• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဒေါက်တာ စောဝေလှ

by Thutamm
October 14, 2020
Reading Time: 1min read
0
ဒေါက်တာ စောဝေလှ
Share on FacebookShare on Twitter

ရေးသားသူ – ခက်ဇော်(The Voice)

❝ တစ်နေ့နေ့ တစ်ချိန်ချိန်ကျ ဘဝမှာနိုင်ငံတကာကသိတဲ့ဂစ်တာသမားတစ်ယောက်ဖြစ်ရမယ်❞

၁၉၈၂ ခုနှစ် ….. စိန်သြဂတ်စတင်းကျောင်းသား ၊ လီယိုဟေမာန် တီးဝိုင်းရဲ့ (၁၆)နှစ်သား ဘေ့စ်ဂစ်တာသမားလေး စောဝေလှ ရဲ့ တစ်ချိန်က ရည်မှန်းချက် ။ aစာဝေလှ အဖေက မဆလအစိုးရလက်ထက် စက်မှု(၂) ဝန်ကြီးဌာန မှာ ဒုဝန်ကြီးတာဝန်ယူခဲ့ဖူးသည် ။မိခင်ဖြစ်သူ ကျောင်းဆရာမ ။ စစ်တွေဇာတိ မိဘနှစ်ပါးကနေ မွေးလာတဲ့ ရန်ကုန်သား ရခိုင်လူမျိုးလေး စောဝေလှ ရဲ့ ဂစ်တာသမားဘဝက အောင်မြင်ခဲ့သည် ။

အချိန်တိုအတွင်း မာလာဆောင်ရှေ့အုတ်ခုံမှသည် မြန်မာ့အသံတွင် သီချင်းသုံးပုဒ်လွှင့်ခွင့်ရခဲ့သည် ။ သြင်္ကန်စင်မြင့်များထက်တွင် လီယို နှင့်အတူ ဘေ့စ်သမားဘဝကို အောင်မြင်စွာကျော်ဖြတ်နေခဲ့ပြီ ။ ဂစ်တာသည်သာ ဘ၀ ၊ ဂစ်တာသည် သာ ရည်မှန်းချက် ။ စာသင်နှစ်များမှာလည်း အတန်းမှန်မှန်မတက် ၊ ဂစ်တာကို စာအုပ်တွေထက် ပိုဖက်တွယ်မိခဲ့သည့် စောဝေလှ ။ သို့သော်လည်း ဘုရားပေးသည့် ဉာဏ်ပညာကား စောဝေလှဘက်မှာ ရှိသည် ။ ဂစ်တာတီးရင်းတစ်နှစ်တစ်တန်းမှန်မှန်တက်ကာ တက္ကသိုလ်နေ့စွဲများကို အလွယ်တကူဖြတ်ကျော်နိုင်ခဲ့၏။

၁၉၈၅ ရူပဗေဖြင့် ဘွဲ့ရခဲ့ပြီ ။ ဘွဲ့ရလျင် အလုပ်လုပ်ရတော့မည် ။ စောဝေလှက ဂစ်တာပဲ တီးချင်သည် ။ ဒီတော့ ဘာလုပ်ရမလဲ ။ ရူပဗေဒ ဘာသာရပ်ဖြင့် မာစတာဆက်တတ်သည် ။ ကျောင်းသားဘ၀ မှာပဲ ဂစ်တာ က လွတ်လွတ်လပ်လပ်တီးခွင့်ရှိမည် မဟုတ်လား ။ မာစတာတက်ရင်း ဂစ်တာတီးသည် ။ လီယိုဝိုင်းတော်သားများဖြင့် ပွဲတော်ပေါင်းများစွာကို ဖြတ်သန်းခဲ့သည်။ အင်းလျားလိတ်မှ မင်္ဂလာဆောင်ပွဲတွေမှာလည်း တစ်ပတ်ကို သုံးရက်လောက် လီယိုက တီးရသည် ။ စတိတ်ရှိုးတွေ ၊ မွေးနေ့ပွဲတွေမှာ ဆူဆူညံညံသိပ်မရှိသော လီယို ကို ငှားရမ်းကြသည် ။ ဂစ်တာတီးသည့် ငွေဖြင့် ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ခဲ့သည် ။

၁၉၈၆ မှာ စက်မှုကျောင်းကဘွဲ့ရသူငယ်ချင်းတွေ ၊ ရာဇူးက သူငယ်ချင်းများအဆွယ်ကောင်းသဖြင့် တပ်မတော်ဗိုလ်လောင်းသင်တန်းကျောင်း OTS ဝင်ခွင့်ကို သွားဖြေလိုက်သည် ။ တက္ကသိုလ်မှ ဆရာများကလည်း သူ့ကို ကျောင်းတွင် သရုပ်ပြဆရာပြန်လုပ်ရန် တိုက်တွန်းကြသည် ။ ဒါလည်း သွားလျှောက်လိုက်သည် ။ လျှောက်ထားသည့် အလုပ်နှစ်ခုလုံးက မီးစိမ်းပြလာပြီ ။ တက္ကသိုလ်ကျောင်းဆရာလုပ်မလား ။ စစ်ဗိုလ်လုပ်မလား ။ စာသင်ခန်းနှင့် စစ်မြေပြင် ၊ တိုက်ပုံအင်္ကျီနှင့် ယူနီဖောင်း ၊ မြေဖြူခဲနှင့် သေနတ် ၊ လက်ချာစင်မြင့်နှင့် ပခုံးပေါ်က အပွင့်..။

တလက်လက်တောက်ပနေသည့် အနာဂတ်များအား ချွန်မြရင်း လမ်းဆုံမှာ ရောက်နေသည့် လူငယ်စောဝေလှ ။ ဘာကိုရွေးမလဲ ။ အသက်မွေးဝမ်းကြောင်းတစ်ခုကို လုပ်ကိုင်ရင်း ဘဝရဲ့ တပ်မက်အရူးသွပ်ဆုံး ဂစ်တာကို ကိုလဲ ကိုင်ခွင့်ရမည့် အလုပ်မျိုးက ဘာဖြစ်မလဲ ။စစ်တပ်မှာတော့ ဂစ်တာ ကို ကိုင်ခွင့်ရမည်မဟုတ် ။ တက္ကသိုလ်ဆရာဘ၀ နဲ့ ဂစ်တာတီးလို့ က အိုကေမည် ။ ဒီတော့…

“ကျွန်တော်တို့ တပ်ထဲ မဝင်ချင်တော့ပါဘူး ။ အဲဒါလေး လာပြောတာပါ” “ဘာ..မင်းတို့ကို ဗိုလ်သင်တန်းတက်ဖို့ ရွေးပြီးသွားပြီ ။ အခုတမျိုးတော်ကြာတစ်မျိုးနဲ့ အလုပ်လာရှုပ်တယ် ။ စစ်တပ်ကွ..စစ်တပ်…မင်းတို့ ပထွေးအိမ်မဟုတ်ဘူး..” မှော်ဘီရှိ ဗိုလ်ရွေးအဖွဲ့မှ အရာရှိများ၏ ဆဲသံကို စောဝေလှနှင့် သူငယ်ချင်းဖြစ်သူတို့ ဇက်ကလေးပုကာ နားသောတဆင်ရင်း ကုတ်ကုတ်လေးထွက်လာခဲ့ရသည် ။မတတ်နိုင် ဂစ်တာနှင့်စစ်သားဘယ်လိုမှမအပ်စပ်သူတို့က သေနတ်တိုက်ခြင်တာမဟုတ်..ဘေ့စ်ဂစ်တာလေးကို ကြိုးညှိ့ပြီး တီးလုံးတွေပဲ တိုက်ချင်တာ။ မတတ်နိုင် ။

