နေ သည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်းအတွင်းတွင် ရှိသော ကြယ် ဖြစ်သည်။ နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များသည် နေကို ဂြိုဟ်ပတ်လမ်းကြောင်းများအတိုင်း လှည့်ပတ်၍ သွားနေကြသည်။ ကျွန်ုပ်တို့၏ နေကို နေ့အခါတွင် ကောင်းကင်ယံတွင် မြင်နိုင်သည်။ နေသည် ကြီးမားသော အဝါရောင်ဘောလုံးကြီး တစ်ခုပမာပင်ဖြစ်သည်။
အမှန်စင်စစ်တွင် နေသည် မရပ်မနား ပေါက်ကွဲနေသော ဧရာမဘောလုံးကြီး တစ်ခုသာလျှင်ဖြစ်သည်။ ထိုပေါက်ကွဲမှုများမှ စွမ်းအင်အမြောက်အများကို ထုတ်လွှတ်သည်။ နေသည် ကမ္ဘာမှ အလွန်ပင်ကွာဝေးသော်လည်း လူသားတို့အနေဖြင့် ထိုစွမ်းအင်ကို ခံစားသိရှိနိုင်သည်။ နေသည် အလွန်တောက်ပသဖြင့် ကြည့်ရုံမျှနှင့်ပင် မျက်စိကို ကျိန်းစပ်နာကျင်စေသည်။
နေ ကို မြန်မာတို့က “သူရိယ” ဟု ပါဋိစကားလုံးမှ ဆင်းသက်လာသည့်အတိုင်း ခေါ်ကြသည်။ နေ၏အချင်းမှာ မိုင်ပေါင်း (၈၆၄၆၀၀) မိုင်ဖြစ်သည်။ ကမ္ဘာအချင်းထက် ၁၀၉ဆ ကြီးသည်။ ကမ္ဘာကိုနေထဲထည့်မည်ဆိုလျှင် အလုံးပေါင်း ၁သန်းကျော် ထည့်နိုင်သည်အထိ နေ၏အရွယ်အစားမှာ ကြီးမားသည်။
ကမ္ဘာနှင့်နေ တို့၏ အကွာအဝေးသည် မိုင်ပေါင်း (၉၃၀၀၀၀၀၀) ကိုးဆယ့်သုံးသန်းဖြစ်သည်။ နေအား ကမ္ဘာအပါအဝင် ဂြိုလ်များ၊ ဂြိုလ်သိမ်များ၊ ဥက္ကာပျံများ၊ ကြယ်တံခွန်များ ကလှည့်ပတ်နေသည်။ ထို့ကြောင့် နေသည် နေအဖွဲ့အစည်း၏ တည်ဆောက်ပုံအရလည်း ဗဟိုဖြစ်သည်။ ထို့ပြင် နေသည် နေအဖွဲ့အစည်း တစ်ခုလုံးပေါင်းသိပ်သည်းဆ ၏ ၉၉.၈ % မျှရှိသည်ဟု ဆိုပါသည်။
နေမှ စွမ်းအင်များသည် နေရောင်ခြည်အဖြစ် ကမ္ဘာပေါ်သို့ကျရောက်လာပြီး သက်ရှိများအသက်ရှင်ရပ်တည်ရေးနှင့် ကမ္ဘာ့ရာသီဥတု အပြောင်းအလဲများကို ဖန်တီးပေးသည်။ နေနှင့် ကမ္ဘာကြား အကွာအဝေးကြောင့် နေမှ အလင်းသည် ကမ္ဘာသို့ရောက်ရန် ၈ မိနစ်မျှကြာသည်။ နေ၏ မျက်နှာပြင် အပူချိန်မှာ ၅၅၀၀ ဒီဂရီ ဆဲစီးယပ်စ်ဖြစ်ပြီး ဗဟိုချက်မ အပူချိန်မှာမူ သန်းပေါင်း ၁၅ ဒီဂရီ ဆဲလ်စီးယပ် ရှိသည်။
နေ၏ မျက်နှာပြင်ပေါ်တွင် ပါဝင်သည့်အရာများမှာ ဓာတ်ငွေ့များဖြစ်သည်။ အဓိကအားဖြင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့မှာ ၇၄% ခန့်ရှိပြီး၊ ဟီလီယံဓာတ်ငွေ့ ၂၄% ပါဝင်ကာ ကျန်ရာခိုင်နှုံးများတွင် သံ၊ နီကယ်၊ အောက်စီဂျင်၊ ဆီလီကွန်၊ ကန့်၊ မဂ္ဂနီစီယံ၊ ကာဗွန်၊ နီယွန် နှင့် ကယ်လ်စီယံ ဓာတ်ငွေ့များပေါင်းစပ်ပါဝင်ပါသည်။
