လူသားတွေနေထိုင်တဲ့ ကမ္ဘာမြေကြီးဟာ ပူနွေးလာတာနဲ့အမျှ ရာသီဥတုပြောင်းလဲ ခြင်းတွေ၊ တောတောင်ရေမြေသဘာဝတရားတွေရဲ့ပြောင်းလဲမှု တွေကိုသာ နေ့စဉ် ကြားသိနေရ၊ကြုံတွေ့နေရပါတယ်။ တစ်ချိန်တည်းမှာဆိုသလို ကမ္ဘာမြေကြီးရဲ့ အမွေအနှစ်တွေဖြစ်တဲ့ ကမ္ဘာကျော်ရှေးဟောင်းလက်ရာတွေဟာလည်း အထက် မှာဖော်ပြတဲ့အကြောင်းအရာတွေအပြင် လူသားတွေရဲ့လုပ်ရပ်ကြောင့် တမြေ့မြေ့ ပျက်ဆီးနေပါပြီ။
ပြုပြင်ထိမ်းသိန်းမှုတွေအားနည်းသွားခဲ့ရင်တော့ ဒီအရာတွေဟာ နောက်ဆုံးမှာ ကမ္ဘာမြေပုံပေါ်ကတောင် ပျောက်ကွယ်သွားနိုင်တဲ့အနေအထားတွေရှိ နေတာပါ။ ယခုမျှဝေပေးချင်တာကတော့ အနာဂတ်မှာ ပျောက်ကွယ်သွားနိုင်တဲ့ ကမ္ဘာကျော်ရှေးဟောင်း အမွေအနှစ်(၁၀)ခုရဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ ဒီစာရင်းမှာ မြန်မာနိုင်ငံရဲ့ ပုဂံဒေသကစေတီပုထိုးတွေ ပါဝင်လာလို့ ကျွန်တော်တို့ကိုယ်တိုင် သတိ ထားဖို့လိုနေပြီဆိုတဲ့အကြောင်း အချက်ပြလိုက်သလိုပါပဲ။
(၁၀) Mount Kilimanjaro,Tanzania
အာဖရိကတိုက်၊Tanzania နိုင်ငံမှာရှိတဲ့ Mount Kilimanjaro မီးတောင်ဟာ အာဖရိကတိုက် ရဲ့အမြင့်ဆုံးနေရာဖြစ်ပြီး နှင်းတွေနဲ့အမြဲဖုံးလွှမ်းလျက် ပန်းချီကားတစ်ချပ်ပမာတည်ရှိ နေတာပါ။ ဒါပေမဲ့ ကျန်ခဲ့တဲ့ နှစ်(၁၀၀)လောက်ကစလို့ ဒီနှင်းတွေဟာ စတင်အရည်ပျော်လာပါတယ်။ ကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်အရတော့ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ ဆိုးကျိုးတစ်ရပ်ဖြစ်ပြီး ဒီဖြစ်စဉ်တွေဟာ ပြီးဆုံးသွားဖို့မရှိကြောင်း အတည်ပြုခဲ့ကြပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာဆန်းစစ်မှုတွေအရတော့ ၂၀၃၃ ခုနှစ်ရောက်တဲ့ အခါ ဒီတောင်မှာဖုံးလွှမ်းနေတဲ့ နှင်းထုတွေအားလုံးပျောက်ကွယ် သွားပြီး Mount Kilimanjaro မီးတောင်ရဲ့ ထင်ရှားတဲ့ ပုံရိပ်ဟာထာဝရ ချုပ်ငြိမ်းသွားနိုင်တယ်လို့ခန့်မှန်းခဲ့ကြပါတယ်။
(၉) Culebra Island, Puerto Rico