၁၉၈၇ ခုနှစ်မှာတော့ မြန်မာ့နိုင်ငံရေးအခြေအနေက ခပ်ယဲ့ယဲ့စောဝေလှကရန်ကုန်တက္ကသိုလ်ရူပဗေဒဌာနမှ သရုပ်ပြဆရာလေး..။ တီးဝိုင်းက သူငယ်ချင်းတွေက နိုင်ငံခြားထွက်သွားကြသဖြင့် လီယိုလည်း ပျက်သွားပြီ (၈၈)အရေးအခင်းကြီးဖြစ်ပြီ တပည့်ကျောင်းသားတွေကြားသူငယ်ချင်းဆရာတွေကြား လှုပ်လှုပ်ရှားရှားလေးဖြစ်ကုန်သည် ။ စောဝေလှက လစ်ဘရယ်သမား ။ ဒီတော့ သိပ်တော့ ပြင်းပြင်းထန်ထန်ကြီး ဝင်မပါဖြစ်လိုက် ။ ဒီလိုနှင့် တံတားဖြူသည် နီသွားခဲ့ပြီ ။ ဂျပ်ဆင်သည်လည်း လရိပ်ပြာပြာအောက်မှာ ငုတ်တုတ်မေ့နေခဲ့ပြီ ။ သစ်ပုပ်ပင်ကြီးလည်း အရိပ်ခိုသူတွေမဲ့ခဲ့ပြီ ။ကျောင်းကြီးက တစ်မျှော်တစ်ခေါ်ပိတ်သွားခဲ့လေပြီ ။

စာသင်ဆဲ MSC ကျောင်းသားတစ်ဖြစ်လဲ ကျောင်းဆရာလေး စောဝေလှ ကျောင်းပိတ်ပြီဆိုတော့ အလုပ်မရှိဖြစ်သွားသည် ။ ဂစ်တာတီးတုန်းက စုထားတဲ့ပိုက်ဆံ ၊ ကျောင်းဆရာဘဝက စုထားတဲ့လစာ ၊ မိဘတွေဆီက နည်းနည်းပါးပါးနှင့် စောဝေလှ စီးပွားရေးလောကထဲ ဝင်သည် ။ စီးပွားရေးလောကဆိုလို့ ကြီးကြီးကျယ်ကျယ်တော့မဟုတ် ။ အဲ့ဒီတုန်းက ခေတ်ရေစီးက ဗီဒီယိုခေတ်ဦးမဟုတ်လား ။ ဒီတော့ စောဝေလှ ဗွီဒီယိုအခွေအငှားဆိုင်လေးတစ်ခု တံတားဖြူမှာ ဖွင့်သည်။ ဗွီဒီယို အောက်စက် (၅)လုံးနှင့် အခွေတွေ ကော်ပီကူးရပြီ ။ ဂစ်တာတီးချင်တဲ့ ကျောင်းဆရာ အခွေဆိုင်ထိုင်ပြီး စာရင်းတွေမှတ်ရပြီ ။ တစ်နှစ်ကြာတော့ လုပ်ငန်းက ထင်သလောက်မအောင်မြင်လာခဲ့ ။

စောဝေလှ ငွေနောက်လိုက်ဖို့ လောကကြီးထဲ ဝင်ခဲ့သည် ။ ရှမ်းပြည်နယ် ဝန်းသိုဘက်ကို ထွက်ပြီး သစ်အရောင်းအဝယ်လုပ်ငန်းဘက်ခြေဦးလှည့်ခဲ့သည် ။ ဂစ်တာတီး ၊ စာသင် ၊ အခွေငှား မြို့ပေါ်က အနုသမားဘ၀ က အခု တစ်တောဝင် တစ်တောထွက် သစ်ဝယ်ထွက်ခဲ့ရပြီ ။ တကယ့်ဘ၀ ၊ တကယ့်တိုက်ပွဲ ၊ တကယ့်စီးပွားရေးဂွင်ထဲမှာ စောဝေလှ ကျင်လည်ခဲ့သည် ။ အကျိုးအမြတ်ရသမျှ ရဲကိုပေးရသည် ။ သစ်တောကိုပေးရသည် ။ မဝတကို ပေးရသည် ။ ပေးရသည် ။ပေးရသည် ။ တကယ့် လာဘ်ပေးလာဘ်ယူဇုန်ကြီးထဲမှာ စောဝေလှ က သူတို့ကို လုပ်ကျွေးသလိုဖြစ်နေ၏ ။ ဒီတော့ ရန်ကုန်ကို နောက်ကြောင်းပြန်လှည့်လိုက်သည် ။ သူငယ်ချင်းတော်တော်များများကလည်း နိုင်ငံခြားရောက်ကုန်ပြီ ။ ကျောင်းတွေကလည်း ဖွင့်ဖို့ကမသေချာ ။ ဒီတော့ စောဝေလှ နိုင်ငံခြားကို ခြေဆန့်ဖို့ ပြင်သည် ။

ပတ်စ်ပို့ ၊ ဗီဇာရပြီးနောက် (၆၄)ဒေါ်လာကို အိတ်ကပ်ထဲထည့်ကာ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သည် ။ဒေါင်ကျကျ ပြားကျကျ ဘဝကို အဓိပါယ်ရှိရှိတော့ ထူထောင်ရတော့မည် ။ ဘန်ကောက်လေဆိပ်တွင် လီယိုတီးဝိုင်းတုန်းက သူငယ်ချင်း ကိုအောင်မင်းတို့က လာကြိုသည် ။ ကိုအောင်မင်းတို့ဆီမှာ သူတည်းရမည် ။ သို့သော် ရောက်ရောက်ခြင်း ကိုအောင်မင်းတို့ နေသည့်နေရာကို သူမသွားရသေး ။ ကိုအောင်မင်း တို့က ဘန်ကောက်ရှိ ဘားများတွင် ဂစ်တာလိုက်တီးနေသည်။ အခုလည်း ဘားမှာ ဂစ်တာသွားတီးရမည် ။ ဒီတော့ စောဝေလှ ဘားကို လိုက်ခဲ့ ။ ပွဲပြီးမှ အိမ်အတူပြန်ကြမည် ။