နေမှ အလင်းရောင်၊ အပူဓာတ်နှင့် နေလှိုင်းများ (solar wind) ကို ထုတ်လုပ်သည်။ နေလှိုင်းများသည် လေထု၏ အပြင်ဖက်မှ ကမ္ဘာကို လှည့်ပတ်သွားနေကြသည်။ နေလှိုင်းများကို နေမှလွင့်ပျံ့ထွက်လာသော သေးငယ်သော အမှုန်အမွှားကလေးများဖြင့် ဖွဲ့စည်းထားသည်။ နေသည် ကမ္ဘာပေါ်ရှိ သက်ရှိများအတွက် အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်သည်။
နေသည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်း၏ အလယ်တွင် တည်ရှိသည်။ ဂြိုဟ်တို့သည် နေကိုဗဟိုပြု၍ စက်ဝိုင်းပုံ လှည့်ပတ်နေကြသည်။ ဂြိုဟ်ပတ်လမ်းကြောင်းများသည် နေမှ အကွာအဝေးအမျိုးမျိုးရှိကြသည်။ ဂြိုဟ်ပတ်လမ်းကြောင်းများမှာ လုံးဝဝိုင်းစက်သော စက်ဝိုင်းပုံမဟုတ်ဘဲ ဘဲဥပုံဖြစ်သည်။ နေနှင့်နီးသော ဂြိုဟ်တို့သည် အပူကို ပိုမိုရရှိပြီး ဝေးကွာသော ဂြိုဟ်တို့တွင် ပို၍ အေးသည်။
ကမ္ဘာပေါ်ရှိသက်ရှိအားလုံးတို့တွင် နေမှလာသော အလင်းရောင်နှင့် စွမ်းအင်တို့ကို လိုအပ်သည်။ ဂြိုဟ်တို့သည် နေ၏ရောင်ခြည်ကို စွမ်းအင်အဖြစ်သုံး၍ ဖွံ့ဖြိုးလာကြသည်။ အပင်များနှင့် သစ်ရွက်များတွင် အစိမ်းရောင်ရှိသည့် ကလိုရိုပလတ်စ်များဖြင့် နေရောင်ခြည်ကို အသုံးချကာ ဖိုတိုဆန်းသစ်စစ်ခေါ် နည်းလမ်းဖြင့် အစာချက်လုပ်ကြသည်။
နေ၏ အလယ်ဗဟိုတွင်ရှိသော ဗဟိုထုတွင် လွန်စွာပြင်းထန်သော အပူချိန်နှင့် ဖိအားတို့သည် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များကို ဟီလီယမ်ဓာတ်ငွေ့အဖြစ် ပြောင်းလဲပေးပြီး မြောက်များလှစွာသော စွမ်းအင်များကို ထုတ်လွှတ်သည်။ ထိုသို့ဖြစ်ခြင်းကို atomic fusion ဟုခေါ်သည်။
နေတွင် အများဆုံးပါဝင်သည့် ဒြပ်ထုမှာ ဟိုက်ဒရိုဂျင်ဖြစ်ကာ ကျန်သည်မှာ ဟီလီယမ်ဖြစ်သည်။ လေးလံသောဒြပ်များဖြစ်ကြသည့် အောက်ဆီဂျင် ကာဗွန် နီယွန်နှင့် အိုင်းယွန်းတို အနည်းငယ် ပါဝင်သည်။ နေသည် နေအဖွဲ့အစည်း၏ ၉၉.၈၆ ရာခိုင်နှုန်းသော ထုထည်ရှိကာ ကမ္ဘာထက် အဆပေါင်း ၃၃၀၀၀၀ ခန့် ကြီးမားသည်။