ပေါ်တိုရီကို နိုင်ငံမှာရှိတဲ့ Culebra Island ဟာအလွန်လှပတဲ့ သဘာဝပထဝီဝင် အနေအထားအရ ကမ္ဘာပေါ်မှာအလှဆုံးကမ်းခြေစာရင်းမှာ မူလကပါဝင်ပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရရဲ့သဘောတူညီချက်နဲ့အမေရိကန်ရေတပ်ရဲ့ စစ်ရေးလေ့ကျင့် ရေးတွေပြုလုပ်နေတဲ့ဒေသဖြစ်လာခဲ့ပါတယ်။ ဗုံးဆံ၊အမြောတ်ဆံတို့ဖြင့် ပစ်ခတ်မှုများစွာကိုပြုလုပ်ခဲ့တာကြောင့် ဒီကျွန်းမှာရှားပါး တိရိစ္ဆာန်နဲ့ အပင်မျိုးစိတ်တွေများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
၁၉၇၅ ခုနှစ်မှာတော့ ဗုံးဖောက်ခွဲမှုတွေကို ရပ်ဆဲခဲ့ပေမဲ့ လက်ရှိမှာတော့ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေရဲ့ အညစ်အကြေးစွန့်ပစ်မှု နဲ့ ဖျတ်ဆီးမှုတွေကြောင့် သက်ရှိနဲ့သစ်ပင် မျိုးစိတ်များစွာဆက်လုပ်ဆုံးရှုံးနေရပြန်ပါတယ်။ ဒီအနေအထားကို အချိန်မှီထိမ်းသိန်းနိုင်ခြင်းမရှိပါက Culebra Island မှာရှိတဲ့ ကမ္ဘာရှားပါး အပင်နှင့် သတ္တဝါ မျိုးစိတ်တွေမျိုးတုန်း ပျောက်ကွယ်သွားတော့မှာဖြစ်ပါတယ်။
(၈) Madagascar
အိန္ဒိယသမုဒ္ဒရာအတွင်းမှာရှိတဲ့ Madagascar ကျွန်းစုနိုင်ငံဟာ ကမ္ဘာကြီးရဲ့ အဖိုးတန်တဲ့ သစ်တောများကိုပိုင်ဆိုင်ပါတယ်။ ကမ္ဘာပေါ်က ဘယ်နေရာမှာမှ တွေ့မြင်ရဖို့ခဲယဉ်းတဲ့ သားရဲတိရိစ္ဆာန်အားလုံးရဲ့ (၉၀)ရာခိုင်နူန်းခန့်ဟာ ဒီသစ်တောတွေထဲမှာ တည်ရှိနေတာပါ။ နောက်ပိုင်းမှာ လူဦးရေအလွန် တိုးတက်လာပြီး တရားမဝင် သစ်ထုတ်လုပ်မှုတွေ အလွန်အကျူးလုပ်ကိုင်လာကြတာကြောင့် သစ်တောများစွာပြုန်းတီးခဲ့ပြီး သားရဲတိရိစ္ဆာန်တွေရဲ့ စားကျက်မြေများစွာလျော့နည်းသွားခဲ့ရပါပြီ။
ဒီအတိုင်းဆက်လက်ဖြစ်ပွား နေပါက ၂၀၂၅ မတိုင်ခင်မှာပဲ Madagascar ကျွန်းရဲ့ ပုံရိပ်ဟာပျောက်ကွယ်သွားနိုင်ပါတယ်။ဒါပေမဲ့ အချိန်မီသစ်တောဧရိယာကို ပြန်လည်ချဲ့ထွင်နိုင်မယ်ဆိုရင် တော့ ရှားပါးတိရိစ္ဆာန်တွေမျိုးတုန်းပျောက်ကွယ်ခြင်းကနေ ရှောင်လွှဲနိုင်မဲ့ အခွင့်အရေး တော့ရှိသေးပါတယ်။
(၇) The great Wall of China
တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းကြီးကိုတော့ ကမ္ဘာ့အံ့ဖွယ် ခုနှစ်ခုထဲက တစ်ခုအဖြစ် အားလုံးသိပြီးဖြစ်မှာပါ။ ဒီတံတိုင်းကြီးရှိရာကို နှစ်စဉ် လူသန်းနဲ့ချီပြီး လာရောက်လည်ပတ် ကြပါတယ်။ လာရောက်လည်ပတ်တဲ့ ခရီးသည်အများစုဟာ အမှတ်တရ အထိမ်းအမှတ် အနေနဲ့ မဟာတံတိုင်းကနေ ကျောက်တုံး (၁)လုံး သို့မဟုတ် (၂)လုံးကို ယူဆောင်သွား လေ့ရှိကြပါတယ်။