ဘန်ကောက်ရောက်ရောက်ခြင်း သေတ္တာကို ဆွဲကာ ကိုအောင်မင်းတို့ဂစ်တာတီးမည့် ဘားကို လိုက်သွားလိုက်သည် ။ ဟိုရောက်တော့ ရုပ်ရှင်မင်းသားကိုမြင့်တို့လည်း တီးဝိုင်းအဖွဲ့မှာ ပါနေသည် ။သေတ္တာလေးကိုချကာ သူတို့တီးတာထိုင်ကြည့်ရင်း ကိုအောင်မင်းတို့က ဝင်တီးဖို့ ဖိတ်ခေါ်သည် ။မြန်မာပြည်သား ဘေ့စ်ဂစ်တာလစ် စောဝေလှ ၏ ဂီတ ကို ဘန်ကောက်သို့ ပထမဆုံးခြေချသည့်နေ့မှာပင် ထိုင်းတွေကို ပြသခွင့်ရခဲ့သည် ။ စောဝေလှတစ်ယောက် ဘန်ကောက်ရောက်ရောက်ခြင်းကိုအောင်မင်းတို့နှင့်အတူ ဂစ်တာတီးသည့် အလုပ်ကို ရပြီ ။ကိုအောင်မင်းတို့နှင့်အတူနေသည်။

ကိုအောင်မင်းတို့နေတာက ဘန်ကောက် အေးဘတ်တက္ကသိုလ်ဝန်းထဲတွင် ။ ဒီတော့ တက္ကသိုလ်ထဲတွင် မြန်မာပြည်မှထွက်ခွာလာကြသည့် တက္ကသိုလ်ဆရာအသိုင်းအဝိုင်းကလည်း ရှိနေသည် ။ ဘန်ကောက်ရောက်ပြီး နောက်တစ်နေ့တွင်ပင် စောဝေလှ မာစတာတန်းတက်ခဲ့စဉ်က ဆရာရင်း ဒေါက်တာခိုင်ညွန့်နှင့် တက္ကသိုလ်တွင်းလမ်းတစ်ခုတွင် ဆုံမိကြသည် ။ ဘန်ကောက်တွင် အင်ဂျင်နီယာကောလိပ်ကို စဖွင့်စအချိန်ဖြစ်သဖြင့် ဆရာအင်အားက လိုနေသည် ။ ထိုင်းနိုင်ငံရှိ တက္ကသိုလ်တော်တော်များများက မြန်မာနိုင်ငံရှိ တက္ကသိုလ်ပေါင်းစုံမှ အလုပ်ထွက်လာကြသည့် ပညာရှင်မြန်မာဆရာတို့၏ အင်အားဖြင့် သူတို့နိုင်ငံ၏ ပညာရေးကို တည်ဆောက်နေချိန် ။ ရန်ကုန် RIT မှ ဒေါက်တာဝင်းတင် ၊ ဒေါက်တာခိုင်ညွန့်တို့က စောေ၀ ကို ဘန်ကောက်မှာ တက္ကသိုလ်ဆရာလုပ်ဖို့ ကမ်းလှမ်းသည် ။

အိုခေ…စောေ၀ ခေါင်းညိတ်လိုက်ပြီ ။ ဘန်ကောက်သို့ရောက်ပြီး နှစ်ရက်အတွင်းတွင် ဂစ်တာတီးသည့်အလုပ်ရော ၊ တက္ကသိုလ်ဆရာအလုပ်ကိုပါ စောဝေလှ တစ်ပြိုင်တည်းရရှိလိုက်သည် ။ကံကြမ္မာကား ကိုယ့်ဘက်မှာ စောဝေလှဘက်မှာ အသာစီး ။ ရုပ်ရှင်မင်းသား ကိုမြင့်တို့နှင့်အတူ ဘန်ကောက်တွင် တစ်နှစ်ဂစ်တာတီးသည် ။နေ့ပိုင်းတွင် စာသင် ညပိုင်းတွင် ဘားမှာ ဂစ်တာလိုက်တီးသည် ။ ဘန်ကောက်ရှိ စီယံပတ်ခ် ဆိုသည့်နေရာတွင် စနေတနင်္ဂနွေ အားလပ်ရက်များတွင် ဂစ်တာတီးသည် ။ ဘန်ကောက်နေ့စွဲများသည် စောဝေလှအတွက် အပျော်ရွှင်ဆုံးဖြတ်သန်းမှုများဖြစ်ခဲ့ရ၏ ။ ကိုယ်တီးချင်သည့် ဂစ်တာလည်း တီးရသည် ။ စာသင်သည့်အလုပ်ကိုလည်း မစွန့်လွှတ်ရ ။ ဒီလိုနှင့် တစ်နှစ်ကျော်ကာလကို အသာလေးဖြတ်သန်းသွားနိုင်ခဲ့၏ ။

တစ်ရက်တော့ အီတလီနိုင်ငံတွင် ရူပဗေဒဘွဲ့လွန်သင်တန်းတစ်ခုအတွက် စကောလားရှစ်လျှောက်လွှာတစ်စောင် ကို စောဝေလှ သွားတွေ့သည် ။ လှမ်းလျှောက်ကြည့်သည် ။ စကောလားရှစ်ရသည် ။အဆင်ပြေသည် ။ ဒီတော့ ထိုင်းတက္ကသိုလ်ကလည်း အီတလီသွားရန် ခွင့်ပြုလိုက်သည်။ လစာရနေမည် ။ ပညာသင်ပြီးပြန်လာလျှင် ဒီတက္ကသိုလ်တွင်ပင် ရာထူးတိုး လစာတိုးဖြင့် ဆရာပြန်ဝင်လုပ် ။ ထိုင်းတွေက အကွက်မြင်သည် ။ ပညာတတ်၏ တန်ဖိုးကို သိသည် ။ ဆွဲဆောင်သည် ။ ထိုကာလတွင် မြန်မာပြည်တွင်တော့ ကျောင်းများက တံခါးပိတ်ထားဆဲ ။

ဘန်ကောက်မှသည် အီတလီ သို့ မြန်မာပြည်သားဘေ့စ်ဂစ်တာသမား ရူပဗေဒဆရာပေါက်စ စောဝေလှ ခရီးဆက်ပြီ ။ ထိုစဉ်က ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်သော အရင်းရှင်အမေရိကန်နှင့် ကွန်မြူနစ်ဆိုဗီယက်တို့၏ စစ်အေးတိုက်ပွဲနောက်ဆုံးနှစ်များဖြစ်သည် ။ အနုမြူသီအိုရီနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြားပြိုင်ဆိုင်မှုကား ပြင်းထန်နေချိန် ။ ကမ္ဘာ့ကုလသမဂ္ဂ၏ အဖွဲ့ခွဲတစ်ခုဖြစ်သော ယူနက်စကို ၏ အောက်တွင် ICDP ခေါ် နိုင်ငံတကာရူပဗေဒလေ့လာရေးဌာနရှိသည် ။ ICDP တွင် အမေရိကန်အုပ်စုမှ အနုမြူသိပ္ဖံပညာရှင်များနှင့် ရုရှအုပ်စုဘက်မှ အနုမြူသိပ္ဖံပညာရှင်များ တစ်နှစ်လျှင် (၅၀၀၀)ခန့်တက်ရောက်ကာ ဆွေးနွေးပွဲများပြုလုပ်သည့်အစီအစဉ်ကျင်းပကြသည် ။ ယင်းအစီအစဉ်မှတဆင့် မျိုးဆက်သစ်သိပ္ဖံပညာရှင်များမွေးထုတ်ရန် ပရိုဂရမ်တစ်ခုရေးဆွဲကြသည် ။

