချပြီး ကျန်းမာရေး နဲ့ ပညာရေးကို အထူးဆောင်ရွက်ပေးပါတယ်။ အဆက်ဆက်အစိုးရတွေဟာ ပညာရေးကို အားပေးမှုကြောင့် မောရစ်သျှလူငယ်တွေရဲ့ စာတတ်မြော်ကမှုနှုန်းဟာ ၁၉၉၀ မှာ ၉၀% သာရှိခဲ့ပေမယ့် ယနေ့မှာတော့ ၉၉%အထိ တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။
မောရစ်သျှရဲ့တာဝန်ရှိသူတွေကတော့ သူတို့နိုင်ငံ ဒီလိုတဖြည်းဖြည်းတိုးတက်နေတာဟာ လူသားအရင်းအမြစ်ကို တိုးတက်အောင် ပံ့ပိုးနေတာကြောင့်လို့ ဆိုလေ့ရှိပါတယ်။ ထူးခြားတာနောက်တစ်ခုကတော့ ဒီနိုင်ငံလူဦးရေစုစုပေါင်းရဲ့ ၉၀%ခန့်ဟာ ကိုယ်ပိုင်အိမ်ပိုင်ဆိုင်မှုရှိတဲ့သူတွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတောင် အိမ်ပိုင်ဆိုင်သူ ရာခိုင်နှုန်းက ၇၀ သာ ရှိပါတယ်။
မောရစ်သျှမှာ ပုံမှန်စစ်တပ်မရှိပါဘူး။ အဖွဲ့ဝင်ပေါင်း ၁သောင်းခန့်နဲ့ ဖွဲ့စည်းထားတဲ့ ရဲဌာနသာ ရှိပါတယ်။ နိုင်ငံရဲ့လုံခြုံရေးကို တပ်ဖွဲ့ဝင် ၈၀၀၀ ကတာဝန်ယူစောင့်ရှောက်ပါတယ်။ တပ်ဖွဲ့ဝင် ၁၅၀၀ခန့်ကတော့ အမြဲတမ်းလှည့်လည်နေတတ်ပြီး ကျွန်းပတ်ဝန်းကျင်လုံခြုံရေးကိုတော့ တပ်ဖွဲ့ဝင် ၅၀၀ က တာဝန်ယူထားပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ မောရစ်သျှဟာ ငါးနှစ်တစ်ကြိမ် အစိုးရကိုရွေးချယ်လေ့ရှိပါတယ်။ မောရစ်သျှရဲ့ လက်ရှိသမ္မတကတော့ Barlen Vyapoory ပဲဖြစ်ပါတယ်။
မောရစ်သျှမှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ်ထိမ်းသိမ်းထားတဲ့ နေရာနှစ်ခုရှိပြီး အဲဒါတွေကတော့ အိန္ဒိယအလုပ်သမားတွေ ၁၈၄၉ခုနှစ်က တည်ဆောက်ခဲ့တဲ့ ပထမဆုံးအဆောက်အဦး ဖြစ်တဲ့ Aapravasi Ghat နဲ့ Le Morne Brabant ကျွန်းဆွယ်တို့ပဲဖြစ်ပါတယ်။ မောရစ်သျှရဲ့ လူ ၁သိန်းအထက်နေထိုင်တဲ့ မြို့ကြီး ၃မြို့ကတော့ လူးဝစ်ဆိပ်ကမ်းမြို့ ၊ Beau Bassin မြို့နဲ့ Vacoas မြို့တွေပဲ ဖြစ်ပါတယ်။
မောရစ်သျှရဲ့ ထင်ရှားတဲ့နေရာတွေကတော့ Rochester ရေတံခွန် ၊ Black River Gorges အမျိုးသားဥယျာဉ် ၊ Seven Coloured Earth Of Chamarel ၊ Ile Aux Aigrettes ၊ မောရစ်သျှ ရုက္ခဗေဒဥယာျဉ် ၊ ရေအောက်ရေတံခွန် ၊
Ganga Talao-grand Bassin ၊ La Vanille မိကျောင်းဥယျာဉ် ၊ ၁၉ရာစုရဲတိုက် De Labourdonnais ၊ မြို့လယ်ဈေး နဲ့ Eureka Creole House တို့ပဲဖြစ်ပါတယ်။
သုတဇုန်
Discussion about this post