မဟာတံတိုင်းက ကျောက်တုံးတွေဆိုပြီး ရောင်းချတဲ့ ဈေးကွက်တောင် တရုတ်ပြည်မှာတည်ရှိနေတာပါ။ ဒါအပြင် လက်သရမ်းသူအချို့ရဲ့ ဖျက်ဆီးခြင်း၊ တံတိုင်းကြီးပတ်ဝန်းကျင်မှာရှိတဲ့ လယ်သမားတွေက အကာအရံ အတွက်ကျောက်တုံးတွေကို ခိုးယူခြင်း၊ အပါအဝင် သဲမုန်တိုင်းတွေကြောင့် တံတိုင်းကြီး ရဲ့ (၂၂)ရာခိုင်နူန်း (၂၀၀၀km) လောက်ဟာ ပျက်စီးခဲ့ပြီးဖြစ်ပါတယ်။
(၆) Nuuk,Greenland
အာတိတ်နဲ့ အတ္တလန္တိတ်သမုဒ္ဒရာအကြားမှာရှိတဲ့ ဂရင်းလန်းကျွန်းရဲ့မြို့တော် Nukk ဟာ ဆီနှင်းများအစဉ်ဖုံးလွှမ်းတဲ့ လှပတဲ့မြင်ကွင်းနဲ့ ဝင်ရိုးစွန်းဝက်ဝံတွေကြောင့် နာမည်ကျော်ပါတယ်။ ဒါပေမဲ့ ဒိန်းမတ်အစိုးရက ဒီနေရာမှာ ကျောက်ရိုင်းတုံးစက်မှုဇုံတည်ထောင်ခဲ့တာကြောင့် ယင်းဒေသရဲ့ ဂေဟ စနစ်ကို ဆိုးဆိုးရွားရွားထိခိုက်စေခဲ့ပါတယ်။ ကျောက်ရိုင်းတုံးတွေကိုဖောက်ခွဲရာမှာ ပြင်းထန်တဲ့မှိုင်းတွေကို အသုံးပြုရတာကြောင့် ဒေသမှာရှိတဲ့ အပင်နဲ့ တိရိစ္ဆာန်မျိုးစိတ်တွေရဲ့ အခြေနေကိုကြီးမားတဲ့ ပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေပါတယ်။
ဒါအပြင် ကမ္ဘာကြီးပူနွေးလာမှုရဲ့ ဆိုးကျိုးတစ် ရပ်အနေနဲ့ Greenlandကျွန်းရဲ့ ရေခဲပြင်ဟာ ၂၁၀၀ အရောက်မှာ အရည်ပျော်သွားနိုင် တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြတာပါ။ အဲအချိန်ရောက်ရင်တော့ ယခု Nukk မြို့တော်ကို Greenlandကျွန်းရဲ့ အစွန်အဖျားဒေသတွေဆီ ရွေပြောင်းရပါတော့မယ်။
(၅) Lake Nicaragua
အလယ်အမေရိကမှာရှိတဲ့ Nicaragua ရေကန်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးသော ရေချိုငါးမန်းတွေရှင်သန်ကျက်စားတဲ့နေရာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ဇူလိုင်လမှာတော့ Nicaraguaအစိုးရတာဝန်ရှိသူတွေဟာ ပစိဖိတ်သမုဒ္ဒရာနဲ့ အတ္တလနိတ်သမုဒ္ဒရာကို ဆက်စပ်ပေးမဲ့ Nicaragua တူးမြောင်းကိုတည်ဆောက်ခဲ့ကြပါတယ်။ ဒီစီမံကိန်းကြောင့် တူးမြောင်းတည်ဆောက်တဲ့ဒေသမှာရှိတဲ့ ရာပေါင်းများစွာသော ရွာသားတွေဟာ မိမိတို့နေရပ်ကိုစွန့်ခွာခဲ့ရပါတယ်။ ဒါအပြင် Nicaragua ကန်ရဲ့ (0.5M) hectares အတိုင်း အတာလောက်ရှိတဲ့ သစ်တောတွေနဲ့ စိမ့်တောတွေဟာ လည်းပျောက်ကွယ်သွားခဲ့ရပါတယ်။
(၄)The Seychelle Islands