တစ်ကမ္ဘာလုံးမှ မျိုးဆက်သစ်သိပ္ဖံပညာရှင် (၁၀) ဦးကို ရွေးချယ်ကာ ပညာသင်ဆုပေးရန် စီစဉ်ခဲ့ကြသည် ။ တစ်ကမ္ဘာလုံးမှ လူခြောက်ရာ ဝင်လျှောက်ကြသည် ။စောဝေလှက အရွေးခံရသည့် (၁၀)ယောက်ထဲ ပါသွားသည် ။ အီတလီတွင်အင်တာဗျူးဖြေရမည် ။စောဝေလှ ဗန်ကောက်မှတဆင့် ရောမမြို့သို့ ရောက်သည် ။ ထိုမှတဆင့် အီတလီနှင့် ဆလိုဗေးနီးယား နယ်စပ်ရှိ တူးရစ်ဆိုသည့် ပင်လယ်ကမ်းခြေမြို့လေးသို့ ခရီးဆက်ရသည် ။ ဥရောပသားဆရာတွေက ရှင်းရှင်းပဲပြောသည် ။ စာသင်မည် ။ စာမေးပွဲစစ်မည် ။ အမှတ်မကောင်းလျင် လာရာလမ်းကို ပြန်ပို့မည် ။

သုံးလပြည့်တော့ စောဝေလှ ရန်ကုန်တက္ကသိုလ်မှာ သိထား တတ်ထားသမျှ ပညာရပ်က ကုန်ပြီ ။ ကျန်တာတွေ ဘာမှ မသိတော့ ။ အနောက်သားတွေကြားမှာ ကိုယ်က တစ်ဦးတည်းသော မြန်မာ ။နောက်ဆုတ်လို့ကမဖြစ် ။ ရှေ့တိုးဖို့ပဲ ရှိတော့သည် ။ ဒီတော့ ဘုရင့်နောင်ဖောင်ဖျက် စောဝေလှ ရှေ့သို့သာ ကုန်းရုန်းတက်ရချေပြီ ။ ပထမသုံးလပတ်စာမေးပွဲ စစ်သည် ။ ဆယ်ယောက်မှာ နှစ်ယောက်ကျသည် ။ ကျသည့် ထဲ မြန်မာပြည်သား စောဝေလှ မပါ ။ အဆင့် B နှင့် အောင်သည် ။ စာမေးပွဲကျသည့် ရိုမေးနီးယားနှင့် ကျူးဘားသားနှစ်ယောက် အိမ်ပြန်သွားရပြီ ။ B ရှေ့မှာ A ရှိသေးသည် ။

ဒုတိယ စာသင်နှစ်ကျ ဘာသာရပ်အားလုံးတွင် စောဝေလှ ရသည်က B ရှေ့က A ။ တတိယစာသင်နှစ်မှာ ဒီဂရီရတော့…စာသင်သားအားလုံးထဲမှာ စောဝေလှ သည် ပထမ ။မြန်မာပြည်က လူညိုကောင်လေးသည့် ပထမ ။ ဒီတော့ အီတလီတက္ကသိုလ်က စောဝေလှကို PhD ဆက်တက်ဖို့ ကမ်းလှမ်းလာရပြီ ။ အင်္ဂလန်ရှိ လစ်ဗာပူးလ်တက္ကသိုလ်ကလည်း မြန်မာပြည်သားစောဝေလှ ကို စကောလာပေးပြီး ကမ်းလှမ်းလာခဲ့ပြီ ။ အမြဲတမ်းလမ်းဆုံမှာ ရွေးရခက်သည့် စောဝေလှ ။ ဂစ်တာကိုချစ်သည့်စောဝေလှ သည် တစ်ချိန်က စစ်ဗိုလ်ဘဝနှင့် ကျောင်းဆရာဘဝတွင် ဂစ်တာနှင့် နီးစပ်သည့် ကျောင်းဆရာဘဝကို ရွေးခဲ့သလို..။

ယခုတစ်ချိန်တွင်လည်း သူ၏ ဥရောပနေ့ရက်များ အစပြုခဲ့ရာ တူးရင့်မြို့မှ တက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့ပြန်သည် ။ အီတလီနှင့် စလိုဗေးနီးယားနယ်စပ်မြို့လေး။ ၁၉၉၃ တွင် PhD ကျောင်းသားဘဝစပြီ ။ ဒီတော့ အီတလီနှင့် စလိုဗေးနီးယားနှစ်နိုင်ငံခြား သုတေသနခရီးတွေ အကြိမ်ကြိမ်သွားခဲ့ရသည် ။ ပထမဆုံး အီတလီမှ ဆလိုဗေးနီးယားဘက်ခြမ်းသို့ သွားရသည့်ခရီးစဉ်တွင် အဖြစ်အပျက်တစ်ခုကြုံခဲ့ရပြန်သည် ။ နယ်စပ်မြို့နှစ်မြို့ဖြစ်သဖြင့် ရထားဖြင့်သွားသည့်ခရီးတွင် ရထားတစ်စင်းလုံးတွင် အာရှသားကား စောဝေလှတစ်ယောက်တည်း ။ နယ်စပ်အရောက်တွင် အီတလီရဲမှ ပတ်စ်ပို့လာရောက်စစ်ရင်း စောဝေလှ ပတ်စ်ပို့ကို ယူသွားသည် ။ ပတ်စ်ပို့ပြန်လာမပေးသဖြင့် နာရီဝက်ခန့် ရထားတစ်စင်းလုံးစောင့်နေကြရသည် ။ ခဏနေတော့ အီတာလျံ ရဲ ပြန်ရောက်လာသည် ။

“ဟဲလို မစ္စတာ..ဒီ ပတ်စ်ပို့ က ကမ္ဘာပေါ်မှာ မရှိတဲ့နိုင်ငံ ဖြစ်နေပါတယ်” စောဝေလှ ခေါင်းစားရပြီ ။ “ရှိပါတယ်..ကျွန်တော်မြေပုံမှာ လိုက်ပြပါ့မယ်” အစောင့်ရဲ နှင့် စောဝေလှ ရဲစခန်းထဲ ဝင်ပြီး ကမ္ဘာ့မြေပုံရှေ့ မတ်တပ်ရပ်ကြသည် ။ကပ္ဖလီပင်လယ် ၊ ဘင်္ဂလားပင်လယ် ၊ ချိုင်းနား ၊ အိန္ဒိယကြား ဟော့ဒီမှာ.ခြေတစ်ပေါင်ကျိုး နိုင်ငံလေး.။မြေပုံပေါ်မှာက အီတလီလိုရေးထားသည် ။မြန်မာ မဟုတ် အီတလီအခေါ် ဘေရ်မန်းနီးယား..တဲ့..။ အီတလီရဲက ခေါင်းတညိတ်ညိတ်နှင့် ပြုံးပြပြီး ခွင့်ပြုလိုက်သည် ။ စလိုဗေးနီးယားအခြမ်း..ရောက်ပြန်ပြီ ။ ထုံးစံအတိုင်း စလိုဗေးနီးယားရဲက မေးသည် ။စောဝေလှက ဖြေသည် ။