လူတို့သည် အန္တရာယ်မဖြစ်စေရန် အထူးပြုလုပ်ထားသော မျက်မှန် (lens) များကို သုံး၍ နေကိုကြည့်နိုင်သည်။ ထိုသို့ကြည့်သောအခါ တွင် နေ၏မျက်နှာပြင်ပေါ်တွင် မည်းနက်သော အစက်အပျောက်များကို တခါတရံတွင် မြင်ရတတ်သည်။ ထို အစက်အပျောက်များကို ဆန်းစပေါ့ (sunspot) ဟုခေါ်သည်။
ဆန်းစပေါ့ များ၏အရေအတွက်သည် တဖြည်းဖြည်းများလာပြီးနောက် ၁၁ နှစ်တာကာလအတွင်း တဖြည်းဖြည်း ပြန်လည်၍နည်းသွားလေ့ရှိသည်။ ထိုအဖြစ်အပျက်မှာ ၁၁ နှစ်လျှင်တစ်ခါ ဖြစ်ပျက်နေပြီး ကမ္ဘာပေါ်ရှိ ရာသီဥတု နှင့် အီလက်ထရွန်းနစ်ပစ္စည်းတို့ကို အကျိုးသက်ရောက်မှုများ ဖြစ်စေသည်။
အာကာသရူပဗေဒပညာရှင် ဟုခေါ်သော သိပ္ပံပညာရှင်တို့၏ အဆိုအရ နေသည် ကြယ်ပုဝါ (yellow dwarf) အမျိုးအစားဝင် ကြယ်ဖြစ်ပြီး သက်တမ်း၏ တစ်ဝက်ခန့်မျှ(နှစ်ပေါင်း ၄.၆ဘီလျံ) ကုန်လွန်ခဲ့ပြီဖြစ်သည်။ နောက်နှစ်ပေါင်း ၄ ဘီလီယံ သို့ ၅ ဘီလီယံမျှအကြာတွင် နေသည် တဖြည်းဖြည်းကြီးမားသည်ထက်ကြီးမားလာပြီး ဧရာမ ကြယ်နီ (red giant) အမျိုးအစားကြယ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
နေသည် ယခုလက်ရှိ ပမာဏထက် ၂၅၀ ဆမျှကြီးမားလာမည်ဖြစ်ပြီး ၁.၄ AU (အာကာသယူနစ် ၁ ယူနစ်လျှင် ကီလိုမီတာပေါင်း သန်း ၁၅၀ ခန့် သို့ မိုင်ပေါင်း ၉၃ သန်းခန့်ရှိသည်။) အထိ ကြီးထွားလာမည်ဖြစ်သဖြင့် ယခုကမ္ဘာပတ်ကြောင်းကို ကျော်ဖြတ်သွားမည်ဖြစ်သည်။ ကမ္ဘာ၏ ကြမ္မာမှာလည်း ဖြေရှင်းရခက်သော ပြသနာပင်ဖြစ်သည်။
ယခင်တွက်ချက်မှုများအရ စတယ်လာလှိုင်း (stellar wind) များကြောင့် နေ၏ ဒြပ်ထုကို ၃၀ ရာခိုင်နှုန်းမျှ လျော့ကျသွားစေမည် ဖြစ်ပြီး ကမ္ဘာသည် ပိုမိုဝေးလံသော ပတ်လမ်းကြောင်းသို့ လွတ်မြောက်သွားမည်ဖြစ်သည် ဟုဆိုကြသည်။
မည်သို့ပင်ဖြစ်စေ နေသည် ပင်မ အစီအစဉ် အတွင်းရှိကြယ် ဟုခေါ်သည့် ကြယ်အများစုတို့နှင့် တူညီသော ပုံသဏ္ဌန် အဖြစ် ဆက်လက်ရှိနေစေကာမူ ကမ္ဘာ၏ လေထုနှင့် ရေထုတို့သည် ပျောက်ပျက်သွားလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင်နေသည် ကြယ်ဖြူပု (white dwarf) အဖြစ်ကျုံ့ဝင်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ကြယ်ပုနက် (black dwarf) အဖြစ် မှေးမှိန်သွားမည်ဖြစ်သည်။ နေနှင့် အနီးဆုံးကြယ်မှာ ပရိုဆီမာ စင်တောရိဖြစ်သည်။
Discussion about this post