အိန္ဒိယသမုဒ္ဒရာအတွင်းမှာရှိတဲ့ The Seychelle Islands ကကမ်းခြေ တွေဟာ တဖြည်းဖြည်းပင်လယ်ရေအောက်ကို ကျရောက်လျှက်ရှိပါတယ်။ ရာသီဥတုပြောင်းလဲခြင်းနဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊သဲကျောက်တွေရဲ့တိုက်စားခြင်းကြောင့် သန္တာကျောက်တန်းတွေဟာ ပျောက်ကွယ်သွားခဲ့ရပါတယ်။ သိပ္ပံပညာရှင်တွေက ယခုလိုဆိုးရွားတဲ့အခြေနေကို ဘယ်လိုကျော်ဖြတ်မလဲလို့ မေးခွန်း မထုတ်ရသေးခင်မှာပဲ The Seychelle ကျွန်းတွေဟာရေအောက်ကို ရောက်ရှိသွားနိုင်တဲ့ အခြေအနေပါ။
(၃) The Great Barrier Reef,Australia
သြစတေးလျနိုင်ငံ Queensland ကမ်းခြေ၊မှာရှိတဲ့ The Great Barrier ကျောက်တန်းတွေဟာ ကမ္ဘာပေါ်မှာအကြီးဆုံးသောသန္တာကျောက်တန်းအစုအဝေးတွေ ဖြစ်ပြီး စုစုပေါင်း ကျောက်တန်း(၂၉၀၀)လောက်နဲ့ဖွဲ့စည်းထားတာပါ။ကမ္ဘာကြီးပူနွေး လာတာနဲ့အမျှ The Great Barrier Reefတွေဟာ စိုးရိမ်စရာအခြေအနေတွေနဲ့ကြုံ တွေ့လာရပါတယ်။
ရေအောက်အပူချိန်ဟာသာမန်ထက် 1 ံC အထက်ရှိနေရင် ပင်လယ်ဒိုက်ပင်တွေဟာခြောက်သွေ့လာပါတယ်။ ဒါအပြင်သန္တာကျောက်တန်းတွေဟာ ပြင်းထန်တဲ့နေအပူချိန်နဲ့ထိတွေ့တဲ့အခါ ယင်းသန္တာကျောက်တန်းတွေမှာ မှီတင်း နေထိုင်ကြတဲ့ သန္တာကောင်လေးတွေဟာ ပြင်းထန်တဲ့ဝေဒနာကိုခံစားရပြီးနောက် အဆုံးမှာပျောက်ကွယ်သွားနိုင်ပါတယ်။
(၂) Easter Island,Chile
တောင်အမေရိကတိုက် ချီလီနိုင်ငံ တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းမှာ ရှိတဲ့ Easter ကျွန်းဟာ ယနေ့ထက်တိုင်တည်ရှိဆဲဖြစ်တဲ့ နှစ် ၁၂၅၀ ကနေ ၁၅၀၀ သက်တမ်းအကြား သက်တမ်းရှိတဲ့ မွိုင်လို့ခေါ်တဲ့ အရေအတွက် ၁၀၀၀ နီးပါးရှိတဲ့ ရုပ်တုတွေကြောင့် ထင်ရှားပါတယ်။ ကမ္ဘာမြေရဲ့ချက်လို့ တင်စားခေါ်ဝေါ်ကြတဲ့ Easter ကျွန်းဟာ ၁၉၉၅ ခုနှစ်မှာ UNESCO အဖွဲ့ရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာအဖြစ် သတ်မှတ်ခံခဲ့ရပြီးလည်းဖြစ်ပါတယ်။
ယနေ့အချိန်မှာတော့ Easter ကျွန်းဟာ ခက်ခဲတဲ့အ နေအထားတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆမတန်လာရောက် ကြတဲ့ ကမ္ဘာအရပ်ရပ်က လေ့လာသူတွေဟာ လာရောက်လည်ပတ်ပြီးချိန်မှာတော့ များစွာသော အညစ်အကြေးနဲ့ စွန့်ပစ်ပစ္စည်းတွေကို ချန်ခဲ့လို့ပါ။ ဒါအပြင် ရုပ်တုတွေကို လည်းအလွယ်တကူ ဖျက်ဆီးမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ရေရှည်မှာရပ်တည်နိုင်ဖို့ ခဲယဉ်းနေတာပါ။