“မြန်မာ”“ဝိုး မလေးရှား” “နိုး..မြန်..မာ”“မရာကာစတာ” “နိုး..နိုး..ဘားမား” “အိုး..ဘဟားမား” စာသင်နှစ်တစ်နှစ်ပတ်လုံး စလိုဗေးနီးယားရဲများအကြား မြန်မာသည် မလေးရှား ၊ မာရာကာစတာ ၊ ဘဟားမား အမျိုးမျိုးဖြစ်ခဲ့ရလေသည် ။စောဝေလှ PhD ဘွဲ့ရပြီ ။ဒေါက်တာ စောဝေလှ ဖြစ်ပြီ ။ ပရော်ဖက်ဆာစောဝေလှဖြစ်ပြီ ။ သိပ္ဖံပညာရှင် စောဝေလှဖြစ်ပြီ ။အီတလီတက္ကသိုလ်တွင်ပင် တာဝန်ထမ်းဆောင်နေစဉ် ဂျာမနီရှိ ဘာလင်တက္ကသိုလ်မှ ဧည့်ပါမောက္ခအဖြစ် သင်ပြပေးရန် ကမ်းလှမ်းပြန်သည် ။ ဘာလင်တက္ကသိုလ်တွင် လေးနှစ်တာ စာသင်ကြားရင်း နာနိုရူပဗေဒ ဆက်လက်လေ့လာသည် ။ ထိုသို့လေ့လာရင်း Chemical Reaction ကို မော်လီကျူးတစ်လုံးထဲဖြင့် ထုတ်လုပ်နိုင်သည့်နည်းကို စောဝေလှ အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည် ။ ကမ္ဘာပေါ်တွင် မည်သည့်သိပ္ဖံပညာရှင်မှ မအောင်မြင်သေးသည်ကို မြန်မာလူမျိုး ပရော်ဖက်ဆာ က ပထမဆုံးအကြိမ်အောင်မြင်ခဲ့သည် ။ ၂၀၀၀ ပြည့်နှစ်ကမ္ဘာ့ထိပ်တန်းသိပ္ဖံပညာရှင် (၁၀၀) စာရင်းတွင် စောဝေလှ ပါဝင်ခဲ့ပြီ ။ ဂစ်တာသမားစောဝေလှ မှ ကမ္ဘာကျော်သိပ္ဖံပညာရှင် စောဝေလှ ဖြစ်ခဲ့ပြီ ။

အမေရိကားသည့် ပထမ ဆိုသည့် လူများအတွက် အခွင့်အရေးအများဆုံးပေးကာ စုစည်းသည့်နိုင်ငံဖြစ်သည် ။၂၀၀၁ အမေရိကန်အစိုးရနှင့် တက္ကသိုလ်များက ဒေါက်တာ စောဝေလှ ကို ကမ်းလှမ်းလေပြီ ။ Ohio တက္ကသိုလ်တွင် ပါမောက္ခတာဝန်ယူရန် ဒေါက်တာစောဝေလှ လက်ခံလိုက်သည် ။ နှစ်နှစ်အတွင်း တက္ကသိုလ်၏ ရာသက်ပန်ပေါမောက္ခဖြစ်လာသည် ။ အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးအဆင့်ပေါမောက္ခ ဒေါက်တာစောဝေလှဖြစ်လာသည် ။ ၂၀၁၁ ခုနှစ်အထိ (၁၄)နှစ်အတွင်း PhD ကျောင်းသား (၉)ယောက်ကို ပရော်ဖက်ဆာဒေါက်တာစောဝေလှ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည် ။မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ဆယ်နှစ်အတွင်း PhD ဘွဲ့ရပေါင်း ဒါဇင်များနှင့်ချီကာ ထွက်နေသော်လည်း အမေရိကန်၏ စံနှုန်းအရ PhD ဘွဲ့ (၉)ယောက်ဆိုသည်မှာ များပြားသည့် ဦးရေဖြစ်သည် ။

အမေရိကန်နိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနစီမံကိန်းများတွင်လည်း ဒေါက်တာစောဝေလှ ပါဝင်ထမ်းဆောင်နေသည်။ ကမ္ဘာ့အနှံတက္ကသိုလ်များ၏ ဖိတ်ကြားချက်အရ ဒေါက်တာစောဝေလှ ကမ္ဘာပတ်ကာ ဟောပြောပွဲတွေ လုပ်ပေးရသည် ။ တစ်လလျင် ဟောပြောပွဲ နှစ်ခေါက်ထွက်ရသည် ။ နိုင်ငံပေါင်း(၂၀)ကျော် လှည့်လည်ခဲ့ရသည် ။ နိုင်ငံတကာကွန်ဖရင့်တွေ တက်ရသည် ။ သက်ဆိုင်ရာတက္ကသိုလ်များက ငွေကြေးအကုန်အကျခံကာ ဒေါက်တာစောဝေလှကို လက်ချာပေးရန် ဖိတ်ကြားကြရသည် ။ သွားသည့်နိုင်ငံတိုင်းတွင် ဒေါက်တာစောဝေလှ အမေးခံရသည် ။

“ဒေါက်တာက အမေရိကန်နိုင်ငံသားတော့ ဟုတ်ပါပြီ..ဒါပေမယ့် အာရှမျိုးနွယ်မဟုတ်လား” ဆိုသည့် မေးခွန်း ။ “ဖိလစ်ပိုင်လား ၊ အင်ဒိုနီးရှားလား ၊ ထိုင်းလား” ထိုသို့မေးသည့်အခါတိုင်း သူ စိတ်မကောင်းဖြစ်ရသည် ။ မေးသည့်သူများသည် မြန်မာကို သိကြ၏ ။ သို့သော် ထက်မြက်ထူးချွန်သော ပညာရေးနှင့်တွဲစပ်လာလျက် မြန်မာကို စာရင်းထဲမထည့် ။ ထိုအခါကျ ဒေါက်တာစောဝေလှ ရင်ကို ကော့ပြီး ပြောပြရသည် ။ “No No. I am Burmese” မြန်မာထဲမှာ ဒီလိုသိပ္ဖံပညာရှင်မျိုး ရှိလား အံသြတကြီး ထပ်မေးကြသည် ။ ရှိလို့ မင်းမြင်နေရတာပေါ့ ဒေါက်တာက အဲ့ဒီလိုပဲ ဖြေတတ်သည် ။

မြန်မာပြည်မှ ထွက်ခွာလာခဲ့သော ဘေ့စ်ဂစ်တာသမား ရူပဗေဒ ကျောင်းဆရာလေးဘဝမှ ကမ္ဘာကျော်သိပ္ဖံပညာရှင် ပရော်ဖက်ဆာတစ်ယောက်ဘဝအကြား ဘန်ကောက်တွင် သုံးနှစ် ၊ ဥရောပတွင် (၁၁)နှစ် အမေရိကားတွင် (၁၄)နှစ် ။ ဓာတ်ခွဲခန်းတွေ ဖော်မြူလာတွေကြားမှာ ဘေ့စ်ဂစ်တာသမားသည် အမိမြေ ဖြစ်သည့် မြန်မာနိုင်ငံကိုတော့ မမေ့နိုင်ခဲ့တာ သေချာသည် ။မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံတို့မှ ပညာရေးစနစ်တွေကို သိစေချင်သည့် ဆန္ဒ ဒေါက်တာစောဝေလှမှာ ရှိနေပြန်သည် ။ တိုးတက်သောပညာရေးစနစ်များအကြောင်း ဒေါက်တာစောဝေလှက သူ့အတွေ့အကြုံနှင့်ယှဉ်ကာ မျှေ၀ လိုသည် ။