(၁) Bagan,Myanmar
မြန်မာနိုင်ငံရဲ့ရှေးဟောင်းမြို့တော်ဖြစ်တဲ့ပုဂံဟာ(၁၁) ရာစုကနေ(၁၂)ရာစုအတွင်းတည် ဆောက်ခဲ့တဲ့ စေတီပုထိုးပေါင်း (၂၀၀၀)ကျော်ကြောင့် ကမ္ဘာမှာထင်ရှားတဲံနေရာတစ်ခုဖြစ်ပါတယ်။ ပုဂံဒေသဟာ ငလျင်ဒဏ်ကိုများစွာခံရပြီး ၁၉၇၅ ခုနှစ် ဇူလိုင်(၈)ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ပြင်းအား အဆင့်(၈)တဲ့ငလျင်ဒဏ်ကြောင့် နာမည် ကျော် ဘူးဘုရားအပါအဝင် စေတီပုထိုးများစွာ ပျက်စီးခဲ့ရပါတယ်။ နိုင်ငံတော်အဆင့် အနေနဲ့ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၈ခုနှစ်အထိ ပြုပြင်ထိန်းသိမ်းမှုတွေကိုလုပ်ဆောင်ခဲ့ ကြပါတယ်။ ဒါပေမယ့် တတ်ကျွမ်းနားလည်သူပညာရှင်တွေနဲ့ စနစ်တကျမပြင်ပဲ ဖြစ်သလိုပြုပြင်မှုတွေကြောင့် တချို့စေတီပုထိုးတွေဟာ ရှေးခေတ်လက်ရာတွေ ကွယ်ပျောက်ခဲ့ပါပြီ။ ၂၀၁၆ခုနှစ်ကလည်း ပြင်းထန်တဲ့ငလျှင်ဒါဏ်ကို ထပ်မံခံခဲ့ရပြီး စေတီပုထိုးအချို့ပျက်စီးခဲ့ရပြန်ပါတယ်။
ဒါ့အပြင် ဟိုတယ်ဇုန်များ အိမ်ယာများချဲ့ထွင်မှုကြောင့် တချို့ရှေးဟောင်းဘုရားတွေဟာ လူမသိသူမသိဖြစ်ခဲ့ရပြီး နာမည်ကြီးဘုရားတွေလောက်သာ လူတွေက သိကြတော့ပါတယ်။ ဒါ့အပြင် ပုဂံဒေသကို နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာ လာရောက်ကြ ပါတယ်။ လာရောက်လည်ပတ်သူတွေဟာ ပုဂံမြို့ရဲ့ရှုခင်းတွေကို ကြည့်ရှုရန်၊ ပုဂံရဲ့နာမည်ကျော် နေထွက်ချိန်/နေဝင်ချိန်တွေကိုကြည့်ရှုဖို့အတွက် ဒီဂူဘုရားတွေပေါ်ကို တက်ရောက်ပြီးလေ့လာကြပါတယ်။ ရလဒ်အနေနဲ့ကတော့ ရှေးဟောင်းအမွေအနှစ် လက်ရာအဆောက်အအုံတွေ တဖြည်းဖြည်းယိုယွင်းလာခဲ့ရတာဖြစ်ပါတယ်။(အခုဆိုရင်တော့ အရင်လိုဘုရားတွေပေါ်တက်ကြည့်ခြင်းကို ကန့်သတ်လိုက်ပါပြီ)။ လက်ရှိမှာတော့ ပုဂံဟာ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ။ အကယ်၍သာ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေကို စနစ်ကျကျထိမ်းသိမ်းနိုင်စွမ်းမရှိတော့ရင် ကျွန်တော်တို့ချစ်တဲ့ ပုဂံရဲ့အနာဂါတ်ဟာ စိုးရိမ်စရာပါ။
သုတဇုန်
Discussion about this post