ထို့ကြောင့်…… ပညာရေးစနစ်တစ်ခုကို အပြစ်ထိုင်ပြောနေလို့တော့ ဘာအဖြေမှ ထွက်မှာ မဟုတ်ဘူး ။ ဒီတော့ သူများနိုင်ငံက ပညာရေးစနစ်တွေရဲ့ ကောင်းကွက် ဆိုးကွက်တွေ အတုယူသင့်တာလေးတွေကို ကျွန်တော်ရှင်းပြချင်တယ် ။ အမေရိကန်ရဲ့ တက္ကသိုလ်ပညာရေးစနစ်က စပြီး ရှင်းပြမယ် ။ အမေရိကန်ရဲ့ တက္ကသိုလ်အားလုံးက အဆင့်ဆင့်သောပရော်ဖက်ဆာတွေအားလုံးဟာ အင်ဒီပန်းဒန့် လွတ်လပ်သူတွေပဲ ။ ဘယ်သူ့လက်အောက်မှာမှ ဘယ်သူမရှိဘူး ။ ပရော်ဖက်ဆာခန့်တော့မယ်ဆိုရင်လည်း တကမ္ဘာလုံးကို လျှောက်လွှာခေါ်ပြီး အတော်ဆုံးလူတွေကို ရွေးခန့်တယ် ။ကြိုက်တဲ့နေရာကလာ အတော်ဆုံးလူဖြစ်ရင်ပြီးရော ။ ပရော်ဖက်ဆာခန့်ပြီဆိုတာနဲ့ တက္ကသိုလ်အာဏာပိုင်အဖွဲ့က ခေါ်တွေ့တယ် ။ ပရော်ဖက်ဆာမှန်ရင် ကိုယ်ပိုင် ဓာတ်ခွဲခန်းရှိရမယ် ။ အဲ့ဒီအတွက် လိုအပ်တဲ့ငွေကိုပြော ။ ဒေါ်လာနှစ်သန်းလိုလား ။ နှစ်နှစ်အတွင်းမှာ အဲ့ငွေကို ကုန်အောင်သုံး ။ ပြီးသွားရင် ငွေတစ်ပြားမှ မပေးတော့ဘူး ။

ပြီးတော့ ထူးခြားတာက PhD ကျောင်းသားတွေကို သက်ဆိုင်ရာပရော်ဖက်ဆာက လစာပေးရတယ် ။ ကျွန်တော်တို့ အိုဟိုင်းယို တက္ကသိုလ်မှာဆို PhD ကျောင်းသားတစ်ယောက်ကို တစ်နှစ် ဒေါ်လာ နှစ်သောင်းပေးရတယ် ။ ပရော်ဖက်ဆာက ဘာကြောင့် PhD ကျောင်းသားတွေကို လစာပေးရသလဲ ။ ကျွန်တော်ရှင်းပြမယ် ။ ပရော်ဖက်ဆာတစ်ယောက်မှာ တာဝန်သုံးခုရှိတယ် ။ တစ်ခုက တက္ကသိုလ်မှာ စာသင်ရတယ် ။ တစ်ပတ်ကို လေးနာရီထက်ပိုမများပဲသင်ရတယ် ။ ရိုးရိုးတန်းနဲ့ ဂုဏ်ထူးတန်းကျောင်းသားတွေကို သင်ရတာ ။ ဒုတိယတာဝန်က PhD ကျောင်းသားတွေနဲ့ သုတေသနလုပ်ရတယ် ။ တတိယတာဝန်က အမေရိကန်အစိုးရက တောင်းတဲ့အကြံဉာဏ်တွေပေးရတယ် ။ အဲဒီသုံးခု ကို အဓိက လုပ်ရတယ် ။

စာသင်တာအတွက်က လစာရတယ် ။ သုတေသနပိုင်းကျတော့ ငွေကြေးကို ကိုယ့်ဘာသာရှာရတယ် ။ ဘယ်လိုရှာရသလဲဆိုတော့ နာနို နည်းပညာဆို သူနဲ့ပတ်သက်တဲ့ ကုမ္မဏီတွေရှိတယ် ။ သူတို့ကို ကျွန်တော်တို့ သုတေသနလုပ်မယ့်ပရော့ဂျက်နဲ့ပတ်သက်ပြီး ပြောပြရတယ် ။ သူတို့က ငွေကြေးချပေးမယ် ။ သုတေသနအောင်မြင်သွားတဲ့နည်းပညာကို သူတို့နဲ့ အကျိုးတူသုံးစွဲမယ် ။ အမေရိကန်မှာ မြန်မာနဲ့မတူတာတစ်ခုက ဆေးတက္ကသိုလ်ကိစ္စပဲ ။ အမေရိကန်မှာက ဆေးတက္ကသိုလ်ကို တိုက်ရိုက်တက်ခွင့်မရှိဘူး ။ ပထမသိပ္ဖံ ဒီဂရီဘွဲ့တစ်ခုခုရပြီးမှ ဆေးကျောင်းကို လျှောက်ခွင့်ရှိတယ် ။ အခြေခံပညာတန်းပြီးရုံနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်မရှိဘူး ။

ဒီဂရီနှစ်ခုရမှ ဆရာဝန်ဖြစ်တဲ့အတွက် ဒေါက်တာ လို့ သတ်မှတ်တာ ။ ပရော်ဖက်ဆာတွေနဲ့ အဆင့်တူသတ်မှတ်လိုက်ပြီး ဒေါက်တာလို့ခေါ်ကြတာ ဖြစ်တယ် ။ ကျွန်တော်တို့ကိုလစာပေးတာကလည်း အစိုးရမဟုတ်ဘူး ။ First Year ကျောင်းသားတွေ ။ ပထမနှစ် ကျောင်းသားတွေက ကျွန်တော့်ရဲ့ ဘောစ်တွေ ။ အလုပ်ရှင်တွေ ။ ကျွန်တော့်အတန်းကိုလာတက်တဲ့ ပထမနှစ်ကျောင်းသားတွေက ကျွန်တော့်စာသင်ပုံပေါ် မူတည်ပြီး ကွန်မန့်တွေပေးကြရတယ် ။ သူတို့ကွန်မန့်တွေပေါ် မူတည်ပြီး တက္ကသိုလ်က ကျွန်တော်တို့ရဲ့ လစာအတိုးအလျော့တွေ ၊ ရာထူးအတိုးအလျော့တွေကို ဆုံးဖြတ်တယ် ။ သူတို့ကလည်း တကယ့်ကို မှန်မှန်ကန်ကန် အကဲဖြတ်ကြတာ ။
မကြိုက်ရင် မကြိုက်ဘူး ကြိုက်ရင်ကြိုက်တယ် ပဲ ။

ပထမနှစ်ဝက်မှာ ကျောင်းသားတွေက ပရော်ဖက်ဆာကို ကွန်မန့်ရေးတဲ့အချိန် ကျွန်တော်တို့က အထဲမဝင်ရဘူး ။ သူတို့က ရေးပြီးသားတွေကို မဲပုံးထဲ ထည့်ခဲ့တာ ။ အဲဒါကို တက္ကသိုလ်ဘုတ်အဖွဲ့က ကြည့်ပြီး ပရော်ဖက်ဆာကို မိတ္ထူပေးတယ် ။ ကျွန်တော်တို့ အဲ့ဒီမှာ ကိုယ့်အားနည်းချက်ကို ဖတ်ပြီး လိုအပ်တာရှိ ပြုပြင်ရတယ် ။အထက်က ဆရာက ကိုယ်မသိတဲ့ အားနည်းချက်ကို တပည့်တွေက ထောက်ပြတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် ပြန်ပြုပြင်နိုင်လာတယ် ။ သူတို့နိုင်ငံရဲ့ စနစ်မှာက အထက်ကလူရဲ့ ရပ်တည်ချက်ကို အောက်ကလူများစု က အကဲဖြတ် ဆုံးဖြတ်ပေးတာပဲ ။

ကျွန်တော်တို့ကို ကျောင်းသားတွေက စောင့်ကြည့်အကဲဖြတ်သလို ကျွန်တော်တို့ကလည်း သမ္မတတို့ ဒုသမ္မတတို့ အစိုးရအဖွဲ့တို့ကို စောင့်ကြည့်အကဲဖြတ်ရတယ် ။ ကျွန်တော်တို့ဆီက တက္ကသိုလ်ဆိုတာ ဆေးကောလိပ်ပါတယ် ။ နည်းပညာကောလိပ်ပါတယ် ။ အခြားအသက်မွေးကောလိပ်တွေပါတယ် ။ ကိုယ်ပိုင်ဓာတ်ခွဲခန်းတွေရှိတယ် ။ ကိုယ်ပိုင်လေယာဉ်ကွင်းတွေ . ကိုယ်ပိုင်ဂျက်လေယာဉ်တွေရှိတယ် ။ ပရော်ဖက်ဆာ အယောက် (၇၆၀)ကျော်ရှိတယ် ။ တစ်နှစ်မှာ အကောင်းဆုံးပရော်ဖက်ဆာတစ်ယောက်ကို ဆုပေးလေ့ရှိတယ် ။ (၂၀၀၆)ခုနှစ်မှာ အကောင်းဆုံးပရော်ဖက်ဆာဆု ကျွန်တော်ရခဲ့တယ် ။

အဲ့ဒီဆု ဘာလို့ရသလဲ ။ ကျောင်းသားတွေပေးတဲ့ကွန်မန့်တွေဖတ်ပြီး ကျွန်တော် ကိုယ့်ကိုကိုယ် ပြုပြင်ခဲ့လို့ ရတာ ။ ဒါကတော့ အမေရိကားပညာရေးစနစ်ရဲ့ ဆရာတွေနဲ့ ပတ်သက်တဲ့ကိစ္စပါပဲ ။မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ဝေဖန်ရရင်တော့ ပြောင်းတာမြန်ပါတယ် ။ အထဲကလူထက်စာရင် အပြင်က လာတဲ့လူအနေနဲ့ ပိုမြင်သာတယ် ။ မနှစ်က ကျွန်တော်ပြန်လာတာ တစ်လကြာတယ် ။မြန်မာပြည်ကတော်တော်ကောင်းလာတယ်ပေါ့ ။ ဟော့ အခု ဒီနှစ်ပြန်လာတော့ ပိုကောင်းလာတယ်လို့ မြင်တယ် ။ မနှစ်က ပြန်လာတုန်းကဆို ကျွန်တော်သူငယ်ချင်းတွေနဲ့ မိုးချုပ်သွားတော့ တက္ကစီငှားပြန်တယ် ။ပြည်လမ်းပေါ်ရောက်တော့ တက္ကစီသမားက ဆက်မသွားရဲတော့ဘူး ။ ရှေ့မှာက ပြိုင်ကားတွေ ကိုးစီးလောက်ရှိတယ် ။ သူတို့က ညဘက် ကားပြိုင်ကြမှာ ။ ကျန်တဲ့ကားတွေလည်း အကုန်ကြောက်ပြီး ရပ်နေကြရတယ် ။

လူတွေသွားတဲ့လမ်းမှာ ကားလာပြိုင်တာ အံသြဖို့ကောင်းတယ် ။ အမေရိကန်လိုနေရာမျိုးမှာ ကားပြိုင်ပွဲတွေရှိတယ် ။ ဒါပေမယ့် လူတွေသွားတဲ့လမ်းမှာ ဘယ်သူမှ မပြိုင်ကြဘူး ။ ဒီတစ်ခေါက်ပြန်လာတော့ အဲ့ဒါတွေ မတွေ့ရတော့ဘူး ။ အဲဒါ မျှတလာတဲ့သဘောပဲ ။ တစ်နှစ်ထက်တစ်နှစ် ပိုပြီး လူတွေ စည်းကမ်းရှိလာသလို တိုးတက်လာတာတွေ့ရတယ် ။ အခု မြန်မာဆို နိုင်ငံတကာက အရမ်းစိတ်ဝင်စားကြတယ် ။ ကျွန်တော် မြန်မာပတ်စ်ပို့ကိုင်ပြီး မျက်နှာငယ်ခဲ့ရတဲ့အချိန်တွေရှိတယ် ။ အခု ကျွန်တော်အမေရိကန်နိုင်ငံသားခံယူလိုက်တော့မှ မြန်မာက ဂုဏ်ယူစရာဖြစ်လာတယ် ။ အခု ကျွန်တော့်ကို သူငယ်ချင်းသိပ္ဖံပညာရှင်တွေက လာပြောကြတယ် ။ မင်းဇာတိ မြန်မာနိုင်ငံမှာ ကွန်ဖရင့် လုပ်ပေးပါ ။ ငါတို့အတော်ဆုံးသိပ္ဖံပညာရှင်တွေ လက်ချာလာဟောပြောကြမယ်ပေါ့ ။

သူတို့က အရမ်းလာချင်နေကြတယ် ။ ကျွန်တော်ကလည်း ခဏစောင့်ခိုင်းထားရတယ် ။ ကိုယ့်ဆီက ပညာရေးက နည်းနည်းလေး လိုက်မမှီသေးတာတွေ့ရတယ် ။ တစ်နေ့တော့ ဖြစ်ကို ဖြစ်လာရမှာပါ ။ ကျွန်တော် သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် ပတ်ဝန်းကျင် ၊ ဗီဇ ၊ ဝါသနာ ဘာကြောင့်လဲဆိုတာ သုံးသပ်ရရင် ကျွန်တော်က ဗီဇ ကြောင့်လို့ပဲ ယူဆတယ် ။ ပတ်ဝန်းကျင်ကြောင့်သာဆိုရင် ကျွန်တော် အဲ့ဒီတုန်းက စစ်ဗိုလ်ဖြစ်နေပြီ ။အဲဒီတုန်းက ပတ်ဝန်းကျင်မှာ ဗိုလ်ဖြစ်တာ ပိုဂုဏ်ယူဖို့ကောင်းတယ်လေ ။နောက် ကံ ဆိုတာ အလုပ်နောက်ကို လိုက်တာပဲ ။ အားလုံးတော့ ကိုယ်လုပ်တိုင်းမအောင်မြင်နိုင်ဘူး ။

ဥပမာ မန္တလေးသွားချင်တယ် မန္တလေးသွားတဲ့လမ်းပေါ်လမ်းရောက်နေတယ် သွားလည်းသွားနေတယ်ဆိုရင် ရောက်ဖို့ ရာခိုင်နှုန်းများတယ် ။ သွားချင်တဲ့စိတ်သာရှိပြီး မန္တလေးလမ်းပေါ်မဟုတ်ပြန်ရင်လည်း ရောက်ဖို့မလွယ်သလို လမ်းပေါ်ရောက်လျက်နဲ့ ဆက်မသွားရင်လည်း မန္တလေးက ဝေးနေမှာပဲ ။ ကိုယ် ဒါကို လုပ်ချင်တယ် ဒီလမ်းပေါ်လမ်းရောက်နေတယ်ဆို အောင်မြင်ခြင်းအတွက် စိတ်ပဲလိုပါတယ် ။ အားလုံးကို ကျွန်တော် ကိုယ့်အစွမ်းအစနဲ့ လုပ်ခဲ့တာချည်းပဲ ။ (၆၄)ဒေါ်လာကနေ စခဲ့တဲ့ဘ၀ ကိုယ့်ဘာသာ ကြိုးစားခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ် ။ လူငယ်တစ်ယောက်ဟာ ဖယောင်းလိုပဲ ။ ကိုယ်လိုချင်တဲ့နေရာကို ပတ်ဝန်းကျင်နဲ့ ဗီဇက ပြောင်းလဲဖြစ်တယ် ။ သူ့ သူငယ်ချင်းတွေအားလုံးက ခိုးဆိုးနေသူချည်းပဲဆိုရင် သူပင်ကိုယ်စရိုက်ဘယ်လောက်ကောင်းကောင်း သူခိုးဖြစ်လာဖို့များတယ် ။ အဲ့ဒီအရွယ်မှာ ဗီဇ ဟာ မပီပြင်သေးဘူး ။ ဒီတော့ ပတ်ဝန်းကျင်လွှမ်းမိုးမှုကို ခံရနိုင်ဖို့ကပဲများနေတယ် ။

အစပိုင်းမှာ ပတ်ဝန်းကျင်က အရေးကြီးပေမယ့် နောက်ပိုင်းကျ ဗီဇက ပိုအရေးကြီးလာတယ် ။ ကျွန်တော်ပတ်ဝန်းကျင်ဆို လက်ရှိရောက်နေတဲ့ ဘဝနဲ့ ဘာမှ မဆိုင်ဘူး ။ ကျွန်တော်ပတ်ဝန်းကျင်က ဂီတအနုပညာပတ်ဝန်းကျင် ရှိတယ် ။ အဲဒါကို အတိုင်းအတာတစ်ခုထိအောင်မြင်အောင်လုပ်ခဲ့တယ် ။ လမ်းလွဲမသွားဘူး ။ အဲဒီကတဆင့် ဘဝမှာ တစ်ယောက်တည်းရုန်းကန်ခဲ့ရတယ် ။ အတက်တွေ ။ အကျတွေ ။ အခုအချိန်မှာ တစ်ကနေပြန်စရမယ်ဆိုရင်လည်း ကျွန်တော့်ဘဝကိုဒီအတိုင်းပဲကျေနပ်တယ် ။ မကောင်းခဲ့တာလည်းကျေနပ်တယ် ။ ကောင်းခဲ့တာလည်းကျေနပ်တယ် ။ အဆိုးကို မသိရင် အကောင်းဟာ ဘယ်လောက်အရသာရှိတယ်ဆိုတာ မသိနိုင်ဘူး ။

ဘ၀ ဟာ ဒုက္ခရှိတယ် ။ ဒုက္ခကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ရမယ် ။ တစ်ချိန်ကျ ကျော်လွှားနိုင်သွားတာပဲ ။အောင်မြင်တဲ့အခါလည်း မောက်မာထောင်လွှားစရာမလိုဘူး ။ သူများက ကိုယ့်အပေါ်မကောင်းတာ သူ့ပြသနာ ။ ကိုယ့်ပြသနာမဟုတ်ဘူး ။သူတို့ မကောင်းတာကို ကိုယ်က စိတ်ဆိုးမိပြီဆိုတာနဲ့ ကိုယ့်ပြသနာဖြစ်သွားပြီ ။ ဗီဇ ဆိုတာ ကိုယ်က တော်တာမဟုတ်ဘူး ။ ကိုယ် ဘာကို တော်လဲ ဆိုတာကို ရှာဖွေတွေ့ရှိသွားတာ ။ အရေးကြီးဆုံးက ကိုယ့်ကိုကိုယ် မလိမ်နဲ့ ။ ကိုယ့်ကိုကိုယ်လိမ်ရင် သူများကိုလိမ်ဖို့ ပိုလွယ်သွားပြီ ။ ကိုယ့်ကိုကိုယ် သိရင် အောင်မြင်ဖို့ နီးစပ်သွားပြီ ။ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို ကိုယ်သေချာသိပြီး လေ့လာအားစိုက်မှုနဲ့ ကြိုးစားမှုပေါင်းစပ်ရင် တစ်ချိန်မှာ ကိုယ်လိုချင်တဲ့အောင်မြင်မှုကို ရကို ရမယ် ။

ဒေါက်တာစောဝေလှ
အောင်မြင်သော မြန်မာတိုင်းရင်းသား သိပ္ဖံပညာရှင် ။

ကျွန်တော်တို့သည် စနစ်ဆိုးခေတ်ဆိုးများကြားတွင် မြန်မာပြည်ဖွား အာဂလူသားများကို သူများထံသို့ ပေးလိုက်ကြရသည် ။ တန်ဖိုးထားသူနှင့် တန်ဖိုးမထားသူကြား လူသား၏ အရည်အသွေး အဆင့်အတန်းသည် များစွာ ကွာခြားသွားခဲ့ပြီ ။ ရန်ကုန်တက္ကသိုလ်မှ ဘေ့စ်ဂစ်တာသမား ကျောင်းဆရာလေးသည် ကမ္ဘာကျော်သိပ္ဖံပညာရှင်ကြီး ဖြစ်လာခဲ့သည် ။ အမေရိကန်နိုင်ငံ၏ ဓာတ်ခွဲခန်းတစ်ခုထဲတွင် မြန်မာပြည်က ဘေ့စ်ဂစ်တာသံသည် သံစဉ်အသစ်များဖြင့် သိပ္ဖံကကြိုးကို တီးခတ်နေဆဲ…….။

ခက်ဇော် (The Voice)

 

Tags: myanmar people
Next Post
မကာအို အကြောင်း သိကောင်းစရာ

မကာအို အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!